Monthly Archives: Feb 2022

ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNA) လုံခြုံရေးဂိတ်သစ်ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး-ကျောက်တန်း-ပင်လုံ ကားလမ်းသစ်မှာ ဒေသခံပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNA) က လမ်းလုံခြုံရေးအတွက် ကင်းစခန်းဂိတ်အသစ်တစ်ခုကို ဖေဖော်ဝါရီ  ၉ ရက် ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဟိုပုံး-ကျောက်တန်း-ပင်လုံလမ်းသစ်မှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS က ခရီးသွားတွေကို အခွန်ငွေကောက်ခံနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း PNA တပ်က အခုလို ဂိတ်အသစ်တစ်ခု ဖွင့်တာလို့  ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA) ကတော့ အသွင်ပြောင်းပြည်သူ့စစ်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကို အခြေပြုပြီး လှုပ်ရှားနေပါတယ်။ DVB

ဒါရိုက်တာဝိုင်းကို စစ်ကြောရေးသို့ ပို့ဆောင်

ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာဝိုင်းကို ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

လက်ရှိတွင် ရေဝေးအနီးရှိ စစ်ကောင်စီ အမှတ် (၉) စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း ကနဦး သိရှိရသည်။

“စစ်ကြောရေးကို အခုဘဲ ပို့လိုက်တယ် ကြားတယ်။ လောလောဆယ်တော့ ရေဝေးနားက အမှတ် (၉) စစ်ကြောရေးက သေချာတယ်”ဟု ၎င်းက ပြောသည်။

ဒါရိုက်တာဝိုင်းသည် တိမ်းရှောင်နေရာမှ ကျန်းမာရေး အခြေအနေကြောင့် ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်သို့ ခေတ္တပြန်လာစဉ် ဖမ်းဆီး ခံလိုက်ရခြင်းဖြစ်သည်။ mizzima

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် ကောင်းမွန်သည့်လုပ်ငန်းခွင် မရှိတော့ဟု ILO ပြော

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်အကြာမှာတော့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ မရှိတော့တဲ့အတွက် လုပ်သားစျေးကွက်ကြီးကလည်း ချည့်နဲ့သွားပြီလို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကြောင့် ပြည်တွင်းမှာ နိုင်ငံရေး မငြိမ်သက်မှုနဲ့အတူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်လည်း မြန်မာပြည်သူတွေဟာ လူထုကျန်းမာရေး နဲ့ လူမှုစီးပွားရေးမှာ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရပါတယ်။

ILO ရဲ့ ခန့်မှန်းချက်အရ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အခြေအနေနဲ့ အာဏာမသိမ်းမီ ၂၀၂၀ အခြေအနေကို နှိုင်းယှဉ်ရာမှာ ၂၀၂၁ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့အချိန်နာရီက ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။

အဆိုပါပမာဏဟာ အချိန်ပြည့်ဝန်ထမ်း အရေအတွက် ၃ ဒသမ ၁ သန်းရဲ့ အလုပ်လုပ်ချိန်နဲ့ ညီမျှ ပါတယ်။ ဒါကြောင့် အလုပ်လုပ်ချိန်နာရီတွေ ဆုံးရှုံးမှုဟာ အလုပ်အကိုင် ဆုံးရှုံးမှုအပြင် မိမိအရည်အချင်းအောက် နိမ့်တဲ့ လုပ်ငန်းခွင်တွေမှာလည်း လုပ်ကိုင်နေရတာကြောင့် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ်မှာဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အကြမ်းဖက်မှုနဲ့ လုံခြုံစိတ်ချရမှု မရှိတာကြောင့် ကျေးလက်ဒေသမှ လယ်သမားတွေဟာ ပြင်းထန်တဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရပါတယ်။ သူ့နောက်မှာတော့ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနဲ့ဧည့်ဝန် ဆောင်မှုလုပ်ငန်းတွေကလည်း အပြင်းထန်ဆုံးရိုက်ခတ်မှုဒဏ်ခံရတဲ့ လုပ်ငန်း အမျိုးအစား စာရင်းထဲမှာ ပါဝင်လို့နေပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO(မြန်မာ)ဌာနမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr Donglin Li က  “စစ်တပ်အာဏာသိမ်းမှု၊ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် မြန်မာပြည်ရှိ သန်းပေါင်းများစွာသော အလုပ်သမားတွေဟာ စိတ်မကောင်းဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ရပါတယ်။ ဒါကြောင့် လုပ်သားစျေးကွက်အတွင်း တိုးတက်မှု ရှိခဲ့တဲ့ နှစ်တွေက နောက်ပြန်ဆွဲလျက် ဖြစ်ပေါ်နေတာကို မြင်နေရပါတယ်။ ဒီအတိုင်း ဆက်လက်ဖြစ်နေမယ်ဆိုရင် နိုင်ငံတဝန်း ဆင်းရဲနွမ်းပါးမှု၊ မရေရာ မသေချာမှုတွေ တိုးပြီး ဖြစ်ပေါ်လာမယ့်ဘက်ကို ဦးတည်သွားနိုင်တယ်”လို့ သတိပေး ပြောကြားပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လေးစားလိုက်နာကြတဲ့ နိုင်ငံကြီးတွေမှ လူသိများတဲ့ (ကုန်အမှတ်တံဆိပ်) Brand ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ မြန်မာပြည်က ထွက်ခွာသွားကြပြီး ဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းတွေမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်း ပုံဖြတ် အမြတ်ထုတ်မှုတွေရှိလာသလို   အလုပ်သမားသမဂ္ဂတွေ အနေနဲ့လည်း  အရင်ကလို အားမကောင်းတော့တဲ့အတွက်  အလုပ် သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို လုံးဝမရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အခုအခြေအနေက သမဂ္ဂကလည်း အကြမ်းဖက်စစ်အာဏာရှင်လက်အောက်မှာဆိုတော့ အရင်ကလို အားမကောင်းတော့ဘူး။ ဘာလို့လဲဆို စုပေါင်း တောင်းဆိုမှု၊ စုပေါင်းရေးဆိုမှု ဆိုတာတွေက ဒီအချိန်မှာ ဘာမျှ အသက်မဝင်ဘူး ဖြစ်နေတာ။ သမဂ္ဂအနေနဲ့ စုစည်းပြီး တောင်းဆိုဖို့ ဆိုတာက ဒါကလည်း လုပ်လို့ မရဘူး။ ဘာလို့လဲဆို လူ ၅ ယောက်ထက် ပိုမစုရ ဆိုတော့လေ။ ဒီတော့ အလုပ်သမားတွေအတွက် တောင်းဆိုရမယ့် အခွင့်အရေးတွေအားလုံးကို အလုပ်သမားတွေက လုပ်ခွင့်မရကြဘူးဆိုတော့ အလုပ်ရှင်တွေက သူတို့လုပ်ချင်တာတွေ စလုပ်လာတော့တာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်စက်ရုံတွေထဲက အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော်ဟာ အလုပ်လက်မဲ့ ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမားများညီညွတ်ရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်ထားပါတယ်။ DVB

မြန်မာပြည်ကို ကူညီရန် Guys From Chin အဖွဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

စစ်အာဏာသိမ်းပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေသည့် ချင်းအဆိုတော် သုံးဦးက မြန်မာပြည်ကို ထောက်ပံ့ ကူညီနိုင်ရန် ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်ဟု Guys From Chin လူမှုကွန်ရက်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြသည်။

အဆိုပါ ရံပုံငွေရှာ ဂီတဖျော်ဖြေပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး Vaurawng Zuunthil Facebook page တွင် live လွှင့် ဖျော်ဖြေမည်ဟု သိရသည်။

အိပ်မက်ဆုံရာ season 2 winner ဖြစ်သူ အဆိုတော် David Lai ၊ Myanmar Idol season 4 top 3 ဖြစ်သူ Benjamin Sum နှင့် Song Of The Year 2021 Chintube ဆုရှင် P Thawng Bawi တို့ သုံးဦး ပါဝင်သည့် Guys From Chin တေးဂီတ အဖွဲ့က Cover သီချင်းများ သီဆိုကာ ပရိတ်သတ်များ အတွက် လူမှုကွန်ရက် စာမျက်နှာမှ ဖျော်ဖြေတင်ဆက် ပေးနေသည်။

“အားလုံးချစ်တဲ့ P Thawng Bawi, David Lai ၊ Benjamin Sum တို့ သီချင်းတွေ အများကြီးနဲ့ Facebook ကနေ live ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အလှူငွေ အများကြီးရနိုင်ဖို့ အဲ့ဒီနေ့မှာ စောင့်ဆိုင်း နားဆင်ပေးခြင်း၊ လှူတန်းခြင်း၊ like and share လုပ်ပေးခြင်းဖြင့် တတ်နိုင်တဲ့ဖက်က ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု Guys From Chin Facekbook page တွင် ကြေညာထားသည်။ mizzima

“ပင်လုံကတိကဝတ် အရင်းတည် ဖယ်ဒရယ်ပြည်ထောင်စုသို့ရဲရဲချီ”

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံ​တောင်း​ဒေသမှာရှိတဲ့ ရွာငယ်တွေ စုပေါင်းပြီး “ပင်လုံကတိကဝတ် အရင်းတည် ဖယ်ဒရယ်ပြည် ထောင်စုသို့ရဲရဲချီ” စာသား ကိုင်ဆွဲပြီး ကျေးရွာအတွင်းလှည့်လည်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မုံရွာကျောင်းသားများသမဂ္ဂက ပင်မသပိတ်နဲ့ ဒေသခံကျေးရွာတွေ ပူး​ပေါင်းပြီး စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလို ဆန္ဒထုတ်ဖော်ခဲ့တာနဲ့ပတ်သက်လို့ ပြည်သူတွေလိုလား တောင့်တတဲ့ ငြိမ်းချမ်းတဲ့ လွတ်လပ်မှုကို အာမခံပေးနိုင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် အခုလိုဆန္ဒထုတ် ဖော်ခဲ့တာဖြစ်တယ်လို့ ဦးဆောင်သူက ပြောပါတယ်။

ရှေ့ဆက်ပြီး ဖက်ဒရယ်ပြည်​တော်သစ်တည်​ဆောက်​ရေးနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်​ချေမှုန်း​ရေးစတဲ့ လုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့် ​ဆောင်ရွက်သွားမယ်လို့ ဉီးဆောင်သူတွေက ဆိုပါတယ်။

၁၉၄၇ ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၂ ရက်​​နေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်ပြုချက်တွေကို အ​ခြေခံပြီး ဖယ်ဒရယ်ပြည်​ထောင်စု တည်​ဆောက်နိုင်​ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Evergreen Marine ကုမ္ပဏီက မြန်မာစစ် တပ်ပိုင်ဆိပ်ကမ်းများ အသုံးပြုမှုကို ရပ်ဆိုင်း

ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ရေကြောင်း ကုန်စည်ပို့ဆောင်မှု ကုမ္ပဏီဖြစ်သည့် ထိုင်ဝမ်အခြေစိုက် Evergreen Marine က ယင်းအနေဖြင့် ရန်ကုန်ရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ပိုင် ထီးတန်းဆိပ်ကမ်းကို အသုံးပြုပြီး ကုန်တင်ကုန်ချလုပ်တော့မည် မဟုတ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် Burma Campaign UK ထံ အသိပေးအကြောင်းကြားခဲ့သည်ဟု သိရသည်။

မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းကို အသုံးပြုမှုအတွက် မြန်မာနိုင်ငံတွင် စစ်တပ် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်နွယ်ပတ် သက်သည့် “dirty list” ကုမ္ပဏီများစာရင်းတွင် ၂၀၂၀ မေလက Evergreen လည်း ထည့်သွင်းခံခဲ့ရသည်။ ယင်းကို ယခုအခါ ဖယ်ရှားထားလိုက်ပြီ ဖြစ်သည်။

မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းများကို ရှောင်ကြဉ်သည့် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများထဲတွင် ယခုနောက်ဆုံး Evergreen လည်း ပါဝင်လာခြင်းဖြစ်ပြီး ယင်းမတိုင်မီ ၂၀၂၀ အောက်တိုဘာလကလည်း အခြားသော ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Maersk ကလည်း မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချလုပ်တော့မည်မဟုတ်ဟု ထုတ်ဖော်ထားခဲ့ပြီးဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းစုများက ရန်ကုန်တွင် ဆိပ်ကမ်းသုံးခု ပိုင်ဆိုင်ပြီး ယင်းတို့မှာ ထီးတန်းဆိပ်ကမ်း၊ အလုံ နိုင်ငံတကာ ဆိပ်ကမ်းနှင့် TMT ဆိပ်ကမ်းတို့ ဖြစ်သည်။

“စစ်တပ်ပိုင် ဆိပ်ကမ်းတွေ အသုံးပြုမှု ရပ်ဆိုင်းတဲ့ အဲဗားဂရင်းရဲ့ ဆုံးဖြတ်ချက်ကို အထူးတလည် ကြိုဆိုပါတယ်။ ဒါဟာ စစ်တပ်အတွက် ဝင် ငွေရင်းမြစ်တစ်ခု လျော့သွားတာပဲဖြစ်ပါတယ်” ဟု Burma Campaign UK ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် မာ့ခ် ဖာမန်နာက ပြော သည်။ “အဲဗားဂရင်းဟာ အရွယ်အစားကြီးမားပြီး ဈေးကွက် ဦးဆောင် ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းတွေ အသုံးပြုဖို့ ငြင်းဆန်လိုက်ပါပြီ။ မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းတွေကို အသုံးပြုတဲ့ ရေကြောင်း ကုန်စည်ပို့ ဆောင်ရေး ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီငွေကြေးထောက်ပံ့ပေးနေတာပဲဖြစ်တယ်” ဟု ၎င်းက ပြောသွားခဲ့သည်။ mizzima

မန္တလေးမြို့၊ စိန်ပန်းရပ်တွင် စစ်ကောင်စီတပ်က တအိမ်တက်ဆင်း ရှာဖွေဖမ်းဆီးနေ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ဖေဖော်ဝါရီလ ၉ ရက် မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ အင်အားအ လုံးအရင်းနဲ့ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

နေပူရွာ၊ ဇော်မင်း၊ အောင်ချမ်းသာ၊ ပတ္တမြား ၊ စိန်ပန်း ဧသုခ၊ သာသနာပိုင် စတဲ့ရပ်ကွက်တွေမှာ ဓာတ်ပုံနဲ့တကွ တိုက်စစ်ပြီး စစ်ဆေးနေတဲ့အပြင် လက်ကိုင်ဖုန်းတွေပါ စစ်ဆေးတယ်လို့ ဆိုကြပါတယ်။

“မနေ့ညကတည်းက ဝင်ရှာတာတွေ လုပ်နေတာ။ မနက်က ထပ်ရောက်လာတယ်။ လမ်းတွေပိတ်ပြီး ဖြတ်သန်းသွားလာလို့ မရအောင် လုပ်ထားတယ်။ တအိမ်တက်ဆင်း စစ်နေတာ။ ဖမ်းခံရတာတွေလည်း ရှိတယ် ကြားတယ်။ အရေအတွက်တော့ မသိသေးဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်သားတွေ လာရောက်ပြီး မဟာလူကယ်ဆယ်ရေးက လူ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ DVB

ကလေးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသားများ စစ်ဘေးရှောင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာရှိတဲ့ တင်သားကျေးရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံရွာသားတွေ နေရပ်စွန့်ခွာပြီး ရှောင်တိမ်းနေရပါတယ်။

ဖေဖော်ဝါရီလ လဆန်းပိုင်းက စတင်ကာ ကျေးရွာအတွင်းကို အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်လို့ ဒေသခံ ထောင်နဲ့ချီပြီး ထွက် ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီဘက်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိသလို မွေးမြူထားတဲ့ နွားတွေလည်း ထိခိုက်သေဆုံးမှုတွေရှိပြီး ကျေးရွာထဲက နေအိမ်တချို့လည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေအနေနဲ့ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေး ရှောင်တိမ်းနေရတာကြောင့် စားနပ်ရိက္ခာတွေနဲ့ အနွေးအထည်တွေ လိုအပ်နေသလို ကူညီပေးမယ့်သူတွေလည်း မရှိတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာမှာ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ ပိတ်မိနေသူ ရာနဲ့ချီပြီးရှိနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ ကျန် ခဲ့တဲ့သူတွေအတွက် စိုးရိမ်နေကြပါတယ်။

တင်သားကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်လို့ ယူဆပြီး  စစ်တပ်က အခုလို အကြောင်းမဲ့ ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ဒေ သခံတွေက ပြောပါတယ်။ DVB

ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်း ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ ရဲစခန်းအား ဖေဖော်ဝါရီလ ၈ ရက်၊ ည ၇ နာရီ ၂၉ မိနစ်တွင် M 79 ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပွင့်ဖြူ ထံက သိရသည်။

“မင်းအောင်လှိုင် လာပြီး ဗေဒင်ကိန်းဂဏာန်း ယတြာအရ သစ်သာပန်းတောင်း ဆိုတဲ့ရွာမှာ ဘုရားတည်ပြီး စိန်ဖူးတော် လာတင်မယ်ဆိုလို့ ဆန့် ကျင်တဲ့ အနေနဲ့ အခုလို ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။

မဲဇလီရဲစခန်းတွင် စစ်ကောင်စီ တပ်စွဲထားသည်မှာ လေးလခန့် ကြာမြင့်နေပြီ ဖြစ်ပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီးနောက် သေနတ်ဖြင့် ဆက်တိုက် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“၇ ရက်နေ့လောက်ထဲက ပွင့်ဖြူမြို့ထဲက ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ တပ်ဖြန့်ပြီး တပ်စွဲထားတာ၊ မင်းအောင်လှိုင် လမ်း ကြောင်းရှိလို့ ဆိုပြီး၊ ပြည်သူတွေမှာ အပြင်တောင် မထွက်ရဲဘဲ အိမ်ထဲမှာ နေနေရတယ်။ သူတို့နဲ့ တိုးရင်လည်း စစ်လားဆေးလားတွေ လုပ်တယ်၊ ဒေသခံတွေက အင်မတန်မှ စိုးရိမ် ထိတ်လန့် ကြောက်ရွံ့နေရတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်ထောက်ခံပွဲ ဦးဆောင်သူအား မိုင်းခွဲ တိုက်ခိုက်ခဲ့သေးသည်။ mizzima

« Older Entries