Monthly Archives: Feb 2022

ပုသိမ်ဆေးရုံကြီးတွင် COVID-19 လူနာ သေ ဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်ဆေးရုံကြီးတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည့် အသက် ၆၅ နှစ်အရွယ် အမျိုးသား ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း လူမှုကူညီရေး အသင်းဝင်ထံက သိရသည်။

သေဆုံးသူသည် ပုသိမ်မြို့ အမှတ်(၇) ရပ်ကွက်၊ အောင်သိဒ္ဓိ (၁) လမ်းတွင် နေထိုင်သူဖြစ်ပြီး COVID-19 ကူးစက်ခံရ၍ ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သေတဲ့သူက အသက်လည်း ကြီးပြီ ရောဂါအခံလည်း ရှိတဲ့သူပါ၊ COVID-19 ပိုး ကူးစက်ခံထားရလို့ ဆေးရုံတက်နေရင်း ဆေးရုံမှာဘဲ ဆုံးသွားတာပါ” ဟု၎င်းက ဆက်ပြောသည်။

ယနေ့ မနက်ပိုင်းတွင် လူမှုကူညီရေးအသင်းများ အကူအညီဖြင့် ရုပ်အလောင်းအား သရောင်းချောင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၄၂၇ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိကြောင်း စစ်ကောင်စီ လက် အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ DVB

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ဖေဖော်ဝါရီ ၂၁ ရက် တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ၁ ကြိမ်စီ၊ ရန်ကုန်တိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၃ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ DVB

တောင်ဥက္ကလာ (၄၃၅/၄၃၆) တပ်ရင်း ဗုံးပစ် တိုက်ခိုက်ခံရပြီးနောက် ကင်းတဲ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းမဘေးရှိ (၄၃၅/၄၃၆) တပ်ရင်း၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ် ဝန်း ကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားပြီး ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“မနက်က အာရုဏ်တက်ချိန် လောက်ပဲရှိဦးမယ်၊ ပေါက်ကွဲသံ ကြားလိုက်တယ်။ နောက်ပြီးတော့ ပစ်သံတွေပါ ကြားရတော့တာ။ ဒီဘက်မှာက လူနေအိမ်က သိပ်မရှိဘူး။ ဂတ်စ်ဆိုင်က ပေါက်တာ မဟုတ်ရင် အနီးဆုံး တပ်ရင်းထဲက ပေါက်တာပဲ ဖြစ်မှာလို့တော့ ထင်ခဲ့ပါတယ်” ဟု အဆို ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းက ပြောသည်။

ယနေ့နံနက် ၅ နာရီ ၃၆ မိနစ်က တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အချို့က ကြားရသော ပေါက်ကွဲသံမှာ “ပြန်လည်စုရုံး နှစ်ခြောက်လုံး သ ပိတ် အထိမ်းအမှတ်” အဖြစ် ဖက်ဒရယ် လွတ်မြောက်ရေး တပ်တော်၊ လှိုင်သာယာတပ်ခွဲမှ (၄၃၅/၄၃၆) တပ်ရင်းအား လက်ပစ်ဗုံးဖြင့် တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထပ်မံ၍ နံနက် ၅ နာရီ ၅၈ မိနစ်တွင် အဆိုပါတပ်ရင်း လုံခြုံရေး ယူထားသော ကင်းတဲအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Federal Liberation Army က ထုတ်ပြန်ထားသည်။

ဖောက်ခွဲမှုနှင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုကိုမူ လက်ရှိ အချိန်အထိ မသိရှိရသေးပေ။ mizzima

စာရေးဆရာမောင်သာချိုနှင့် စာရေးဆရာထင်လင်းဦးတို့ကို ထောင်ဒဏ်အသီးသီးချမှတ်

အင်းစိန်အကျဉ်းထောင်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခံနေရသူတွေထဲက စာရေးဆရာထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ်နဲ့  စာရေးဆရာမောင်သာချိုကို ထောင်ဒဏ် ၂ နှစ်  စစ်ကောင်စီတရားရုံးက   ချမှတ်လိုက်ပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ရှေ့နေတယောက်ထံက သိရပါတယ်။

စာရေးဆရာထင်လင်းဦးကို   စစ်ကောင်စီက ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခဲ့ပြီး စာရေးဆရာ မောင်သာချိုကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့  တရား စွဲဆိုကာ  ဒီနေ့ ဖေဖော်ဝါရီ  ၂၂ ရက်နေ့မှာ အင်းစိန်ထောင်တွင်းရှိ မြောက်ဥက္ကလာပ အထူးတရားရုံးကနေ ထောင်ဒဏ် အသီးသီး ချလိုက်တာဖြစ်ပါတယ်။

သူတို့နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးက “စာရေးဆရာထင်လင်းဦးက ကျန်းမာရေးအနည်းငယ်ကောင်းမွန်တယ်ဆိုပေမဲ့ အနည်းငယ်ချူချာတယ်။ သူတို့က ထောင်ထဲမှာ တနှစ်လောက် အချုပ်နဲ့ နေခဲ့ရတာကြောင့် အဲဒီနေ့တွေအတွက် လျှော့ရက်တော့ ခံစားရမှာပါ။ ဆရာမောင်သာချိုကတော့ သူတို့တိုက်ရိုက်လိုက်တာ မဟုတ်တော့ ကျန်းမာရေး အခြေအနေကို သိပ်မသိပါဘူး”လို့ ပြောပါတယ်။ 

ဖမ်းဆီးခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကိုလည်း ဒီနေ့ အမိန့်ချမယ်လို့ သတင်းထွက်နေပေမဲ့ အခုထိတော့ အခြေအနေမသိရသေးပါဘူး။

စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ထင်ရှားတဲ့ စာရေးဆရာတွေ၊ အနုညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေကို  ဘာအပြစ်မှ ကျူးလွန်ခြင်းမရှိဘဲ ဥပဒေမဲ့ဖမ်းဆီးထားပြီး အခုလို တနှစ်ကျော်ကြာချိန်မှာ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။ DVB

မိုးဗြဲမြို့အနီး ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံး၊ သံချပ်ကာ ၂ စီးနှင့် ထောက်ပို့ စစ်ကား ၃ စီး ပျက်စီး

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီးတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ စတင်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူး ပေါင်း တပ်ဖွဲ့များကြား ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံးကာ၊ သံချပ်ကာ အမြှောက်ကား ၂ စီးနှင့် ထောက်ပို့စစ်ကား ၃ စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၁၆ ရက်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုး‌‌ဗြဲမြို့အတွင်းတွင် တပ်စွဲထားပြီး မိုး‌ဗြဲမြို့နှင့် အနီးတ ဝိုက် လွယ် ယင်းမင်္ဂလာနှင့် ဟိုက်ကွီဆည်စစ်ကြောင်း၊ မိုး‌ဗြဲမြို့မစစ်ကြောင်း၊ လွိုင်ကော်ဘုရားဖြူ စစ်ကြောင်း စသည့် စစ်ကြောင်း ၃ ကြောင်းတို့ဖြင့် ထိုးစစ်ဆင်လျက်ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဥ်များ၊ သံချပ်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်အထိ ရှိကြောင်း KNDF က ဆိုသည်။

မိုး‌ဗြဲအခြေစိုက် (ခမရ-၄၂၂)၊ လွိုင်ကော်အခြေစိုက် (ခလရ-၂၅၀)နှင့် (ခလရလ-၂၆၁)၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် (ခမရ – ၄၂၇)တို့မှ တာဝေးပစ်အမြောက်များဖြင့်သော (၁၂၀ မမ) (၈၀ မမ) တို့ဖြင့် တစ်နေ့ လျှင် ပစ်ခတ်မှုနှုန်း (၁၀၀) ကြိမ်ခန့်ဖြင့် အကြိမ်ပေါင်း (၅၀၀)ကျော် တိုက်ပွဲဖြစ်ရာဝန်းကျင်သို့ ပစ်ခတ်ခဲ့သဖြင့် KNDF တပ်ဖွဲ့ဝင် ၅ ဦး၊ မဟာမိတ်တပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း KNDF က ဆိုသည်။

မိုးဗြဲမြို့နှင့် ဝါရီဆူးဖလိုင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် မှ ဝါရီဆူးဖလိုင်ကျေးရွာနှင့် ဝီသဲကူးကျေးရွားများအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဝါရီဆူးဖလိုင်မှ ကျေးရွာသားအချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း KNDF က သတင်းထုတ် ပြန်သည်။ khit thit

မကွေး နှင့် ချင်း နယ်စပ်ရှိ ရွာများကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး၊ ရွာခံများထွက် ပြေး တိမ်းရှောင်နေရ

ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ ကန်ပက်လက်မြို့နယ်၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ နှင့် ကျင်းဒွေးမြို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီ စစ်ကြောင်းက ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးရာ ကန်ပက်လက်မြို့နယ် မောချောင်းရွာရှိ လူနေအိမ် လေးလုံး ပျက်စီးသွားကြောင်း ဒေသခံထံမှ သိရသည်။

ထိုစစ်ကောင်စီ စစ်ကြောင်းတွင် ယာဉ် ၁၈ စီးနှင့် လူအင်အား၂၀၀ ကျော် ပါဝင်ပြီး ဖေဖော်ဝါရီ ၁၉ ရက်က လောင်းရှည်မြို့မှ ကျင်ဒွေးမြို့သို့ စတင်ထွက်ခွာလာပြီး ဖေဖော်ဝါရီ ၂၀ရက် တွင် ကန်ပက်လက်မြို့နယ်ရှိ မဆာတွီကျေးရွာတွင် ဝင်အိပ်ကာ ဖေဖော်ဝါရီလ ၂၁ ရက်တွင် မောချောင်းရွာရောက်ရှိလာကြပြီး ယင်းနေ့ ညနေ ၄ နာရီတွင် နေအိမ်လေးလုံးကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“၂၀ရက်က ရွာထဲကို စစ်တပ်ကရောက်လာတော့ သူတို့မလာခင်ထဲက အားလုံးထွက်ပြေးကြပြီ။ အဲဒါရွာထဲမှာ မပြေးနိုင်လို့ ကျန်နေတဲ့ အ သက် ကြီး အဘိုး၊ အဘွား နေအိမ်တွေကလွဲပြီး ကျန်တဲ့ အိမ်တွေအားလုံးကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေ ယူသွားကြတယ်။ အိမ်တိုင်းမှာရှိတဲ့ ဆိုလာပြားတွေ အားလုံးနီးပါး ဖြုတ်သွားကြတယ်။ ပြီးတော့အိမ်မွေး တိရိစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ ဝက်၊ ဆိတ်တွေ အကုန်ဖမ်းပြီး ချက်စားသွားကြတယ်”ဟု မဆာတွီရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိင်သည့်အတွက် လောင်းရှည်မြို့နှင့် ကျင်ဒွေးမြို့ ကြားရှိ နီးစပ်ရာ ရွာအားလုံးက ပြည်သူများ တောထဲတွင်စစ်ရှောင်နေကြရပြီး ရာသီဥတုမှာလည်း ဆိုးဝါးနေကာ စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။ mizzima

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း “ပြန်လည်စုရုံး နှစ်ခြောက်လုံး ကျေးလက်ပုန်ကန် မြို့ ပြဖီဆန်” ဖက်ဆစ် စစ် တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

khit thit

BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင်ကို မဖိတ်ရန် India for Myamar တောင်းဆို

သီရိလင်္ကာနိုင်ငံတွင် ကျင်းပမည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် (၅) ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း မပြုရန် India for Myanmar က ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။

မတ်လ ၃၀ ရက်နေ့ စတင် ကျင်းပမည့် အစည်းအဝေးသို့ မင်းအောင်လှိုင်အား ဖိတ်ကြားပါက BIMSTEC အဖွဲ့ဝင် နိုင်ငံများသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးနှင့် တက်ကြွ လှုပ်ရှားသူများ၏ ပြင်းထန်သည့် ဆန့်ကျင်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဆိုသည်။

လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထား ရသည့် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ဆက်စပ် ပတ်သက်သမျှ ရပ်တန်းက ရပ်ရမည်ဖြစ်ကြောင်း ဆိုသည်။

BIMSTEC အဖွဲ့သည် စစ်ကောင်စီအား စစ်ရေးလေ့ကျင့်မှု အပါအဝင် အစည်းအဝေးများ ဖိတ်ခေါ်၍ အသိမှတ်ပြုမှုများသည် ဂုဏ်သိက္ခာကို ကျဆင်းစေပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှု၊ နွေဉီးတော်လှန်ရေး တောင်းဆိုချက်များအား လေးစား လိုက်နာရမည်ဟု India for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်နှစ် တစ်ကြိမ် ပြုလုပ်သည့် ယင်းညီလာခံ (၄) ကြိမ်မြောက်ကို နီပေါနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဉီးဝင်းမြင့် တက်ရောက်ခဲ့သည်။

India for Myanmar သည် တောင်အာရှ ဒေသတွင်း ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အိန္ဒိယ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သွေးစည်းညီညွတ်မှု နှိုးဆော်ရေး လူထုလှုပ်ရှားမှု အဖွဲ့အစည်း ဖြစ်သည်။

BIMSTEC သည် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ရေရှည် တည်တံ့သည့် ဒေသကြီး ဖြစ်လာရန် ဆွေးနွေးကာ အမြင့်ဆုံးသော မူဝါဒ ချမှတ်လေ့ရှိပြီး အဖွဲ့ဝင်များဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ တက်ရောက်ကြမည် ဖြစ်သည်။ mizzima

ထားဝယ်မြို့တွင် စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် စစ်ဆေးနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်ကတည်းက စစ်ကောင်စီတပ်က စစ်ကားဆယ့်တစ်စီး အင်အား ၁၀၀ ကျော်နဲ့ သွားလာစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်သေနတ်တပ်ဆင်ထားတဲ့ စစ်ကားငယ် ၅ စီးအပါအဝင် ကား ၁၁ စီးဟာ ထားဝယ်မြို့အတွင်း လှည့်ပတ်သွားလာစစ်ဆေးခဲ့ပြီး ည ၉ နာရီခွဲအချိန်လောက်မှာတော့ ခြောက်လှန့်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်တွေမှာလည်း စစ်သား၊ ရဲ၊ ယာဥ်ထိန်းရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပြီးတော့ တင်းတင်းကျပ် ကျပ် စစ်ဆေးနေတယ်လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ကားက ဆယ့်တစ်စီးရှိတယ်၊ အင်အားလည်းအပြည့်ပဲ။ စက်သေနတ်တပ်ထားတဲ့ ကားငယ်က ၅ စီးပါတယ်၊ ညအချိန်ထိ သွားနေတုန်းပဲရှိသေးတယ်၊ လမ်းကြားတွေထဲအထိပါ ဝင်နေတယ်။” 

အခုလို စစ်ဆေးနေတာဟာ ဖေဖော်ဝါရီ ၂၂ရက်နေ့မှာပြုလုပ်မယ့် “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထုလှုပ်ရှားမှုကို မအောင်မြင်အောင် ထိန်းချုပ်ချင်တာကြောင့် ဖြစ်တယ်ဆိုပြီး ထားဝယ်ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ထားဝယ်အပါအဝင် နိုင်ငံတဝှမ်း သပိတ်အင်အားစုတွေကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ထားဝယ်မြို့တွင်းနဲ့ မြို့အဝင်ဂိတ်တွေမှာလည်း ဒီနေ့မနက်ကစတင်ပြီး စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ DVB

မြောင်မြို့ အဝင်အထွက်ဂိတ်များ၌ စစ်ကောင် စီတပ်က ဒေသကာကွယ်ရေးတပ် အသွင်ယူ ပုံဖျက်ရန် ကြိုးပမ်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့ အဝင်အထွက် ဂိတ်နေရာများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ဝင်များ ပုံစံ အသွင်ယူ ပုံဖျက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် CDSOM က တရားဝင် ထုတ်ပြန်သည်။

မြင်းမူမြို့နယ်ဘက်မှ မြောင်မြို့အတွင်းသို့ ဝင်ရသော အဝင်ဂိတ်နှင့် မြောင်မြို့နယ်ထဲသို့ ဆင်းသော မြောင်မြို့ အထွက်ဂိတ် နှစ်နေရာရှိ တစ်ဂိတ်စီ၌ စစ်ကောင်စီတပ်သား ခြောက်ယောက်ခန့်က CDSOM အဖွဲ့ ဝတ်စုံများ ဝတ်ဆင် အသွင်ယူကာ ပြည်သူအား ရိုင်းပြစွာ ဆက်ဆံ စစ်ဆေးပြီး ပြည်သူ့ကာကွယ်ရေး တပ်သားများ (PDF) ကို ပုံဖျက်ရန် ကြိုးပမ်းနေကြောင်းနှင့် ဂိတ်အနီးဝန်းကျင်တွင်လည်း အရပ်ဝတ်များဖြင့် ကင်းချထားကြောင်း CDSOM အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

“အဝင်ရော အထွက်ရော နှစ်ပေါက်လုံးမှာ သူတို့ (စစ်ကောင်စီတပ်သားများ) က ကျွန်တော်တို့ CDSOM တံဆိပ်အင်္ကျီတွေ၊ အလံတွေနဲ့ CDSOM တံဆိပ်ပါတဲ့ ဦးထုတ်တွေဝတ်ပြီး လာသမျှ ကားတွေ ဆိုင်ကယ်တွေကို တားစစ်နေတာ။ သတင်းရလို့ ပုံစံ အနေအထားတွေကို မေးကြည့်တော့ အင်္ကျီက မှန်တယ်၊ ကျွန်တော်တို့ အင်္ကျီ။ ဒါပေမယ့် မတူဘဲ လွဲနေတာက ဦးထုတ်၊ ကျွန်တော်တို့ CDSOM ဦးထုတ်မှာက တံဆိပ်မရှိဘူး။ သူတို့က တံဆိပ်ပါတဲ့ ဦးထုတ်တွေနဲ့ဆိုတော့ ကျွန်တော်တို့အဖွဲ့ မဟုတ်ဘူးဆိုတာ လုံးဝ သေချာသွားတယ်။ ပြီးတော့ အဲဒီနေရာတွေ (စစ်ဆေးရေးဂိတ်) က စစ်ကောင်စီတွေ တပ်စွဲ၊ ကင်းချထားတဲ့ နေရာတွေ။ ကျွန်တော်တို့ဂိတ် မရှိဘူး၊ မြို့ထဲမှာ ဆိုတော့လေ” ဟု CDSOM အဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။

ယမန်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များ အသွင်ယူ စစ်ဆေးမှုများ လုပ်နေသည့်အတွက် ပြည်သူများ ဒုက္ခမရောက်စေရန် အသိပေးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြည်သူတွေမှားမှာ စိုးတာက တစ်နယ်လုံးက ကျွန်တော်တို့ ယူနီဖောင်းနဲ့ မြင်ရင်ကို လက်သုံးချောင်း ထောင်ပြတာ၊ အောင်မြင်ပါစေ ဆိုတာမျိုး ပြောပြီး နှုတ်ဆက်ကြတာမျိုး ဆိုတော့ သူတို့က ကျွန်တော်တို့ အင်္ကျီ ဝတ်ထားတာ ဆိုတော့ မှားပြီး နှုတ်ဆက်မိရင် ဖမ်းခံရတာမျိုး ဖြစ်မှာစိုးလို့ ကျွန်တော်က အသိပေးတာပါ။ အဲ့နေရာတွေက ကျွန်တော်တို့ လုံးဝကို ဂိတ်မထားတဲ့ နေရာဖြစ်လို့ ဒါက ကျွန်တော်တို့အဖွဲ့ လုံးဝ မဟုတ်ဘူး ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကို ပုံဖျက်ဖို့ လုပ်နေတာပါ” ဟု CDSOM အဖွဲ့ခေါင်းဆောင်က ဆိုသည်။

ယမန်နေ့ညက စစ်ကောင်စီ အင်အား ၂၀၀ ခန့် မြင်းမူဘက်မှ မြောင်မြို့ထဲသို့ ရောက်ရှိလာကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်းလည်း CDSOM အဖွဲ့ခေါင်းဆောင်၏ အဆိုအရ သိရသည်။ mizzima

« Older Entries