အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ကျောင်းသား ၃ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်



အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မတရားဖမ်းဆီးထားသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗဟို အလုပ် အမှုဆောင် ကိုလေ ပြေစိုးမိုး၊ ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြင့်သိန်းနိုင်နှင့် ဗကသများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုဝေယံဖြိုးမိုးတို့ကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုးကို ကမာရွတ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ခြင်းဖြစ်ပြီး ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြင့်သိန်းနိုင် (ပထဝီဝင်-ပထမနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် အင်းစိန်ထောင်တွင်းတရားရုံး၌ အလုပ်နှင့် ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
ကိုမြင့်သိန်းနိုင်သည် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်းတွင် ရန်ကုန် ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် အတူ မတရားဖမ်းဆီးခံရသည့် ကိုစည်သူအောင်တင်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(ဃ) နှင့် ၅၀၅ – က တို့ဖြင့် ထောင် ၁၀နှစ်၊ မသဉ္ဇာဇော်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ထောင် ၁၀နှစ် နှင့် ဒီဇင်ဘာလ ၈ရက်နေ့၌ ၅၀၅ – က ဖြင့်ထောင် ၃နှစ် အဖြစ် အကြမ်းဖက်စစ်တပ်၏ တရားရုံးများမှ မတရားအမိန့်များ အသီးသီးချမှတ်ခဲ့ကာ ကျန်ရှိနေသာ ကျောင်းသား ကျောင်းသူ ၃ဦးဖြစ်သည့် မဝတ်ရည်အောင်၊ ကိုရဲလင်းဦးနှင့် ကိုနေထက်လင်းတို့၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် ဗကသများ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးကို ရန်ကုန် ကမာရွတ်မြို့နယ် တရားရုံး၌ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်လိုက်ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ် တရား ရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရကာ မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်ထားသေးကြောင်း သိရသည်။khit thit