Monthly Archives: Mar 2022

ထား၀ယ်၌ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံး ပစ်ခတ် သတိပေး ခံရ

စစ်ကောင်စီက ကျင်းပနေသည့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် နေ့တွင် ထားဝယ်မြို့ရှိ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံး ကို သေ နတ် ပစ်ခတ် သတိပေး ခဲ့ကြောင်း Guerrilla Dawei အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့ အ.ထ.က (၂ ) ကျောင်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူး ရုံးတို့ကို ယနေ့ မတ်လ ၃၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ် တွင် သေနတ် ခုနှစ်ချက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းအဖွဲ့ တာဝန်ရှိသူက “တစ်နိုင်ငံလုံး နီးပါးက ကျောင်းသား လူငယ်တွေ အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်ပြီး ကျောင်းမ တက်ဖို့ သ ပိတ်မှောက် ဆန္ဒပြနေချိန်မှာ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ထမ်း တချို့နဲ့ စစ်ကောင်စီ လက်ပါးစေတို့က ကျင်းပနေတဲ့ စာ မေးပွဲ ရပ်တန့်ဖို့ သတိပေး ပစ်ခတ်တာ ဖြစ်တယ်”ဟု ပြော သည်။

ပစ်ခတ်ခံခဲ့ရသည့် ပညာရေးမှူးရုံး အနီး တစ်ဝိုက်တွင် စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တနင်္သာရီတိုင်း အတွင်း မြို့နယ်ရှိ ၁၀ ခု စာစစ်ဌာန ၂၈ ခု အတွက် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ လေးထောင်ကျော်ရှိကြောင်း သိရ သည်။mizzima

Khit Thit Media အပါအဝင် သတင်းဌာနများ၏ သတင်းများ မယုံကြရန် နေပြည်တော်စစ်ရုံးက တပ်ရင်းတပ်ဖွဲ့များထံ သတိပေးချက်ထုတ်ပြန်၊ ဩစ တြေးလျက CDM စစ်သားများကို ခိုလှုံခွင့်ဗီဇာပေးဆိုသည့် သတင်း မဟုတ်မှန်ဟု စစ်တပ်က လိမ်လည်ကြေညာ

Khit Thit Media အပါအဝင် Mizzima၊ DVB၊ သစ်ထူးလွင်စသည့်သတင်းဌာနများ၏ သတင်းအချို့သည် သတင်းတု သတင်းမှားများဟုလည်းကောင်း CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံသည့် ပြည်သူ့စစ်သားများကို ဩစတျေးလျနိုင်ငံမှ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသည့်သတင်းအပေါ် သတင်းအမှားဟုလည်းကောင်း နေပြည်တော်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးက တပ်ရင်းမှူး၊ တပ်မှူးများထံ အသိပေးထုတ်ပြန်ချက်ပေးပို့ပြီး အောက်ခြေတပ်သားများကို စည်းရုံးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

အဆိုပါ စာတွင် ခေတ်သစ်မီဒီယာအပါအဝင် မီဒီယာများကို ပြည်ဖျက်မီဒီယာများဟု ဖော်ပြထားပြီး သတင်းများသည် တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန် ထိုးနှက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မတ်လ ၁၅ ရက်နေ့ မန္တလေးအမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို လုပ်ကြံသတင်းအတုဟု ဖော်ပြထားသည်။

ယင်းအပြင် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည့် စစ်သားများကို ပြစ်ဒစ်ကျခံရမည့် အရာရှိများဟုလည်း ကောင်း၊ ဩစတျေးလျနိုင်ငံမှ CDM စစ်သားများကို နိုင်ငံရေးခိုလှုံခွင့်ပေးသည့်သတင်းများကို အတုဟုလည်းကောင်း၊ CDM စစ် သား များပြားလာစေရန် လှုံဆော်ခြင်းဟုလည်း ကောင်း ဆိုသည်။

အဆိုပါ CDM စစ်သားများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်လည်းကောင်း၊ ဆက်စပ်သူများကို ရာဇသတ်ကြီးဥပဒေ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်လည်းကောင်း အရေးယူဆောင်ရွက်နေကြောင်း၊ NUG နှင့် မီဒီယာများတွင်ဖော်ပြသည့် CDM စစ်သားများ၏ သတင်းများကို နားမယောင်စေရန် သတိပြုကြရန်ဟု ရေးသားထုတ်ပြန်ထားသည်။khit thit

နိုင်ငံ့ဝန်ထမ်းများ အသက် ၆၂ နှစ်ပြည့်မှ အ ငြိမ်းစားယူရမည်ဟု စစ်ကောင်စီပြင်ဆင်သတ်မှတ်

နိုင်ငံ့ဝန်ထမ်းတွေ  အငြိမ်းစားယူရမယ့်  အသက်ကို ၆၂ နှစ်လို့  ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းဖို့၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေဖို့ လုပ်ငန်းကျွမ်းကျင်တဲ့  လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ဖို့ အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆာင်ရဲ့ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည် ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေရဲ့ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမယ့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်တဲ့နေ့ဆိုပြီး ပြင်ဆင်သတ်မှတ်တာလို့ စစ်ကောင်စီ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

ဝန်ထမ်းတွေ ပင်စင်ယူရမယ့် အသက်ကို ၆၂ နှစ်လို့ စစ်ခေါင်းဆောင်က ညွှန်ကြားသတ်မှတ်ခဲ့ပေမဲ့ ကိုယ်တိုင်ကတော့ အသက် ၆၆ နှစ်ထဲဝင် နေပြီဖြစ်တဲ့တိုင် အာဏာကို လက်မလွှတ် ဆက်လက်စွဲကိုင်ထားပါတယ်။DVB

မန္တလေးတိုင်း ဝန်ကြီးချုပ်အမှု သက်သေထွက်မည့်သူ မလာလျှင် သက်သေအဖြစ်မှ ပယ် ဖျက်နိုင်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသည့် အဂတိမှု သုံးမှု အတွက် တရားလိုပြ သက်သေ ထွက်ဆိုရန် ရှိသော ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦး မလာရောက် ပါက သက်သေ အဖြစ်မှ ပယ်ဖျက်သွားရန် ရှိသည်ဟု အိုးဘို အကျဉ်းထောင်တွင်း သ တင်းရင်းမြစ်က မဇ္စျိမ ကို ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်ကို စွဲဆိုထားသည့် အဂတိ အမှုများအတွက် မနက်ဖြန် ဧပြီ ၁ ရက်နေ့တွင် ရုံးချိန်း ရှိနေပြီး အိုးဘို အကျဉ်းထောင်တွင်း အထူးသီးသန့် တရားရုံး၌ စစ်ဆေးမည် ဖြစ်သည်။

တရားရုံးက ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးကို တရားခွင် အတွင်း လာရောက် ထွက်ဆိုရန် အကြိမ်ကြိမ် ဆင့်ခေါ်ထားသာ်လည်း ပျက် ကွက်နေခြင်းဖြစ်သည်။

“ ဒေါက်တာ ဇော်မြင့်မောင် အမှုက မနက်ဖြန်မှာ စစ်ဆေးမယ်။ သူတို့ မလာလို့ ပယ်ပစ်ရင် ဒေါက်တာ ဇော်မြင့်မောင်က စွဲချက်အမိန့် တင်တဲ့ အဆင့် ရောက်သွားမယ်။ စွဲချက်အမိန့် တင်လိုက်ရင်တော့ နောက်တစ်ပတ် ရုံးချိန်းဆိုရင် တရားခံ ဘက်ကို စစ်မယ့် အခြေအနေမျိုး ဖြစ်သွားမယ်။ တရားလို သက်သေ ဘာ့ကြောင့် မလာလဲ ပြောတော့ သူတို့လည်း မပြောရဲဘူး။ အထက်ကို တင်ပြပြီးမှ အဆုံးအဖြတ် ရမှာတဲ့။ ဒါကြောင့် မနက်ဖြန် ဘာဆက်လုပ်မလဲ ဆိုတာကို တရားရုံးက ဆုံးဖြတ် ပါလိမ့်မယ်” ဟု သတင်း ရင်းမြစ်က ဆိုသည်။

မနက်ဖြန် စစ်ဆေးမည့် အဂတိအမှု သုံးမှုမှာ စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်က မန်းဝန်ကြီးချုပ် ထိုင်းနိုင်ငံတွင် သွားရောက် ဆေးကုသစဉ် ဒေါ်လာ ၁၅၀,၀၀၀ ကို သုံးကြိမ်ခွဲ၍ လှူဒါန်းခဲ့သည့် အမှု တစ်မှုနှင့် ဆေးကုသ အပြီး ပြန်လာစဉ် ဝန်ကြီးချုပ် လိုအပ်သည်များ သုံးစွဲရန် မြန်မာကျပ်ငွေ သိန်း ၆၅၀ ကို နှစ်ကြိမ် ခွဲ၍ လှူဒါန်းခဲ့သည်ဆို သော အမှုနှစ်မှု ဖြစ်သည်။

ယင်းအပေါ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သူ မောင်ဝိတ်က ဖေဖော်ဝါရီ လ ၁၈ ရက် စစ်ဆေးချက် တွင် မိမိဆန္ဒဖြင့် ဝန်ကြီးချုပ်အား လှူဒါန်းခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။

နောက်တစ်မှုမှာ ဖွံ့ဖြိုးသစ် ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးရဲမြင့် ဆိုသူက ၎င်း၏ တပည့်ဖြစ်သူ ကိုအောင်ဇော်ကိုမှ တစ်ဆင့် ဝန်ကြီး ချုပ်ကို ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို နှစ်ကြိမ် ခွဲ၍ ပေးအပ်ခဲ့သည် ဆိုသော အမှု တစ်မှု ဖြစ်သည်။

အသက် ၇၀ အရွယ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် အဂတိအမှု ငါးမှု၊ မဲမသမာမှုဖြင့် စွဲဆိုထားသော အမှု နှစ်မှု စုစု ပေါင်း အမှု ခုနစ်မှုဖြင့် တရားရင်ဆိုင် နေရသည်။mizzima

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သား ၁ ဦး ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆ နှစ်ခွဲချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇေလင်းဦးကို ထားဝယ်ခရိုင် တရားရုံးကနေ မတ် ၃၀ ရက်က နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်မံကျခံစေဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကနေ သိရပါတယ်။

ကိုဇေလင်းဦးဟာ ဇနီးဖြစ်သူ မနှင်းစုလှိုင်နဲ့အတူ ၂၀၂၁ ဧပြီလ အစောပိုင်းက ထားဝယ်မြို့၊ ကျန်းမာရေးလမ်းမှာ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၃၀၂၊ ၃၂၆၊ လက်နက်အက်ဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၁၉(င)၊ ၁၉(စ) စုစုပေါင်း ပုဒ်မခြောက်ခုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အဲဒီလို တရားစွဲဆိုခံရပြီးနောက် အရင်နှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉(င)၊ ၁၉(စ) တို့အတွက် ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး အခု မတ် ၃၀ ရက်နေ့မှာတော့ ပုဒ်မ ၃၀၂ အတွက် ၁၀ နှစ်နဲ့ ပုဒ်မ ၃၂၆ အတွက် ၅ နှစ် ထပ်မံချမှတ်ခံခဲ့ရတဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်နဲ့ ၆ လ ကျခံရမှာ ဖြစ်ပါတယ်။

ကိုဇေလင်းဦးဟာ အဖမ်းခံရပြီးနောက် စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး ဧပြီ ၉ ရက်နေ့က ထားဝယ်အကျဉ်းထောင် ကိုဗစ်ကွာရန်တင်းစင်တာကို ရောက်ရှိလာတဲ့အချိန်မှာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူတဦးက “သူက စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ကြောခံထားရတယ်။ ထောင်ကွာရန်တင်းကို ရောက်လာချိန်မှာ မျက်နှာဖူးရောင်ဒဏ်ရာတွေ ကျောတွေ၊ ခြေတွေ လက်တွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ အများကြီးရှိတယ်။ ထောင်ထဲမှာ ဝိုင်းပြီး ဆေးထည့်ပေး၊ ဆေးလိမ်းပေး လုပ်ကြရတယ်” လို့ ဆိုပါတယ်။

ကိုဇေလင်းဦးရဲ့ဇနီး မနှင်းစုလှိုင်ကိုတော့ ပုဒ်မ ၅၀၅(က)၊ ၁၉(စ)၊ ၁၉(င) တို့နဲ့ တရားစွဲဆိုခဲ့ပြီး မနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၃ ခုစလုံးအတွက် ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လ ကျခံစေဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့ပါတယ်။

ထားဝယ်အကျဉ်းထောင်အတွင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး အမြင့်ဆုံးထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံထားရတာ ရှိပါတယ်။DVB

မတူပီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးရာစစ်ကောင် စီတပ်သား ၁၆ ဦးသေဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ – မင်းတပ် လမ်းမပေါ်ရှိ ချန်ပြန်းရွာသစ်နှင့် ချန်ပြန်းရွာဟောင်းအကြား တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီတပ်မှ ၁၆ယောက်သေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi မှ ထုတ်ပြန်သည်။

ယနေ့ မတ်လ ၃၁ရက် နံနက် ၇နာရီ ၂၅မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၇နာရီ ၄၅မိနစ်တွင် စစ်ကောင်စီတပ်များ ဆုတ်ခွါသွားခဲ့ပြီနောက် ၉နာရီ ၁၀မိနစ်တွင် ဒုတိယအကြိမ် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနှင့် ၎င်းတို့ဖက်မှ အထိအခိုက် မရှိကြောင်းဆိုသည်။

ယမန်နေ့ မတ်လ ၃၀ရက်နေ့လယ် ၁နာရီခန့်တွင် ကျောက်ထုမှ မတူပီမြို့သို့ အင်အား ဖြည့်တင်းရန်လာသော ယာဉ်တန်းအားကြိုရန် မတူပီအခြေစိုက် ခ.လ.ရ (၃၀၄) မှ အင်အား ၈၀ဖြင့် ဆင်းလာစဉ် မတူပီ – မင်းတပ်လမ်း လည်မျိုချောင်းဆုံ တစ်နေရာ တွင် CDF -Matupi ထောင်ထားသော မိုင်းနင်းမိ၍ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးသတင်းရရှိချက်များအရ မတူပီအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဗျူဟာ တပ်ရင်းမှ ပြည်သူပိုင် ကျောက်သည်ကားများဖြင့် အင်အားအလုံးအရင်းဖြည့်တင်းနေကြောင်းဆိုသည်။mizzima

ဂန့်ဂေါမြို့ပေါ်တွင် စစ်ကောင်စီတပ်က နေအိမ်များကို ရှာဖွေပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ မတ် ၃၀ ရက်က စစ်ကောင်စီတပ်သားတွေဟာ ဒေသခံအိမ်တွေကို စစ်ဆေးရှာဖွေပြီး အမှတ် ၁ ရပ်ကွက်က ၁၉ နှစ်အရွယ် လူငယ်နှစ်ယောက်နဲ့ ၄ ရပ်ကွက်က အသက် ၄၀ အရွယ် အမျိုးသားတယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက “သူတို့က နေအိမ်တွေကို စစ်ဆေးရှာဖွေတယ်၊ ဘာမှ မသင်္ကာဖွယ်ရာ တစုံတရာ အကြောင်းအရာမရှိဘဲ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ PDF တွေကို ထောက်ပံ့‌တယ်ဆိုပြီး ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးခံ အမျိုးသား ၃ ဦးကို ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်အတွင်း ဖမ်း‌ဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး အခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရရှိသေးပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ဂန့်ဂေါမြို့‌ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးနေပြီး ဖုန်းတွေကို အဓိကထား စစ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်‌ကောင်စီတပ်သားတွေဟာ ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသ ခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။DVB

တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်ဖြေဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် စစ်ကောင်စီကပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၂၅၄ယောက်ရှိသည်ဟု ဒေသခံဆရာမ တစ်ဦးထံမှ သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၃၁ရက်နေ့က ကျင်းပခဲ့ရာ တီးတိန်မြို့စာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းသူစုစုပေါင်း ၂၈၃ယောက်အနက် ကျောင်းသား ၁၃၀ ယောက်က လာရောက်ဖြေဆိုကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသူကျောင်းသားများတွင် ကျောင်းဝတ်စုံ ဖြူစိမ်း ဝတ်ဆင်ထားခြင်းမရှိကြောင်း ၊ကျောင်းဝန်းအတွင်း စစ်သားများက ထောင့်လေးထောင့်မှာ လုံခြုံရေးအပြည့် ယူထားကြောင်း ဒေသခံဆရာမက ဆိုသည်။

“အ.ထ.က( ၁) ကျောင်းဝန်းအတွင်းကို စစ်တပ်က နေ့ရောညပါ လုံခြုံရေးအပြည့် ယူထားတယ်။ စာမေးပွဲလာဖြေတဲ့ သူတွေက ဖြူစိမ်းလည်း မဝတ်ဘူး” လို့ ဒေသခံဆရာမ ကပြောသည်။

အလားတူ တွန်းဇံမြို့ စာစစ်ဌာနတွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ စုစုပေါင်း ၁၂၉ အနက် ၁၂၄ ယောက်က စာမေးပွဲဖြေဆိုကြောင်း ၎င်းကဆက်ပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ် လေး ခုဖြစ်သည့် ဟားခါး၊ မင်းတပ်၊ ထန်တလန်၊ မတူပီ မြို့တို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူမရှိကြောင်း ပြည်နယ်ပညာရေး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။mizzima

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွား၊ နေအိမ် ၂ လုံးပြိုကျပျက်စီးပြီး ဒေသခံများ တိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်းကျေးရွာအနီးမှာ မတ် ၃၀ ရက် ည ၉ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတွေက လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူပေးပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် တောင်ကြာအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ ညတွင်းချင်း ဘေးလွတ်ရာ ထွက် ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့တဲ့အပြင် တောင်ပေါ်ကျောင်းစေတီကိုပါ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကြာအင်းကျေးရွာသားတဦးက “မြောက်ကြာအင်း တံတားဘက်မှာ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီတပ်တွေ နယ်ကျော်လာတော့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ဖြစ်တာ။ ညက ခလရ ၉၇ တပ်ကနေပြီး လက်နက်ကြီးပစ်တော့ ရွာထဲလူတွေ ညတွင်းချင်းထွက်ပြေးရတယ်။ အခုထိ ရွာထဲပြန်ဝင်မရဲသေးဘူး။ စကစနဲ့ BGFတွေ လှုပ်ရှားနေတယ်” လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်လို့ မရသေးတဲ့အပြင် စားသောက်ရေးအတွက် ကျေးရွာအတွင်းကို အမျိုးသားတွေက တိတ်တဆိတ်ပြန်ဝင်ယူပြီး ပြန်လည်တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် တောင်ကြာအင်းကျေးရွာ အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ နီးပါးနဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေပါ ကိုယ် လွတ်ရုန်းထွက်ပြေးခဲ့ရပါတယ်။

မတ် ၁၇ ရက်က တောင်ကြာအင်းကျေးရွာမှာ BGF တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံခဲ့ရသလို  ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရင်းရှေ့မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၇ တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခတ်တာတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။DVB

ရန်ကုန် ကြည့်မြင်တိုင်တွင် ဗုံးပေါက်ကွဲ၊ မြောက်ဒဂုံ Mytel အနီးဗုံးကွဲပြီး စစ်သားတချို့ ထိခိုက်ဒဏ်ရာရဟုဆို

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယနေ့ မတ်လ ၃၁ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးမှုများလုပ် ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ အရိုးကုဆေးရုံအပေါ်လမ်း CNG ဂတ်(စ်) ဆိုင်နားတွင် ဗုံးပေါက်ကွဲကြောင်း၊ထိခိုက်မှု မရှိသော်လည်း စစ်တပ်နှင့်ရဲက ကြည့်မြင်တိုင် နေရာအများအပြားကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“အခု ဗားကရာချောက်နားမှာ စစ်နေပြီ။ ဘာမှ တော့မဖြစ်ဘူး။ ဗုံးသံကတော့ အရမ်းကျယ်တယ်။ ဆင်မလိုက်နားမှာလည်း တစ်ဖွဲ့စစ်နေတယ်ပြောတယ်။ ခွေးတွေ အတော်တော့ လန့်သွားပုံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဗိုလ်မှူးဗထူးစျေးအနီး၊ Mytel တာဝါတိုင်ဘေးတွင် ဗုံးပေါက်ကွဲပြီး စစ်သား ၄ ဦးထိခိုက်ဒဏ်ရာရကြောင်း ကနဦး သတင်းများထွက်ပေါ်လျက်ရှိကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။khit thit

« Older Entries