Monthly Archives: Mar 2022

မော်လူးမြို့အနီး၌ စစ်ကောင်စီ ယာဉ်တန်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

ကချင်ပြည်နယ်သို့ စစ်ကြောင်း ထွက်လာသော ကား ၂၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို စစ်ကိုင်းတိုင်း မော်လူးမြို့ အနီး၌ ကချင် လွတ် မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးနိုင်ကြောင်း KIA သတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ ပြင်းထန် သောကြောင့် မန္တလေး- မြစ်ကြီးနား လမ်းပိုင်းရှိ ခရီးသည်များ နံနက် ၅ နာရီမှ နေ့လယ် ၁၂ နာရီ အထိ လမ်းတွင် ပိတ်မိနေခဲ့သည်။

‘’ မနက်ကနေ တိုက်ပွဲဖြစ်လို့ နဘား မှာ ရပ်စောင့်နေရတာ။ နေ့လယ် ၁၂ နာရီ လမ်းပြန်ဖွင့်လို့ ပြန်ထွက်လာတာ၊ အခု နန့်စီးအောင်ဂိတ် မှာ ပြန်ပိတ်မိနေတာ ၁ နာရီလောက် ပြန်ရှိပြီ။ စစ်ကားတွေလည်း အများကြီး ရပ်ထားတာ တွေ့တယ် “ ဟု ခရီးသွားပြည်သူ တစ်ဦးက ပြောသည်။

တိုက်ပွဲ ငြိမ်သက်သွားအပြီးတွင်မှု စစ်ကောင်စီ ယာဉ်တန်းသည် ကချင်ပြည်နယ်သို့ ဆက်လက် ချီတက်သွားကြောင်း သတင်းရရှိသည်။mizzima

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့်အတူ မြန်မာ့စီးပွားရေး ပိုမိုဆိုးရွားလာနိုင်

စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် မြန်မာ့စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာနိုင်သလို ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအ ခက်အခဲ အကြီးအကျယ် ထပ်မံရင်ဆိုင်ရဖို့ ရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက်  မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ လတ်တလော ရုရှား-ယူကရိန်း စစ်ပွဲကြောင့် တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

စက်သုံးဆီဈေးနှုန်း အခုလို စံချိန်တင် မြင့်တက်လာမှုဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားလာသလို လုပ်ငန်းလည်ပတ်နိုင်ဖို့တောင် မနည်းကြိုးပမ်းနေရတဲ့ ပြည်တွင်းက အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတချို့  ထပ်မံ ရပ်နားလာရပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် မြန်မာ့စီးပွားရေး အခြေအနေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စီးပွားရေး ပညာရှင် တစ်ဦးက ပြောပါတယ်။

“မြန်မာပြည်က နဂိုကတည်းက ကျပ်တည်းနေတဲ့ တိုင်းပြည်၊ စက်သုံးဆီတို့ ဘာတို့ကလည်း အကုန်လုံးကို ရှားပါးနေတဲ့ အချိန်၊ တဖြည်းဖြည်းနဲ့ ပိုပို ပိုပို ဆိုးဝါးလာတဲ့ မြန်မာကျပ်ငွေ နိမ့်ကျပြီးတော့ ဒေါ်လာဈေးတွေ တက်ပြီး၊ ပိုဆိုးလာတဲ့အခြေအနေမှာ အခုကမ္ဘာ့အခြေအနေကလည်း အလာအလားမကောင်းသေးဘူးဆိုတော့ မြန်မာပြည်ရဲ့ အခြေအနေဟာ ဒီထက် ပိုဆိုးလာဖို့ပဲ ရှိတယ်။”

စီးပွားရေးကျဆင်းလာတဲ့ အခြေအနေကို  နိုင်ငံရေးအရ မဖြေရှင်းနိုင်ရင် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ခုလိုအချိန်မှာ အာဏာပိုင်တွေကို မှီခိုပြီး စီးပွားရှာနေတဲ့ သူတွေအနေနဲ့ ကနဦးမှာ ထိခိုက်မှုနည်းပေမဲ့ နောက်ပိုင်း အားလုံးနည်းတူ ဆိုးဝါးတဲ့ အကျပ်အတည်း ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင် တစ်ဦးက “စီးပွားရေးဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်တယ်၊ အဲဒီတော့ နိုင်ငံရေးက အများလက်ခံနိုင်တဲ့ အဖြေတစ်ခု မြန်မာနိုင်ငံအတွက် မပေါ်လာဘူးဆိုရင်တော့ ဒီထက် ဆိုးဖို့ပဲ ရှိတယ်၊ အားလုံးအတွက် ဘက်ပေါင်းစုံ အကျပ်အတည်း ဖြစ်လာလိမ့်မယ်၊ ပထမပိုင်းမှာတော့ အာဏာပိုင်တဲ့သူတွေ၊ အဲဒီအာဏာပိုင်တွေကို မှီပြီး စီးပွားရှာတဲ့သူတွေဟာ လောလောဆယ်အားဖြင့် မထိခိုက်ပေမယ့် ရေရှည်ကျရင် သူတို့ပါ ထိခိုက်ပြီး ဘက်ပေါင်းစုံ အကျပ်အတည်း တွေ့လာလိမ့်မယ်”လို့  သုံးသပ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ထိ ၄ ဆနီးပါး ဈေးနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမို ကြီးမြင့်လာပြီး အခြေခံစားသောက်ကုန်တွေလည်း ဈေးနှုန်း ဆက် လက် မြင့်တက်နေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့  တိုင်းပြည်စီးပွားရေးကျပ်တည်းနေချိန်မှာ စီးပွားရေး ပြန်ကောင်းအောင်လုပ်ရမယ့်အစား  ဗိုလ်ရှုခံသဘင်ပွဲကို  ပြည်သူပိုင်ငွေ ကျပ်သိန်း ၉ သောင်းကျော် အလဟဿသုံးစွဲပစ်ခဲ့ပြီး နိုင်ငံတဝန်းလှည့်လည် ယတြာချေပွဲတွေ ပြုလုပ်နေပါတယ်။ DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူမြင်ကွင်းက ပျောက်ကွယ်နေ

အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကျောင်း ဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျက်ရှိသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။။

ဖေဖော်ဝါရီလ ၂၇ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပန္နက်တော်တင်အခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီအာဘော် ကြေးမုံ သတင်းစာတွင်ဖော်ပြခဲ့သည်။

အခမ်းအနားအပြီး နောက်တစ်ရက် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတစ်ခုကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အလားတူ မတ်လ ၁ရက်နေ့တွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်းပြီး ပြည်လည်သုံးသပ်သည့် အစည်းအဝေးပွဲကို ဒုတိယဥက္ကဌကသာ ဦးဆောင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို. အသက် ၆၅ နှစ်အရွယ် ခါးဝေဒနာခံစားနေရဟန်ရှိသော စစ်ကောင်စီဥက္ကဌက သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။ သို့သော် ဖေဖော်ဝါရီလကုန်ပိုင်းကနေ မတ်လ ၄ရက်နေ့အထိ နေပြည်တော်တွင် ထိပ်တန်းအစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီး အစည်းအဝေးတိုင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကသာ တက်ရောက်သည်ကိုတွေ့ရသည်။

လူမြင်ကွင်းမှမကွယ်ပျောက်မီ သီတင်းပတ်တစ်ပတ်အကျော်ကတည်းက စစ်ခေါင်းဆောင်သည် ခါးနာသက်သာစေသည့်ခါးပတ်ပတ်ထားပုံကို သတင်းများတွင်တွေ့ခဲ့ရ့သည်။

သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်း တစ်နှစ်ပြည့်မိန့်ခွန်း​ပြောခြင်း၊ မကွေးပြည်သူ့ဆေးရုံရှိ အသစ်ထပ်မံဆောက်လုပ်ထားသည့် အဆောင်များကို သွားရောက်ကြည့်ရှု့ခြင်း၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူကို ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူခြင်းနှင့် အနေကဇာတင်သည့် အခမ်းအနားတက်ရောက်ခြင်း၊ ကျိုင်းတုံတွင် ဘုရားဖူးခြင်း၊ စေတီတော်တည်ဆောက်မှုကို သွားရောက်ကြည့်ရှု့ခြင်းတို့ပြုလုပ်ခဲ့သေးကာ ယတြာချေခြင်းများလည်းလုပ်နေခဲ့သည်။

သို့သော် သူသည် ပြည်မြို့သို့ သွားရောက်ရန်ရှိကြောင်း သတင်းထွက်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ပြည်မြို့တွင် ပလက်ဖောင်းဆေးသုတ်ခြင်း၊ လမ်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ပြည်မြို့ခံအချို့ကပြောသည်။ mizzima

နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ၆၁၀၀၀ ကျော် ရောင်းချနိုင်ဟု NUG ပြော

လက်ရှိအချိန်ထိ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်စောင်ရေ ၆၁,၀၇၄ စောင် ရောင်းချ နိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။

“ဘွန်းဝယ်ယူကြသူတွေထဲမှာ USD သိန်းနဲ့ သန်းနဲ့ချီပြီး ဝယ်သူတွေပါဝင်သလို USD ၁၀၀ တန်ဘွန်းကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီး ဝယ်တဲ့သူတွေလည်းပါပါတယ်။ မိမိနိုင်တဲ့ ပမာဏအလိုက် ဘွန်းတန်ဖိုး အသီးသီးဝယ်ယူပြီး တော်လှန်ရေးအတွက် ပါဝင်အားဖြည့် ပေးကြသူ တစ် ဦးချင်းတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုထိခိုက်ကြရတဲ့ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုးကို ရွပ်ရွပ်ချွံချွံ တွန်းလှန် နေကြတဲ့ တော်လှန်ရေးအင် အားစုများကို ကူညီထောက်ပံ့ဖို့ မိမိတို့ရဲ့ ချွေးနည်းစာတွေကို ခက်ခဲမှုများကြားထဲကနေ တာဝန်သိစိတ်နဲ့ ဘွန်းဝယ်ယူပေးကြသူတွေဖြစ်သလို ကိုယ်ထူ ကိုယ်ထ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ မိမိတို့ တိုင်းပြည်ကို တတပ်တအား ပြန်လည် ထူထောင်နေကြသူတွေလည်း ဖြစ်ကြပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ဥပဒေနဲ့အညီ ထုတ်ဝေရောင်း ချနေတာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအ ကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ယခုအချိန်အထိ ရောင်းရငွေအားလုံးကို တော် လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ် ယူတဲ့သူတွေ မျှော်လင့်တိမ်းညွှတ်တဲ့ ရည်ရွယ်ရာဆီကို လက်ထဲပူအောင်မထားဘဲ စနစ်တကျပေးပို့ စီမံခန့်ခွဲလျက် ရှိပါတယ်။ ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက် ရှိနေပြီဆိုတာကိုလည်း သတင်းကောင်းပါးလိုပါတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့  လုံးဝ အလဟဿ မဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ လုံးဝ တာဝန်ယူ/တာဝန်ခံကြောင်းလည်း  NUG ဝန်ကြီးက ပြောပါတယ်။

မျိုးဆက်သစ်တွေအတွက် မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် အဓိကလိုအပ် ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေရရှိစေဖို့ ငွေတိုက်စာချုပ်များကို စွမ်းသမျှ ဝယ်ယူပေးကြဖို့လည်း တိုက်တွန်းပါတယ်။ DVB

ထီးချိုင့်မှာထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ တိုက် ခိုက်၊ စစ်သား ၂၅ ဦးထက်မနည်းသေဆုံး ကား ၁ စီး ပျက်စီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၂၉ စီးပါ စစ်ယာဉ်တန်းကို ယနေ့ မတ်လ ၅ ရက် နံနက် ၆ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

စစ်ကောင်စီယာဉ်တန်းကို KIA၊ အင်းတော် PDF၊ ပကဖ၊ Indaw Tiger Army က မိုင်းဆွဲပြီး မိနစ် ၃၀ ခန့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီး၊ စစ်သား ၂၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ စစ်သားအချို့ တောထဲဝင်ပြေးသွားကြောင်း အင်းတော်တော်လှန်ရေးအင်အားစု IR က သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မှ ကချင်ပြည်နယ်၊ မိုးညှင်းဘက်သို့ ထွက်ခွာသည့်ယာဉ်တန်းဖြစ်ပြီး စက်သေနတ်တင် ပွိုင့်ကား ၁ စီး၊ ဆီဘောက်ဆာ ၇ စီး၊ ကုန်ကား ၁၅ စီး၊ ကားသေး ၄ စီးနှင့် လာကြိုသည့် ကား ၂ စီး စုစုပေါင်း ၂၉ စီး ယာဉ်တန်းဖြင့်ပြီး ၃ စီးမှာ ပျက်စီးသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေး လာယူသည့်တပ်ဖွဲ့ကို KIA ပူးပေါင်းအဖွဲ့က နေရာ ၄ ခုတွင် ပစ်ခတ်တိုက် ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးကြောင်း IR က ရေးသားဖော်ပြသည်။ khit thit

မူးယစ်ရမ်းကား မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံရသူများကို ရဲတပ်သားသစ်အဖြစ်စုဆောင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ဥပဒေမဲ့လုပ်ရပ်တွေမှာ စစ်တပ်နဲ့အတူ ပါဝင်ကျူးလွန်နေတဲ့ ရဲတပ်ဖွဲ့ထဲကို လူငယ်လူရွယ်တွေ  ဝင်ရောက်မှုနည်းလာတာကြောင့် မူးယစ်ရမ်းကားနဲ့ မှောင်ရိပ်ခိုမှုကြောင့် ဖမ်းမိလာသူတွေကို ရဲတပ်သားသစ် အဖြစ်စုဆောင်းနေရတယ်လို့ ရဲအသိုက်အ ဝန်းကနေ သိရပါတယ်။

ရဲတပ်ဖွဲ့ထဲဝင်ရောက်သူနည်းလာတာကြောင့် သတ်မှတ်ပညာအရည်ချင်းထက်လျှော့ပြီး ၆ တန်းအောင်တွေကို ခေါ်ပေမယ့် ဝင်မယ့်သူမရှိတာကြောင့် ရတဲ့နည်းလမ်းအသုံးပြုကာ ရဲတပ်သားသစ်စုဆောင်းနေရတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ရဲထဲကို ဝင်မယ့်သူက မရှိသလောက် ရှားနေတာ အရင်ကတော့ ရတယ် ခုက ပညာအရည်ချင်းလျော့လည်း မရတော့ အဲ့လိုမျိုး ညပိုင်းမိလာတဲ့သူတွေကို ခြိမ်းခြောက်ပြီး လှည့်ခေါ်နေရတာ”လို့ ပြောပါတယ်။

မူးယစ်ရမ်းကား၊ မှောင်ရိပ်ခိုမှုတွေကြောင့် ဖမ်းမိလာတဲ့ လူငယ်တွေကို PDF တွေလိုစွပ်စွဲကာ အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ပြီး ရဲထဲဝင်မလားဆိုပြီး ရဲတပ်သားသစ် ခေါ်ယူနေတာလို့ ဆိုပါတယ်။

ရဲဥပဒေနဲ့ အရေးယူခံရရင် ထောင်ဒဏ် ၁ လကနေ ၃ လအထိသာကြာခံရမှာဖြစ်ပေမဲ့ ဖမ်းမိလာတဲ့ လူငယ်တွေကို ထောင်ဒဏ် ၁၀ နှစ်ကျ အောင်လုပ်ပစ်မယ် ရဲဘက်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်  စုဆောင်း နေတာလို့ သိရပါတယ်။ 

ရဲတပ်သားသစ်စုဆောင်းတဲ့ သတ်မှတ်ထားတဲ့လူဦးရေမပြည့်မီရင် သက်ဆိုင်ရာ နယ်ထိန်း၊ စခန်းမှူး၊ မြို့နယ်မှူးထိ အဆင့်ဆင့် အရေးယူခံရတာတွေရှိနေတာကြောင့် ခုလိုမျိုး ရတဲ့နည်းလမ်းနဲ့ တပ်သားသစ်စုဆောင်းတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။ DVB

ကျောက်တန်းမြို့နယ် လျှပ်စစ်ရုံးရှေ့တွင်ရှိသည့် ကင်းစခန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ရှိသည့် ကင်းစခန်းကို အဝေးထိန်းမ်ိုင်းဖြင့် ယနေ့မတ်လ ၅ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သုံးခွပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TYF) ထံမှ သိရသည်။

“ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန်မှာ ကျောက်တန်း (CRF) နဲ့ ကျွန်တော်တို့ (TYF) သုံးခွတို့ ပူးပေါင်းပြီး ကျောက်တန်း မီတာရုံးရှေ့မှာ အထိုင်ချထားတဲ့ ကင်းစခန်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ကင်းစခန်းမှာ စစ်သား နှစ်ယောက်၊ သုံးယောက် အမြဲတမ်းရှိတယ်။ လက်ရှိသိထားရသလောက်တော့ နေရာမှာပဲ တစ်ယောက်သေတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု TYF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို ချေဂွေဗားရားပြောက်ကျားတပ်ဖွဲ့၊ ကျောက်တန်း (CRF) နှင့် သုံးခွပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TYF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လျှပ်စစ်ရုံးရှေ့ကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး နေရာတွင်ပင် သေဆုံးကြောင်း သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

“မီတာရုံးက ကျောက်ကုန်းလမ်းနဲ့ ရွှေညောင်ပင်လမ်းထောင့် အထက( ၁ )ရှေ့မီးသတ်စခန်းရှေ့မှာ ရှိတာပါ။ အခုဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကင်းစခန်းက ပြီးခဲ့တဲ့ လပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်ပြီးမှ ရှိလာတာ။ မနက်က မီတာရုံးရှေ့ ဗုံးတွေ့လို့ဆိုပြီး လမ်းပိတ်ထားတယ်ဆိုတာကို စသိရတယ်။ အဲ့ဒီ့နောက်တော့ ပေါက်ကွဲသံကြားရတာပါပဲ။ ထိသွားတာတော့ သေချာတယ်။ အခုတော့ မြို့နယ်ထဲ ကင်းတွေ ပတ်နေကြတယ်” ဟု ကျောက်တန်းဒေသခံတစ်ဦးက ပြောသည်။

ကျောက်တန်းမြို့နယ် လျှပ်စစ်ရုံးရှိဝန်ထမ်းများသည် မြို့နယ်နေပြည်သူများအပေါ် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိနေပြီး မီတာခများကို ကျေးရွာများအထိ လိုက်လံခြိမ်းခြောက်ကောက်ခံမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တန်းမြို့ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချေဂွေဗားရားပြောက်ကျားတပ်ဖွဲ့ (CRF) အနေဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီဒေါက်တိုင်များကို သတိပေးနေမည်မဟုတ်ဘဲ ပြတ်ပြတ်သားသားသုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများကလည်း တတ်နိုင်သည့်ဘက်မှ တော်လှန်ကြရန် တောင်းဆိုထားသည်။ mizzima

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ဝတ်စုံ လေလံ တင်ရောင်းချပွဲ ကိုရီးယားတွင် ကျင်းပမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စုံ လေလံတင်ရောင်းချပွဲနဲ့  KTJ SUPPORTING GROUPရဲ့ တတိယအကြိမ် ကံစမ်းမဲအစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို မတ် ၆ ရက် မနက်ဖန် တနင်္ဂနွေနေ့ ကိုရီးယားစံတော်ချိန် မနက် ၁၁ နာရီ အွန်လိုင်းကနေ ကျင်းပဖို့ ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ပြည်ပရောက် နွေဦးတော်လှန်ရေးအဖွဲ့တွေက  ပူးပေါင်းကျင်းပတာဖြစ်ပြီး လေလံတင်မယ့် အင်္ကျီဟာ နဝတ၊ နအဖ စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျနေစဉ်ကာလမှာ လက်မောင်းအဆက်ကြားအရောင်ကွပ် ဒီဇိုင်းထွင်ခဲ့ပြီး အတူနေသူ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက ချုပ်ပေးခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။

စက်ကြီးပန်းထိုးတွေ၊ အနားကွပ်တဲ့ အရောင်သွေးတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်တွဲစပ် ပေးထားတာဖြစ်ပါတယ်။ အထူးသဖြင့် ထမီရဲ့အထက်ဆင့်တွေကို အနက်ရောင် မသုံးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်လည်း ဖြစ်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့ချိန်တုန်းက စက်ချုပ် သင်ယူတတ်မြောက်ခဲ့ပြီး သူကိုယ်တိုင် စိတ်ကူးနဲ့ ဒီဇိုင်းလေးတွေ ဖန်တီးရတာ ပျော်ရွှင်ကျေနပ်တတ်သူ ဖြစ်ပါသည်။

အဆိုပါ အင်္ကျီကို လက်ဆောင်အဖြစ် ရရှိခဲ့သူတဦးက အများအကျိုးရှိစေမယ့် နေရာမှာ အသုံးပြုစေလိုတဲ့ရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံအရေးလှုပ်ရှားဆောင်ရွက်မှုတွေကို အားပေးလိုစိတ်၊ ပူး ပေါင်းပါဝင်လိုစိတ်နဲ့ NUG  ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အလှူရှင်ဟာ အင်္ကျီလေလံတင်ရောင်းချရတဲ့ငွေတွေအနက် အနည်းဆုံး တဝက်တိတိကို ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး အပြင်မထွက်နိုင်၊ အလုပ်လည်းမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေဆီကို လှူပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။

လေလံပွဲကို အောက်ပါ  Page တွေနဲ့  Channels တွေမှာ  ကြည့်ရှုနိုင်မှာဖြစ်သလို   ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ NUG ရုံးပေချ့်မှာလည်း ကြည့်ရှုနိုင်ပါတယ်။ DVB

အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး ဆွေးနွေးထားခြင်းမရှိဟု AAက တ ရား ဝင် ထုတ်ပြော၊ နိုင်ငံရေးအပေးအယူဆွေး နွေးမှု တရားဝင် အစိုးရနှင့်မှသာအဆင်ပြေမည်ဟု ခိုင်သုခ ပြောဆို

ရက္ခိုင့်တပ်တော် AA အနေဖြင့် လက်ရှိအာဏာသိမ်းအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးထားခြင်းမရှိသလို နိုင်ငံရေးဆွေးနွေးရန်လည်းမရှိဟု မတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလမ်းကြောင်းအခြေအနေအား မေးမြန်းရာတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးဆွေးနွေးရာတွင် ပြည်သူများအားအခြေခံဥပဒေနှင့်အညီအုပ်ချုပ်သည့် တရားဝင်အစိုးရနှင့်သာ နိုင်ငံရေးဆွေးနွေးမည်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“နိုင်ငံရေးဆွေးနွေးတာက ကိုယ်လိုချင်တဲ့အခင်းအကျင်းမဟုတ်ရင်အဆင်မပြေဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲတာပေါ့။ နိုင်ငံရေးအပေးအယူကိုဆွေးနွေးတာက တရားဝင်အစိုးရနဲ့ဆွေးနွေးမှပဲအဆင်ပြေမယ်။ ကျနော်တို့သတ်မှတ်တဲ့ တရားဝင်အစိုးရဆိုတာက ပြည်သူတွေကလိုလားပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့သူကိုသာသတ်မှတ်တယ်။ ဒီတော့ ကျနော်တို့အနေနဲ့ လက်ရှိအာဏာသိမ်းအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့မရှိပါဘူး” ဟုပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့မှာ တရားဝင်အပစ်ခတ်ရပ်စဲထားခြင်းမရှိသလို မည်သည့်စာချုပ်မှလည်း ချုပ်ဆိုထားခြင်းမရှိဟု ခိုင်သုခက ဆက်ပြောသည်။

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြားတွင် ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်းတွင် နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲများရပ်တန့်ခဲ့ကြသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက မောင်တောနယ်ဖက်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတို့ ရှိခဲ့သော် လည်း လက်ရှိတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိတော့ဘဲ တည်ငြိမ်လျှက်ရှိသည်။ khit thit

« Older Entries