Monthly Archives: Mar 2022

ခရမ်းမြို့နယ် ထွေအုပ်ရုံး လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ် ဘုရားလမ်းပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှုးရုံးကို ယနေ့ မတ်လ ၁၃ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ခရမ်း PDF အဖွဲ့က ၄၀ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

“သူတို့က မြို့ပိတ်ထားတယ်။ လမ်းတွေလည်း အသေပိတ်ထားတယ်။ ကင်းပုန်းတွေလည်း ရှိတယ်။ ကျွန်တော်တို့မှာ သွားရ လာရတာလည်း ခဲယဉ်းတယ်။ သူတို့ မြို့ဘယ်လောက် ပိတ်ပိတ် ကျွန်တော်တို့ လုပ်လို့ရတယ် ဆိုတာကို ပြချင်လို့ ထွေအုပ်ရုံးထဲကို ပစ်ထည့်တာပါ ” ဟု ခရမ်း PDF အဖွဲ့က ပြောသည်။

စစ်ကောင်စီက ခရမ်းမြို့ အနှံအပြား၌ ပိတ်ဆို့ထားကာ ဒေးပေါက် လမ်းဆုံနှင့် ရဲမွန်လမ်းပိုင်း နှစ်ခုကိုသာ ဖွင့်ပေးထားပြီး အစစ်အဆေး တင်းကျပ်လျက် ရှိသည်ဟု ဆိုသည်။

အထွေထွေ အုပ်ချုပ်ရေးမှုးရုံးတွင် စစ်ကောင်စီ တပ်ဆွဲထားသည်မှာ တစ်နှစ်နီးပါး ရှိပြီ ဖြစ်ပြီး ၄၀ မမ ဗုံးသီး သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ တစ်လုံးသာ ပေါက်ကွဲခဲ့သည်။

“လူ ထိခိုက်မှုတော့ ရှိလောက်မယ် မထင်ဘူးဗျ။ အဆောက်အအုံ လောက်ပဲ ပျက်စီးမယ်။ ဆေးရုံကားတွေ ဝင်တာလည်း မရှိဘူး” ဟု Khayan Channel ၏ သတင်းရင်းမြစ်က ဆိုထားသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ကံသာရွာ ဘုန်းကြီးကျောင်းသို့ သွားသည့် စစ်ကောင်စီတပ် ပြန်လာချိန် ဖောက်ခွဲရန် ထောင်ထားသည့်မိုင်းကို ပြည်သူ တစ်ဦးက တွေ့ရှိပြီး စစ်ကောင်စီအား အကြောင်းကြား ခဲ့သောကြောင့် အစီအစဉ် ပျက်ခဲ့သည်ဟုလည်း ခရမ်း PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“နေ့ခင်းပိုင်းတွေ လုပ်ရတာ ခက်ခဲတယ်။ ပြည်သူတွေက ကြည့်နေကြတယ်။ မသိသလို မနေပေး ကြဘူး။ အခုဆိုလည်း ထောင်ထားတာကို တွေ့တော့ မသိချင်ယောင် ဆောင်မနေဘူး။ စစ်ကောင်စီကို သတင်း သွားပေးတယ်။ အဲ့တော့ ကျွန်တော်တို့လည်း အန္တရယ်တွေ အများကြီးနဲ့ အခက်အခဲတွေ အများကြီး တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက် နေ့ကလည်း ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဘုရားပျို ကျေးရွာ ရဲစခန်းကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ၄၀ မမ ဗုံး ပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ mizzima

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၄ လမ်း၊ ၁၀၄ လမ်း နဲ့ ၁၀၅ လမ်းကြားရှိ အောင်ပင်လယ်ရပ်ကွပ်အုပ်ချုပ်ရေးရုံးဝန်းအတွင်းမှာ မတ်လ ၁၂ ရက် ည နာရီခွဲလောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အမည်မသိ အမျိုးသား ၂ ဦးက ရပ်ကွက်ရုံးကို ဗုံးနဲ့ပစ်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ရုံးဝန်းထဲမှာ လူနေတယ်။ နေတာက အကွက်မှူး မိသားစုဖြစ်မယ်။ ဗုံးနဲ့ အပစ်ခံရတော့ ဗုံးစစင်ပြီး အမျိုးသမီး ထိသွားတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သား တချို့ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၂ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၀ လမ်း၊ ၅၅ လမ်း နဲ့ ၅၆ ကြားရှိ (ဆ)ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထရန်ဖော်မာ ပျက်စီးသွားပါတယ်။DVB

အာရှလမ်းမကြီး၌ KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်မြို့ အာရှလမ်းမကြီးမှာ မတ်လ ၁၂ ရက်နေ့ကနေ ဒီနေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ တိုက်ပွဲမှပါဝင်တဲ့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီနေ့မနက် ၅ နာရီခန့်လောက် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁ ဦးသေဆုံးခဲ့ပြီး KNLA ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာ မတ် ၁၂ ရက် မနက်ပိုင်းက  နှစ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီး သည်တင်မှန်လုံ ၁ စီးနဲ့ ကုန်တင်ကား ၂ စီးလည်း မီးရှို့ခံရကာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားရာဒေသမှာ ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ မြဝတီကော့-ကရိတ်မြို့ဆက်သွယ်ထားတဲ့ အာရှလမ်းလမ်းကို ပိတ်ထားတယ်လို့ ဆိုပါတယ်။

မြဝတီမြို့ ဝေါ်လေမြိုင်ဆက်သွယ်ထားတဲ့ လမ်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ စစ်ကူလာတာ ဖြတ်နောက်နိုင်ဖို့ လမ်းပိတ်ထားပြီး ပြည်သူတွေမသွားကြဖို့ တားမြစ်ထားတယ်လို့ KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇၊ ခွဲ ၂  ဗိုလ်ကြီး စောမှူးကေက DVB ကို ပြောပါတယ်။

KNLA တပ်မဟာ ၆  နယ်မြေကနေ စစ်ကောင်စီတပ်တွေ ပြန်ရုပ်သိမ်းဖို့ ကေအန်ယူဘက်က သတိပေးကြေညာထားသလို စစ်ကောင်စီတပ်တွေကလည်း တပ်တွေပြန်မရုပ်တဲ့ပြင် စစ်အင်အား တိုးချဲ့ချထားတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ DVB

ရေစကြို၊ ဂွေးချိုရွာရှိ ပျူစောထီးခေါင်း ဆောင်ဝေလွင်နေအိမ်ကို ဒေသကာကွယ်ရေးးတပ်ဖွဲ့များ ဝင်တိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးခေါင်းဆောင် ဝေလွင်၏ နေအိမ်ကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ယမန်နေ့ မတ်လ ၁၂ ရက် နံနက် ၁၁ နာရီခွဲတွင် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဝေလွင်၏နေအိမ်တွင် ပျူစောထီးသင်တန်း အပတ်စဉ် ၃ ပြုလုပ်ရန်ပြင်ဆင်နေကြောင်း၊ ဝင်ရောက်တိုက် ခိုက်မှုတွင် မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကူရောက်လာ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Urban Underground Revolution Force – YSO၊ သိန်းငှက်ပြောက်ကျားအဖွဲ့၊ Southern Yesagyo PDF ၊ PKU N PDF မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။khit thit

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူး ပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအထက် လိုက်ကာ ဇွပ်ဂျာရွာနားမှာ မတ် ၁၂ မနက် ၉ နာရီဝန်းကျင်လောက်က ကချင်လွတ်မြောက် ရေးတပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်သား အင်အား ၁၀၀ ကျော် ဝန်းကျင်နဲ့ မဂျီဘွမ်ဗျူဟာကုန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“အင်အား ၁၀၀ ကျော်မယ်။ ဗျူဟာကုန်းကနေ ဆင်းလာတဲ့အဖွဲ့ကို စောင့်ပြီး ပစ်ကြတာတဲ့။ စစ်ပစ္စည်းတချို့ သိမ်းမိတယ်။ ခြင်းပလိုင်းတွေ ထားပြီး ထွက်ပြေးသွားတယ်ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိအချိန် မိုင်းခေါင်ကျေးရွာအထက် လိုက်ကာဇွပ်ဂျာဒေသမှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းနဲ့ သွားနေသလို့ စစ်ရေးအခြေအ နေ တင်းမာနေတာကြောင့် တိုက်ပွဲအချိန်မရွေးဖြစ် လာနိုင်တယ်လို့ ဆိုပါတယ်။

မတ် ၈ ရက်က မိုင်းခေါင်ကနေ မဂျီကုန်းတပ်စခန်းဘက် အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကွန်ဖျတောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မတ် ၁၀ ရက်ကလည်း မော်ဆွေချောင်တံတားအနီးမှာ လွယ်ဂျောင် စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား မိုင်းသုံးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းခေါင်ဒေသဟာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃)၊ တပ်ရင်း(၂၇) နယ်မြေဖြစ်ပါတယ်။ DVB

ရိခေါဒါရ်တွင် မတ်လဆန်းမှ စတင်ကာ တိုက် ပွဲများ ဖြစ်ပွားနေ

ချင်းပြည်နယ်၏  နာမည်ကျော် အသည်းပုံရိဒ်ရေကန် တည်ရှိရာ  ရိခေါရ်ဒါမြို့ အမှတ် ၂ရပ်ကွက် တပ်စခန်းကို ယနေ့ (မတ် ၁၂) နံနက်ပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောသည်။ 

ယခုလဆန်းပိုင်းမှ စတင်ကာ အင်အားတိုးမြှင့်ချထားသည့်  စခန်းကို  နံနက် ၆ နာရီဝန်းကျင်တွင်  သွားရောက်တိုက်ခိုက်ရာ တစ်နာရီဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“သူတို့ဘက်က ၃ ယောက် ကျတယ်။ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှု မရှိဘူး။ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု သူက ပြောသည်။

“သူတို့ဘက်ကပစ်လိုက်တာက အိန္ဒိယဘက် ဇိုကထာရ်က အိမ်တစ်အိမ်ကို ကျည်ကျတယ်” 

ထိုမြို့တွင် လုံခြုံရေးအင်အား နည်းနေကြောင်း စစ်ကောင်စီခန့် ချင်းဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နေပြည်တော်သို့ သွားရောက်တင်ပြပြီး နှစ်ပတ်ကျော်အကြာတွင် စစ်သည်အင်အား တိုးချဲ့ချထားခြင်း ဖြစ်သည်။ 

မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးချိတ်ဆက်ရာ ဖလမ်းမြို့နယ်၊ ရိဒ်ကုန်သွယ်ရေးစခန်းနှင့်  နှစ်မိုင်ခန့်အကွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက စိုးမိုးကာ အခွန်ကောက်ခံနေသဖြင့် စစ်ကောင်စီပုံရိပ် ကျဆင်းနေသည်ဟု  ဦးငွန်ဆန်းအောင်က နေပြည်တော်တွင် တင်ပြခဲ့ကြောင်း ထွက်ပေါ်လာသည့် အစည်းအဝေးမှတ်တမ်းအရ သိရသည်။ 

မတ်လ ၁ ရက်နေ့မှစတင်ကာ  ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် တီအိုချောင်းအနီး တပ်စခန်းတွင် စစ်တပ်က အင်အား ၃၀ နီးပါးဖြည့်တင်းခဲ့ပြီးနောက် ဒေသခံ ကာကွယ်ရေး အဖွဲ့များက စစ်ကောင်စီတပ်စခန်းနှစ်ခုကို   မကြာခဏ သွားရောက်တိုက်ခိုက်ခဲ့သည်။

မတ် ၅ ရက်နေ့ နံနက်ပိုင်းက ရိခေါ်ဒါမြို့ရှိ တပ်စခန်းနှစ်ခုကို သီးခြားစီသွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ ၉ ဦးသေဆုံးသည်၊၊ မတ် ၇ ရက်နေ့ ညပိုင်းကလည်း အမှတ် ၂ ရပ်ကွက်ရှိ တပ်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးသည်ဟု CNDF ထုတ်ပြန်ထားသည်။ CNDF ဘက်မှ ထိခိုက်မှုမရှိဟု ဆိုသည်။

ထိုထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည် ပြုနိင်ခြင်း မရှိသေးသလို စစ်ကောင်စီ ထုတ် ပြန်သည့် တိုက်ပွဲသတင်း အနည်းငယ်တွင်လည်း ထိုအကြောင်းအရာများ ပါ၀င်ခြင်း မရှိပေ။

လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျပြီး နယ်စပ်ဂိတ်နှင့် တံတားရှိသည့် ရိခေါ်ဒါမြို့ အမှတ် ၂ ရပ် ကွက်တွင် စစ်တပ်က အင်အားတိုးမြှင့်ချထားသော်လည်း နယ်မြေစိုးမိုးနိုင်မှုမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ချေရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက မှတ်ချက်ပြုသည်။

“သူတို့စခန်းချတဲ့နေရာတစ်ဝိုက်ပဲ သူတို့စိုးမိုးနိုင်တယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ပတ်ပတ်လည်မှာ ဝန်းရံပြီး ပိတ်ဆို့ထားနိုင်တယ်။ အင် အား ထပ်မရောက်ရင်တော့ ကျွန်တော်တို့လွယ်လွယ်လေးနဲ့ ထိန်းထားနိုင်တဲ့သဘောရှိတယ်” ဟု ဖလမ်းမြို့နယ်တွင် အဓိက အခြေစိုက်လှုပ် ရှားသည့် CDF – Hualngoram အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရိခေါ်ဒါမြို့ အမှတ် ၂ ရပ်ကွက်သို့ တိုးချဲ့ချထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအနက် ရဲတပ်သား ၄ ဦးမှာ မတ် ၆ ရက်နေ့က ဘက်ပြောင်းလာကြကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးအဖွဲ့များ စစ်ရေးတင်းမာပြီးတိုက်ပွဲများ မကြာခဏ  ဖြစ်ပွားနေသည့် ရိခေါ်ဒါ မြို့မှ လူဦးရေ ၂၀၀၀ နီးပါးမှာ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ တစ်ဘက်နိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုကထာရ်ရွာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ myanmar now

ယင်းမာပင်တွင် စစ်​ကောင်စီတပ်ပစ်ခတ်မှု​ကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ထန်းဇင်​ကျေးရွာမှာ မတ် ၁၃ ရက် မနက်ပိုင်းက စစ်​ကောင်စီတပ်ရဲ့ပစ်ခတ်မှု​ကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အ​နေထား ရှိတယ်လို့ သိရပါတယ်။

ကျည်ထိမှန်ခံရတဲ့သူဟာ စစ်​ကောင်စီတပ်ဖွဲ့​​တွေ ​ထန်းဇင်ကျေးရွာဘက်ကို လာ​နေစဥ်အတွင်း သူ့ရဲ့ က​လေးငယ်ကို ​ပွေ့ချီ​ပြေးရာက​နေ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ပစ်ခတ်ခံရသူဟာ ဝမ်းဗိုက်​ပေါက်ထွက် အူထွက်တဲ့အထိ ဒဏ်ရာရရှိခဲ့ပြီး သူ့​ပွေ့ချီခဲ့တဲ့ က​လေးငယ်က​တော့ ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

လက်ရှိအချိန်မှာ ကျည်ထိမှန်ခံရတဲ့ က​လေးရဲ့ဖခင်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အ​နေအထား ရှိ​နေတယ်လို့ သိရပါတယ်။

ဘန့်​ဘွေးရွာမ​​ ကျေးရွာအတွင်းမှာ တပ်စွဲ​နေထိုင်တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ မတ် ၁၃ ရက် မနက်ပိုင်း ၁၀ နာရီလောက် ထန်းဇင်​ကျေးရွာဘက်ကို ​သေနတ်တွေ ပစ်​ဖောက်ပြီး ရုတ်တရက်ဝင်​ရောက်လာခဲ့တာ​ကြောင့် ​ကျေးရွာအတွင်းရှိ ပြည်သူ​တွေဟာ ​ကြောက်လန့်တကြီး ထွက်​ပြေးခဲ့ကြရတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှု​ကြောင့် ပြည်သူ​ သေဆုံးတာ​တွေ များလာနေသလို ​နေအိမ်​​တွေလည်း မီးရှို့ခံ​နေရပါတယ်။ DVB

မအူပင်မြို့က စခန်းမှူး နေအိမ်တွင် ပစ်ခတ်မှုဖြစ် ၊ရဲတပ်သားသစ် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ယမန်နေ့ မတ်လ ၁၂ရက် ည၇နာရီခန့်က စခန်းမှူး နေအိမ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားသစ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မအူပင်မြို့မရဲစခန်းမှူး ညွှန့်လှိုင်ဆိုသူ၏ နေအိမ် ဘုရားစင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး စခန်းမှူး၏ သေနတ်ကို ရဲတပ်သားအသစ်က ယူဆော့ရာမှ ကျည်ဆန် မတော်တဆထွက်သွားပြီး သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အမှန်တွင် စခန်းမှူးက အရက်မူးကာ ပစ်ခတ်လိုက်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့အတွင်းရှိ မဇ္စျိမ၏ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“စခန်းမှူးအိမ်မှာ ရဲထဲဝင်ဖို့ စောင့်နေတဲ့ ကောင်လေး သုံးယောက်ရှိတယ် ။ ရဲတပ်သားအသစ်အဖြစ် စုဆောင်းထားတာ၊ တစ်ယောက်ကို စခန်းမှူးက အရက်သောက်ရင်း မူးမူးနဲ့ ထပစ်လိုက်တာလို့ သိရတယ်။ သူ့အိမ်က ဘုရားစင်ရှေ့မှာ သွေးတွေအိုင်နေတာပဲ။ သေတဲ့ ကလေးကိုတော့ ဆေးရုံပို့လိုက်ပြီ။ ကျန်တဲ့ကောင်လေးနှစ်ယောက်ကို စခန်းထဲမှာ ထည့်ထားတယ်။ စခန်းမှူးက အခုထိ (ယခုသတင်းရေးသားနေချိန် ည၈နာ ရီ ၄၀မိနစ်) သူ့အိမ်ထဲကနေ ခေါ်လို့မရဘူး။ တံခါးပိတ်ထားတယ် ကြောက်နေပုံရတယ်။ သတင်းလွှင့်ထားတာက ကောင်လေးက သေနတ်ယူဆော့ရင်း ကျည်ထွက်ပြီး သေတာလို့ လွှင့်ထားတာ”ဟု ၎င်းက ပြောသည်။

မအူပင်မြို့မရဲစခန်းမှူးသည် အင်္ဂပူမြို့နယ်မှ ပြောင်းရွေ့လာသည်မှာ မကြာသေးကြောင်းနှင့် မအူပင်မြို့ပေါ်တွင် ငွေတောင်းကြမ်းသူဟု နာမည်ထွက်ပေါ်နေသူဖြစ်ကြောင်း သိရသည်။ mizzima

« Older Entries