ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉) မှ ရဲမှူးမြင့်အောင်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း CDM ရဲတပ်ဖွဲ့ဝင်များ ထူထောင်ထားသည့် Myanmar Police CDM Channel က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတင်း ထုတ်ပြန်သည်။

နေပြည်တော်၌ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး အပြီးတွင် စစ်ကောင်စီ ရဲ့တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး နေပြည်တော် ထောက်လှမ်းရေး တပ်က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ရဲမှူးမြင့်အောင်သည် လူမှုကွန်ရက် စာမျက်နှာတွင် ဒေါက်တာဇော်ဝေစိုးအား ထောက်ခံကြောင်း မှတ်ချက်ပြုသည့် အရေးအသားများကို ရေးသားခဲ့၍ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်နိုင်သည် ဟုလည်း မှတ်ချက် ပြုကြသည်။

“အခုက ရဲက သပ်သပ်၊ တပ်က သပ်သပ်၊ အကုန်လုံး အဖွဲ့ကွဲနေကြတယ်။ တစ်ဖွဲ့ တစ်မျိုးနဲ့ အချင်းချင်းလည်း ချနေတာ။ ရဲမှူးက လွန်ခဲ့တဲ့ နှစ်လောက်က ထင်တယ်။ ဒေါက်တာဇော်ဝေစိုးရဲ့ ပိုစ့်အောက်မှာ လေးစားကြောင်း ရေးမိတာကနေ အဲ့ဒါကို ဟန်ငြိမ်းဦး တယ်လီဂရမ်ကနေ ဖမ်းသင့်တယ် ထင်တယ် ဆိုပြီး ရေးတာနဲ့ ချက်ချင်း ဖမ်းလိုက်တာလို့ ကြားတယ်။ ဟုတ်မဟုတ် လည်း လိုက်မမေးရဲဘူး။ အခုဆို ဖေ့ဘွတ်စ်ကအ စ အကောင့်အသစ် ဖွင့်ရတယ်။ ကျွန်တော်တို့ ဖေ့ဘွတ် အကောင့်တွေကို ဆိုရင်လည်း စာရင်း ပေးထားရတယ်။ ကျန်တာတော့ ဘာမှ မသိရသေးဘူး။ အဖမ်းခံရတာ မှန်တာပဲ သိတယ်” ဟု ဧရာဝတီတိုင်းရှိ အမည် မဖော်လိုသူ သတင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် Non CDM ရဲများအား ယုံကြည်မှု မရှိဘဲ မျက်ခြေမပြတ် စောင့်ကြည့် နေပြီး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) များက နယ်မြေသတင်းများနှင့် ဖမ်းဆီးရေး ဆောင်ရွက်ရာတွင် သတင်းချပြ ပေါင်းစပ်မှု မရှိဘဲ အရပ်သား သတင်းပေးများ မွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တပ်တွင်းသတင်းများ ပေါက်ကြားနေမှုကို ထိန်းချုပ်နိုင်ရန် လျှို့ဝှက် အဖွဲ့ငယ်များ ဖွဲ့စည်းကာ အချင်းချင်း စောင့်ကြည့်နေကြောင်း တပ်တွင်း ဖရဲသီးများ၏ သတင်း ပေးပို့ချက်များ အရ သိရသည်ဟု Myanmar Police CDM Channel ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

” အခုက အရင်က ရေးတာပဲ ဖြစ်ဖြစ်၊ အခုရေးတာပဲ ဖြစ်ဖြစ် ၊ ဖရဲသီးတွေကို အသည်းအသန် လိုက်နေတာ။ ပြီးတော့ အခုအချိန်က ရာထူး တိုးဖို့လည်း ရှိနေတယ်။ ရာထူးတိုးဖို့ တစ်ယောက်နဲ့ တစ်ယောက် ချောက်ချနေကြတာ။ ဌာနကောင်း နေရာကောင်းတွေ ရဖို့ ဒီအချိန်က အ ခွင့်အရေးပဲ ” ဟု စရဖ မှ CDM တပ်ကြပ် ဇော်လင်းဦးက ဆိုသည်။

အင်းစိန် CID သင်တန်းကျောင်းမှ ဒုတိယ ရဲမှူးကြီး ဇော်ဝင်းကိုနှင့် ယင်းမာပင်ခရိုင် ဒုတိယ ရဲမှူးကြီး အောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ စစ်ကြောရေးစခန်းများတွင် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s