Monthly Archives: Mar 2022

မူဆယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၊ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက နစကလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရတာကြောင့် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရသွားပါတယ်။ 

မူဆယ်မြို့မြောက်ရပ်ကွက် တော်ရွက်အဆင်းလမ်းရှိ နေအိမ်တအိမ်က အသုဘတစ်ခုကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရောက်နေကြောင်း၊ နေ့ခင်းပိုင်း အသုဘသွားချနေတုန်း တချို့က အိမ်စောင့်ကျန်ခဲ့ကြောင်း၊ အိမ်ဝင်းထဲမှာ လူ ၈ ယောက်လောက်ထိုင်နေစဉ် သေနတ်သမားတွေက လာပစ်သွားတာလို့ မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့အိမ်ဝင်းထဲမှာ ထိုင်နေတာ ၈ ယောက်ပေါ့။ အဲဒီမှာ သေနတ်သမားတွေက ဆိုင်ကယ်စီးပြီးတော့  ဝင်ပစ်သွားတာ။ လာပစ်တာ ဘယ်နှယောက်လဲတော့မသိဘူး။ အိမ်ဝင်းထဲ ၈ ယောက်ရှိတဲ့ထဲက  သေနတ်မှန်တာ ၄ ယောက်၊ ၂ ယောက်က ဆုံးသွားပြီ၊ ပရဟိအဖွဲ့က မူဆယ်ဆေး ရုံပို့ထားတယ်။

အပစ်ခံရတဲ့သူတွေဟာ မော်ဆောင်းပြည်သူ့စစ်အဖွဲ့ကဖြစ်ကြောင်း၊ ဆိုင်ကယ်နဲ့ လာပစ်သွားသူတွေကတော့ ဘယ်လက်နက်ကိုင်အဖွဲ့ကဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

မူဆယ်မှာ နစကလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ သုံးလေးဖွဲ့လောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနဲ့ပြည်သူ့ကာကွယ်ရေး ဟုတ်တိပတ်တိ လုပ် ဆောင်တာမတွေ့ရဘဲ မြို့ပြင်ဘက်မှာ ကာစီနို၊ လောင်းကစားနဲ့ ကာရာအိုကေတွေဖွင့်ပြီး စီးပွားရေးလုပ်ကြောင်း၊ အချင်းချင်းကြားမှာလည်း မကြာခဏစကားများ ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။  DVB

ဖာပွန်တွင် စစ်တပ်က လက်နက်ကြီးနှင့်ပစ်၍ ကလေးများအပါအဝင် ၇ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ဒေသကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ကလေး ၃ ဦး အပါအဝင် ဒေသခံ ၇ ဦး သေဆုံးခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ မတ် ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကလေး ၃ ဦးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေဖြစ်သော ဖာပွန် (မူတြော်) ခရိုင်၊ ဘူးသိုမြို့နယ်၊ ကလော်ဒေးကျေးရွာမှ ၂ နှစ်အရွယ် နော်တလု၊ ၅ နှစ်အရွယ် နော်ထူးဖော၊ ၁၄ နှစ်အရွယ် နော်တင်နီလာဝင်းတို့ ဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင်တစ်ဦးလည်း ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၄ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

၅ ရက်နေ့က ဖာပွန်-ကမမောင်းလမ်းအရှေ့ဘက်ခြမ်း အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည့် ကလော်ဒေးရွာကို စစ်ကောင်စီတပ် ခလရ ၄၀၆၊ ၄၀၇ နှင့် နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်စခန်းတို့၏ လက်နက်ကြီးကုန်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု KPSN ၏ လက်ထောက်ဒါရိုက်တာ စောလေးကပေါက Myanmar Now ကို ပြောသည်။

“ညဘက်ကြီး ပစ်တဲ့အချိန်မှာ အဲဒီအချိန်မှာ ရွာသားတွေက အနားယူပြီး အိမ်မှာပြန်ရှိနေတဲ့အချိန် ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

“ဆိုင်းမဆင့် ဗုံမဆင့် ပစ်ချလိုက်တဲ့ အခြေအနေမျိုးဆိုတော့ ရွာသားတွေအနေနဲ့ သေနတ်သံမကြားဘဲ လက်နက်ကြီးနဲ့ ရွာထဲကို တန်းထုလိုက်တာဆိုတော့ ပုန်းရှောင်ဖို့ မရဘဲ ဖြစ်သွားတာပေါ့”

ထိခိုက်ဒဏ်ရာရသူများကို KNU ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ နောက်တစ်ရက် (မတ် ၆ ) တွင် ကလော်ဒေးရွာ ဖာပွန်-ကမမောင်းလမ်း အနောက်ဘက်ရှိ ရွာတစ်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျေးရွာတည့်တည့်ကို ပစ်ချတယ်ဆိုတာက တမင်သက်သက် ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ သဘောပဲ။ ဒါကတော့ ကရင်ပြည်နယ်မှ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံးမှာ တွေ့မြင်နေရတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ကျေးရွာတည်နေရာကို သိရှိသည့် စစ်တပ်က ရွာသားများ နေအိမ်တွင်ရှိနေမည့်အချိန် ည ၇ နာရီ ၂၀ မိနစ်တွင် တမင်ရည်ရွယ် ပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ထိုသို့ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်တပ်၏ စီးပွားရေးမိတ်ဖက်များ၏ ဘဏ္ဍာငွေအထောက်အပံ့များ၊ နိုင်ငံတကာက ရောင်းချသည့် စစ်လက်နက်များကို အသုံးပြု၍ ကရင်လူထုကို ပစ်မှတ်ထားတိုက်ခြင်း ဖြစ်သည်ဟု KPSN က ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးသည့် ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်နှင့် စင်ကာပူတို့ကို ဖိအားပေးရန်၊ စစ်တပ်၏ ဝင်ငွေကို ဖြတ်တောက်ရန် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ရန် ထိုအဖွဲ့က တောင်းဆိုထားသည်။ 

ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ များစွာရှိသဖြင့် စစ်တပ်၏ လေကြောင်းထောက်ကူမှုကို ဖြတ်တောက်နိုင်ရေးအတွက် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရန်လည်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ထုတ်ပြန်သည့် သတင်းများတွင်လည်း တိုက်ခိုက်မှုများအကြောင်း ဖော်ပြလေ့ မရှိပေ။ 

တပ်မဟာ ၅ နယ်မြေ

KNU ၏ တပ်မဟာများအနက် တပ်မဟာ ၅ သည် စစ်ရေးလှုပ်ရှားမှု အများဆုံးနယ်မြေဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများ နေ့စဉ်နီးပါး ထိတွေ့ဖြစ်ပွားနေသော နယ်မြေဖြစ်သည်။ 

တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် BGF တို့ စစ်ရေးလှုပ်ရှားမှု ပိုများလာကြောင်း၊ အထူးသဖြင့် ဖာပွန် − ကမမောင်း ကားလမ်းတစ်လျှောက်တွင် တပ်ရင်း ၅ ရင်းခန့် ချထားကြောင်း KNU ဘက်က ယမန်နှစ်ကုန်ပိုင်းတွင် ပြောထားသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် KNU က အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပြီး စစ်ကောင်စီ၏ရန်မှ တိမ်းရှောင်လာသူများကိုလည်း အကာအကွယ်နှင့် နေရာထိုင်ခင်း ပေးထားသည်။

အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ဖြုတ်မည်ဟု ကြွေးကြော်ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း KNU က ကိုယ်စားလှယ်စေလွှတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မည့် လုပ်ငန်းစဉ်များကို ချမှတ်နေသည်။

ဖေဖော်ဝါရီလအတွင်း တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲပေါင်း အကြိမ် ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၃ ဦးအပါအဝင် ၁၃၆ ဦး သေဆုံးကာ ၁၀၄ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဘက်မှ ထုတ်ပြန်ထားသည်။ 

KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ ၁၁ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သား ၄ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရသည်ဟု ဆိုသည်။

ယင်းတစ်လတာအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၃၀၀ ကျော် ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ရှိခဲ့ကြောင်း တပ်မဟာ ၅ ၏ မူတြော်သတင်းဌာနက ထုတ်ပြန်ထားသည်။  myanmar now

ယင်းမာပင်တွင် စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် က​လေးငယ် ၂ ဦးအပါအဝင် ၆ ဦး​သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လက်ပံ​တော(လက်ပ​တော)​ကျေးရွာမှာ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု​ကြောင့် က​လေးငယ်  ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ​သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

မတ် ၇ ရက်​နေ့က စည်​လှောင်​ကျေးရွာအတွင်းမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ဒီ​နေ့ မနက်ပိုင်းကစတင်ပြီး ​ကျေးရွာ​တွေဘက်ကို လှည့်လည်စီးနင်းခြင်း​တွေပြုလုပ်ခဲ့ကြရာက​နေ လက်ပံ​တော (လက်ပ​တော)​ ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်​ရောက်ခဲ့ကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အဲဒီလို ပစ်ခတ်ဝင်​ရောက်လာစဥ်မှာ စစ်​ရှောင်​နေတဲ့ ပြည်သူ​အချို့ လက်နက်ကြီး ထိမှန်ခဲ့တာ​ကြောင့် ​သေဆုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာ ရသူလည်းရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ​အပြစ်မဲ့ပြည်သူ ၆ ဦး​သေဆုံးခဲ့ရပြီး ၁ ဦးက​တော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​ပြောပါတယ်။ 

က​လေးငယ်  ၂ ဦးနဲ့ မိခင် ၂ ဦးတို့ဟာ ​ကျေးရွာအတွင်းရှိ သူတို့ရဲ့ ​နေအိမ်​တွေထဲမှာရှိ​နေစဥ် လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲမှုကြောင့် ​​သေ ဆုံးခဲ့တာဖြစ်ပြီး သက်ကြီး  ၂ ဦးက​တော့ ဘုန်း​တော်ကြီး​ကျောင်းဝင်းအတွင်းက ဓမ္မာရုံအတွင်းမှာ စစ်​ရှောင်​နေစဥ် လက်နက်ကြီးထိမှန်​သေဆုံးခဲ့တာလို့ ​​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ လက်ရှိအချိန်ထိ လက်ပံ​တော(လက်ပ​တော)​ ကျေးရွာအတွင်းမှာပဲ ရှိ​နေ​သေးပြီး စစ်​ရေးတင်းမာမယ့် အ​နေအထားရှိတယ်လို့ ​ဒေသခံ​တွေက ခန့်မှန်း​ပြောဆို​နေကြပါတယ်။

စစ်​ကောင်စီတပ်​ဖွဲ့တွေဟာ ​​မတ် ၈ ရက်မနက်ပိုင်းကစပြီး ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာ​တွေကို လှည့်လည်သွားလာ​ကာ ​သေနတ်ပစ်ခတ်တာနဲ့ မီးရှို့တာတွေ ပြုလုပ်​နေတာ​ကြောင့် ကျေးရွာ​ပေါင်း ၁၀ ရွာလောက် ​ဒေသခံပြည်သူ​တွေ ​နေအိမ်​တွေမှာ မ​နေရဲကြဘဲ ထွက်​ပြေး​နေကြရပါတယ်။ DVB

ရန်ကုန်တွင် စစ်ကောင်စီကို အခွန်ပေးဆောင်ပြီး စစ်တပ်ထုတ်ကုန် ဘီယာများ ရောင်းချနေသည့် Brave Bar နှင့် SKYWAY CLUB & KTV တို့ကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်မြို့တော်ရှိ Brave Bar နှင့် SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံသို့ အခွန်ငွေများ ပေးအပ်နေသည့်အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းရှိ ခရိုနီ စိုးလှိုင်ပိုင်ဆိုင်သော Brave Bar ကို Justice Bringer Force -JBF က ဗိုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် Brave Bar အဆောက်အုံနှင့်မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးသွားကြောင်း JBF က သတင်းထုတ်ပြန်သည်။

အလားတူ မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင်အလုံမြို့နယ် ကမ်းနားလမ်းနှင့်အလုံလမ်းထောင့်ရှိ စစ်ကောင်စီကို အခွန်ပေးဆောင်နေပြီး လူငယ်များကို မူးယစ်ဆေးဝါးနှင့်အပျော်အပါးများဖြင့် တော်လှန် ရေးတွင် မပါဝင်စေရန် အမျိုးမျိုးဆွဲဆောင်နေသော SKYWAY CLUB & KTV ကို Dark Shadow တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဗုံးဖောက်ခွဲခံခဲ့ရသော ဘားနှင့်ကလပ် နှစ်ခုစလုံးသည် စစ်တပ် ထုတ်ကုန် မြန်မာဘီယာ၊ ဒဂုံဘီယာ အပါအဝင် အရက်နှင့်ယမကာများကို ရောင်းချနေသည့် ဆိုင်များလည်းဖြစ်သည်။

ထို့ပြင် Dark Shadowက အလုံ၊ ကမ်းနားလမ်းနှင့်အလုံလမ်း​ထောင့်ရှိ ယာဥ်ထိန်းရဲကင်းနှင့် CCTV Server ပုံးကိုလည်း ယ​နေ့ ညပိုင်းတွင် ​ဖောက်ခွဲတိုက်ခိုက်ခဲ့​ကြောင်း သိရှိရသည်။

ဒေသကာကွယ်ရေးတပ်များက ပြည်သူများအနေဖြင့် စစ်တပ်နှင့် နီးစပ်နေသော ခရိုနီများ ပိုင်ဆိုင်သော နေရာများကို သွားလာခြင်းမပြုကြရန်နှင့် စစ်အာဏာရှင် ဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။ khit thit

စစ်တပ်က အကျဉ်းသားကို ရွာသို့ ခေါ်လာပြီး အများရှေ့တွင် သတ်ဖြတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး ငါးရက်အကြာ (မတ် ၅) ညပိုင်းတွင် စစ်သားများက သူ၏ရွာသို့ ခေါ်လာပြီး ရွာလမ်းမတွင် ပစ်သတ်လိုက်ကြောင်း သူ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

သတ်ဖြတ်ခံရသူမှာ ကျောင်းကုန်းကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာမှ ၂၆ နှစ်အရွယ် ကိုဝေဖြိုးအောင် ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျောင်းကုန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ထိုရွာသို့ စစ်ကောင်စီ၏ စစ်သားများ ရောက်ရှိလာသည်။

နောက်တစ်နေ့ညတွင် ကိုဝေဖြိုးအောင်တို့ရွာမှ ရာအိမ်မှူးအိမ် ပေါက်ကွဲမှုဖြစ်ရာ ထိုစစ်သားများ ဂွေ့ကြီးရွာသို့ ရောက်လာပြီး တစ်ရွာလုံးကို စုဝေးစေကာ ၎င်းအပါအဝင် မိသားစုဝင် ၄ ဦး၊ ဖုန်းအားသွင်းရန် အိမ်ရောက်နေသည့် သူငယ်ချင်း ၃ ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“အဲဒီကောင်လေးက သူ့တို့ယာထဲက နွားတစ်ကောင် နေမကောင်းလို့ သွားကြည့်နေတဲ့အချိန်၊ လူစစ်တော့ သူ့မိသားစုက ဖုန်းဆက်ခေါ်လို့ ပြန်လာချင်းပဲ ဖမ်းခံလိုက်ရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

ကိုဝေဖြိုးအောင်၏ အဖေ ဦးဝင်းအောင်၊ အမေဖြစ်သူ ဒေါ်မြင့်အေးတို့မှာ ၃ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ညီဖြစ်သူ မောင်ပြည့်ဖြိုးအောင်၊ တစ်ရွာတည်းနေ လူငယ် ၃ ဦးတို့မှာ ဆက်လက်ဖမ်းဆီးခံနေရသည်။

မတ် ၅ တွင် စစ်ကောင်စီတပ်သားများက ကိုဝေဖြိုးအောင်ကို ခေါ်ဆောင်လာကာ ရွာအတွင်း ရှာဖွေရေး အနည်းငယ်ပြုလုပ်ကြောင်း၊ ရွာမှ ပြန်မထွက်ခင် ၎င်းကို ပစ်သတ်ခဲ့ကြောင်း၊ မတ် ၆ တွင် ကျေးရွာမှာပင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိကချေးငွေလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုဝေဖြိုးအောင်သည် မိသားစုနှင့်အတူ နေထိုင်ကာ တောင်ယာလုပ်ငန်းများကိုလည်း ကူညီသူဖြစ်သည်ဟု အထက်ပါသူက ဆိုသည်။

ပစ်သတ်ရသည့်အကြောင်းရင်းကို မသိရသေးသလို ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဥပဒေများအတိုင်း လုပ်ဆောင်နေသည်ဟု ကြွေးကြော်လေ့ရှိသည့် စစ်ကောင်စီက မတရားသတ်ဖြတ်မှု စွပ်စွဲချက်များကို ပယ်ချလေ့ရှိပြီး စစ်သားများက ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဟု ယူဆရသူများကို ဒေသခံ ပြောက်ကျားအဖွဲ့များက တိုက်ခိုက်လျက်ရှိသည်။  

စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၆၀၃ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက AAPP ၏ ကိန်းဂဏန်း မှားယွင်းနေသည်ဟု ယခင်က ပြောခဲ့ဖူးသည်။ myanmar now

ကနီဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း ကနီမြို့ပေါ် အမှတ် ၂ ရပ်ကွက်က ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၉ နာရီလောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဖမ်းခံရတာဆိုတာဟုတ်တယ်။ ဘာလို့ဖမ်းတာလဲဆိုတော့ PDF အဖွဲ့နဲ့ဆက်သွယ်လို့ဆိုပြီး ဖမ်းတာ။ အမှန်ကတော့ဗျာ ကနီမြို့ပေါ်က ဝန်ထမ်းမြို့လို့တောင် ပြောလို့ရတယ်။ အများစုကတော့ ဝန်ထမ်းမိသားစုတွေပဲ။ ဘယ်အဖွဲ့ထဲမှ မပါတဲ့သူကများတာ။ နောက်ဆုံး အာ ဏာသိမ်းပြီး နယ်ကလူတွေ ဆန္ဒပြပွဲ ကနီသွားလုပ်တာတောင် မြို့ပေါ်ကကောင်တွေက ဈေးရောင်းတောင်မပျက်ဘူး။ အခုဟာက အချင်းချင်း မတည့်လို့  သတင်းအမှားပေးတိုင်တဲ့ သဘောဖြစ်နိုင်တယ်” လို့ ဒေဿခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲ အမျိုးသမီးအများစုဖြစ်ပြီး အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ မသန်စွမ်းလူငယ်တဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မတ် ၇ ရက်နေ့ကလည်း  ဘုန်းကြီးကျောင်းကျောင်း အပါအဝင် ဈေးဆိုင်နဲ့လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ကျောက်ထုမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို PDF နှင့် CDF ပူးပေါင်း တိုက်၊ ၇ ဦးသေပြီး ဒဏ်ရာရစစ်သား ၈ ဦးကို ရဟတ်ယာဉ်ဖြင့်သယ်ယူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို PDF ကျောက်ထုနှင့် CDF မင်းတပ် ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၈ ဦးကို ရဟတ် ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ကျောက် ထု PDF က ပြော သည်။

မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကျောက်ထုရဲစခန်းမှမြို့ထဲသို့ ပတ်ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့ နှင့် CDF (Mindat) တို့ပူးပေါင်း၍ မိုင်း ၃ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး စစ်သား ၈ ဦးခန့် မိုင်းထိခိုက်ဒါဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။

ထိုအချိန် ကျောက်ထုရဲစခန်းမှ စစ်ကူ မလာနိုင်စေရန် ကျောက်ထု PDF လက် နက်ကြီးတပ်ဖွဲ့က ကျောက်ထုမြို့မရဲစခန်းအတွင်းသို့ လက်နက် ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပေးခဲ့ကြောင်း၊ စခန်းတွင်းထိခိုက်ကျဆုံးမှုများအခြေအနေ မသိရသေးဟု ကျောက်ထု PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယင်းနောက် ကျောက်ထုလေတပ်အတွင်းသို့ ရဟတ်ယာဥ်တစ်စီးဖြင့် ပထမတစ်ခေါက်တွင် စစ်သား အကူများ နှင့် လက်နက်ခဲယမ်းများလာချသွားပြီး ဒုတိယအခေါက်တွင် ဒါဏ်ရာရ စစ်သားများကို ကိုခေါ်ဆောင်သွားကြောင်း၊ ကျောက်ထုအမြှောက်တပ်ထဲမှလည်း တင့်ကားနှစ်စီး ကျောက်ထုဘဏ်ရုံးနားတွင်ရပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြသည့်အပြင် ကျောက်ထုမြို့အတွင်း ရမ်းသမ်းပစ်ခတ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ အ​ပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ယောက်နှင့် အမျိုးသား၂ ယောက်ကိုလည်း ဖမ်းဆီးသွားကြောင်း ကျောက်ထု PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ khit thit

နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာကို စစ်ကောင်စီတပ် မီးရှို့ ၊နေအိမ် ၅ လုံး ပြာကျ

မန္တလေးတိုင်း ၊ နွားထိုးကြီး မြို့နယ် ပဲကြီးခင်း ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ခဲ့ပြီး လူနေအိမ် ငါးလုံး မီးလောင် ပြာကျခဲ့ကြောင်း နွားထိုးကြီး ပြည်သူ့ ကာကွယ်ရေး တပ်သား တစ်ဦးထံက သိရသည်။

အိမ်ခြေ ၃၀၀ ကျော် ရှိသည့် ပဲကြီးခင်း ကျေးရွာကို မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီ တပ်များ ဝင်ရောက်လာပြီး သေနတ်ဖောက်ကာ ရွာ သား တချို့ကို ရိုက်နှက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ စစ်ကောင်စီ တပ်တွေက မူးပြီး ရမ်းနေတာပါ။ PDF တွေ ထုတ်ပေးလို့ အော်ပြီး သေနတ်တွေလည်း ဖောက်တယ်။ ရွာသား တချို့လည်း ရိုက်နှက် ခံရပါတယ်။ တိုက်အိမ်တွေရော ပါသွားတာ။ အချို့ဆို ဘာပစ္စည်းမှ မယူလိုက်ရဘူး” ဟု နွားထိုးကြီး ပြည်သူ့ ကာကွယ်ရေး တပ်သား တစ်ဦးက ပြောသည်။

စစ်ကောင်စီ ယာဉ်တန်းကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေး တပ်များက ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုအား မကျေ နပ် ၍ မီးရှို့ခြင်း ဖြစ်နိုင် သကဲ့သို့ PDF များ ထွက်လာရန် မျှားခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ဟိုနေ့က မိုင်းဆွဲတာနဲ့ ပတ်သက်ပြီး ရမ်းတာပါ။ PDF တွေ ထွက်လာအောင် မျှားတာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများသည် မတ်လ ၅ ရက်နေ့မှ စပြီး ယနေ့ချိန်ထိ နွားထိုးကြီးမြို့နယ် မကျီးကုန်း ကျေးရွာ၌ တပ်စွဲထားသည်ဟု ဆိုသည်။ mizzima

« Older Entries