Monthly Archives: Mar 2022

ယင်းမာပင်တွင် စစ်​တပ်နှင့် PDF ပူး​ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့​မှာ မတ် ၁၃ ရက် ညပိုင်းက စစ်​ကောင်စီတပ်နဲ့ ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့​တို့ ထိ​တွေ့တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့ အထက်တန်း​ကျောင်းဝင်းအတွင်းမှာ ဝင်​ရောက်တပ်စွဲ​နေတဲ့ စစ်​ကောင်စီ တပ်ဖွဲ့​တွေကို မတ် ၁၃ ရက် ည ၉ နာ​ရီ​ကျော်​လောက်မှာ ဒေသခံ PDF အဖွဲ့​တွေက ဝင်​ရောက်တိုက်ခိုက်ရာက​နေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ​ဒေသခံတွေက ​ပြောပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီဝန်းကျင်လောက်ထိ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာကြောင့် အနီးအနားက ပြည်သူ​တွေ ညတွင်းချင်း ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီ​နောက် မီး​လောင်ကျွမ်းမှု​တွေပါ ဖြစ်​ပေါ်ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ (တစည) ရုံး အပါအဝင် မိတ္တူဆိုင်နဲ့ ဆိုင်ကယ်ဝပ်​ရှော့ဆိုင်တို့ မီး​​လောင်ပျက်စီးသွားခဲ့တယ်လို့ ​ဒေသခံ​​တွေက ​ပြောပါတယ်။ 

မီး​လောင်ကျွမ်းရတာဟာ လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲမှု​ကြောင့် ဖြစ်နိုင်တယ်လို့ ​ဒေသခံ​တွေက ခန့်မှန်း​ပြောဆို​နေကြပြီး နှစ်ဖက်ထိ ခိုက် မှုအ​ခြေအ​နေကို​တော့ မသိရ​သေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်​တွေက ယင်းမာပင်မြို့နယ်အတွင်း ရွာစဥ်ထိုး​ လှည့်လည်​မွှေ​နှောက်​ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်ခဲ့သလို နေအိမ်​တွေလည်း မီးရှို့ဖျက်ဆီး​နေတဲ့အဖွဲ့ဖြစ်တယ်လို့ ​​ဒေသခံ​တွေက ပြောပါတယ်။ 

အဲဒီအဖွဲ့ဟာ မတ် ၁၃ ရက်​နေ့မှာ​ ယင်းမာပင်မြို့အတွင်းကို ​ရောက်ရှိလာခဲ့ပြီး အထက စာသင်​ကျောင်းဝင်းထဲမှာ ဝင်​ရောက်တပ်စွဲ​နေထိုင်ခဲ့တာလို့ ​ဆိုပါတယ်။ DVB

ရေစကြို သဲတောရွာတွင် သက်ကြီးရွယ်အိုများကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး ရွာကို မီးရှို့နေ၊ ဒီပဲယင်းတွင်လည်း စစ်တပ် ရောက်ရှိလာခြင်းကြောင့် ရွာ ၆ မှ ပြည်သူများ ထွက်ပြေးနေရ

မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၉နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြေးလွှားနိုင်ခြင်းမရှိသော သက်ကြီး ရွယ်အိုများကို စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ အမည်များနှင့် အရေအတွက် မသိရှိရသေးကြောင်း ပခုက္ကူ လူထုတိုက်ပွဲ ကော်မတီ ထံမှသိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း သဲတောရွာကို နံနက် ၉ ခန့်တွင် ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ရွာထဲရှိ ထွက်ပြေးနိုင်ခြင်းမရှိသော အသက်အရွယ် ကြီးရင့်သော လူမမာများပါ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်သည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းနှင့် ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ် နေခြင်းကြောင့် ဒေသခံပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ နုများကျေးရွာဘက်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကျေးရွာ ၆ရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများနှင့် ယဉ်ကျေး ကျေးရွာများရှိ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ အဆိုပါ ကျေးရွာ ၆ရွာ အနီးဝန်းကျင်ရှိ ရွာများက ပြည်သူ တချို့လည်း ဘေးလွတ်သို့ ကြိုတင် တိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။

” သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများနဲ့ ယဉ်ကျေး ရွာက ပြည်သူ တွေက အဓိကပြေးနေတာပေါ့။ စစ်ကြောင်းတွေက သူတို့ရွာတွေနဲ့ ပိုနီးတယ်။ အနီးအနား ရွာက ပြည်သူ တချို့လည်း ပြေးနေတာတွေ တွေ့တယ်လို့ ပြောတယ်။ အင်တာနက်လိုင်းနဲ့ ဖိုင်းလိုင်းတွေက ဖြတ်တောက် ခံထားရတော့ အဆက်အသွယ် လုပ်ရတော့ အဆင်မပြေဘူး။ သူတို့ စစ်ကြောင်းတွေ ရွာထဲဝင်လာရင် သူပုန်တွေထက် ဆိုးတော့ ပြည်သူတွေလည်း ပြေးရတာပေါ့” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၃၂ တပ် ရင်းရှေ့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောက်စီလက်အောက်ခံ ခလရ ၃၂ တပ်ရင်းရှေ့မှာ မတ် ၁၄ ရက် ဒီမနက် ၉ နာရီလောက် က စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ ၊ မင်္ဂလာကုန်းအနောက်ဘက်နဲ့ ခလရ ၃၂ တပ်အနီးမှာ KNLA တပ်ရင်း ၁၇ ယောက်လောက်နဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နေ့လယ်လောက်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ် ၁ ဦးနဲ့  အရပ်သား ၁ ဦး ထိမှန်သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက”အခုက တိုက်ပွဲဖြစ်နေတုန်းပဲ။ လောလောဆယ်ကြားတာက တပ်ကဗိုလ်တစ်ဦးနဲ့ အရပ်သားတစ်ဦး ကျတယ်လို့ သိထားတယ်”လို့ ဆိုပါတယ်။

တိုက်ပွဲအသေးစိတ်ကို မသိရှိရသေးသလို နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို ဒီဗွီဘီက အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

အဆိုပါတိုက်ပွဲအတွင်း  စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် မြို့ခံပြည်သူတချို့နဲ့  ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ ပိတ်မိနေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကော့ကရိတ်- ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမပေါ်  ယာဉ်သွားယာဉ်လာ မရှိတော့တဲ့အပြင် မြို့ခံသားပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စိုးရိမ်နေကြပါတယ်။DVB

KNU တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး အရာရှိ အပါအဝင် စစ်သားများ သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ ကော့ကရိတ်တွင် ဂိတ်စောင့် BGF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ကြာအင်းဆိပ်ကြီးတွင်လည်း တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ နယ်မြေ၊ ဘိတ်-ထားဝယ် ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အရာရှိအပါအဝင် စစ်သားများသေဆုံးကာ လက်နက်ခဲယမ်းအများအပြား၊ ပိုက်ဆံများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ကပစ ထုတ် MA အမျိုးအစား သေနတ် ၄ လက်၊ ပစ္စတို ၁ လက်၊ RPG ၁ လက်၊ လက်နက်ကြီး စိန်ပြောင်း ၂ ခု၊ မြန်မာကျပ်ငွေများ၊ ထိုင်းဘတ်ငွေများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်ရှိ ဝိဇ္ဇာကုန်းကျေးရွာ လမ်းထိပ်ဇရပ်တွင် ခရီး သွားပြည်သူများထံမှ လမ်းကြေးကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ BGF ၂ ဦး ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်စီးလာသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် BGF ၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် ဝိဇ္ဇာကုန်းကျေးရွာထိပ် ဇရပ်တွင် ဂိတ်ကိုဖွင့်လှစ်ထားကာ BGF တပ်ဖွဲ့ဝင်များသည် ခရီး သွားပြည်သူများထံမှ ငွေကြေးများ မတရားကောက် ခံနေကြောင်း ကော့ကရိတ်သတင်းရင်းမြစ် KO-news ထံမှ သိရှိရသည်။

“အဲ့ဒီနေရာနဲ့ လမ်းမကြီးတစ်လျှောက်က သူတို့စိုးမိုးထားပြီး ပိုက်ဆံတောင်းတဲ့ ဂိတ်တွေအများကြီးဖွင့်ထားတာ၊ နောက်ပြီး ဂိတ်နေရာနဲ့ မ လှမ်းမကမ်းက လမ်းမကြီးဘေးမှာလည်း သူတို့ကိုယ်တိုင်ထောင်ထားတဲ့ ကစားဝိုင်းရှိတယ်၊ အချင်းချင်းအဝေမတည့်လို့ ပစ်ကြတာလို့ပဲထင်တယ်၊ တစ်ဖက်ရန်သူက အဲ့ဒီနေရာအထိသွားလုပ်လို့ရတဲ့နေရာမျိုးမဟုတ်ဘူး၊ နေရာကသူတို့အပိုင်နေရာ”ဟု ဒေသခံမှ KO-news သို့ ပြော သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရှင်းရှေ့တွင် ယနေ့နံနက် ၉ နာရီမှ ၉ နာရီခွဲအထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ကြာအင်းဆိပ်ကြီး၊ မင်္ဂလာကုန်းအနောက်ဖက်တွင် တိုက်ပွဲထံမံဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပစ်ခတ်မှုတွင် ဒေသခံ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရကြောင်း သိရှိရပြီး ရန်ကုန်ခေတ်သစ်က သီးခြားအတည်မပြုနိုင်ပေ။

ယနေ့နံနက်တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြား-ဘုရားသုံးဆူ ကားလမ်းနှင့် ကြာအင်းဆိပ်ကြီး-ကော့ကရိတ် ကားလမ်းများ ပိတ်ထားရကြောင်း သိရှိရသည်။ khit thit

ကနီမြို့နယ်ရှိ သဘာဝသယံဇာတ ထုတ်ယူလိုပါက ခွင့်ပြုချက်ယူရမည်

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက သဘာဝသယံဇာတတွေ ထုတ်ယူတာကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တားမြစ်ထားပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ဖို့ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ် ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အလောင်းတော်ကဿဖနယ်မြေထဲက  ကျွန်း၊ ပိတောက်၊ တမလန်းနဲ့ တခြား သစ်ဝါးတွေကို ခုတ်ယူခွင့် မပြုကြောင်းနဲ့ မြို့နယ်ထဲမှာလည်း သစ်၊ ဝါးတွေ သယ်ဆောင်ခွင့် မပြုကြောင်း ကနီအုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်အသိ ပေးလိုက်တာပါ။ 

လက်တလော တော်လှန်ရေးကာလဖြစ်တာကြောင့် နိုင်ငံတော်ရဲ့ သယံဇာနဲ့တွင်းထွက်တွေကို ပြည်သူတွေအနေနဲ့ မပြုန်းတီးစေရေး ထိန်း သိမ်းဖို့ တာဝန်ရှိတယ်လို့လည်း  ပြည်သူတွေကို အသိပေးထားပါတယ်။

ဒါပေမဲ့လည်း အိမ်ဆောက်ဖို့နဲ့ ရွှေ၊ ငွေ၊ ကျောက်မီးသွေး၊ သတ္တုတူးဖော်လိုပါက အုပ်ချုပ်ရေး အဖွဲ့ဆီက ခွင့်ပြုချက်ယူပါလို့ ဆိုပြန်ပါတယ်။

ဒါတင်မက ကုန်လမ်းနဲ့ ရေလမ်းခရီးသွားလိုတဲ့ ယာဉ်တွေအနေနဲ့ သူတို့သတ်မှတ်တဲ့အချိန်မှာပဲ သွားလာကြဖို့လည်း ထုတ်ပြန်ချက်မှာ သတိ ပေးထားပါတယ်။

ကနီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကနီမြို့နယ်ထဲ ဖြတ်သန်းသွားတဲ့ ယာဉ်တွေဟာ စစ်ကောင်စီ ထောက်တိုင်ပစ္စည်းမှန်သမျှကို သယ်ဆောင်တာ လုံးဝခွင့်မပြုဘူးလို့ ထုတ်ပြန်ပါတယ်။ DVB

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌ အပါအဝင် ဇနီးနှင့် ၇ လအရွယ် သမီးငယ်တို့ အသတ်ခံရ

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပျောက်ဆုံးခဲ့သည့် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီးနှင့် ခုနှစ်လအရွယ် သမီးငယ်တို့ အသတ် ခံခဲ့ရသည်။

မိုင်းနုမ်ဟန်၏ ရုပ်အလောင်းကို မတ်လ ၃ ရက်နှင့် ဇနီး အပါအဝင် ခုနှစ်လ အရွယ် သမီးငယ်တို့၏ ရုပ်အလောင်းကို မတ်လ ၉ ရက်တွင် ၎င်းတို့မိသားစု ပျောက်ဆုံးခဲ့သည့် မိုင်းကိုင်မြို့နယ် တုံလောရွာအနီး ပန်ပွဲရွာပိုင် တောင်ယာ အထက်ရှိ ထူထပ်သည့် တောထဲမှ ကျင်းကြီးတစ်ခု အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ မိသားစုကို သျှမ်းပြည်တပ်မတော ်(RCSS/SSA) က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် တွေ့သူ ပန်ပွဲရွာခံနှင့် RCSS တပ်ဖွဲ့မှ ထွက်ပြေးလာသည့် တအောင်း ပလောင် လူမျိုး တပ်သား တို့က အတည်ပြု ခဲ့ကြောင်း သိရသည်။

RCSS တပ်က မိုင်းနုမ်ဟန်ကို ဖမ်းဆီးခြင်း မရှိကြောင်း ငြင်းဆိုထား သော်လည်း ၎င်းဖမ်းဆီးခံရချိန် ဇန်နဝါရီလ ၁ဝ ရက်တွင် တုံလောနှင့် ပန်ပွဲရွာ တစ်ဝိုက်၌ RCSS တပ်ဖွဲ့သာ ရှိနေကြောင်း တုံလော၊ ပန်ပွဲရွာ တာဝန်ရှိသူများ ရွာခံများက အတည်ပြုထားပြီး မဟာမိတ် တပ်ပေါင်းစုတို့ ဇန်နဝါရီလ ၂၄ ရက်မှသာ တုံလောရွာဘက်သို့ ရောက်ရှိကြောင်း ဆိုသည်။

မိသားစုလိုက် ဖမ်းဆီး သတ်ဖြတ် ခံရမှု အပေါ် တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO)၊ တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်း နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ ၏ ထိုင်းဖုန်းနံပါတ်ကို ဆက်သွယ် သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။

မိုင်းနုမ်ဟန်နှင့် မိသားစု ရုပ်အလောင်းကို ယမန်နေ့ မတ်လ ၁၃ ရက်တွင် သင်္ဂြိုဟ်ရာ လူထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကားတိုက်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ရာ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မိခင်နာရေး ပြုလုပ်သည့် မတ်ချိနုတ်ရွာမှ မြို့ပေါ်အပြန် တုံလောရွာ အထွက် RCSS တပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။mizzima

မတူပီမြို့နယ် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်တိုက်ပွဲမှာ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက် ၂ ရက်အတွင်း စစ်ကောင်စီဘက်က ၈ ယောက်လောက်သေဆုံးကာ ၁၅ ယောက်ထပ်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ပလက်ဝက ပြောပါတယ်။

မတူပီမြို့နယ် လိုင်လီပီမြို့ကနေ ထယ်ဘွေ့ စခန်းဘက်ကို အင်အားဖြည့်ဖို့တပ်လာတဲ့ စစ်ကောင်စီတပ်သား ၁၅၀ လောက်ကို မတ်လ ၁၂ ရက်နေ့က စခီဟာရွာနားမှာ CDF-ပလက်ဝ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ပလက်ဝရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မတူပီ-ပလက်ဝ ကားလမ်းမှာပဲ CDF-ပလက်ဝ၊ CDF-မတူပီ၊ CNA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီလောက်အထိ တကြိမ်၊ ညနေ ၃ နာရီလောက်ကနေ ၅ နာရီလောက်ထိတကြိမ် စုစုပေါင်းတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖြစ်တဲ့ CNA ဘက်က ရဲဘော် ၁ ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရပြီး CDF- ပလက်ဝက ရဲဘော် ၁ ယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထယ်ဘွေ့စခန်း အဝင်လမ်းကြောင်းတစ်လျှောက် ပိတ်ဆိုထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် တွီဆော့ကုန်းကျေးရွာက နေအိမ် ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ ခရစ်ယန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲ အတွင်းမှာ ရောက်ရှိနေတဲ့ ပြည်သူလူထုကိုလည်း ထိခိုက်မှုမရှိအောင် ဘေးကင်းလုံခြုံတဲ့ နေရာတွေကို လိုက်လံပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။DVB

လွိုင်ကော်၊ ထီရိကျေးရွာအနီးတိုက်ပွဲတွင် PD F ၁ ဦးကျဆုံး၊ မတ်လ ၁၁ ရက်နေ့ ကရင်နီပူး ပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲတွင် စစ်သား ၇ ဦးခန့် သေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လွိုင်ကော် PDF၊ KNDF ပူးပေါင်းတပ်ဖွဲ့ကြား မတ်လ ၁၁ ရက်နှင့် ၁၄ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးနိုင်ကြောင်း လွိုင်ကော် PDF ၁ ဦး ယနေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ကယန်းသာယာဘက်မှ ထီရိကျေးရွာဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာကြောင်း၊ လွိုင်ကော် PDF၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လွိုင်ကော် PDF ရဲဘော် မျိုးအောင် (ခ) ပေါလူ ကျဆုံးခဲ့ကြောင်း PDF လွိုင်ကော်ထံမှ သိရှိရသည်။

မတ်လ ၁၁ ရက်တွင် လင်ဖုံလေးလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDFနှင့် KNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦးမှ ၇ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းများကို ကားဖြင့် သယ်သွားသည်ကို မြင်တွေ့ရကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများရှိရာ လွိုင်ကော်မြို့၊ ဒေါစဲကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အချို့ ပျက်စီးကာ ရွာသားအချို့ ထိခိုက်ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၉ က သတင်းထုတ်ပြန်ထားသည်။khit thit

နေပြည်တော်ဝင်ပေါက် မိုးဗြဲ-ဒီးမော့ဆို လမ်းကို စစ်ကောင်စီ ထိန်းချုပ်

လက်နက်နှင့် ကျည်ဆန် အလှူခံ တိုက်နေရသည့် ကရင်နီကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းကို လေကြောင်းအပါအဝင် လက်နက်ကြီးမျိုးစုံသုံးကာ တစ်လဝန်းကျင် ထိုးစစ် ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်မှာ ဒီးမော့ဆိုမြို့နှင့် လက်တကမ်းအကွာ ရောက်လာသည်။

နေပြည်တော်နှင့် လေးနာရီခွဲဝန်းကျင်သာ ခရီးကွာဝေးသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲတွင် ဖေဖော်ဝါရီ ၁၅ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကရင်နီကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ ဒီးမော့ဆို မြို့ဘက်ကို အင်အားအလုံးအရင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခြင်းဖြစ်သည်။​

လက်နက်အင်အားမမျှ၍ မိုးဗြဲ ဒီးမော့ဆို လမ်းပိုင်းတစ်လျှောက် ခံစစ်နေရာ တစ်ခုပြီးတစ်ခု ဆုတ်ခွာပေးခဲ့ရပြီးနောက် ယမန်နေ့ (မတ်၁၂) နံနက်တွင် ဒီးမော့ဆိုမြို့ပေါ်နှင့် မိနစ်ပိုင်းသာဝေးသည့် ဒေါငံခါးရပ်ကွက်သို့ စစ်ကောင်စီ၏ ထိုးစစ်ရောက်လာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကာ ယမန်နေ့ည ၉ နာရီခန့်မှစ​ ၍ အတွဲလိုက်ပစ်ခတ်နိုင်သော ဒုံးလက်နက်များဖြင့်ပါ ပစ်ခတ်ကြောင်း KNDF တာဝန်ရှိသူက ဆိုသည်။​

စစ်ရေးအရ အရေးပါသည့် ဒေါငံခါးရပ်ကွက်ကို ဒေသကာကွယ်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရသည် ဟုလည်း KNDF တပ်ရင်း ၁ က ယနေ့ (မတ် ၁၃) နံနက်တွင် ထုတ်ပြန်ကြေညာထားသည်။

“ဒီလို(ဒုံးတင်ယာဉ်)နဲ့ ပစ်တာလေ။ ကျနော်တို့မှ ခံနိုင်စရာမရှိတာ။ အတွဲလိုက်ပစ်တယ်။ အဲဒါတွေတင်မကဘူး။ ၆၀၊ ၈၀၊ ၁၂၀၊၁၂၂ (မမ-လကနက်ကြီးများ) အဲဒီလိုတွေ ဆက်တိုက်ပစ်တာ။ (နယ်မြေ) မပေးချင်ပေမယ့် လက်နက်ကြီးကြားမှာ အသက်တွေ ထပ်မပေးရဖို့အတွက် ဆုတ်လိုက်ရပါတယ်” ဟု KNDF တပ်ရင်း ၁ တာဝန်ရှိသူက ပြောသည်။

သို့သော် ဒေသကာကွယ်ရေးအဖွဲ့များ ဒီးမော့ဆိုမြို့ကို လုံးဝစွန့်လွှတ်လိုက်ရသည့် အခြေအနေ မဟုတ် သေးဟု ၎င်းက ဆက်ပြောသည်။ စစ်ရှောင်များအခြေအနေနှင့် စစ်ကောင်စီကို မည်သို့ ခုခံနေသည်ကိုမူ အသေးစိတ် မသိရပေ။

“အရင်ကလို ဒီ ဒေါငံခါးကနေ မိုးဗြဲအထိ ကောင်းကောင်းထိန်းချုပ်နိုင်ရင် စစ်ရေးအရ‌ရော၊ စစ်ရှောင် ပြည်သူအတွက်ကော အဆင်ပြေတာတော့ မဟုတ်ပေမယ့် ပိုခံသာစေပါတယ်။ ပြောရရင် စစ်ရှောင်ဖို့ နေရာရှိခဲ့တယ်ဗျာ။ အခုတော့ သူတို့ စစ်ရှောင်‌ဖို့ နေရာလည်း မရှိတော့ပါဘူး” ဟု KNDF တပ်ရင်း ၁ တာဝန်ရှိသူက ပြောသည်။

“ဒေါငံခါးကို ပြန်လိုချင်ပါတယ်။ ရအောင် ပြန်လည်း ယူပါမယ်။ ဝိုင်းဝန်းကူပေးကြပါ” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲများတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ခြေလျှင်တပ်ရင်း ၁၀၂၊ ခြေမြန်တပ်ရင်း ၄၂၇၊ မြို့မ ရဲစခန်း၊ ပြည်အောင်ရတနာဆီဆိုင်၊ လွိုင်ကော်ရှိ ခြေလျှင်တပ်ရင်း ၂၆၁ ကဲ့သို့ စစ်ကောင်စီ တပ်စွဲရာ နေရာများမှ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေသည်ဟု အထက်ပါ KNDF တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ကင်းထောက်လေယာဉ်များ နေ့နေ့ညည ပျံသန်းနေပြီး စစ်ရှောင်စခန်းများပါမကျန် ရေတွက်၍ မရနိုင်တော့သည်အထိ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲနေသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မိုးဗြဲ-ဒီးမော့ဆို လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၊ လေယာဉ်ဖြင့် ဗုံးကြဲ၊ မီးရှို့၊ အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် အခြေအနေတွင် ဒေသတွင်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရ သဖြင့် အချက်အလက် အသေးစိတ်အတည်မပြုနိုင်သေးဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

တစ်လနီးပါးကြာ နေ့စဉ် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၀၀ ကျော်ရှိကာ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းတို့ ဘက်မှ ၄၀ ဝန်းကျင် သေဆုံးကာ ဒဏ်ရာရသူများကြောင်း KNDF ၏ အပတ်စဉ် တိုက်ပွဲသတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ထိုကာလအတွင်း စစ်ရှောင်စခန်းများပါ ဗုံးကြဲခံရ၍ သေဆုံးသည့် အရပ်သား ၄ ဦး၊ စစ်ကောင်စီ၏ မြေပြင် စစ်ဆင်ရေးများအတွင်း သတ်ဖြတ်ခံရသည့် အရပ်သား ၁၅ ဦးထက် မနည်းရှိသည်ဟု KNDF စာရင်းက ဆိုသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် စစ်ဘေး ရှောင် ၁၇၀၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာရှားပါးမှုနှင့် ကြုံတွေ့နေရကာ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် မကြာခဏနေရာရွှေ့ပြောင်းနေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အကူအညီပေး နေသူအချို့ ထံမှသိရသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်အာဏာသိမ်းပြီးချိန် တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာတွင် ကရင်နီဒေသသည် ထင်ရှားသည်။

နှစ်ဆန်းပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ကယားပြည်နယ် မြို့တော်လွိုင်ကော်မြို့ကိုပါ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုဒေသသို့ အလုံးအရင်းဖြင့် စစ်ဆင်လာသည်။

အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်၊ လက်နက်မျိုးစုံနှင့် လေကြောင်းပါ သုံး၍ စစ်ကောင်စီက တိုက်ခိုက်ချိန်တွင် တိုက်ပွဲဝင်လက်နက် မပြည့်စုံသည့်ဒဏ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များ ကြုံနေရသည်ဟု ထိုတိုက်ပွဲများတွင် ကိုယ်တိုင်ပါဝင် တိုက်ခိုက်နေသူ အချို့ထံမှသိရသည်။

“လက်နက်အင်အားမညီမျှတာ တစ်ခုတည်းနဲ့ ကျွန်တော်တို့ ခုခံခုခံရင်း ကျွန်တော်တို့ တဖြည်းဖြည်း ဆုတ်လာတာ။ ဒါပေမယ့် မတရားမှုကို မခံချင်စိတ်နဲ့ ကျွန်တော်တို့ တော်လှန်ခဲ့တာပဲ”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(စစ်လက်နက်) ဒီလိုမျိုး သုံးလိမ့်မယ်လို့ မထင်ထားဘူး။ တအားရက်စက်တဲ့ အနေအထားမျိုးတော့ ရှိတယ်ပေါ့နော် စစ်ကောင်စီက” ဟု ကိုယ်ပိုင်မောင်းပြန်ရိုင်ဖယ် သေနတ်မရှိ၍ အလှည့်ကျ တိုက်ပွဲဝင် နေရသည့် ၎င်းက ဆက်ပြောသည်။

၂၀၂၁ စက်တင်ဘာ ၇ ကတည်းက လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့ တော်လှန်ရေးစပြီဟု ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနထံကမူ စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေသည့် အဖွဲ့များကို မည်သို့ လက်နက်တပ်ဆင်ပေးနေသည်ကို ရှင်း လင်းစွာ မသိရသေးပေ။

“တကယ့်လက်တွေ့မှာတော့ ရန်ပုံငွေကော၊ လက်နက်ရရှိဖို့ကော အားလုံးကို တစ်ပြိုင်တည်း မြှင့်တင်နိုင်ဖို့လုပ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ NUG ကာကွယ်ရေးဌာနရဲ့ အဓိကထားဆောင်ရွက်တဲ့ ကိစ္စရပ်ဖြစ်သလို ဒီကိစ္စကလည်း အခက်အခဲများစွာထဲက ဆောင်ရွက်ရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု အတွင်းဝန် ဦးနိုင်ထူးအောင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် Myanmar Nowကို ပြောထားသည်။

လက်နက်ကိုင်အဖွဲ့များ၏ အဆင့်ဆင့်ကွပ်ကဲမှုစနစ် (Chain of command) ထူထောင်ရန် စစ်ရေး ဆိုင်ရာ ဗဟိုကော်မတီဖွဲ့ထားသည်ဟု လွန်ခဲ့သည့် လေးလကျော်က ပြောထားသည့် ဦးနိုင်ထူးအောင်က မည်သို့ဖော်ဆောင်နေသည်ကိုမူ ထိုတွေ့ဆုံမေးမြန်းမှုအတွင်း တိကျစွာထည့်သွင်းပြောဆိုခြင်းမရှိပေ။

စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ကရင်နီဒေသတွင်မူ တပြန့်တကျဲရှိနေသည့် ခုခံရေးအဖွဲ့များထဲမှ အချို့စု ပေါင်း၍ ၂၀၂၁ မေလတွင် ထူထောင်ထားသည့် ၎င်းတို့ အဖွဲ့မှာ ကရင်နီတပ်မတော် (KA) ၏ အမိန့်ပေးစနစ်အောက်တွင်ရှိသည်ဟု တပ်ရင်း ၁၈ ခုအထိရှိသော KNDF ဘက်က ပြောထားသည်။

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို စသဖြင့် မြို့နယ်အလိုက်ရှိသည့် PDF အဖွဲ့များကမူ NUG၏ ချိတ်ဆက်ထားသည်ဟု ဆိုကြသည်။

အခြားအဖွဲ့များဖြစ်သည့် KPDF, KGZ, GZ-21-PDF, KDF, JPDF Rangers စသည့်အဖွဲ့များ မှာမူ စစ်ရေးအမိန့်ပေးကွပ်ကဲစနစ် မည်သူနှင့် ချိတ်ဆက်ထားသည်ကို ရှင်းလင်းစွာ မသိရသေးပေ။

လက်နက်ကိုင်တပ်ဖွဲ့များကို အမိန့်စီးဆင်းမှု စနစ်တစ်ခုအောက်တွင်ထားနိုင်မှ အထိအခိုက်နည်း၍ ရည်မှန်းချက် ပြည့်မြောက်မည်ဟု ကရင်နီဒေသရှိ ဝါရင့်လက်နက်ကိုင်အဖွဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

“စစ်ရေးအရ ဆိုလို့ရှိရင် အဆင့်ဆင့်ပေါ့နော်။ စစ်ရေးစီမံချက်ဆိုတာ လုပ်ရတယ်။ အဲလိုလုပ်တဲ့အခါမှာ ညွှန်ကြားမှုက တစ်ခုတည်း မရှိတဲ့အခါကျတော့ ကစဉ့်ကလျား ဖြစ်တာပေါ့နော်။ ကျွန်တော်တို့ အထိနာတာတွေက အများကြီး ဖြစ်သွားနိုင်တယ်ပေါ့နော်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တောင်ကုန်း၊ တောင်တန်းများပေါများပြီး ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်ကာ လူဦးရေသုံးသိန်း ဝန်းကျင်သာရှိသည့် ကယားပြည်နယ်တွင် စစ်ကောင်စီ၏ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထက်ဝက်ကျော် စစ်ရှောင်နေရသည်ဟု ဒေသခံအရပ်ဘက်အဖွဲ့ စာရင်းများအရ သိရသည်။

မြို့နယ် ၇ ခုဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်အတွင်း လူဦးရေ နှစ်သိန်းခွဲကျော်နေထိုင်သည့် လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို မြို့နယ်များတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ထိုဒေသအတွင်း စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များအတွက် လက်နက်၊ ကျည်ဆန်၊ ရိက္ခာနှင့် စစ်ရှောင်များအတွက် လိုအပ်သည့် အကူအညီများကို အထိုက်အလျှောက် ဖြည့်ဆည်းနိုင်ရန် အလှုခံသည့် နည်းဖြင့် တက်ကြွစွာ ဖြည့်ဆည်းနေသည်ကို Facbook စာမျက်နှာများ ထက်တွင် ထင်ရှားစွာတွေ့ရသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။myanmar now

« Older Entries