Monthly Archives: Mar 2022

မြစ်ငယ်မြို့ မီးရထားစက်ရုံ CDM ဝန်ထမ်းလိုင်းခန်းများ စစ်ကောင်စီတပ် စစ်ဆေး သော့ပိတ်၊ ကျုးကျော်များ ဖျက်သိမ်းခိုင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် ယမန်နေ့ မတ်လ ၅ ရက်က မီးရထားစက်ရုံ CDM ဝန်ထမ်းလိုင်းခန်းများအား စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ကာ သော့ပိတ်ခဲ့ပြီး အနီးရှိ ကျူးကျော်များကိုလည်း ရက်ပိုင်းအတွင်း ဖျက်သိမ်းခိုင်းကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်သားများက မြို့သို့ မတ်လ ၄ ရက်က စတင် ဝင်ရောက်လာပြီးနောက် အင်အားအများအပြားဖြင့် ထို့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဝန်ထမ်းအိမ်လေးတွေက ခြောက်ခန်းတွဲလျက် တစ်ယောက်တစ်ခန်းနေရပါတယ်။ ရာထူးကြီးသူတွေက အိမ်တစ်လုံးသီးသန့်ပါ။ အခုက Non CDMရော၊ CDM သမားရောက အများစု ဖယ်ကြတော့ ရောချခံရမှာစိုးပြီး ခြောက်ခန်းလုံး မနေကြဘဲ ပြေးနေကြတာပါ။ ဒီအိမ်၊ ဒီလိုင်းခန်း လူနေ မနေ အတည်ပြုဖို့ စစ်ပါတယ်။ စစ်သားအင်အား သုံးဆယ်လောက်နဲ့ပါ။ နေနေတယ်ဆိုရင် ထားပြီး မနေတဲ့အိမ်ကိုသူတို့ သင်္ကေတဆေးခြယ်ပြီး သူတို့ယူလာတဲ့ သော့နဲ့ခတ်ပြီး ပိတ်ပါတယ်” ဟု ဒေသခံက ပြောသည်။

မြေနေရာအလွတ်များသည့် မြစ်ငယ်မြို့တွင် မီးရထားလိုင်းခန်း ဘေးကပ်လျက်ရှိ မြေနေရာများနှင့် လမ်းမဘေး နေရာများတွင် ဈေးဆိုင်နှင့် အိမ်များ ဖွင့်လှစ်ကာ ကျူးအဖြစ် နေထိုင်ကြသူများကိုလည်း ငါးရက်အတွင်း အိမ်များဖျက်သိမ်းကာ နေရာက ဖယ်ပေးရန် စာများ လိုက်ဝေနေသည်ဟုလည်း ၎င်းကဆိုသည်။

မြစ်ငယ်မြို့သည် မီးရထားဝန်ထမ်းမြို့တော်ဖြစ်ပြီး ရပ်ကွက် ၁၃ ခုရှိကာ ယမန်နေ့က မီးရထားစက်ရုံဝင်း၏ အနောက်ဘက်ခြမ်းနှင့် ဈေးအနီး ရပ်ကွက်များဖြစ်သော ပိတောက်၊ သော်က၊ ဒေါန၊ နှင်းဆီ၊ သဇင်၊ အောင်သပြေ၊ အောင်ချမ်းသာ၊အောင်မင်္ဂလာ ရပ်ကွက်များသို့ စစ်ကောင်စီတပ်သားများက ဝင်ရောက် အကြောင်းကြားစာပေးသည့် အနေအထားသာဖြစ်သော်လည်း အချို့မှာ တစ်နိုင်စာအဝတ်အစားများသာယူကာ ကျန်ပစ္စည်းများ မသယ်ဆောင်ဘဲ မိသားစုလိုက်ထွက်ပြေးကြကြောင်းလည်း သိရသည်။

မြစ်ငယ်မြို့နေ ပြည်သူအများစုမှာ မီးရထားစက်ရုံကို အမှီပြုကာ အသက်မွေးဝမ်းကြောင်းပြုလုပ်ကြပြီး ဝန်ထမ်းပေါင်းလည်း ၃၇၀၀ ကျော်ရှိကာ လက်ရှိတွင်တော့ Non-CDM ဝန်ထမ်းမှာ ၅၀၀ ကျော် အထိရှိလာပြီဖြစ်ကြောင်း မြစ်ငယ်မြို့ရှိ မီးရထား ဝန်ထမ်းတစ်ဦးထံက သိရသည်။ mizzima

ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်တပ်က ၂၀ ကျော်သေဆုံးပြီး ရွာတရွာ မီးရှို့ခံရ

မကွေးတိုင်း ပေါက်မြို့နယ်မှာ မတ်လ ၅ ရက်နေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးကာ ကျေးရွာတရွာကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ၊ရဲတွေနဲ့ ပျူစောထီးတွေဟာ မနေ့ မနက်ပိုင်းက ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကနေ အင်းငယ်ထောင့် ရွာလက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဘို့မယ်ရွာဘက်ကို ထိုးစစ်ဆင်လာလို့ ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေ ပူးပေါင်း တိုက် ခိုက်ခဲ့တာလို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ နဂါးလေးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲကို SPGF၊ SPPDF၊ CAF နဲ့ PPCC မဟာမိတ်တပ်ဖွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ မနက်ပိုင်းကနေ ညနေ ၃ နာရီလောက် အထိ တနေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ကာ မဟာမိတ်အဖွဲ့က ရဲဘော် ၂ ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ၊ ရဲတွေ နဲ့ ပျူစောထီးတွေက အင်းငယ်ထောင့်ရွာက ကလေးငယ်တွေ အပါဝင် ပြည်သူ ၂၉ ယောက်ကို ဖမ်းဆီးပြီး လူ သားဒိုင်းပြုလုပ်ကာ ထိုးစစ်ဆင်လာတာကြောင့် သတိထားတိုက်ခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ အထိနာခဲ့တဲ့ စစ်အုပ်စုတွေဟာ ပြည်သူနေအိမ်တွေကို မွှေနှောက်ကာ ငွေကြေးနဲ့ တန်ဖိုးရှိ ပစ္စည်တွေးကို ယူဆောင်ပြီး ည နေ ၆ နာရီလောက်မှာ အင်ငယ်ထောင့်ရွာကို မီးရှို့ ဖျက်ဆီးသွားကြတာဖြစ်ပြီး ဘယ်နှအိမ်မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ် ၂ ရက်နေ့ညပိုင်းနဲ့ ၃ ရက်နေ့မနက်ပိုင်းတွေမှာ ပေါက်မြို့နယ်တောင်ပိုင်းက လယ်ယာရွာနဲ့ လက်ပံလှ ကျေးရွားတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

အကြမ်းဖက်စစ်ကောင်စီဘက်မှ ပါဝင်တိုက် ခိုက်နေသည့် KNG တပ်ဖွဲ့ကို အရေးယူမည်ဟု KNDF ထုတ်ပြန်

ကရင်နီပြည်နယ်ကို အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ ၁ (ကယန်းအမျိုးသားကာကွယ်ရေးတပ် KNG) က လမ်းပြအဖြစ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းကြောင့် KNG နှင့် ပျူစောထီးများကို ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

Kayan National Guard – KNG သည် ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် စတင်သော အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ် စစ်ဆင်ရေးများတွင် နယ်မြေအနေအထား၊ ဒေသတွင်းအခြေအနေနှင့် စစ်ဆင်ရေးလမ်းကြောင်းများကို ဦးဆောင်လမ်းပြမှုပြုနေကြောင်း KNDF က ဆိုသည်။

KNG အဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့်အဖွဲ့ဖြစ်ပြီး မိုးဗြဲမြို့ တနေရာတွင် ကယားအထူးဒေသ ၁ အဖြစ် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည်။

အလားတူ KNG ၏ ဦးဆောင်မှုဖြင့် အကြမ်းဖက်စစ်ကောင်စီက ပျူစောထီးများကို လက်နက်တပ်ဆင်ပေးပြီး အပြစ်မဲ့ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသဖြင့် စစ်ဆင်ရေး လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ကယန်းလူမျိုးများနှင့် ပြည်သူများ ဒုက္ခရောက်နေကြရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)နှင့် ၄င်းတို့၏ အပေါင်းအ ပါ ပျူစောထီးအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများအားလုံးကို ထိရောက်စွာ ဒဏ်ခတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNDF က ထုတ်ပြန်ကြေညာသည်။ khit thit

ပူတာအိုမှာ ၂ ရက်ခြားတစ်ကြိမ် လျှပ်စစ်မီးရ

ပူတာအိုခရိုင်ဒေသက မြို့ပေါ်ရပ်ကွက်အချို့မှာ လျှပ်စစ်မီးကို နှစ်ရက်ခြား တစ်ကြိမ်သာ မီးပေးနိုင်တော့ကြောင်း ပူတာအိုခရိုင်လျှပ်စစ်ရုံးဌာနအရာရှိတစ်ဦးအပြောအရသိရသည်။

ပူတာအိုဒေသမှာ လျှပ်စစ်မီးအဓိကရယူနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံမှာ ပင်မစီးဝင်နေသည့် ချောင်းရေများက လက်ရှိအချိန် ခမ်းခြောက်စပြုလာသည့်အတွက် လျှပ်စစ်စက်ရုံ လည်ပတ်မှုအားနည်းလာသောကြောင့် ပူတာအိုမြို့ပေါ်ရပ်ကွက်များအပါအဝင် မချမ်းဘော့မြို့ပေါ် ရပ်ကွက်များကို မတ်လ ၃ ရက်နေ့ကစတင်၍ ရက်ခြားပေးရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် လျှပ်စစ်ရုံးမှ တာဝန်ရှိသူကပြောသည်။

ပူတာအိုမှာ ယခင်ကလည်း မနက် ၉ နာရီမှ ညနေ ၅နာရီထိတစ်ကြိမ်၊ ည ၈နာရီခွဲအချိန်မှ နောက်ရက်မနက် ၅နာရီထိ လျှပ်စစ်မီးလာတစ်ခါ ပြတ်တစ်လှည့်ရသည်။

အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပူတာအိုဒေသသို့သွားရောက်ကာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး၊ အဆိုပါ လျှပ်စစ်စက်ရုံက ပူတာအိုမြို့နှင့် ခုနှစ်မိုင်ခန့်အကွာမှာတည်ဆောက်ထားဖြစ်ကာ ပူတာအိုခရိုင်အတွင်းက ကျေးရွာ ၂၅ရွာမှ အိမ်ထောင်စု ၆၀၀၀ နီးပါးကို လျှပ်စစ်မီးပေးနေခဲ့သည်။mizzima

ဖလမ်းနှင့်ကလေးမြို့နယ်တို့၌ ၁ လအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ ဖေဖော်ဝါရီ တစ်လအတွင်း CNDF နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၁ ယောက်သေဆုံးကာ ၅၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNO/CNDF က ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CNDF အပါဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိကာ CNDF ဘက်က ရဲဘော်တစ်ယောက်ကျဆုံးခဲ့တယ်လို့ CNDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဖလမ်းမြို့နယ် ပါရ်သဲရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နှစ်ဖက်တပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက်သေဆုံးကာ ၇ ယောက်လောက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နဲ့ ၂၅ ရက်နေ့တွေကလည်း ဖလမ်း-ကလေး ကားလမ်းဘေးက ထင်းရှူးစခန်းရွာမှာနားမှာလည်း CNDF ကထောင်ထားတဲ့ ပဒေသမိုင်းကို နင်းမိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁၃ ယောက်သေဆုံးကာ ၂၁ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ လုံးရန်ရပ်ကွက်နဲ့တားရွာကြားမှာလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ချင်ဒေသကာကွယ်ရေး ညီ နောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ယောက်လောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိ ခဲ့တယ်လို့ပြောပါတယ်။

ဖလမ်းမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းထောင်ရာမှာ မိုင်မတော်တစ်ဆပေါက်ကွဲ ပြီး CNDF တပ်ဖွဲ့က ဆလိုင်းဘွဲ့ရင့်မန် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့နယ်ထဲမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာတွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဒေ သခံတစ်ယောက်ကပြောပါတယ်။

ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့မှာလည်း မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူကာကွယ်ရေးညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့လို စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလအတွင်း တိုက်ပွဲဖြစ်စဉ်တွေမှာ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

ဒီးမော့ဆိုတွင် ယမန်နေ့ တစ်နေ့လုံး ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူးလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနှင့် KGZ ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးကြောင်း DMO-local PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို ခုခံစစ်ဆင်နွှဲရာတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ပွဲဝင်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တွင်လည်း စစ် ကြောင်း ထပ်မံ ထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ တစ်နေကုန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှီခဲ့ကြောင်း၊ CTU နည်းပညာတပ်၏ ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ khit thit

ပုသိမ်မြို့မရဲစခန်းမှ အချုပ်သား ၆ ဦး ထွက် ပြေး

အချုပ်ခန်းအတွင်းရှိ ရေစင်မှတစ်ဆင့် ခေါင်မိုးကိုဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည် ဟု တိုင်းရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဖောက်ထွင်းမှုနဲ့ ဖမ်းထားတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေက အချုပ်ကို ဖောက်တာ အဲဒီကလေးတွေကို အချုပ်ခန်းတွင်းက ရေစင်ကို သန့်ရှင်းရေး လုပ်ခိုင်းတယ်” ဟု မြို့မရဲစခန်း အိမ်ထောင်သည်လိုင်းခန်းတွင် နေ သည့် မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပုသိမ်မြို့မ ရဲစခန်းက အချုပ်သား ၆ ဦးသည် မတ်လ ၁ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော် အချိန်ခန့်က ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းအချုပ်သား ၆ ဦးသည် ပြီးခဲ့သည့် ၄ လခန့်က သိန်း ၄၀၀ တန် ရွှေငွေဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၁၇ နှစ် အရွယ်ရှိကြသည့် မောင်ကောင်းမြတ်၊ မောင်အောင်မျိုးမြတ်၊ မောင်မျိုးမင်းလတ်၊ ကြွက်မီး၊ သိန်းထွေးတို့ ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူ များ၏ ပြောပြချက်အရ သိရသည်။

၎င်းတို့နှင့်အတူ အသက် ၄၁ နှစ်အရွယ် ဖောက်ထွင်း လူသတ် လူဆိုးမှတ်တမ်းဝင် ထောင်တစ္ဆေ ဆိုသူလည်း ထွက်ပြေးလွတ်မြောက် သွားသည်ဟု ရဲတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

“အချိန်မှီ ဖမ်းဖို့ ရဲစခန်း အားလုံးကို ကြေးနန်းထုတ်ထားပါတယ်။ ရာဇဝင်လူဆိုးတွေပါ” ဟု တိုင်းရဲတပ်ဖွဲ့ရုံး က ရဲအရာရှိတစ်ဦး ကပြော သည်။

အချုပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူနိုင်ရန် စီစဥ်နေသည်ဟု စစ်ကောင်စီရုံး ဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။

ပုသိမ် မြို့မရဲစခန်းသည် ပုသိမ်မြို့တွင်းသို့ဝင်သည့် မဟာဗန္ဓုလ လမ်းမပေါ်ရှိ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မျက်နှာ ချင်းဆိုင်တွင် ရှိသည့် လုံခြုံရေး တင်းကြပ်ထားသည့် စခန်းဖြစ်သည်။

အဆိုပါ ရဲစခန်းဝင်းတစ်ခုလုံးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသာ နေထိုင်သည်ဟု ပုသိမ် မြို့ခံ များ၏ ပြောပြချက်အရ သိရသည်။ mizzima

ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က Z 16 Carbine နှင့် Z Sniper လက်နက်များထုတ် လုပ်

မန္တလေးတိုင်း မြင်းခြံမြို့က  ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က စစ်အာဏာရှင်တော်လှန်ရေး အတွက် အင်အားဖြည့်လက်နပ်တွေကို တပ်ဖွဲ့အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ZERO ပြောက်ကျား တပ်ဖွဲ့ ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ တိုက်ခိုက်ရေးအတွက် လက်နပ်အင်အားဖြည့်တင်းဖို့ Z 16 Carbine အမျိုးအစားနဲ့ Z Sniper အဝေးပစ်  အမျိုးအစားတွေကို ကိုယ်ပိုင်ထုတ်လုပ်ထားပြီး ဆက်လက်တိုက်ခိုက်မယ့် Mission တွေမှာ စတင်  သုံးစွဲတော့မယ်လို့ ဆိုပါတယ်။

ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှာ ခုလိုကိုယ်ပိုင်လက်နက်တွေ ထုတ်လုပ်လာနိုင်တာကြောင့် အာဏာရှင်တော်လှန်ရေးအတွက် အားရှိရတယ်လို့ ဆိုပါတယ်။ DVB

ပေါက်မြို့နယ်ရှိ ကျေးရွာ ၃ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် မီးလောင်ပြာကျ

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ လယ်ယာရွာ၊ လက်ပန်လှရွာနှင့် အင်ငယ်​ဒေါင့်ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂ရက်နေ့မှ မတ်လ ၅ ရက်​နေ့အထိ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် မီးလောင်ပြာကျသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လယ်ယာရွာကို မတ်လ ၂ ရက်​နေ့ ည၉နာရီ ၃ဝမိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်​ကြောင်း၊ ပြည်သူများ အချိန်မီ ဘေးလွတ်ရာသို့ ရှောင်တိမ်းထွက်ပြေးနိုင်သော်လည်း မီးငြိမ်းသတ်မည့်သူ မရှိသောကြောင့် ရွာလုံးကျွတ် ပြာကျခဲ့ခြင်းဖြစ် ကြောင်း၊အလားတူ လက်ပန်လှရွာနှင့် အင်ငယ်​ဒေါင့်​ကျေးရွာတို့လည်း မီးရှိူ့ခံရပြီးပြာကျသွား​ကြောင်း သိရှိရသည်။

” ညအချိန်ကြီး ခွေးတွေဝင်လာတော့ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးကျရတာ တချို့ဆို ပစ္စည်းတောင် မယူနိုင်ဘူး။ ကျွန်တော်တို့ လယ် ယာရွာ တစ်ရွာလုံး ပြာပဲကျန်တော့တယ်။ လက်ပန်လှရွာနဲ့ အင်ငယ်​ဒေါ့်ထောင်ရွာတွေလည်း ရွာလုံးကျွတ် နီးပါးကို မီးရှို့ဖျက်ဆီးခံရတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ထောက်ခံစာနှင့် ခရီးသွား၍ မရတော့၊ မှတ် ပုံတင်ပြရမည်

နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများပြ၍ ခရီးသွားလာခြင်းနှင့် အစစ်ဆေးခံခြင်းများအား ခွင့်မပြုတော့ကြောင်းနှင့် ၂၀၂၂ခုနှစ် ဧပြီလ ၁ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)ကို ပြသ အစစ်ဆေးခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တမျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ၎င်းတို့၏ရုံးများတွင် ဆောင်ရွက်နေပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် လူနေအိမ်များသို့လိုက်လံဆောင်ရွက်ပေးခြင်းများကို ၂၀၂၁ခုနှစ် မေလ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကြောင့် ခရီးသွားလာခြင်းများနှင့် တည်းခိုနေထိုင်ရာများတွင် ၎င်းတို့တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်)ကိုသာ ပြသရမည်ဟု ဆိုသည်။

နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် သတိပေးရေးသားထားသည်။ mizzima

« Older Entries