ရုရှား ကျူးကျော်စစ်ပွဲကို မြန်မာစစ်ကောင်စီထောက်ခံ

မော်စကိုရဲ့ အထူးစစ်ဆင်းရေးအပါအဝင် ယူကရိန်းနိုင်ငံကို ရုရှားက ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို ထောက်ခံကြောင်းနဲ့ ရုရှားဟာ သူ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားမီဒီယာ Sputnik သတင်းဌာနကို ပြောပါတယ်။
ပထမအချက်က ယူကရိန်းနိုင်ငံနဲ့ အခြေအနေအရ ရုရှားဟာ သူ့ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထိန်းသိမ်းပြီး အားကောင်းအောင်လုပ်ဖို့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နေတာဖြစ်ကြောင်းနဲ့ ဒုတိယအနေနဲ့ ရုရှားနိုင်ငံဟာ ပါဝါကြီးတဲ့နိုင်ငံအနေနဲ့ ကမ္ဘာ့အင်အားတွေကို ဟန်ချက်ညီစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာ သေချာကြောင်း ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။
ရုရှားဟာ “ခေတ်သစ်ကိုလိုနီစနစ်”ကို အမြစ်ဖြုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပြီး အမေရိကန်ဟာ ရုရှားရဲ့ အချုပ်အခြာအာဏာကို ပျက်ပြားစေဖို့အတွက် ရုရှားနယ်စပ်ကို ချဉ်းကပ်လာနေကြောင်း ထောက်ပြလိုက်ပါသေးတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားအစိုးရနဲ့ ရုရှားပြည်သူတွေဟာ ကမ္ဘာ့နိုင်ငံရေးပြဿနာတွေကို ပိုမိုကျယ်ပြန့်တဲ့အမြင်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ကြပြီး ရုရှားဟာ အမျိုးသားအကျိုးစီးပွားနဲ့ စည်းလုံးညီညွတ်မှုကို ကာကွယ်နိုင်မှာဖြစ်ကြောင်းနဲ့ ကာလည်း ကာကွယ်ရမယ်လို့ မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ မြန်မာနိုင်ငံမှာ အတိုက်အခံအင်အားစုတွေကို အနောက်နိုင်ငံတွေက ဘယ်လိုငွေကြေးထောက်ပံ့ခဲ့ကြောင်း ပြန်ပြောင်းပြောပြီး လက်ရှိ ယူကရိန်းအကျပ်အတည်းဟာ ရုရှားကို လုံခြုံရေး အာမခံချက်ပေးဖို့ အမေရိကန်က လိုလားမှု မရှိခြင်းကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရုရှားနိုင်ငံဟာ ငြိမ်းချမ်းရေးအကြောင်းပြချက်နဲ့ အချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတာ ၄ ရက် ရှိသွားပြီဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံအများအပြားက ရုရှားရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့ပြီး ယူကရိန်းကို စစ်ရေးအကူ အညီတွေ ထောက်ပံ့ပေးနေကြပါတယ်။ DVB