Monthly Archives: Feb 2022

ချင်းပုန်း​ကျေးရွာတွင် စစ်​ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားသည့် အ​လောင်း ၂၀ ​ကျော်​တွေ့ရှိ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ချင်းပုန်း​ကျေးရွာမှာ စစ်​ကောင်စီတပ်ဖွဲ့သတ်ဖြတ်ထားတဲ့ ရုပ်အ​လောင်းတွေ မီးရှို့ဖျက်ဆီးထားခဲ့တဲ့ နေအိမ်အချို့နဲ့ ကား၊ ဆိုင်ကယ်တွေကို ​တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ​ဖေ​ဖော်ဝါရီ  ၂၆ ရက်​နေ့က ချင်းပုန်း​ကျေးရွာအတွင်းကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်​ရောက်လာခဲ့ပြီးနောက် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ ဒီနေ့မှာတော့ ချင်းပုန်း​ကျေးရွာအတွင်းက​နေ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ ပြန်လည်ထွက်ခွာသွားပြီး​နောက် ​ဒေသခံပြည်သူ​တွေဟာ ​ကျေးရွာအတွင်းကို ပြန်လည်ဝင်​ရောက်ခဲ့ကြပြီး ​လှည့်လည်စစ်​ဆေးကြည့်ရှုကြရာ ​လော​လောဆယ် ပုပ်ပွ​နေတဲ့ အမျိုးသား ၁၉ ​ဦးနဲ့ အမျိုးသမီး  ၂ ​ဦး​၊ စုစုပေါင်း ရုပ်အ​လောင်း  ၂၁ ​လောင်း ​တွေ့ရှိခဲ့သလို ​သေဆုံးသူအ​ရေအတွက် ဒီထက်မက ပိုနိုင်​တယ်လို့ ကြည့်ရှုစစ်​ဆေးရာမှာပါဝင်တဲ့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

အဲဒီအပြင် ကား ၄ စီး၊ ဆိုင်ကယ် ၆၄ စီးနဲ့ ​နေအိမ်  ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြသလို ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ဆိုပါတယ်။ ​

စစ်​ကောင်စီတပ်ဖွဲ့ဟာ ချင်းပုန်း​​ကျေးရွာအတွင်းက​နေ ထွက်ခွာသွားပြီး​နောက် ဝါးစိမ်း​တောင်အနီး ပတ်ဝန်းကျင်တစ်​လျှောက်မှာလည်း ရ ဟတ် ယာဥ်တွေနဲ့ ဗုံးကြဲတာ၊ စက်​သေနတ်​တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြသလို သ​ပြေ​အေး​ကျေးရွာအတွင်းကိုလည်း ဝင်​ရောက်ခဲ့ကြပြီး ပစ်ခတ်သံတစ်ချို့လည်း ကြားရကာ ​ကျေးရွာအတွင်းကလည်း မီးခိုး​တွေ တက်လာတာ မြင်​နေရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်​ကောင်စီတပ်ဖွဲ့ဟာ သ​ပြေ​အေး​ကျေးရွာအတွင်းမှာ မီးရှို့ ပြုနေ​တာကြောင့် ​ဒေသခံ​ပြည်သူ​တွေလည်း ထွက်​ပြေး​နေကြရ​တယ်လို့ သိရပါတယ်။ DVB

အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ကျောင်းသား ၃ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မတရားဖမ်းဆီးထားသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗဟို အလုပ် အမှုဆောင် ကိုလေ ပြေစိုးမိုး၊ ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြင့်သိန်းနိုင်နှင့် ဗကသများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုဝေယံဖြိုးမိုးတို့ကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုးကို ကမာရွတ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ခြင်းဖြစ်ပြီး ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြင့်သိန်းနိုင် (ပထဝီဝင်-ပထမနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် အင်းစိန်ထောင်တွင်းတရားရုံး၌ အလုပ်နှင့် ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ကိုမြင့်သိန်းနိုင်သည် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်းတွင် ရန်ကုန် ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် အတူ မတရားဖမ်းဆီးခံရသည့် ကိုစည်သူအောင်တင်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(ဃ) နှင့် ၅၀၅ – က တို့ဖြင့် ထောင် ၁၀နှစ်၊ မသဉ္ဇာဇော်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ထောင် ၁၀နှစ် နှင့် ဒီဇင်ဘာလ ၈ရက်နေ့၌ ၅၀၅ – က ဖြင့်ထောင် ၃နှစ် အဖြစ် အကြမ်းဖက်စစ်တပ်၏ တရားရုံးများမှ မတရားအမိန့်များ အသီးသီးချမှတ်ခဲ့ကာ ကျန်ရှိ‌နေသာ ကျောင်းသား ကျောင်းသူ ၃ဦးဖြစ်သည့် မဝတ်ရည်အောင်၊ ကိုရဲလင်းဦးနှင့် ကိုနေထက်လင်းတို့၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ဗကသများ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးကို ရန်ကုန် ကမာရွတ်မြို့နယ် တရားရုံး၌ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်လိုက်ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ် တရား ရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရကာ မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်ထားသေးကြောင်း သိရသည်။khit thit

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ် အမိန့်ချ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါတ်တာမြင့်နိုင်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့  ထောင်ဒဏ် ၂၁ နှစ်  အမိန့်ချလိုက်တယ်လို့  သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို  မုံရွာအကျဉ်းထောင်တွင် တရားရုံးက ဒီကနေ့   အမှု ၇ မှု အတွက် တစ်မှုကို ထောင်ဒစ်  ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာလို့  သူနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး  ရာဇသတ်ကြီး ပုဒ်မ  ၅၀၅ (ခ) ပုဒ်မနဲ့လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့ပြီး ဒီကနေ့ ချမှတ်ခဲ့တဲ့ အမိန့်အပါဝင်ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချခံထားရပါတယ်။  DVB

ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ လျှပ်စစ် မီးပြတ်တောက်၍ ဒေသခံများ အခက်ကြုံ

ပဲခူးတိုင်း၊ ပြည်ခရိုင် အနောက်ဘက်ကမ်းရှိ ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာတွင် ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှ စတင်၍ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးက တစ်ရက် လျှပ်စစ်မီး နှစ်နာရီ ဝန်းကျင်သာ ပေးသောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

၎င်းကျေးရွာသည် ယခင်က လျှပ်စစ်မီး ၂၄ နာရီရှိခဲ့ပြီး ယခုလမှ စတင်၍ ဖြတ်တောက်ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။

“ငါးရက်လောက်ရှိပြီ ကျွန်မတို့ရွာမှာ မီးမလာတာ၊ နှစ်နာရီလောက်ပဲ လာတော့တယ်။ လာတဲ့ အချိန်ကလည်း မမှန်ဘူး၊ လာချင်တဲ့အချိန် လာတာ၊ မနက် ၂ နာရီလောက်လာပြီး ၆ နာရီလောက်မှာ ပြန်ပြတ်သွားတယ်၊ အရင်ရက်က မီတာခ လာမဆောင်တဲ့ သူတွေကို မီးဖြတ်မယ် ဆိုတော့ တော်တော်များများက သွားဆောင် ခဲ့တယ်၊ ဆောင်လည်းပြီးရော မီးက ပုံမှန်တောင် မလာတော့ဘူး၊ ဒီလိုမှန်းသိရင် မဆောင်ဘဲ နေပါတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

မီးပြတ်တောက်ရသည့် အကြောင်းအရင်းကို လျှပ်စစ်ရုံး တာဝန်ရှိသူများအား မေးမြန်းရာတွင် အကြောင်းအရင်းကို ၎င်းတို့ ကိုယ်တိုင် မသိရှိဟု ဖြေကြားခဲ့ကြောင်း သွားရောက် မေးမြန်းခဲ့သည့် ဒေသခံများက ပြောသည်။

“မီးပြတ်တာက ကျွန်တော် သိသလောက် ပန်းတောင်း လျှပ်စစ်ရုံးက လူကြီး တစ်ယောက် ပြောင်းသွားပြီး ကတည်းက ဖြစ်တာတဲ့၊ အရင်လူတုန်းက မီတာခ အပြည့် မကောက်နိုင်လို့ ပြောင်းသွားရတယ်လို့ ပြောတယ်၊ အခုလို မီးပြတ်ပုံနဲ့ဆိုရင် ကျွန်တော်တို့လို လျှပ်စစ်ကို အားကိုးပြီး လုပ်နေတဲ့ လုပ်ငန်းတွေမှာ အတော်လေး ထိခိုက်လိမ့်မယ်ဗျ” ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်က ပြောသည်။

အလားတူ ပြည်ခရိုင် အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် စစ်ကောင်စီက မီတာခများ အတင်းအကြပ် တောင်းခံ နေသော်လည်း အချိန်ကြာမြင့်စွာ မီးပြတ်တောက်မှုများ ရှိနေကြောင်း သိရသည်။ mizzima

ရုရှား ကျူးကျော်စစ်ပွဲကို မြန်မာစစ်ကောင်စီထောက်ခံ

မော်စကိုရဲ့ အထူးစစ်ဆင်းရေးအပါအဝင် ယူကရိန်းနိုင်ငံကို ရုရှားက ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို ထောက်ခံကြောင်းနဲ့ ရုရှားဟာ သူ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားမီဒီယာ Sputnik သတင်းဌာနကို ပြောပါတယ်။

ပထမအချက်က ယူကရိန်းနိုင်ငံနဲ့ အခြေအနေအရ ရုရှားဟာ သူ့ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထိန်းသိမ်းပြီး အားကောင်းအောင်လုပ်ဖို့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နေတာဖြစ်ကြောင်းနဲ့ ဒုတိယအနေနဲ့ ရုရှားနိုင်ငံဟာ ပါဝါကြီးတဲ့နိုင်ငံအနေနဲ့ ကမ္ဘာ့အင်အားတွေကို ဟန်ချက်ညီစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာ သေချာကြောင်း ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

ရုရှားဟာ “ခေတ်သစ်ကိုလိုနီစနစ်”ကို အမြစ်ဖြုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပြီး အမေရိကန်ဟာ ရုရှားရဲ့ အချုပ်အခြာအာဏာကို ပျက်ပြားစေဖို့အတွက် ရုရှားနယ်စပ်ကို ချဉ်းကပ်လာနေကြောင်း ထောက်ပြလိုက်ပါသေးတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားအစိုးရနဲ့ ရုရှားပြည်သူတွေဟာ ကမ္ဘာ့နိုင်ငံရေးပြဿနာတွေကို ပိုမိုကျယ်ပြန့်တဲ့အမြင်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ကြပြီး ရုရှားဟာ အမျိုးသားအကျိုးစီးပွားနဲ့ စည်းလုံးညီညွတ်မှုကို ကာကွယ်နိုင်မှာဖြစ်ကြောင်းနဲ့ ကာလည်း ကာကွယ်ရမယ်လို့ မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ မြန်မာနိုင်ငံမှာ အတိုက်အခံအင်အားစုတွေကို အနောက်နိုင်ငံတွေက ဘယ်လိုငွေကြေးထောက်ပံ့ခဲ့ကြောင်း ပြန်ပြောင်းပြောပြီး လက်ရှိ ယူကရိန်းအကျပ်အတည်းဟာ ရုရှားကို လုံခြုံရေး အာမခံချက်ပေးဖို့ အမေရိကန်က လိုလားမှု မရှိခြင်းကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရုရှားနိုင်ငံဟာ ငြိမ်းချမ်းရေးအကြောင်းပြချက်နဲ့ အချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတာ ၄ ရက် ရှိသွားပြီဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံအများအပြားက ရုရှားရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့ပြီး ယူကရိန်းကို စစ်ရေးအကူ အညီတွေ ထောက်ပံ့ပေးနေကြပါတယ်။ DVB

မင်းအောင်လှိုင် စိတ္တဇ လူသတ်သမား နာဆစ်စစ် စွဲကပ်သူဖြစ်ကြောင်း သက် သေခံနေသည့် လေ့လာတွေ့ရှိချက်များ

လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမူအရာ၊ အပြော အဆို တွေနဲ့ မျက်နှာသွင်ပြင်တွေကို အသေးစိတ် အချိန်ယူ လေ့လာစိစစ်ရာမှာ မင်းအောင်လှိုင်က စိတ္တဇလူသတ်သမား နာဆစ်စစ် စွဲကပ်နေသူ (Fragile narcissists) အဖြစ် သက်သေခံနေပါတယ်။

Narcissists နာဆစ်စစ် (သို့မဟုတ်) Narcissistic Personality Disorder (NPD) ဆိုတာက စိတ်ဝေဒနာရောဂါတစ်မျိုးဖြစ်ပြီး မိမိ ကိုယ်ကို ကိုယ်ရည် သွေးခြင်း၊ မိမိကသာ ကယ်တယ်ရှင်အဖြစ် ထင်မှတ်ခြင်း ၊ မိမိကသာ အရေး ကြီးသူ၊ စွမ်းဆောင်နိုင်သူ အဖြစ် ထင်မှတ်ခြင်း စတဲ့ စိတ်ပုံမှန် မဟုတ်တော့တဲ့ အခြေအနေခံစားနေရမှု ဝေဒနာဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ Narcissists နာဆစ်စစ် စွဲကပ်နေသူဖြစ်ကြောင်း သက် သေခံ နေတဲ့ လေ့လာတွေ့ရှိချက်တွေကိုလည်း တစ်ချက်ချင်းစီ ရှင်းလင်း ဖော်ပြပေးမှာဖြစ်ပါတယ်။

မအလဟာ ဗေဒင်ဆရာထံ ဘာ့ကြောင့် စိတ်ဖြေရာ တရစပ်ရှာရသလဲ။ အဖြေကတော့ NPD ကို ခံစားနေရလို့ပါပဲ။

==========================================

Narcissistic Personality Disorder ကို လေ့လာဖူးတဲ့သူ ဘယ်သူမဆိုဟာ အာဏာမသိမ်းမီနဲ့ သိမ်းပြီးအချိန်တွေမှာ မင်းအောင်လှိုင်ရဲ့ ပြောပုံဆိုပုံ အပြု အမူတွေဟာ NPD လို့ခေါ်တဲ့ ပုံမှန်လူတစ်ယောက်ရဲ့ စံတွေနဲ့ လွဲနေတဲ့ လက္ခဏာတွေကို ပေါ်လွင်နေတာမို့ ဒီဝေဒနာစာရင်းသွင်းလို့ ရနေတာကို သိနေကြမှာ ဖြစ်ပါတယ်။

ကိုယ်ရည်ကိုယ်သွေး ပြဿနာရှိနေတဲ့ ဒီလို အာဏာရှင်တွေဟာ သမိုင်းမှာ မရှားပါဘူး။ ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း သာမန်လူ တွေထဲ မှာဆိုရင်တောင် အမျိုးသမီးထက်စာရင် အမျိုးသားတွေမှာအတွေ့ရများပြီး ကလေးဘဝမှ သူကြုံတွေ့ခဲ့ရတဲ့ အရာတွေက လူကြီးဘဝမှာ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာတွေအပေါ် အများကြီးလွှမ်းမိုးလာခဲ့တာဖြစ်ပါတယ်။ မင်းအောင် လှိုင်ရဲ့ ကလေးဘဝကို သိနေတဲ့သူတွေက ပြန်ပြီး ရေးသား ကြစေလိုပါတယ်။

နာဇီခေါင်းဆောင်ဟစ်တလာ၊ အီတလီဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီ၊ ဆိုဗီယက်‌ခေါင်းဆောင် စတာလင်၊ မြောက်ကိုရီးယား‌ခေါင်းဆောင် ကင်ဂျုံအီ၊ အစရှိတဲ့ အာဏာရှင်တွေကို စိတ်ပိုင်းဆိုင်ရာဘက်က လေ့လာတဲ့အခါ သူတို့ရဲ့ ငယ်စဉ်တောင်ကျေးက ကြုံတွေ့ခဲ့ရတဲ့ ဖြတ်သန်းမှုတွေ၊ မိဘတွေနဲ့ ဆက်ဆံရေး၊ ပညာသင်ယူစဉ် ကာလ၊ အာဏာရှင်ဖြစ်မလာခင်မှာ ဖြတ်သန်းခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးပါတယ်။

သိမ်ငယ်စိတ်နဲ့ နာဆစ်စစ်Fragile narcissists

===========================

အထူးသဖြင့်တော့ နာဆစ်စစ် ကဲတဲ့ သူတွေဟာ ပထမတစ်မျိုးကတော့ ငယ်စဉ် ဘဝကတည်းက သိမ်ငယ်စိတ်နဲ့ နေထိုင်ရင်းဖြစ်လာတာပါ။ ကိုယ့်ကို သူများအထင်သေးမှာ နှိမ်မှာ အမြဲကြောက်နေတတ်တဲ့ စိတ်အခံနဲ့ ကြီး ပြင်း လာသူတွေမှာတွေ့ရတတ်ပါတယ်။

ဥပမာ- မိဘ ဘိုးဘွားတွေကြားမှာ ချစ်ခင် ယုယမှုကိုမရခဲ့ပဲ မင်းက အသုံး ကျမယ့်ကောင်မဟုတ်ဘူးလို့ မိသားစုထဲမှာ ဆွေမျိုးထဲမှာ အဖန်တလဲလဲ အပြောခံခဲ့ရတဲ့ ကလေးတွေမှာ ရှိတတ်ပါတယ်။ ဖခင် သို့မဟုတ် မိခင်က အားမလို အားမရ ကြိမ်းမောင်းခံရတာ ဒါမှမဟုတ် သူတို့ရဲ့ မေတ္တာကို ပြည့်ပြည့်ဝဝမရဘူးလို့ ခံစားရသူတွေမှာ သိမ်ငယ်စိတ်နဲ့ ကြီးလာရင် ဒီအဖြစ်ကို ပြန်ချေဖျက်ချင်လာပါတယ်။

စာသင်ကျောင်းမှာလည်း အခြားဆယ်ကျော်သက်တွေကြားမှာ အနှိမ်ခံခဲ့ရ သူလားဆိုတာလည်း ပြန်ကြည့်ဖို့ လိုနိုင်ပါတယ်။ ဆိုရှယ်လစ်ခေတ်ထဲက ပန်းချီဆရာမိသားစုရဲ့ ရုန်းကန်မှုက ဘယ်လိုပုံစံဖြစ်မလဲ။ ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့သော အဖေက မန္တလေးဆရာ အတတ်သင်သိပ္ပံကျောင်း (SDTC) မှ ပန်းချီဌာနမှူး အိမ်ထောင် ဦးစီးမိသားစုမှ မွေးလာသော မွေးချင်းငါးယောက်မှာ လေးယောက်မြောက် ကျောင်းသား တစ်ယောက်ဟာ တက္ကသိုလ်ဒုတိယနှစ်ကို နှစ်ဝက်အထိသာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

သူဟာ ပထမနှစ်ပဲ အောင်တယ်လို့ပြောရမှာဖြစ်ပါတယ်။ ကျောင်းဆက်တက်ဖို့ သူ့မှာ ဘာတွေက ခက်ခဲခဲ့သလဲ စဉ်းစားစရာပါ။ ကျောင်းပညာဆုံးအောင် တက် ရောက်နိုင်ခဲ့ရင်တော့ အခုမြန်မာပြည်ရဲ့ ကံကြမ္မာဟာ တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပါတယ်။

အမြှောက်ကြိုက်ဘဝင် Grandiosity

=======================

နောက်နာဆစ်စစ်ဖြစ်လာတတ်တဲ့ သူတွေရဲ့ ကလေးဘဝအတွေ့ အကြုံက တော့ ခုနက ပြောခဲ့တာနဲ့ ဆန့်ကျင်ဘက်ပါ။ မိဘတွေက ဆွေမျိုးသားချင်း တွေထဲမှာ မြှောက်လွန်းတာ။ ငါ့သားကတော့ နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ မွေးလာ တယ် ဆိုတာမျိုး။

မင်းမွေးတုန်းက မင်းဖြစ်မယ့် ဇာတာပါတယ်ဆိုတာမျိုး ပြောဆိုခဲ့တာမျိုး တွေ က ဘဝင်မြင့်တဲ့ လူကြီးတစ်ယောက်အဖြစ်ကြီးပြင်းလာပြီး ယုံကြည်မှု လွန်ကဲ တာကြောင့် အလိုလို သွေးနားထင်ရောက်မှုကို ဖြစ်စေပါတယ်။ Superiority complex ပါ။

မင်းအောင်လှိုင်ရဲ့ နုတ်က ထွက်တဲ့ တိုက်ရိုက်ပြောစကားတွေနဲ့ ကိုယ်ဟန် အမူ အယာကိုသုံးသပ်ရင် မျက်လုံး အကြည့်ကို မှန်းဆရရင်တော့ သူက ပထမ အမျိုးအစား သိမ်ငယ်စိတ်နဲ့ ကြီးလာသူဖြစ်ဖို့ ပိုများပါတယ်။ Inferiority complex ပိုများသူလို့ မှန်းဆရပါတယ်။

သူ့မျက်လုံးကို အနီးကပ်ရိုက်ပြတဲ့ ဗွီဒီယိုတွေမှာ သူဟာ အာဏာ မသိမ်းခင် ကာလတွေကတည်းက နှုတ်ကသာ ဟန်ချီနေပေမယ့် မျက်လုံးတွေက မိမိ ကိုယ် ကို ယုံကြည်မှုရှိတဲ့ ပြည့်ဝတဲ့ သူတစ်ယောက်ရဲ့ မျက်လုံးတွေ မဟုတ် ပါဘူး။ အငုံ့စိတ်အခံ ပိုကဲတဲ့ စိတ်မလုံခြုံတဲ့ မျက်လုံးမျိုးတွေပါ။

ဝမရှိသော ဝိ Inflated self-image

======================

ဒါပေမယ့် နာဆစ်စစ်တွေဟာ အတွင်းစိတ်က အားငယ်တာကို ဟန်နဲ့ ဖုံး ကွယ်ဖို့ ကောင်းကောင်းကြီး အားထုတ်ပါတယ်။ နာဆစ်စစ်တွေကို သတိ ထားကြည့်မယ်ဆိုရင်တောင် ကိုယ်တော်ကြောင်း ဦးဆောင် နိုင်ကြောင်း ထိရောက်စမတ်ကျကြောင်း စသည်ဖြင့် ကိုယ့်ပြောစကားတွေထဲကနေ ကိုယ်အား ပြန်ပြန်ယူရတဲ့ သူတွေပါ။

ကိုယ့်ရဲ့ အားနည်းချက် အားသာချက်ကို ပကတိတရားအတိုင်းဆင်ခြင်ပြီး ရပ်တည်နိုင်ဖို့ထက် သူတို့ဟာ မှန်ထဲကြည့်ရင်တောင် အရှိတရားထက်ပိုပြီး ကြီးကျယ်နေတယ် လို့ Self-inflation နဲ့ ကိုယ့်ကိုယ်ကိုယ် မြင်နေ တတ် သူတွေပါ။ သူ့ကိုယ်သူ ထူးခြားတဲ့ အရည်အချင်းရှိသူ (Special one) ဖြစ်တယ်-အများရဲ့ အထက်မှာနေနိုင်သူလို့ အော်တိုမက်တစ်ယူဆထားတာကြောင့် သူ့ကို ဒီလိုတစ်ထပ်တည်း မြင်ပေးတဲ့သူတွေနဲ့ ပေါင်းသင်းရတာကိုပဲ ဘဝင်ကျပါတယ်။

အဲဒီလိုလူတွေအပေါ်လည်း သူက ကြင်နာတတ်ပါတယ်။ သူ့ကို လူတော် လူကောင်းလို့ မြင်ကြောင်းပြောကြားလေ့ရှိတဲ့ စကားတွေကိုပဲ သူကြား ချင်ပါတယ်။ သူနဲ့ တွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီစာကို ဖတ်မိ မယ်ဆိုရင် ဒါတွေကို ပြန်မြင်ယောင်လာမှာပါ။

ဝေဖန်မှုကို ဆတ်ဆတ်ထိမခံ

===================

သူတို့ရဲ့ ထင်တစ်လုံးစိတ်နဲ့ တွဲပြီးပါလာတတ်တာကတော့ ဝေဖန်မှုကို သိပ်အကဲဆတ်တာပါ။ သူတို့ကိုယ်လူတွေက အထင်ကြီးရင် ကြိုက်ပါတယ်။ အထင်သေးတဲ့ ပုံစံ သာ ပြလိုက်မိမယ်ဆိုရင်တော့ ဒီလူကိုငြှိုးလို့ ဆုံးတော့မှ မဟုတ်ပါဘူး။

လူတွေက မိမိကို အမြဲ နေရာပေးရမယ်လို့ တစ်ချိန်လုံး တွေးနေတာကြောင့် ချောင်ထိုးခံရတာ သူဆွေးနွေးတာကို ဝေဖန်တာကို သေးသေးကလေးတောင် မခံနိုင်ပါဘူး။ ဒီလို စရိုက်လက္ခဏာကြောင့် သူ့အနားမှာ မိတ်ဆွေ စစ် နည်းပါတယ်။

ဇော်မင်းထွန်းတို့လိုလူက ဗိုလ်ချုပ်ဖြစ်နေပြီး ကိုယ်ရည်ကိုယ်သွေး တော်တော် နိမ့်တဲ့လူလောက်ပဲ သူ့ကို ခစားတယ်ဆိုတာက ဒီသဘောပါ။ ပညာနဲ့ ဆင်ခြင် နိုင်မှတော့ သူ့ကို သူထင်သလို ရေလိုက်ငါးလိုက် ပြောပေးနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

‌အမှန်ကိုထောက်ပြသူထက် စိတ်ချမ်းသာအောင်ပြောဆိုပေးတဲ့သူနားပဲနေချင် (Needing ego-booster) ဒါပေမယ့် နာဆစ်စစ်ရဲ့ သဘာဝနောက်တစ်ခုက သူက အောင်မြင်ချင်တယ်။ အဲဒါကိုလည်း မရှက်မကြောက် ထုတ်ပြော တတ် တယ်။

သမ္မတဖြစ်ချင်တယ်ဆိုတာကို မကြာခဏ မင်းအောင်လှိုင်ဟာ ထုတ်ပြခဲ့သူပါ။ ရုရှားတွေနဲ့ အင်တာဗျုးတွေမှာ ကြည့်ရင်သူဒါကို ဘယ်လောက်ပြောထားသလဲ မှန်းလို့ရပါတယ်။ ဒါ့ကြောင့် ပေါ်ပြူလာဖြစ်ချင်ပါတယ်။ နိုင်ငံရေး သမား တွေ ကို လူချစ်သလို သူ့ကို လူချစ်စေချင်တယ်။

သူ့ကို အားလုံးက မြှောက်စားလိုလားစေချင်တယ်။ ဒီလို ပြောပေးတတ်တဲ့ ဆရာတော် သံဃာတော်တွေကို သူနှစ်သက်တယ်။ နာဆစ်စစ်တွေက တခြား လူတွေရဲ့ စကားတွေ သူတို့အပေါ် ထားရှိတဲ့ အမြင်တွေကို အလွန် အကျူး ဂရုစိုက်တော့ ပူလောင်သူတွေဖြစ်တာကြောင့် ဖြေဆေးလည်း တစ်ချိန် လုံး လိုပါတယ်။

သူဟာ သူ့ရဲ့ ပူလောင်နေတဲ့စိတ်ကို ဖြေသိမ့်ပေးနိုင်မယ့် သူ့ရဲ့ အတ္တကို တသသ လုပ်ပေးမယ့် သူ ရှာထားရပါတယ်။ သူ့ရဲ့ Ego Booster ဟာ အိမ်က ဇနီး လည်း ဖြစ်နိုင်တယ်။ မိခင်လည်းဖြစ်နိုင်တယ် လုပ်ဖော်ကိုင်ဖက် တွေလည်း ဖြစ်နိုင်သလို ဗေဒင်ဆရာဘိုးတော် လည်းဖြစ်နိုင်ပါတယ်။ အဓိကက “supply of ego-feed” ကို တစ်ချိန်လုံးရနေဖို့ပါပဲ။

ဒီလို သူ့ကို သက်ဦးဆံပိုင်ဘုရင်ကြီးတစ်ပါးကို နားဝင်ချိုတာတွေပဲပြောပြီး ဘာမှ ပြန်မပြောဘဲ ခင်ဗျားလုပ်နေတာတွေက ဟုတ်တယ်၊ မှန်တယ်၊ ကောင်း တယ်၊ ပိုကောင်းလာမှာပါ အစရှိသဖြင့် နှစ်သိမ့်ပေးနိုင်မယ့် အနီးကပ် လူတွေ နဲ့တော့ သူက တည့်အောင်ပေါင်းမှာပါ။

အသေချာဆုံးကတော့ မင်းအောင်လှိုင်ဟာ အဲဒီ Ego supply ကို ဝစီပိတ်လို ပုဂ္ဂိုလ်တွေဆီကနေ အခြားဗေဒင်ဆရာနဲ့ ဘိုးတော်တွေဆီကနေ အဆက် မပြတ်ရှာဖွေနေတာပါ။ ဝစီပိတ်ကို ကြည့်မယ်ဆိုရင် သူက ကဗျာဆရာလို့ နာမည်ခံထားသူပါ။

၀စီပိတ်ဟာ ကဗျာစာအုပ် ဆယ့်နှစ်အုပ် ဆယ့်သုံးအုပ်ထုတ်ခဲ့တယ်လို့ ပြောထားပြီး ကဗျာသင်္ချိုင်းဆိုတာမျိုးနဲ့ သူ့ရဲ့ စိတ်အညစ်အကြေးကို အနု ပညာဘက်မှာ စိတ် ထွက်ပေါက်ပေးလိုတဲ့ ကိုယ်တော်ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လောကီအစီအရင်တွေ ဆောင်ရွက်ပေးတယ်ဆိုတာကို ရေးနေကြတဲ့ တစ်ချိန်တည်းမှာပဲ သူဟာ မင်းအောင်လှိုင်အတွက် စိတ် သက်သာရာ Ego supply လုပ်ပေးနေတဲ့သူ ဖြစ်နေတာသေချာပါတယ်။

ဒီကိုယ်တော်ရဲ့ လုပ်ငန်းဟာ စကားကို အေးအေးဆေးဆေးသူ ကြိုက်တဲ့ အချိုပေါ်သကာလောင်းပြီး ဘာကြီးပဲလုပ်နေနေ မင်းအောင်လှိုင်ဟာ သူတော် ကောင်း တစ်ယောက်လို ဘုံမြောက် သွားစေ အောင် ပြောဆို ပေးနိုင်တာမို့ သူ့အတွက် အမြဲ ဒါကို ကြားနေရဖို့ သွားလာဝင်ထွက် နေပါတယ်။

အရှုံးတွေနဲ့ ကြုံလာရလေ ဒီလိုပြောပေးမယ့် အနားကို သွားရလေလေပါ။ ဒါ့ကြောင့် သူ့အနားမှာ သူ့အကြိုက်ကိုပြောပေးမယ့်သူတွေနဲ့ သူ့ကို အချို ကျွေး မယ့် သူတွေ တရစပ်လိုအပ်ပါတယ်။

လူအထင်ကြီးဖို့ဆိုရင် လိမ်ဖို့ကို မရှက်တာ

===========================

နောက်ပြီး မီဒီယာတွေက သူ့ကို အရေးလုပ်ပြီးရေးသားတဲ့အခါ သူအလွန်ပဲ မနောခွေ့ပါတယ်။ မင်းအောင်လှိုင်ဟာ မီဒီယာတွေက သူ့ကို ဒီလိုစင် တင် လာတာကို အင်မတန်နှစ်သက်ပါတယ်။ ရုရှား Politics မဂ္ဂဇင်း၊ ရုရှ Russia TV (RT) တီဗီနဲ့ အင်တာဗျုးတဲ့အချိန်မှာ သူ့အကြောင်းကို ပိုပိုသာသာပြောပါတယ်။

စာမျက်နှာကို ညှာတာလို့ သူ့ကိုယ်သူ လူအထင်ကြီးအောင်လုပ်ထားတာတွေ အကုန်ပြန်မရေးပြတော့ပေမယ့် အင်တာဗျူးမှာ မမေးသွားဘဲ လိမ်ထားတဲ့ မေးခွန်းတစ်ခုကိုတော့ အသံဖိုင်ကို Youtube မှာရှာပြီး တိုက်ကြည့် နိုင် ကြ ပါတယ်။

“Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဖြေကြားခဲ့တဲ့အဖြေတွေ က အရမ်း တန်ဖိုးရှိပါတယ်။ ရုရှား တပ်မတော် မှာ စစ်မှုထမ်း တာဝန် ထမ်းဆောင် နေတဲ့ အရာရှိကြီးတွေတောင်မှ ဒီလို အတွေးအခေါ် မျိုးတွေ မရှိပါဘူး။

နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံတော်အကြီးအကဲတွေမှာပဲ ဒီလို မျိုး အတွေးအခေါ်တွေရှိပါတယ်။ နိုင်ငံရေး သမားတွေဆီမှာပဲ ဒီလိုမျိုး အတွေး အခေါ်တွေရှိပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တပ်မတော် တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့တောင်မှ ဒီလိုမျိုးပြည်သူတွေ အတွက်၊ တစ်ကမ္ဘာလုံးအတွက် တွေးပေး နိုင်တယ်ဆိုတာ အရမ်းဂုဏ်ယူရပါတယ်။

လတ်တလောမှာတော့ ကမ္ဘာမှာ အကြမ်းဖက် သောင်းကျန်းသူ တွေကိုသာ တိုက်ခိုက်နေရတာမဟုတ်ပါဘူး။ COVID-19 ကပ်ရောဂါ ဆိုးကြီးကို လည်း တိုက်ခိုက်နေရပါတယ်။ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ဘာများပြောလို ပါသလဲ။”

ဒါဟာ သူမီဒီယာပေါ်မှာ သူ့ကိုယ်သူ ဇန်းတင်ချင်တဲ့ ကိစ္စထဲက ဥပမာသေးသေး တစ်ခုမျှပဲဖြစ်ပါတယ်။ ဒီလိုမေးခွန်းကို သတင်းထောက်က မမေးပါဘဲ လီဆယ် ခြင်းကကို သူဟာ ကိုယ့်ပုံရိပ်ကို အလွန်အကျူး မြှင့်တင် ချင် သူဖြစ် တယ် ဆို တာ သိနိုင်ပါတယ်။ တကယ်တော့ ရုရှားမီဒီယာက သူ့ကို ဒီလောက် ချီး မြှောက် ပြီးပြောသွားတာမဟုတ်ပါ။

သူ့ကို နောင် အနာဂတ်မြန်မာနိုင်ငံရဲ့ သမ္မတလို့ ထင်သွားအောင် တမင်လုပ် ယူခဲ့ပါ တယ်။ နောက်ပြီး ရုရှားက သူ့ကို သမ္မတအဖြစ် သိပ်တော်တဲ့ သူအဖြစ် မြင်နေတယ်ထင်အောင် သူ့ကိုယ်ပိုင်ဝက်ဆိုက်မှာ တလွဲဘာသာပြန်စေပါတယ်။

ဒါတောင် မြန်မာမီဒီယာတွေက သူ့ကိုအရေးတယူမလုပ်ပေမယ့် သူ့ကို တမင် မေးခွန်း ဆင်မေးခိုင်းတဲ့ အင်တာဗျူးတစ်ခုကိုတော့ ရွေးကောက်ပွဲ ကျင်းပ မယ့် နှစ်မှ တမင်တကာ စီစဉ်ခဲ့ပါတယ်။

လွတ်လပ်တဲ့ မြန်မာပြည်က မီဒီယာတွေကိုတော့ သူသည်းမခံနိုင်ပါဘူး။ မုန်းတီးတဲ့အတွက်ကြောင့် ဖျက်ဆီးပစ်ချင်ခဲ့တာ ကြာပြီလို့ ဆိုနိုင်ပါတယ်။

နေ့စဉ်နဲ့အမျှမြန်မာမီဒီယာတွေ တင်ဆင်နေသမျှက သူ့လို နာဆစ်စစ်အတွက် ငရဲပါ။ နောက်ပြီး အမျိုးဘာသာ သာသနာဆိုတာကို စောင့်ရှောက်တယ်ဆိုတဲ့ စကားလုံးနဲ့ တရစပ်လိမ်နေရတာကို နည်းနည်းမှ မရှက်ပါ။ သူလိုရရာဖို့ လိမ် တတ်တာက မထူးဆန်းပါ။ သူလိမ်နေတာလည်း သူသိပါတယ်။

မသိသလိုနေတာပါ။ တပြိုင်တည်းမှာပဲ သူဟာ သူ့တက်လမ်းအတွက်တော့ အမြဲမပြတ်ကြံဆနေပြီး လိုချင်တာအတွက် ဘယ်လို အကျင့်သီလပဲ ဖောက် ရဖောက်ရ လုပ်တတ်ကြပါတယ်။ လိမ်ရမှာ မကြောက်တော့ပါဘူး။

အမြဲဖြစ်နေတဲ့ ပြဿနာကတော့ ပြဿနာကို ဖန်တီးသူဟာ သူဘယ်တော့မှ မဟုတ်ဘူး။ တခြားလူတွေကြောင့်ပဲ ပြဿနာတွေ ဖြစ်လာရတာရယ်လို့ လက်ညှိုးထိုးတာ၊ သူ့ကိုယ်သူ ပြန်လိမ်လည်နေတာပါပဲ။

ဣဿာနဲ့ မစ္ဆရိယ

=============

ဒီလို ဖြေဆည်ရာတွေ ရှာပေမယ့်နာဆစ်စစ်တွေရဲ့ ဒုက္ခက တစ်နေရာရာမှာ တော်ရုံနဲ့ အဆုံးသတ်သွားလေ့မရှိပါဘူး။ သူတို့ရဲ့ အကုသိုလ်နဲ့ သူတို့ရတဲ့ စိတ်ဒုက္ခဟာ လှည်းနောက်က လိုက်တဲ့ လှည်းဘီးရာလိုပါပဲ။ သူတပါးကို အလွန် မနာလိုဝန်တိုတတ်သူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ အမြဲတမ်း ဣဿာနဲ့ မစ္ဆရိယ ကြီးစိုးနေပါတယ်။

ဒီလိုလူတွေရဲ့ အိမ်သားတွေဟာလည်း သူပူလောင်နေတာကို တစ်သက် လုံး ကြားနာလာရတဲ့ သူတွေ ဖြစ်နိုင်ပါတယ်။ အိမ်ရဲ့ အပြင်လောကမှာ လုပ်ငန်း ခွင်ထဲမှာ သူက နှိမ်လို့ မရလိုက်တဲ့လူတွေအ‌ပေါ် သူ့မှာ မကျေနပ် ချက်တွေရှိတယ်။

သူ့ရဲ့ ကြီးမြတ်မှုကို အသိအမှတ်မပြုချင်တဲ့ သူတွေအပေါ်မှာ ထားတတ်တဲ့ အငြှိုးတွေများတယ်။ သူ့ကို နှိမ်လိုက်တဲ့ ခေတ်အဆက်ဆက်က သူတွေကြောင့် ဖြစ်လာတဲ့ သူ့ရဲ့ ရှိရှိသမျှနာကြည်းချက်တွေကို အနီးကပ်လူတွေက လှိမ့်ခံရလေ့ရှိပါတယ်။

အနားကလူတွေကပါ ဉာဏ်မရှိရင်တော့ သူတို့ပါ လိုက်ပြီး ပူလောင်မှုနဲ့ လောင် ကျွမ်းခဲ့ကြရမှာဖြစ်ပါတယ်။ သူ့ကို နှိမ်လိုက်တယ်လို့ ထင်တဲ့ သူမှန်သမျှကို မကျေမနပ်ပြောဆိုသံဟာ သူ့ရဲ့ မိသားစု ထမင်းဝိုင်းတွေကို စိုးမိုးနေမှာပါ။

ဟန်ဆောင်ကောင်းသူ

================

ခက်တာက ဒီလိုလူတွေကို ခဏတဖြုတ်မြင်လိုက်ရတုန်းမှာ မရိပ်မိတတ်ပါဘူး။ဥပမာ- နိုင်ငံရေးသမား တွေထဲမှာ စီးပွားရေးသမားတွေထဲမှာ သူ့ကို မကြာ ခဏ မြင်ဖူး ဆုံဖူး စကားပြောဖူးတဲ့သူတွေ အများကြီး ရှိနိုင်ပါတယ်။ ခဏ တဖြုတ် တွေ့ရချိန်မှာ သူ့ကို လူကောင်းတစ်ယောက်လို့ ထင်သွား နိုင်စရာ ဖြစ်အောင် ဒီလူတွေဟာ တတ်နိုင်ကြပါတယ်။

နာဆစ်စစ်တွေဟာ ပထမအကြိမ်ရေနည်းနည်းမှာတော့ လူတွေကို သူတို့ဟာ စိတ်ကောင်းကြောင်း၊ လိုက်လျောပြေပြစ်သူတွေ ချစ်ခင်ဖွယ်ရာ လူတွေ ဖြစ် ကြောင်း ကြိုးစားပြသလေ့ရှိကြလို့ပါပဲ။

အဲဒီအချိန်မှာ သူပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နာကျင်နေရတဲ့လူတွေက တစ်အုပ်ကြီး ဖြစ်ပြီးနေလေ့ရှိပါတယ်။

သူ့ရဲ့ မောက်မာမှု၊ မနာလိုမှုတွေအကြောင်းကို ခဏတဖြုတ်ပဲတွေ့လိုက်ရတဲ့ လူတွေကတော့ သဘောမပေါက်ဘဲ အခြားသူပြောလို့ ကြားလာခဲ့ရင်တောင်မှ ဒီလူ ဒီလောက် မဆိုးလောက်ပါဘူးလို့တွေး နေနိုင်ပါတယ်။ ဒါကလည်း မင်း အောင် လှိုင်ရဲ့ အထက်လူကြီးတွေနဲ့တွေ့တဲ့အခါသော်လည်းကောင်း၊ နိုင်ငံခြား သံတမန်တွေနဲ့ တွေ့တဲ့အမှာ သော်လည်းကောင်း သူ့ရဲ့ Image ဥပဓိကို တလွဲ အကဲခတ်သူတွေ တော်တော်များတယ်။

ပျော့ပျောင်းတယ် ဒီလူက မဆိုးဘူးလို့ ခဏတဖြုတ်တွေ့တဲ့သူတွေက ထင်နေ ချိန်မှာ သူ့အကြောင်းကို စင်းစင်းကြီး သိနေသူတွေကတော့ နုတ်နုတ် စင်းချင် နေကြတာမျိုးပါ။

တကယ်တော့ တပ်ထဲက သူ့လုပ် ဖော်ကိုင်ဖက် တွေဟာ ဒီစာကိုများ ဖတ်မိ ကြမယ်ဆိုရင် ပြန်စဉ်းစားကြည့်ပါ။ ရာထူးအငယ်ဘဝတွေ ကတည်းက သူနဲ့ စကားပြောချိန်အများစုမှာ သူဟာ တစ်ဖက်လူကို မျှတအောင် နားထောင် တတ်သူလား။ သူ့အကြောင်းပဲ ကြုံရင်ကြုံသလို ထည့်ထည့်ပြောတတ်သူလား ဆိုတာကိုပါ။

ကမ္ဘာကြီးက သူ့ကြောင့်လည်ပတ်နေတယ်လို့ ထင်တဲ့ ဘဝင်က ဘယ်က လာပါ သလဲ။ ဇန်နဝါရီ ၃၁က ပြောကြားခဲ့တဲ့ ကာလုံအစည်းအဝေးမိန့်ခွန်း၊ ဖေဖော် ဝါရီ ၁၃ ရက်နေ့ စကစ အစည်းအ‌ဝေးမိန့်ခွန်းတွေမှာ ပုံမှန် စိတ် အနေ အထား နဲ့ လူတစ်ယောက် မပြောမယ့် ကမ္ဘာ့အနေအထား မြန်မာ့ အနေ အထား နဲ့ ချင့်ချိန်ပြီး မပြောရမယ့် စကားလုံးပေါင်းများစွာကို တရစပ် ပြောနေသူ ဖြစ် လာ ပါတယ်။

သူ့ကို ရိပ်ဖမ်းသံဖမ်းမှန်းပြီးလိုက်ရေးရတဲ့ တပ်သတင်းစာ၊ နိုင်ငံပိုင် သတင်းစာ တွေဟာလည်း ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လို့ စွပ်မှန်းတောင် မသိ တော့ ဘဲ ဖက်ဆစ်လိုင်းတွေကို အတိအလင်း ပြောင်ပြောင်ကြီး‌ ရေးလာ ကြပါတယ်။

ပုံမှန်ထက်မြင့်မားနေတဲ့ လူတစ်ယောက်ရဲ့ ဘဝင်နဲ့ မောဟကြောင့်ပဲ အင်စတီ ကျူးရှင်း တစ်ခုလုံး ဒုက္ခကြုံနေကြရသလို မြန်မာ့အနာဂတ်ကလည်း မှုန်ဝါး လာပါတယ်။

လူတစ်ယောက်ကြောင့် တစ်ပြည်လုံးမှောက်ရတာ တန်သလား

====================================

ဒီလိုကိုယ်ရေကိုယ်သွေး အစွန်းရောက်ပြီး ချို့တဲ့နေတဲ့ ပြဿနာမျိုးတွေဟာ သာမန်လူတစ်ယောက်မှာ ရှိနေမယ်ဆိုရင်တော့ သူ့ပတ်ဝန်းကျင် ကွက်ကွက် လေးလောက်ပဲ ခံစားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတစ်ခုလုံးကို စီမံနိုင်တဲ့ အာဏာမျိုး သူ့လက်ထဲ ရောက် သွားရင် တော့ လူအများဟာ ကပ်ဘေးကိုကြုံရ တော့တာပါပဲ။

သူက မူလက သူ့မှာရှိတဲ့ personal narcissism ကို mass narcissism (သို့) collective narcissism ဖြစ်အောင်လုပ်ပါတယ်။ သူ့အငုံ့စိတ်၊ သူ့မလုံခြုံစိတ်၊ တစ်ဖက်မှာ ကြီးမြတ်လိုတဲ့ မတော်တရော်နည်းတွေနဲ့ အထွတ် အထိပ် ရောက် လို စိတ် လူထုကြီးကိုပါ ကူးစက်သွားစေအောင်လုပ်တာပါ။

သူတို့မှာ ရန်သူများနေတာကို နိုင်ငံက ရန်သူများနေသယောင် ပုံဖော်မယ်။ သူစိတ် မလုံခြုံတာကို နိုင်ငံက မလုံခြုံသယောင် တရားဟောပြီး သူ့ဘက် ပါလာ အောင် အကြောက်တရားနဲ့ လူစုပါတယ်။ ဗုဒ္ဓဘာသာ တိုက်ခိုက် ခံနေရပြီဆိုတာကို မင်းအောင်လှိုင်တွင်တွင် သုံးနေတာဟာ ဒီဖြစ်စဉ်ပါပဲ။

သူသာလျှင်နိုင်ငံကို ကယ်တင်နိုင်သူလို ပြောပြီးရင်တော့ လူထုကိုလည်း သူ့ဦးဆောင်မှုနောက်ကို လိုက်ဖို့ မူဆိုလီနီလို ပြောနေတယ်။ နိုင်ငံချောက် ထဲကျတာကိုကယ်ဖို့ပြောမယ်လို့ ပြောပြီး ဟစ်တလာလို ပိုနက်တဲ့ချောက်ထဲ ဆွဲချနေတယ်။ အခု သူလုပ်နေတာတွေ အကုန်လုံးကို သမိုင်းထဲက ဖက်ဆစ် ခေါင်း ဆောင် နာဆစ်စစ်တွေ လုပ်ခဲ့ကြပြီးပါပြီ။

ဟစ်တလာရဲ့ အဖေက ဟစ်တလာအပေါ်မှာ မျှော်လင့်ချက်ထားပါတယ်။ ဟစ်တလာကလည်း သူ့အဖေဖြစ်စေချင်သလို ကြီးပွားချင်ပါတယ်။ သြစတြီး ယား-ဟန်ဂေရီအင်ပါယာထဲက သူ့ဇာတိ လင့်ဇ်မြို့ကနေ ဗီယင်နာကို ကြီးပွား ရမယ်ဆိုပြီး တက်ခဲ့ပါတယ်။ ပန်းချီဆရာအဖြစ်အောင်မြင်ဖို့ အားခဲထားပေမယ့် သူ့ပုံဆွဲကျွမ်းကျင်မှုကို ကြည့်ပြီး ကျောင်းတွေက နှစ်ခါသုံးခါ ပယ်ချ လိုက် တဲ့အခါ စိတ်နာပါတယ်။

မအောင်မြင်ခဲ့သလောက် နာကြည်းမှုတွေ စုလာခဲ့ပြီးတဲ့နောက် အောင်မြင်တဲ့ အခွင့်အရေးကိုရလာတဲ့အခါ လူတွေရဲ့ အတွေးအခေါ်တွေကို manipulate လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ မူဆိုလီနီဟာလည်း ဒီလိုလူပဲဖြစ်ပါတယ်။

ကျောင်းဆရာဘဝမှာ မအောင်မြင်ပေမယ့် နာဆစ်စစ်တွေဟာ အခွင့် အရေး ရတာက ကိုယ့် ရည်မှန်းချက်ကိုရောက်ဖို့ သူတပါးကို အသုံးချတတ်ကြသူတွေ ဖြစ်တယ်။

သူတို့ကြီးကျယ်လာဖို့ အခွင့်အရေးကို ကံထမ်းလာမှ လှမ်းယူ လိုက်တာမ ဟုတ်ပါ။ လမ်းရှာပြီး အာဏာနဲ့ လုပ်ပိုင်ခွင့်ကို မလွတ်အောင်ဖမ်းပြီး သူတို့ဘဝ ကြီးကျယ်အောင် လုပ်ယူတတ်တဲ့စရိုက်တွေ ဖြစ်ပါတယ်။ ခက်တာက ခုနက ပြောခဲ့သလို လူတွေဟာ သူတို့ကို အစောပိုင်းမှာ ရိပ်မိဖို့ ခဲယဉ်းပါတယ်။

မူဆိုလီနီကို အကြမ်းမဖက် အဟိံသဝါဒကို အားပေးတဲ့ ဂန္ဒီဟာ နှစ်ခါလောက် သွားတွေ့ခဲ့ဖူးပါတယ်။ “one of the greatest statesmen of our time” ကျုပ်တို့ ကြုံရတဲ့ ခေတ်ကြီးမှာ ကြီးကျယ်တဲ့ နိုင်ငံ‌ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲဗျို့လို့ ဂန္ဓီက ပြောခဲ့ဖူးတဲ့အထိ လူကဲခတ်မှားအောင် လုပ်နိုင် သူတွေဖြစ်ပါတယ်။

မင်းအောင်လှိုင်အပေါ် ဒီလို ထင်ခဲ့ကြဖူးပြီး အခုမှ တက်တက်စင်လွဲပြီလို့ တဲ့သူတွေ မြန်မာပြည်ထဲမှာလည်း ရှိနိုင်ပါတယ်။ ပထမကမ္ဘာ စစ် လောက် တုန်းက ဗြိတိန်ကိုအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် လွိုက်ဂျော့ဟာလည်း ဟစ်တလာ ကို ၁၉၃၆ လောက်အထိ ဥပဓိရုပ်အစစ်အမှန်ကို မသိဘဲ ဂျာမနီပြည်ရဲ့ ဂျော့ဝါရှင်တန်ပဲလို့ ပြောခဲ့ဖူးပါတယ်။

မင်းအောင်လှိုင်ကတော့ အဲဒီလောက် အသိအမှတ်ပြုမှုကိုတောင် မရခဲ့ဖူးပါဘူး။ ဒီနေရာမှာ ပြောချင်တာက ဒီလူတွေကို အပေါ်ယံအစည်းအဝေးမှာမြင်ဖူးရုံနဲ့ သူတို့ အတ္တရူးပုံကို အကုန်မသိနိုင်ဘူးဆိုတာပါ။ ဒီလိုလူတွေရဲ့ အမြဲအား ထုတ် နေတတ်တာကတော့ လူတွေ သူတို့ကို အထင်ကြီးအောင်ပါ။

NPD တွေကို လူတွေဟာ ဘဝမှာ မိသားစုမှာ ပါလာရင် တစ်သက်လုံး တကျက် ကျက် ခံစားရလေ့ရှိပါတယ်။ သွေးသားမို့ ပစ်လိုက်လို့ မရတာမို့ သည်းခံ ကြရလေ့ရှိပါတယ်။ အလုပ်ခွင်ထဲမှာဆိုရင်တော့ အဆင်မပြေမှုတွေ တောက် လျှောက်ကြုံနိုင်သလိုဒီလိုလူတွေ နိုင်ငံဖျက်တဲ့နေရာ ကိုရောက် လာပြီဆို ရင်တော့ ဟစ်တလာတို့ မူဆိုလီနီတို့နမူနာကိုသာ ကြည့်ကြဖို့လိုပါတယ်။

စေ့စေ့တွေးကြည့်ရင် နာဆစ်စစ်တစ်ယောက် လောင်မြိုက်နေတဲ့ဇော လက် စားချေလိုဇောတွေနဲ့ အဆင်အခြင်မဲ့ နေ့စဉ်အဆုံးအဖြတ်တွေရဲ့ဒဏ်ကို အနီး ကပ်ခံစားရမှာကတော့ တပ်ထဲက အရာရှိတွေပါ။ သူ့အကြောက်တရားကို ကိုယ့် အကြောက် တရား ဖြစ်အောင်လုပ်တယ်။ သူ့လောဘကို တပ်လောဘ ဖြစ်အောင် ပြောင်းပစ်ခဲ့တယ်။

သူ့မောဟမှိုင်းနဲ့ တိုင်းပြည်ကို လောင်မြိုက်နေဆဲဖြစ်တယ်။ မိတ်ဆွေအချင်း ချင်းမှာ နာဆစ်စစ်ကို ကြာကြာ မပေါင်းတတ်ကြဘဲ စိတ်ဆင်းရဲစရာကောင်းလို့ အဝေးနေပဲနေချင်ရင်နေ ဒါမှမဟုတ် မိတ်ပျက်စွန့်ခွာကြဖို့ စိတ်ပိုင်းဆိုင်ရာ ကောင်ဆယ်လာတွေက အကြံပေးလေ့ရှိကြတယ်။

စစ်တပ်လို အင်စတီကျူးရှင်း တစ်ခုလုံးကတော့ နာဆစ်စစ်တစ်ယောက်ရဲ့ ဒဏ်ကို သည်းခံနေရတာက ဘယ်သူကယ်မယ်မှန်းမသိတဲ့ အဖြစ်ပါ။ khit thit

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း CDM ရဲတပ်ဖွဲ့ဝင်များ ထူထောင်ထားသည့် Myanmar Police CDM Channel က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတင်း ထုတ်ပြန်သည်။

နေပြည်တော်၌ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး အပြီးတွင် စစ်ကောင်စီ ရဲ့တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး နေပြည်တော် ထောက်လှမ်းရေး တပ်က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ရဲမှူးမြင့်အောင်သည် လူမှုကွန်ရက် စာမျက်နှာတွင် ဒေါက်တာဇော်ဝေစိုးအား ထောက်ခံကြောင်း မှတ်ချက်ပြုသည့် အရေးအသားများကို ရေးသားခဲ့၍ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်နိုင်သည် ဟုလည်း မှတ်ချက် ပြုကြသည်။

“အခုက ရဲက သပ်သပ်၊ တပ်က သပ်သပ်၊ အကုန်လုံး အဖွဲ့ကွဲနေကြတယ်။ တစ်ဖွဲ့ တစ်မျိုးနဲ့ အချင်းချင်းလည်း ချနေတာ။ ရဲမှူးက လွန်ခဲ့တဲ့ နှစ်လောက်က ထင်တယ်။ ဒေါက်တာဇော်ဝေစိုးရဲ့ ပိုစ့်အောက်မှာ လေးစားကြောင်း ရေးမိတာကနေ အဲ့ဒါကို ဟန်ငြိမ်းဦး တယ်လီဂရမ်ကနေ ဖမ်းသင့်တယ် ထင်တယ် ဆိုပြီး ရေးတာနဲ့ ချက်ချင်း ဖမ်းလိုက်တာလို့ ကြားတယ်။ ဟုတ်မဟုတ် လည်း လိုက်မမေးရဲဘူး။ အခုဆို ဖေ့ဘွတ်စ်ကအ စ အကောင့်အသစ် ဖွင့်ရတယ်။ ကျွန်တော်တို့ ဖေ့ဘွတ် အကောင့်တွေကို ဆိုရင်လည်း စာရင်း ပေးထားရတယ်။ ကျန်တာတော့ ဘာမှ မသိရသေးဘူး။ အဖမ်းခံရတာ မှန်တာပဲ သိတယ်” ဟု ဧရာဝတီတိုင်းရှိ အမည် မဖော်လိုသူ သတင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် Non CDM ရဲများအား ယုံကြည်မှု မရှိဘဲ မျက်ခြေမပြတ် စောင့်ကြည့် နေပြီး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) များက နယ်မြေသတင်းများနှင့် ဖမ်းဆီးရေး ဆောင်ရွက်ရာတွင် သတင်းချပြ ပေါင်းစပ်မှု မရှိဘဲ အရပ်သား သတင်းပေးများ မွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တပ်တွင်းသတင်းများ ပေါက်ကြားနေမှုကို ထိန်းချုပ်နိုင်ရန် လျှို့ဝှက် အဖွဲ့ငယ်များ ဖွဲ့စည်းကာ အချင်းချင်း စောင့်ကြည့်နေကြောင်း တပ်တွင်း ဖရဲသီးများ၏ သတင်း ပေးပို့ချက်များ အရ သိရသည်ဟု Myanmar Police CDM Channel ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

” အခုက အရင်က ရေးတာပဲ ဖြစ်ဖြစ်၊ အခုရေးတာပဲ ဖြစ်ဖြစ် ၊ ဖရဲသီးတွေကို အသည်းအသန် လိုက်နေတာ။ ပြီးတော့ အခုအချိန်က ရာထူး တိုးဖို့လည်း ရှိနေတယ်။ ရာထူးတိုးဖို့ တစ်ယောက်နဲ့ တစ်ယောက် ချောက်ချနေကြတာ။ ဌာနကောင်း နေရာကောင်းတွေ ရဖို့ ဒီအချိန်က အ ခွင့်အရေးပဲ ” ဟု စရဖ မှ CDM တပ်ကြပ် ဇော်လင်းဦးက ဆိုသည်။

အင်းစိန် CID သင်တန်းကျောင်းမှ ဒုတိယ ရဲမှူးကြီး ဇော်ဝင်းကိုနှင့် ယင်းမာပင်ခရိုင် ဒုတိယ ရဲမှူးကြီး အောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ စစ်ကြောရေးစခန်းများတွင် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ mizzima

စဉ့်ကိုင်မြို့နယ်တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာအနီး၊ ရန်ကုန် – မန္တလေးကားလမ်းဘေးရှိ Denko စက်သုံးဆီဆိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီဝန်းကျင်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆီဆိုင်အတွင်း အမည်မသိ လူအုပ်က ဆိုင်ကယ်ဆီဖြည့်တဲ့ပုံစံ ရောက်လာပြီး သေနတ်နဲ့ ပစ်တာ၊ လက်လုပ်မိုင်းပစ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။ 

“နည်းနည်းဝေးတော့ မနက်မှ သိရတာ။ Denko ဆီဆိုင်မှာ ဖြစ်သွားတာ။ မန်နေဂျာရုံးခန်းကို သေနတ်နဲ့ ပစ်သွားပြီး လက်လုပ်မိုင်းချပြေးသွားတယ်လို့တော့ သိရတယ်။ အထိအခိုက်မရှိတော့ သိပေးရုံလုပ်တာလား မသိဘူး” လို့ စဉ့်ကိုင်မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းမှာတော့ မြစ်ငယ် ထုံးဘိုဂိတ်မှာ စဉ့်ကိုင် ဘက်မှလာတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေပါတယ်။ DVB

ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်အပြီး မီးရှို့

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး လူနေအိမ်များကို မီးရှို့နေကြောင်း ဒေသခံက မဇ္စျိမကို ပြောသည်။

“ လတ်တလော အားဖြင့် သိရတာကတော့ လူတစ်ယောက် ကျည်မှန်ပြီး ဒဏ်ရာ ရထားတယ်။ အခြား အသေအပျောက် ဒဏ်ရာရ စာရင်း မသိနိုင်သေးဘူး။လူတွေ အကုန် ပြေးနေရပြီ ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် သပြေအေးရွာကို ရဟတ်ယာဉ် လေးစီး ဖြင့် ပျံဝဲခဲ့ပြီး နှစ်စီးက ပစ်ခတ်ခဲ့သည်။ ကျန် နှစ်စီးမှ စစ်သား အင်အား ၆၀ ခန့် ရွာ၌ ချသွားပြီး မီးတိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အိမ်ခြေ ၂၀၀ ကျော် ရှိသော သပြေအေး ကျေးရွာရှိ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်များ ယနေ့ နေ့လယ် ၂ နာရီတွင် မီးစတင် လောင် ကျွမ်းနေပြီး ရွာသားအားလုံး ထွက်ပြေး တိမ်းရှောင် သွားပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

အနီးနားရှိ ကျောက်ပြုတ် ၊ မိုးကောင်း ၊ အိုးဘို ရွာများမှ ဒေသခံများလည်း ထွက်ပြေးရလျက် ရှိသည်။ mizzima

ဘားအံမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသား ၂ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ တကောင်ဘိုးကျေးရွာအုပ်စု၊ နို့သရေးကျေးရွာအတွင်းကို ဖေ ဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်  နို့သရေးကျေးရွာသားတွေဖြစ်တဲ့ စောဖားလား အသက် ၅၀ နှစ်၊ ညာဘက် လက်ကောက်ဝတ်ကို ထိမှန်ခဲ့သလို စောပြည့်စုံ  အသက် ၁၄ နှစ်၊ ညာဖက်ချိုင်းအောက်ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

တကောင်ဘိုးကျေးရွာသားတစ်ဦးက” လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၂ ယောက် ကျည်စတွေထိတယ်။ အခု ဆေးကုခံနေရတယ်။ ကျနော်တို့ ရွာသားတွေက  မြေစာပြင် ဘဝပါဗျာ။ တိုက်ပွဲတွေဖြစ်ရင် အပြစ်မဲ့တဲ့ ကျနော်တို့ရွာသားတွေပါ သေနေရတယ်။ စစ်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။  အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်ပြီ”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၄ ည ၉ နာရီခွဲလောက်က သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ  ၉ တပ်စခန်း (ကြ ခတ်ချောင်း)ကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်မျက်နှာ ကြက်၊ အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

အဆိုပါနေ့မှာပဲ ပိန္နဲတောကျေးရွာမှာ အခြေချထားတဲ့ စကခ ၈ တပ်စခန်းက လက်နက်ကြီး ၄ ချက် ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ဒုံသမိချောင်း တစ်ဖက်ကမ်းမှာ ၃ လုံးကျရောက်ပေါက်ကွဲခဲ့သလို ပရစ်ခိုကျေးရွာအနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂ နာရီလောက်က တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကွမ်းပင်ကျေးရွာအုပ်စု၊ ကပီခီးကျေးရွာတွင်းကို နယ်ခြားစောင့်တပ် (BGF) အမှတ်-၁၀၁၃ တပ်ရင်းက ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရရှိခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေပါ ထိမှန်သေဆုံးခဲ့တယ်လို့ ကေအန်ယူက သ တင်းထုတ်ပြန်ပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို သတိထားနေထိုင်ကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားလာရင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ ကေအန်ယူက အသိပေး နှိုးဆော်ထားပါတယ်။ DVB

« Older Entries