မြန်မာနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက် အကျဥ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု တွေ တစ်ကျော့ပြန် ပြင်းထန် လာပါတယ်။
စစ်တပ်က လက်သပ် မွေးထားတဲ့ ရာဇဝတ်မှု နှစ်ကြီး သမားတွေနဲ့ စစ်တပ် လက်အောက်ခံ အကျဥ်းထောင် ဝန်ထမ်းတွေဟာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရား အကျဥ်းချ ခံထားရတဲ့ ပြည်သူတွေကို အကျဥ်းထောင် အတွင်း အနိုင်ကျင့် နှိပ်စက်မှုတွေ လုပ်နေကြပါတယ်။
အဆိုးဆုံးကတော့ လိင် အကြမ်းဖက်မှုတွေကို အတားအဆီးမရှိ လုပ်ချင်သလို ဆိုးရွားစွာ ထင်တိုင်း လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူတွေ စစ်ကြောရေးစခန်းမှာ လိင်အကြမ်းဖက် ခံနေရတာတွေ ၊ အကျဥ်းထောင်တွင်း ဆေးကုသခွင့် မရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အချို့ နဲ့ မစ္ဇျိမ သတင်းဌာနက အဆက်အသွယ် ရရှိခဲ့လို့ သိရှိ ခဲ့ရပါတယ်။
သူတို့တွေ ဆီက သိရတဲ့ အချက်အလက်တွေအရ စစ်ကြောရေး စခန်းမှာ လိင် အကြမ်းဖက်မှုတွေ၊ အကျဥ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာတွေ၊ နိုင်ငံရေး အကျဥ်းသားတွေကို ရာဇဝတ်မှု နှစ်ကြီး အကျဥ်းသမားတွေက နှိပ်စက်တာတွေ ၊ ထောင်ဝန်ထမ်းတွေက ဝင်ရောက် ရိုက်နှက်တာတွေ မျိုးစုံ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက စစ်ကောင်စီရဲ့ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသူ မန္တလေးက ကျောင်းသား တစ်ဦးဟာ စစ်ကြောရေးမှာ စအိုအတွင်း ဝါးလုံး ထိုးသွင်း နှိက်စက် ခံခဲ့ရသလို တခြားသော လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုများစွာ ခံထားရပြီး ဆေးကုသခွင့် မရရှိခဲ့ပါဘူး။ အကျဥ်းထောင်ကို ရောက်လာချိန်မှာတော့ သူဟာ ဝမ်းသွားမရတဲ့ ပြဿနာ၊ စအို အတွင်းထဲက နာကျင်ကိုက်ခဲတာ၊ အပြင်းအထန် ဗိုက်အောင့်တာတွေ ခံစား နေရတယ်လို့ သိရပါတယ်။
သူနဲ့အတူအကျဥ်းထောင်ကိုသိပ်မကွာဘဲရောက်လာသူအမျိုးသားသုံးဦးဟာလည်း အလားတူ လိင်အကြမ်းဖက်မှုခံခဲ့ရသေးတယ်လို့ဆိုပါတယ်။
မန္တလေးနန်းတွင်း စစ်ကြောရေး စခန်းဟာ အမျိုးသားတွေကို သာမက အမျိုးသမီးငယ်တွေ ကိုပါ လိင် အကြမ်းဖက်တာတွေ လုပ်ဆောင် နေပါတယ်။
စစ်ကြောရေး အတွင်း သုံးလနီးပါး ကျော်ဖြတ်ခဲ့ရသူ နိုင်ငံရေး အကျဥ်းသားတစ်ဦး က စစ်ကြောရေးဟာ အမျိုးသမီးတွေရဲ့ မချိမဆန့် အော်ဟစ်သံတွေ နဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ အော်ရယ်သံတွေ ဆူညံနေပြီး ငရဲခန်း တစ်ခုထက် ဆိုးနေတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ ဘာမှ လုပ်မပေးနိုင်ဘူး။ ခဏလေး နားရတဲ့ အချိန်လေးမှာတောင် ဒီအသံတွေ ကြားနေရတယ်။ ငရဲထက် ဆိုးတယ် “လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပြောခဲ့ပါတယ်။
၎င်းကိုယ်တိုင်လည်း စစ်ကြောရေးမှာ အမျိုးသား အင်္ဂါကို ခြေထောက်နဲ့ အကန်ခံရတာ၊ စအိုအနီး ဆေးလိပ်မီးနဲ့ အတို့ ခံရတာတွေအထိ လိင်အကြမ်းဖက် ခံခဲ့ရပါတယ်။
အဲဒါအပြင် စစ်ကြောရေးကနေ အိုးဘို အကျဥ်းထောင် ရောက်လာသူ အသက် ၂၀ ကျော် အရွယ် ဗကသ ကျောင်းသူ အမျိုးသမီးငယ်ဟာ စစ်ကြောရေးမှာ လိင်အကြမ်းဖက် ခံခဲ့ရလို့ ဒဏ်ရာတွေ ရခဲ့ပြီး အကျဥ်းထောင် ရောက်တော့လည်း ဆေးကုသခွင့် မပေးဘဲ တိုက်ပိတ် ခံထားရတယ်လို့ သိရပါတယ်။
အိုးဘိုထောင် အတွင်းက အမျိုးသမီး အဆောင်တည့်တည့်မှာလည်း CCTV တပ်ပြီး အမျိုးသမီးတွေ အဝတ်လဲချိန်၊ ရေချိုးချိန်နဲ့ အိပ်ချိန်တွေကို ဓာတ်ပုံ ခိုးရိုက်တာတွေ ရှိတယ်လို့လည်း အကျဥ်းထောင် အတွင်းက ရတဲ့ သတင်းတွေအရ သိရပါတယ်။
“အကျဥ်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အမှန်တကယ် ဖြစ်နေတာပါ။ ထွက်မလာနိုင်တဲ့ သတင်းတွေ ရှိနေပြီး တကယ်လက်တွေ့မှာ ဒီထက်မက ရှိနေနိုင်ပါတယ်။ အရှက်ကြောင့် ထုတ်မပြောကြတဲ့ အကြမ်းဖက်မှုတွေလည်း အများကြီး ရှိနေမှာပါ ” လို့ အမျိုး သမီး အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ဆိုပါတယ်။
ရှစ်လေးလုံး အထိမ်းအမှတ် အနေနဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ညပိုင်းက အကျဥ်းထောင် အတွင်း ဆန္ဒပြ ကြွေးကြော်သံများ အော်ခဲ့ကြသူတွေကိုလည်း အကျဥ်းဦးစီးဌာန ဝန်ထမ်းတွေက အကျဥ်းထောင် အတွင်း ဝင်ရောက် ရိုက်နှက်ခဲ့ပြီး လူဦးရေ ၄၀ ကို တိုက်ပိတ် ခဲ့တယ်လို့ သိရ ပါတယ်။
နိုင်ငံရေး အကျဥ်းသမားတွေကို ရာဇဝတ် အကျဥ်းသားတွေနဲ့ အတူ ပေါင်းထားတာကြောင့် နှစ်ရှည်ထောင်ကျ ရာဇဝတ်အကျဉ်းသားတွေက နိုင်ငံရေး အကျဥ်းသားတွေ ဆီကနေ ငွေကြေး တောင်းခံတာတွေပါ ရှိတယ်လို့လည်း ထောင်တွင်း အဆက်အသွယ်တွေ က ပြောပါတယ်။
“ငွေမပေးရင် ရိုက်နှက်တာတွေ လုပ်ပါတယ်။ ပြီးတော့ အလုပ် မပါဘဲ ထောင်ကျလာတဲ့ သူတွေ ရှိတယ်။ အဲလို လူတွေကို အလုပ်ကြမ်းတွေ ခိုင်းပြီး အလုပ် မလုပ်ချင်ရင် ငွေပေး ဆိုတာမျိုးတွေ အထိ ခိုင်းတယ်။ မပေးနိုင်လို့ ရိုက်နှက် ခံရတာတွေလည်း ရှိတယ် “လို့ ဆိုပါတယ်။
အကျဥ်းထောင်အတွင်း အဆောင်တွေမှာ အကျဥ်းသားတွေ ပြည့်နှက်နေပြီး အိပ်မရတာတွေ၊ နေရာ မဆံ့တာတွေလည်း ဖြစ်နေပြီး ဒီလို အ ခြေအနေကို အကျဥ်းဦးစီး ဌာနက ဘာမှ လုပ်မပေးဘူးလို့ ဆိုပါတယ်။ အိုးဘိုထောင်ရဲ့ လက်ရှိ အကြီးအကဲဟာ
အာဏာသိမ်းပြီး နှစ်ယောက်မြောက် ပြောင်းလဲတာ ဖြစ်ပြီး ဖိနှိပ်မှုတွေ ပိုလုပ်တယ်လို့ သိရပါတယ်။
“အကျဥ်းထောင်ထဲမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တောင် ဆေးကုသခွင့် ကောင်းကောင်း မရဘူး။ ဝန်ကြီးတွေ နေတဲ့ နိုင်ငံရေးသမား ထားတဲ့ အဆောင်နဲ့ ဦးဝင်းထိန်နဲ့ပဲ ဆရာဝန်က လာကြည့်ပေးတာ။ ကျန်တဲ့ အကျဥ်းထောင်တွေကို လာကြည့် မပေးတဲ့အပြင် ဆူငေါက်နေတာ။ လိုအပ်တဲ့ ဆေးတွေလည်း ပြင်ကပဲ မှာရတာ” လို့ နိုင်ငံရး အကျဥ်းသားတစ်ဦးက ပြောပါတယ်။
၁၉၈၈ ခုနှစ် စစ်အာဏာ သိမ်းပြီးတဲ့ နောက်မှာ စစ်တပ် ဆန့်ကျင်သူတွေကို စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခဲ့ပြီး အဲဒီဒဏ်ရာတွေနဲ့ပဲ သေ ဆုံးသွားကြသူတွေ ရှိခဲ့ပါတယ်။ အကျဥ်းထောင် အတွင်း တိုက်ပိတ်ပြီး ရိုက်နှက် နှိပ်စက်မှုတွေကြောင့် ဦးနှောက် မူမမှန်တော့တဲ့ သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
“နှိပ်စက်ခဲ့တယ်လေ။ မှတ်ချက်ပေးစရာ မရှိအောင် ယုတ်မာခဲ့ကြတယ်။ ဒီခေတ်လို သတင်း မီဒီယာ အားမကောင်းတော့ လူမသိ သူမသိ သေသွားရ၊ ပေးဆပ် သွားရတာတွေ အများကြီးပဲ။ ဒီခေတ်တောင် အထဲက သတင်းတွေ ကျွန်တော်တို့ တိတိကျကျ မသိရဘူးလေ” လို့ ၈၈ မျိုး ဆက် ကျောင်းသား တစ်ဦး က ပြောပါတယ်။
အခုလို နှိပ်စက်မှုတွေဟာ မန္တလေး အိုးဘိုထောင် တစ်ခုထဲမှာပဲ ဖြစ်နေတာ မဟုတ်ဘဲ အင်းစိန် အကျဥ်းထောင်နဲ့ မုံရွာ အကျဥ်းထောင်တွေမှာလည်း လိင် အကြမ်းဖက် ခံရတာ၊ ဆေးကုသခွင့် မရတာ၊ အကြမ်းဖက် ငွေတောင်းခြင်း ခံရတာ၊ အကျဥ်းဦးစီးက လက်သပ် မွေးထားတဲ့ ရာဇ ဝတ်သားတွေက နှိပ်စက်တာ စတဲ့ အခြေအနေတွေ ရှိနေတယ်လို့ အကျဥ်းထောင် အတွင်းက ပေးပို့လာတဲ့ သတင်းတွေ အရ သိရပါတယ်။
ယခုမတ်လ၁၅ရက်နေ့မှာတင် ကလေးအကျဥ်းထောင်ကိုဆူပူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် အကျဥ်းသား ခြောက် ဦးနဲ့အချုပ်သားတစ်ဦးသေဆုံးခဲ့ပါသေးတယ်။ mizzima
Like this:
Like Loading...