Monthly Archives: Mar 2022

ရေနီမြို့ရှိ စစ်ကောင်စီတပ်ကို ငွေကြေး၊ ရိ က္ခာထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံထားရသည့် ကိုညွန့်မောင်ဆိုသူ၏ ကုန်စုံဆိုင်တွင် ဗုံးပေါက်ကွဲ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ကိုညွန့်မောင်၏ ကုန်စုံဆိုင်တွင် ယနေ့နံနက် ၆ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ရှေ့ခြမ်း ပျက်စီးသွားကြောင်း လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် ရှိသော ကုန်စုံဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင် ကိုညွန့်မောင်သည် ရေနီမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၅ လေ့ကျင့်ရေးတပ်ကို ရိက္ခာနှင့် ငွေကြေးထောက်ပံ့ပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ကနဦး မသိရှိရသေးပေ။khit thit

ဆွမ်ပရာဘွမ်- ပူတာအို ကားလမ်းပြန်ဖွင့်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်ဂိတ်ကို ယနေ့ မတ်လ ၄ ရက် မနက် ၈ နာရီခန့်က ပြန်ဖွင့် ပေးခဲ့၍ စက်သုံးဆီ ကားများနှင့် ကုန် ကားများ ပူတာအိုမြို့သို့ သွားနိုင်ပြီ ဖြစ်ကြောင်း ဒေသခံများထံက ကနဦး စုံစမ်း သိရှိရသည်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအို ကားလမ်းသည် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် ပူတာအို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့ စစ်ရေး တင်းမာနေသည့် အတွက် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ ယာယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းလမ်းပိုင်း ပိတ်ထားစဉ် ပူတာအိုခရိုင် အတွင်း စားသောက်ကုန် ပစ္စည်းများ အပါအဝင် စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ပြီး၊ ရှားပါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် KIA တာဝန်ရှိသူများက မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို လမ်းပိုင်း၌ မတ်လ ၂ ရက်နေ့ကစ၍ ဆီကားနှင့် ကုန်ကားများ ဖြတ်သန်းခွင့် ပြုခဲ့သည်။

သို့သော် မြစ်ကြီးနားမှ တက်လာသည့် ယာဉ်များကို ဆွမ်ပရာဘွမ်မြို့တွင် စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် မပေးသည့်အတွက် ယမန်နေ့အ ထိ စက်သုံးဆီယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၀၀ ဝန်းကျင်နှင့် လူ ၂၀၀ ဝန်းကျင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေရကြောင်း သိရသည်။

မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း အသုံးပြု သွားလာမည့် စက်သုံးဆီ၊ ကုန်တင်ယာဉ်များ မတ်လ ၂ ရက်နေ့မှစ၍ မနက် ၆ နာရီမှ ည နေ ၅ နာရီအတွင်း ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ mizzima

ပြည်မြို့သို့လာရောက်မည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်

ပဲခူးတိုင်း၊ ပြည်မြို့ကို  အခုရက်ပိုင်းအတွင်း လာရောက်ဖို့ရှိတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  မကြိုဆို ဆန့်ကျင်ကြောင်း စာတန်းတွေကို မြို့လယ် လမ်းဆုံတွေမှာ လူငယ်တွေစာလိုက်ကပ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ရတနာထီးဖြူဘုရားမှာ ယတြာချေဖို့အတွက် ပြည်မြို့ကို လာရောက်မှာလို့  PUGN Team တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“သူလာမယ့်ရက်တော့ အတိအကျ မသိရပါဘူး။ ဒါပေမဲ့ အခုရက်တွေမှာ လမ်းတွေ ဆေးသုတ်တာတွေ၊ လမ်းမအလယ်မှာ ကာထားတဲ့ စတီးအကာတွေကို အရောင်တင်တာတွေ လိုက်လုပ်နေတယ်။ နောက်လမ်းမကြီးတွေဘေးမှာ ဖွင့်တဲ့ ကွမ်းယာဆိုင်လေးတွေ၊ လေထိုးကျွတ်ဖာ ဆိုင်လေးတွေကိုလည်း လိုက်ပိတ်ခိုင်းနေတော့ အခုတရက်နှစ်ရက်အတွင်းတော့ လာမှာလို့ ခန့်မှန်းရတယ်။ တနေ့ကလည်း ရတနာထီးဖြူဘုရားမှာ အကြိုအနေနဲ့ စစ်ကောင်စီဘက်က အကောင်ကြီးတကောင် ကြိုပြီးလာတယ်။ အဲ့ဒီရက်က အဲ့ဒီနားကို ဘယ်သူမှ သွားလို့မရဘူး။ အစစ်အဆေးလည်း အရမ်းကြမ်းတာ။ အဲ့ဒီတော့ အဲ့ဒီဘုရားကို သူလာလိမ့်မယ်တော့ ထင်တယ်။ ယတြာချေဖို့ပဲ ထင်ပါတယ်။ အဲ့ဒါကြောင့် လာမယ့်သတင်းက သေချာနေလို့ စစ်အာဏာရှင်ကို ပြည်မြို့က မကြိုဆိုကြောင်း ဆန့်ကျင်လှုပ်ရှားမှု လုပ်ရတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒီနေ့ မတ်လ ၄ ရက်နေ့ကနေ နောက် ၄ ရက်အထိ မြို့တွင်းရှိ အမိုးအကာ‌တွေနဲ့ လမ်းဘေးဈေးဆိုင်တချို့ကို ဖျက် သိမ်းခိုင်းထားတယ်လို့လည်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဆီက သိရပါတယ်။

အရင်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာလည်း အရင်ကထက် လုံခြုံရေး တင်းကျပ်ထားပြီး ပြည်ကနေ အောင်လံဘက်ကို စစ်ကောင်စီကားတွေ၊ ရဲကား အလုံပိတ်တွေလည်း ခဏခဏ သွားနေတာတွေလည်း ရှိနေတာကြောင့် အောင်လံဘက်ကိုလည်း သွားမယ်ထင်တယ်လို့ PUGN Team က ဆိုပါတယ်။

အခုလှုပ်ရှားမှုကို ပြည်မြို့က PUGN Team နဲ့ Shadow (Pyay Defence) အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး “ပြည်သူတွေက လက် နက်မပါလည်း တိုက်ရဲတယ်။ မင်းတို့ သတ္တိရှိရင် လက်နက်မပါဘဲ လာခဲ့ကြ” စတဲ့စာသားတွေ ရေးထားတဲ့ ဘန်နာ၊ ဆိုင်းဘုတ်တွေကို လမ်းစုံလမ်းခွတွေမှာ ချိတ်ဆွဲခဲ့ကြပါတယ်။ DVB

လောင်းရှည်မှ ဆောမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ ကြသောင်းတောင် ကြောတွင် တိုက်ခိုက်ခံရပြီး အထိနာဟုဆို

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့သည် လောင်းရှည်ကျေးရွာတွင် ညအိပ်ပြီးနောက် မတ်လ ၃ ရက် မနက်တွင် ဆောမြို့ဘက်သို့ ထွက်ခွာလာစဉ် ကြသောင်းတောင်ကြောတွင် လောင်းရှည် PDF က မိုင်းများ၊ လက်နက်ကြီးများဖြင့် တိုက် ခိုက်ခဲ့ပြီး တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ အထိနာကြောင်း လောင်းရှည် PDF က သတင်းထုတ်ပြန်သည်။

လောင်းရှည်ကျေးရွာမှ ယမန်နေ့ နံနက် ၈ နာရီတွင် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို နံနက် ၉ နာရီခန့်တွင် တောင်ဘို့ကြီးရွာအလွန် ကြသောင်းတောင်ကြောတွင် လောင်းရှည် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။

ယင်းနောက် လောင်းရှည် PDF က လက်နက်ကြီးများဖြင့် ၁၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကားများ ထိခိုက်ပျက်စီးနိုင်ပြီး စစ်သားများ အော်ဟစ်ဆဲဆိုသံကို ကြားရကြောင်း လောင်းရှည် PDF က ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် ၈ နာရီခန့် ကြာမြင့်ပြီး လောင်းရှည် PDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်သားသေဆုံးဒဏ်ရာရမှု စာရင်းကို ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများအ‌နေဖြင့် ဆော-လောင်းရှည် လမ်းပိုင်းကို အသွားလာမပြုလုပ်ကြရန် လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။ khit thit

စက်သုံးဆီအရောင်းဆိုင် ပြန်ဖွင့်လာသည့် ပူတာအို

ဓာတ်ဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည့် ပူတာအိုမြို့မှာ စက်သုံးဆီများကို ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းကစတင်ကာ ပြန်လည်ရောင်းချပေးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ ကနဦးသိရပါသည်။

လောင်စာဆီဆိုင်ကြီးများက နှစ်ပတ်ကျော်ကြာအောင် ပိတ်ထားရာမှ ပူတာအိုမြို့ရှိ “တိုင်းကျော်” ဆီဆိုင်တစ်ဆိုင်ကသာ ယနေ့နံနက်က ပြန်ရောင်းချပေးပြီဖြစ်ပြီး၊ ဒေသခံပြည်သူများကလည်း ဆိုင်ကယ်များ၊ ဆီထဲ့ပုံးများဖြင့် ကြိတ်ကြိတ်တိုး ၀ယ်ယူနေကြသည်။

ပူတာအိုခရိုင်မှာ လူသုံးများသည့် ဓာတ်ဆီက ၀.၇ လီတာတစ်ပုလင်းကို အမြင့်ဆုံး ၈,၀၀၀ ကျပ်အထိ စျေးပေါက်ခဲ့ပြီး၊ ရှားပါးပြတ်လပ်မှုနှင့်ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

မတ်လ ၂ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့မှ ပူတာအိုဒေသသို့ စက်သုံးဆီများကိုလည်း ပြန် လည်တင်ပို့နေပြီဖြစ်ကြောင်း မြစ်ကြီးနားမှ စက်သုံးဆီကုန်သည်များထံကနေ သိရသည်။ mizzima

အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် ကနီတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းအတွင်း Mobile အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီးနောက် ကနီမြို့နယ်အ တွင်း မတ် ၄ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ စုန်းချောင်းရွာခံတချို့က ပြောပါတယ်။

“မနက်က အောင်ဇေယျစစ်မှု‌ထမ်းဟောင်းမြို့သစ်ကနေ စစ်တပ်က မုံရွာ-ကလေးဝလမ်းအတိုင်း ခြေလျင် စစ်ကြောင်းထိုးလာတာ။ အခု ကနီနယ်ထဲကနေ ပစ်ခတ်သံတွေ ကြားနေရတယ်၊ တိုက်ပွဲ စဖြစ်နေတာပေါ့” ဟု စုန်းချောင်းရွာသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မုံရွာတဖက်ကမ်းရှိ အောင်ဇေယျစစ်မှုထမ်းဟောင်း မြို့သစ်မှာ စစ်အင်အား ဖြည့်တင်းပြီးနောက် ဒီနေ့မနက် ၈ နာရီကျော်က စတင်ကာ မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီးနောက် ၁၀ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကလေးမြို့တို့က လွဲပြီး စစ်ကိုင်းတိုင်းထဲက ကျန် မြို့နယ်အားလုံးကို ဒီနေ့ကစတင်ပြီး Mobile အင်တာနက်ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က် စစ်ရေးအရှိန်မြှင့်လာနိုင်တာကြောင့် တခြားနည်းလမ်းတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှာဖွေထားကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆော်ဩထား ကြပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အငြိုးထား တိုက်ခိုက်တာတွေ နေ့စဉ်လိုလို ပြုလုပ်နေပြီး အခုလပိုင်းအတွင်း ပိုမိုပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲလာနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းပစ်ကူ သုံးတာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာပါ။ 

စစ်ကိုင်းတိုင်းထဲမှာတော့ ၁ နှစ်တာကာလအတွင်း အပြစ်မဲ့ပြည်သူ ၄၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ရွှေဘို၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ကနီ၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များအတွင်းမှ အိမ်ခြေ သောင်းဂဏန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ DVB

လူမှုကွန်ရက်တွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို ဝေဖန်သူ မှော်ဘီလေတပ်မှ ဗိုလ်မှူးထင်လင်းဖေ ရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးခံထားရ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများကို ရေကြည်အိုင်တွင် ခေါ်ယူစစ်ဆေးစဉ် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီကို လူမှုကွန်ရက်တွင် ဝေဖန်ပို့စ်တင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ၍ ဗိုလ်မှူးထင်လင်းဖေကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

မှော်ဘီလေတပ်စခန်းမှ ဖမ်းဆီးစစ်ဆေးခံရသော လေတပ်အရာရှိ၊ စစ်သား အများအပြား ပြန်လည် လွတ် မြောက် လာသော်လည်း ဗိုလ်မှူးထင်လင်းဖေမှာ ယနေ့အချိန်အထိ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးခံထားရကြောင်း ရေကြည်အိုင် စစ်ကြောရေးမှ တပ်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

” ဗိုလ်မှူး ထင်‌လင်းဖေက လက်ရှိစစ်တပ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကိုလဲသဘောမကျတဲ့အုပ်စုထဲမှာပါပြီးတော့ လေတပ်ဆွယ်မှူးနဲ့လဲ အဆင်မပြေတဲ့သူဖြစ်တယ်။ သူက ဦးပိုင်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ Facebook မှာ စစ်တပ်ကို တိုက်ခိုက်ထားတဲ့ စာတွေ တင်ခဲ့သူလည်းဖြစ်ပါတယ်။ သူက မှော်ဘီ လေတပ်စခန်းအုပ် (၁၇/ခ)ပထမတန်း အရာရှိပါ။ရေကြည်အိုင်မှာ စစ်ဆေးခံနေရတာဖြစ်ပါတယ်။အခြားသူများ ပြန်လည် လွတ်မြောက်လာခဲ့သောလည်း ဗိုလ်မှူး ကတော့ ဆက်လက်အစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။သူဟာ အမေတစ်ခု သားတစ်ခုဘဝ၊ လူပျိုကြီးပါ” ဟု ရေကြည်အိုင် စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ဆိုသည်။

မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး လူမှုကွန်ရက်တွင် NUG ပေ့ချ်ကို Like နှင့် Share သူ လေတပ် မိသားစု များ လည်း စစ်မေးခံရကြောင်း၊ လူမှုကွန်ရက် အကောင့်များနှင့် Password များကိုလည်း စစ်တပ်ကို ပေးထားရကြောင်း သိရှိရသည်။

မှော်ဘီလေတပ်စခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က Yak တိုက် လေယာဉ် ၂ စီးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟု လေတပ်သတင်းရင်းမြစ်က ပြော သည်။ khit thit

မော်လမြိုင်တွင် COVID-19 ကြောင့် သေဆုံးသူ ၃၀ ကျော်ရှိ

မော်လမြိုင်မြို့တွင် COVID-19 ရောဂါ ကူးစက်မှု စတုတ္ထလှိုင်း ပြန်စပြီးနောက် သေဆုံးသူ ၃၀ ကျော် အထိ ရှိနေကြောင်း Mawlamyine Rescue အရေးပေါ် လူမှု ကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်မှ မတ်လ ၃ ရက်နေ့ အထိ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၃၄ ဦးရှိကြောင်း Mawlamyine Rescue အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“မော်လမြိုင်မှာ တစ်လ အတွင်း COVID-19 ရောဂါပိုးကြောင့် နေ့စဉ် နီးပါး ဆိုသလို သေဆုံးသူရှိနေပါတယ်” ဟု ပြော သည်။

မော်လမြိုင်မြို့တွင် အခြား မြို့များ နည်းတူ နေ့စဉ်နီးပါး ကူးစက်မှု များပြားနေသည်ဟု ဆိုသည်။ mizzima

စစ်ကောင်စီက စစ်ကိုင်းတိုင်း ၃၃ မြို့နယ်ကို အင်တာနက်ဖြတ်တောက်

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၃ မြို့နယ်ကို မတ် ၃ ရက်နေ့ ည ၁၁ နာရီကစပြီး အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။

ယင်းမာပင် PDF တာဝန်ရှိသူတဦးက “မနေ့က ည ၁၁ နာရီကစပြီး စစ်ကိုင်းတိုင်းရှိ ၃၃ မြို့နယ် အင်တာနက် ဖြတ်တောက်သွားတယ်။ MPT နဲ့ အော်ရီဒူးက အင်တာနက် လုံးလုံးမရတော့ဘူး။ တယ်လီနောကတော့ 2G တချက်တချက်ပေါ်တယ်။ အခုက PDF တွေရှိတဲ့ နေရာကို စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ အင်တာနက်ဖြတ်လိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး အကြမ်းဖက်မှုတွေ ပိုလုပ်လာမှာ ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ သတိထားရမယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတဦး ပြောပါတယ်။

“စစ်ကိုင်းတိုင်းက မြို့နယ်အားလုံးနီးပါးက သတင်းစီးဆင်းမှုတွေ နှေးကွေးသွားလိမ့်မယ်။ အကြမ်းဖက်တာတွေကို အရှိန်မြှင့်လုပ်လာလိမ့်မယ်။ ကျနော်တို့ ပြည်သူ့တပ်ဖွဲ့တွေအပါအဝင် ပြည်သူတွေ သတိထားနေရမယ်။”

စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေးမြို့တို့ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ MPT၊ အော်ရီဒူးနဲ့ တယ်လီနော စတဲ့ ဆက်သွယ်ရေးမိုဘိုင်း အင်တာနက်လိုင်းအားလုံးကို စစ်ကောင်စီက ဖြတ်တောက်ခဲ့တာပါ။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် အခု အင်တာနက်တွေ ထပ်မံဖြတ်တောက်ပြီးပါက ပိုဆိုးလာဖို့ပဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

« Older Entries