Monthly Archives: Mar 2022

ခန္တီးမြို့နယ်က ကျန်းမာရေးဆေးမှူးတဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ဆင်သေကျေးရွာက ကျန်းမာရေးဆေးမှူးကို မတ် ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “မနက် ၉ နာရီလောက် လာဖမ်းတယ်၊ စစ်ကား ၂ စီးနဲ့၊ သူက ကျနော်တို့ ဆင်သေကျေးရွာက ကျန်းမာရေးဆေးမှူး၊ စစ်တပ်အာဏာသိမ်းလို့ CDM လုပ်ခဲ့တယ်၊ သူ့နာမည်က ဦးတင်အောင်အောင်ဆွေပါ၊ အခုက ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။” လို့ ပြောပါတယ်။

ခန္တီးမြို့မှာ ကျန်းမာရေးဆေးမှူးကို စစ်ကောင်စီက ဖမ်းဆီးတာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ခန္တီးမြို့မှာ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။ DVB

စစ်ကောင်စီတပ်စခန်း ၂ ခုကို KNLA နှင့် သထုံ PDF ပူးပေါင်းတိုက်ခိုက်

သထုံမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် စခန်း နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် သထုံမြို့နယ် ပြည်သူ့တော် လှန်ရေး အင်အားစု TPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဝင်းပကျေးရွာရှိ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၉) အထိုင် တပ်ရင်းနှင့် ဝီယော်ကျေးရွာရှိ ခမရ (၉) ရှေ့တန်း တပ်စခန်းတို့ကို မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်းTPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တပ်စခန်းနှစ်ခုကို KNLA တပ်ရင်း (၂) နှင့် သထုံ PDF ပူးပေါင်းတပ်ဖွဲ့မှ 40 MM ဗုံးသီး လောင်ချာဖြင့် သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အခြား ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည် ပစ်ခတ်ခဲ့၍ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သော်လည်း PDF ပူး ပေါင်းတပ်များ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယခု တိုက်ခိုက်ခံရသည့် တပ်မ (၄၄) လက်အောက်ခံ ခမရ (၉) တပ်မှ မတ်လ ၁၉ ရက်နေ့ညတွင် ကျောက်တောင်ကျေးရွာရှိ ဘုရားပွဲကို လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပွဲခင်းအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ သုံး ဦးသေဆုံး၍ ခုနှစ်ဦးအထိ ဒဏ်ရာရရှိခဲ့သည်။mizzima

ပုသိမ်အကျဥ်းထောင်၌ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ထောင် ၂ နှစ်စီချမှတ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အနက် လေးဦးကို ယမန်နေ့ မတ်လ ၂၂ ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ကြောင်း ပုသိမ် အကျဉ်းထောင်ဝန်ထမ်း တစ်ဦးထံက သိရသည်။

“ထောင်ချခံရတဲ့ အမျိုးသမီးတွေ ကတော့ မဇာလီနိုင်၊ မနှင်းလဲ့လဲ့၊ မမေသူဖြိုး တို့ပါ။ အဲ့ဒီအမျိုးသမီး သုံးယောက်လုံးကို ပုဒ်မ ၅၀၅(က)၊ ၄၃၆၊ ၄၃၁ နဲ့ ၁၈၈ လေးမှုနဲ့ ထောင်နှစ်နှစ်စီချပြီး အမျိုးသား ကိုထွန်းထွန်း ကိုတော့ ၅၀၅(က) တစ်မှုတည်းနဲ့ နှစ်နှစ် ချလိုက်တာပါ။အကုန်လုံး ပုသိမ်မြို့နယ်ကချည်းပဲ လေးယောက်လုံး ချုပ်ရက် လျှော့ရက်တွေ ပြန်ခံစားခွင့် ရမယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညနေ ၂ နာရီတိတိတွင် ပုသိမ် အကျဥ်းထောင်ရှိ နိုင်ငံရေး အကျဥ်းသားများက “အရေး တော်ပုံ အောင်ရမည်” ဟု သုံးကြိမ်ကြွေးကြော် ခဲ့ကြရာ ထိုသို့ကြွေးကြော်

သူများအနက် နိုင်ငံရေး အကျဥ်းသား ငါးဦးကို အကျဥ်းထောင် ဝန်ထမ်းများက ယခု အချိန်အထိ တိုက်ပိတ်ထားဆဲ ဖြစ်သည်ဟု ၎င်းကပြော သည်။

စစ်အာဏာ သိမ်းပြီးနောက် ပုသိမ်အကျဉ်း ထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ခန့် ရှိပြီး ထောင်တွင်း တရားရုံ းက ထောင်ဒဏ် ချမှတ်ခဲ့သူ ၆၆ ဦးရှိကြောင်း ပုသိမ်အကျဉ်းထောင် ဝန်ထမ်း၏ အဆိုအရသိရသည် mizzima

မုံရွာ လူမှုကူညီရေးအသင်းကားကို မှားယွင်းဖောက်ခွဲမိကြောင်း ယက္ခညီနောင်အဖွဲ့ တောင်း ပန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကားကြီးကွင်းအသစ်အနီးမှာ မတ်လ ၂၂ ရက် ညပိုင်းက မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ရဲ့ ကျန်းမာရေးကားကို မှားယွင်းဖောက်ခွဲမိတဲ့အတွက် ဝန်ချတောင်းပန်ကြောင်း ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲဖို့ စောင့်ဆိုင်းနေစဉ် မြန်မာနိုင်ငံ လူမှုကူညီရေးအသင်းရဲ့ ကျန်းမာရေးကားကို မှားယွင်း ဖောက်ခွဲခဲ့မိတယ်၊ ဖောက်ခွဲမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အသင်းသားတွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို မှားယွင်းဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ကိုလည်း ကျေနပ်တဲ့အထိ တာဝန်ယူ ဖြေရှင်းပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ကလည်း အခုလို အသင်းရဲ့ကား မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့အတွက် ကူညီမှုလုပ်ငန်းတွေကို မတ် ၂၄ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားမယ်လို့ အသင်းဥက္ကဋ္ဌ ဦးစိန်ကိုကိုက အသင်း လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

ဘယ်အဖွဲ့က မိုင်းဆွဲတယ်ဆိုတာနဲ့ ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာ မသိရသေးသ‌ရွေ့ ကူညီကယ်ဆယ်ရေးတွေကို ရက်အကန့်အသတ်မရှိ ရပ်နားမယ်လို့ ဆိုပါတယ်။

ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလိုပြန်လည်တောင်းပန်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် မရသေးပါဘူး။DVB

ထိန်းသိမ်းသည်းခံရန် စစ်တပ်ကို တိုက်တွန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်အ တွက် ဆွေးနွေးခဲ့ဟု အာဆီယံသံတမန် ပြော

ထိုးစစ်များအတွင်း ထိန်းသိမ်းသည်းခံမှု ပြသရန် မြန်မာအာဏာသိမ်းစစ်တပ်ကို တိုက်တွန်းခဲ့သည်ဟု အာဆီယံအထူးသံတမန်ဖြစ်သူက မတ်လ ၂၃ ရက်တွင် ပြောသည်။ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ တရားရုံးအမှု ရင်ဆိုင်နေရဆဲဖြစ်သည့်အတွက် သူမနှင့် တွေ့ခွင့် ပြုမည် မဟုတ်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကို ပြောခဲ့သည်ဟု အာဆီယံအထူးသံတမန်က ပြော သည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ် အပါအဝင် အကျဉ်းကျခံနေရသူများ ပြန်လွတ်ရေးအတွက် ၎င်းအနေဖြင့် ကြိုးပမ်းခဲ့သည်ဟု အာဆီယံအထူးသံတမန် ပရက်ခ် ဆော့ခွန်းက ပြောသည်။ ရှေ့ကာလတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားထိန်းသိမ်းခံထားရသူများနှင့် တွေ့ဆုံရန် ပန်ကြားချက်တစ်ခုကို စဉ်းစားပေးသွားမည်ဟု မင်းအောင်လှိုင်က ၎င်းကို ပြောခဲ့သည်ဟု ဆော့ခွန်းက ပြောသည်။

ယမန်နှစ်က စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချဖယ်ရှားခဲ့ရာ ယင်းက ဆယ်စုနှစ်တစ်စုကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနောက်ပိုင်း နိုင်ငံတွင် ပရမ်းပတာဖြစ်မှုနှင့် သွေးထွက်သံယိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်သည် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဉပဒေ ချိုးဖောက်မှုနှင့် အဂတိလိုက်စားမှု စွဲချက်များ အပါအဝင် ပြစ်မှု တစ်ဒါဇင်ကျော်အတွက် တရားရုံး အမှုရင်ဆိုင်နေရသည်။ ပြစ်မှုတစ်ချို့အတွက် သူမတွင် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ထားခဲ့သော် လည်း သူမက စွဲချက်အားလုံးကို ပယ်ချထားခဲ့သည်။

ယခုအပတ် ၎င်း၏ မြန်မာခရီးစဉ်က အာဏာသိမ်းစစ်တပ်ကို တရားဝင်ဖြစ်စေမှုအဖြစ် ဝေဖန်သူများက ရှုမြင်မှုအပေါ် ၎င်းအနေဖြင့် နား လည် ပါကြောင်း ပရက်ခ် ဆော့ခွန်းက ပြောသည်။ သို့သော် ၎င်း၏ နှစ်ရက်တာ ခရီးစဉ်က အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု ၎င်းအနေဖြင့် ရှုမြင်သည်ဟု ပြောခဲ့သလို မြန်မာအကျပ်အတည်း ဖြေရှင်းရေးက ကမ္ဘောဒီးယား၏ ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမှုသက်တမ်းအတွင်း လုပ်ဆောင်နိုင်မည်မဟုတ်ဟု ၎င်းက ပြောသည်။

“မြန်မာ့အရေးက ရှုပ်ထွေးပါတယ်။ ဒါကို ဖြေရှင်းဖို့ အချိန်ကာလရှည်တစ်ခု လိုပါတယ်။ ကျွန်တော်တို့ဟာ ဒါကို ဥက္ကဋ္ဌသက်တမ်းတစ်ခု ဒါမှမဟုတ် လက်ရှိ ဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ မဖြေရှင်းနိုင်ပါဘူး” ဟု ၎င်းက ကမ္ဘောဒီးယားသို့ အပြန် သတင်းထောက်များကို ပြောသည်။

“ခရီးစဉ်နဲ့ပတ်သက်လို့ မျှော်မှန်းချက်လယ်ဗယ် အသီးသီး ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ အပစ်အခတ်ရပ်စဲမှုတစ်ခု၊ သက်ဆိုင်ပတ် သက်သူ အားလုံးနဲ့ ကျွန်တော် တွေ့ဆုံတာ၊ ဒီမိုကရေစီကို မူလအခြေအနေအတိုင်း ပြန်သွားတာတို့ကို မြင်ချင်တဲ့သူတွေ ရှိတယ်ဆိုတာ ကျွန် တော် သိပါတယ်” ဟု ၎င်းက ပြောသည်။

“ဝေဖန်မှုတွေ နောက်ကွယ်က အကြောင်းရင်းတွေကို ကျွန်တော် နားလည်ပါတယ်။ သူတို့က နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဝင်တွေကို တ ရားဝင်ဖြစ်မှု မပေးစေချင်ပါဘူး” ဟု ၎င်းက ပြောသည်။

ပရက်ခ် ဆော့ခွန်း၏ ခရီးစဉ်က အာဏာသိမ်းစစ်အုပ်စု ဆန့်ကျင်သူများအတွက် မချင့်မရဲ စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး အကြောင်းမှာ ယင်းခရီး စဉ်တွင်  ၎င်းသည် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ်တွင်သာ အဓိက ဗဟိုပြုပြီး အခြားသော ပါတီအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုအများစုကို ဖျက်သိမ်းထားခဲ့၍ဖြစ်သည်။

မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုကို အဆုံးသတ်ရန် ယမန်နှစ်က သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး တိုးတက်မှု မမြင်ရမချင်း အာဆီယံသည် ယင်း၏ ထိပ်သီးတွေ့ဆုံပွဲများ၌ မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ ကျူးလွန်ထားပြီး အရပ်သားများအပေါ် တမင်ရည်ရွယ် ပစ်မှတ်ထားနေခဲ့သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။ ယင်းအပေါ် အာဏာသိမ်းစစ်တပ်က မတုံ့ပြန်ထား သေးပေ။mizzima

နိုင်ငံတဝန်း နေရပ်စွန့်ထွက်ပြေးရသူ ၈၉၀,၀ ၀၀ ခန့်ရှိ၊ ချင်း၊ စစ်ကိုင်းနှင့် မကွေးက အများဆုံးဖြစ်

မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မတိုင်ခင်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃ သိန်း ၇ သောင်းနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၅၀၂,၆၀၀ အပါအဝင် စုစုပေါင်းလူဦးရေ ၈၈၉,၉၀၀ ယောက်ထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ အရပ်သားပိုင် ပစ္စည်းတွေ ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မတ် ၁၄ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၂၇၂,၉၀၀ ယောက်ရှိနေပြီး အဆိုပါ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်နေရသူ ဦးရေမှာလည်း ၃၁,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ ကတည်းက အိမ်အလုံးပေါင်း ၄,၆၀၀၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အရပ်သားပိုင် ပစ္စည်းများစွာဟာလည်း မီးရှို့ဖျက်ဆီးခံနေရပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။ DVB

ယူကရိန်းနဲ့ မြန်မာပြည်သူတို့ အနိုင်ရကြမဲ့ ခုခံစစ်

မြန်မာပြည်သူတွေအနေနဲ့ ယူကရိန်းနိုင်ငံရဲ့ အခြေအနေကို အတော်လေးကို စိတ်ဝင်စားနေမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ရုရှားတွေရဲ့ ရန်လိုမှုကို ယူကရိန်းနိုင်ငံသားတွေရဲ့ တုံ့ပြန်မူဟာ မြန်မာနိုင်ငံသားတွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သလိုပဲ သူရဲကောင်းတွေလို ရဲရင့်ကြပါတယ်။

ဒါပေမဲ့ ဆုံးဖြတ်ချက် မြန်မြန်ချပြီး ပုံစံတူလိုက်လုပ်ရင် မှားပါလိမ့်မယ်။ လက်ရှိ ယူကရိန်းက စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးကို အပြောင်းအလဲဖြစ်စေပြီး နိုင်ငံတကာရဲ့ နိုင်ငံရေးကိုလည်း သိသိသာသာ အကျိုးသက်ရောက်စေပါတယ်။ မြန်မာပြည်အပေါ် ဒီလိုအကျိုးသက်ရောက်မှုကတော့ မရိုးရှင်းပါဘူး၊ အကောင်အထည်ဖော်ဖို့လည်း အချိန်ယူရပါလိမ့်မယ်။ အမေရိကန်၊ ယူကေနဲ့ ဥရောပနိုင်ငံအဖွဲ့၀င်တွေဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ရန်စမှုကို ပူတင် ထင်ထားတာထက် ပိုပြင်းထန် ပိုမြန်ပြီး တော်တော်လေးကို ပြတ်ပြတ်သားသား တုံ့ပြန်တယ်ဆိုတာ မှန်ပါတယ်။

ဒါပေမဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ နဲ့ EU တို့ဟာ ရုရှားတို့ ၂၀၀၈ ခုနှစ်မှာ ဂျော်ဂျီယာဒေသကို ဝင်တဲ့အခါမှာရယ်၊ ၂၀၁၄ ခုနှစ် Crimea ကို သိမ်းပြီးတော့ ယူကရိန်းအရှေ့ဘက်မှာရှိတဲ့ Donetsk နဲ့ Luhansk ဒေသတွေကို သူ့စစ်သည်တွေ ပို့ပြီး ခွဲထွက်ရေးသမားတွေကို လှုံ့ဆော်ခဲ့တဲ့ကိစ္စမှာ တုံ့ပြန်မှုတော်တော်လေးကို ပျော့ပျောင်းခဲ့တာပါ။

ပြီးတော့ ဆီရီယားစစ်ပွဲမှာလည်း သမ္မတအာဆတ်ကို ရှရှားက ကူညီခဲ့ရာမှာလည်း တုံ့ပြန်မှု အားနည်းခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ အရေးယူပိတ်ဆို့မှုအမျိုးမျိုး ချမှတ်သလို ဘဲလာရုစ်နိုင်ငံ ဒီမိုကရေစီလိုလားသူတွေကို  သံတမန်နည်းအရ ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုတွေဟာ ပူတင်ကနေ ဘဲလာရုစ်အာဏာရှင် Lukashenka ကို အကူအညီတွေ ပုံအောပြီး ချက်ချင်းပေးခဲ့တာနဲ့စာရင် အရမ်းကို ပျော့ညံ့လွန်းပါတယ်။

အနောက်နိုင်ငံတွေရဲ့ ဒီလိုတုံ့ပြန်မှုဟာ ဆယ်စုနှစ်တစ်ခုကြာအောင် ပျော့ပျော့‌ပျောင်းပျောင်းဖြစ်ခဲ့တဲ့အတွက် အာဏာရှင် ပူတင်ဟာ ယုံကြည်မှုနဲ့အတူ ရန်လိုမှုတွေ တဖြည်းဖြည်းတိုးလာတာကို သဘောပေါက်ရပါလိမ့်မယ်။ ဒါဆိုရင် အခု အနောက်နိုင်ငံတွေရဲ့ ရှရှားအပေါ် တုံ့ပြန်မှု ဘာလို့ ပြတ်သား ပြင်းထန်ရသလဲဆိုတာ နားလည်ပါလိမ့်မယ်။

ပူတင်ဟာ ရပ်မနေဘဲ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအဆောက်အုံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးကို တိတိကျကျ ခြိမ်းခြောက်လာနိုင်တယ်ဆိုတာ သူတို့ ပိုပိုပြီး သိလာပါတယ်။ 

ပူတင်ရဲ့ ရှရှားဟာ ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေပြီး တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ အနောက်အုပ်စုက ယူဆတဲ့ အ ချက် ကြောင့်လည်း အနောက်နိုင်ငံတွေက ယူကရိန်းကို အခုလို ကူညီနေတာဖြစ်ပါတယ်။ ယူကရိန်းဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ တခြားပြုပြင်ပြောင်းလဲရေးတွေ လုပ်တာကို အနောက်နိုင်ငံတွေက အသိအမှတ်ပြုပါတယ်။ ဒါကြောင့်မို့လို့လည်း ယူကရိန်းအစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေကို ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် ကူညီနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ အနောက်အုပ်စုက စစ်ရေးအကူအညီပေးတာ မဟုတ်ပါဘူး။ ယူကရိန်းအပေါ် ရုရှားရဲ့ရန်စမှုက ဥရောပနိုင်ငံတွေရဲ့ လုံခြုံ ရေးအဆောက်အအုံကို တိုက်ရိုက်ထိခိုက်နေတယ်လို့ သူတို့ ခံစားရပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ပြင်း ပြင်းထန်ထန်လုပ်ပြီး ယူကရိန်းကို စစ်ရေးအရအကူအညီပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ မတူတာ အဲဒါတွေပဲဗျ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ရယ်၊ အခုဖြစ်နေတဲ့ မြန်မာပြည်သူလူထုနဲ့ တိုက်နေတဲ့ စစ်တပ်နဲ့ စစ်ပွဲတွေရယ်ဟာ အနောက်နိုင်ငံတွေရဲ့ မူဝါဒရေးဆွဲသူတွေရဲ့အမြင်ကတော့ တော်တော်လေး မကောင်းပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေကို အခြေခံလုံခြုံရေးအကျိုးစီးပွားနဲ့ ပတ်သက်ပြီး တိုက်ခိုက်တာ တိုက်ရိုက်ခြိမ်းခြောက်ခံရနိုင်တာ မရှိပါဘူး။

ဒါဟာ ယူကရိန်းနဲ့ မြန်မာနိုင်ငံ မတူညီတဲ့ ကြီးမားတဲ့ကွာခြားချက် တစ်ချက်ပါ။ ယူကရိန်းကိစ္စမှာတော့ အနောက်နိုင်ငံတွေဟာ တိုက်ရိုက်ခြိမ်း ခြောက်ခံရတာကြောင့် အနောက်နိုင်ငံတွေက ပြတ်ပြတ်သားသား ထိထိရောက်ရောက်နဲ့ ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်ကြတာပါ။ မြန်မာနိုင်ငံက တော့ ဒီလိုအနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် အလေးထားရတာမျိုး မရှိပါဘူး။

ဒုတိယအနေနဲ့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံက  ခုခံကာကွယ်ရေးစစ်အတွက် ပြတ်ပြတ်သားသား ထောက်ပံ့ပေးတာမျိုး နှောင့်နှေးနေပါတယ်။ ဘာလိုလဲဆိုတော့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းက အရေးပါသူတွေဟာ အဲ့လို ထောက်ပံ့တာမျိုးကို ဆန့်ကျင်နေလို့ပါပဲ။ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို စလုပ်တော့မယ်ဆိုရင် တရုတ်နိုင်ငံကို စစ်အာဏာရှင်အတွက် ပွင့်ပွင့်လင်းလင်း ပြည့်ပြည့်၀၀ ရပ်တည်ခွင့်ပေးလိုက်သလိုဖြစ်မှာကို အနောက်နိုင်ငံတွေက စိုးရိမ်ကြပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံကို တရုတ်နဲ့ အနောက်နိုင်ငံတွေအတွက် ကြားခံစစ်မြေပြင် ဖြစ်သွားမှာ မလိုလားပါဘူး။ ကြားခံစစ်မြေပြင်ဟာ မြန်မာပြည်သူတွေအတွက် မကောင်းပါဘူး၊ ပြီးတော့ တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ စစ်အာဏာရှင်ဟာ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံပေးထားတဲ့ ခုခံကာကွယ်ရေးလှုပ်ရှားတွေမှုကို သေချာပေါက် နိုင်သွားမယ်လို့ အမေရိကန် မူ၀ါဒရေးဆွဲသူတွေနဲ့ လုံခြုံရေးနည်းဗျူဟာ ပညာရှင်များက ‌သတိထားမိပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ အရမ်းနီးပါတယ်၊ ပြီးတော့ တရုတ်ဟာ အင်အားကြီးပြီး မြန်မာနိုင်ငံမှာ သူ့အကျိုးစီးပွားဟာ အမေရိကန်၊ အင်္ဂလန်တို့ထက် ပိုမို များပြားပါတယ်။ ဥရောပနိုင်ငံတွေရဲ့ အကျိုးစီးပွားကတော့ မြန်မာနိုင်ငံမှာ လုံး၀မရှိတာကြောင့် ဘယ်လိုစွန့်စားမှုမျိုးမှ မလုပ်ပါဘူး။

နောက်ဆုံးကတော့ ဥရောပ လူမှုအဖွဲ့အစည်းကြီးတွေဟာ ယူကရိန်းအပေါ် ပြင်းပြတဲ့ စာနာနားလည်မှုနဲ့ စည်းလုံးညီညွတ်မှုကို ပေးပါတယ်။ ရုရှားဟာ ဥရောပသမိုင်းမှာ ထင်ရှားပါတယ်။ ဥရောပနိုင်ငံတွေအပေါ်  ဆိုဗီယက် ရုရှားဆိုတဲ့ လွှမ်းမိုးမှုအရိပ်ကလည်း ရှိနေပါသေးတယ်။ ဥရောပသမဂ္ဂ အဖွဲ့၀င်နိုင်ငံတွေဖြစ်တဲ့ ဘောလ်တစ်ပြည်နယ်များ (လစ်သူနီယား၊ အက်စတိုးနီယား၊ လက်တ်ဗီယား) ဥရောပအလယ်ပိုင်းနဲ့ ဥရောပအရှေ့ပိုင်းပြည်နယ် (ပိုလန်၊ ချက်စ်ကိုစလိုဗကီယား၊ ဟန်ဂေရီ၊ ရိုမေနီယား၊ ဘူဂေးရီယား) အားလုံးဟာ ရုရှားစစ်တပ် သိမ်းပိုက်တာခံပြီး ဆိုဗီယက်ပြည်ထောင်စု (ဘောတ်တစ်ပြည်နယ်များ) ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ဝါဆော အဖွဲ့၀င်တွေအဖြစ် ဆယ်စုနှစ်များစွာ သွတ်သွင်းခံရပါ။

အဲ့ဒါကြောင့် ဥရောပသားများဟာ မော်စကိုရဲ့  ရန်လိုတဲ့မူဝါဒတိုင်းကို အကဲဆတ်ပါတယ်။ ကျယ်ပြောတဲ့ အစုအဖွဲ့ လူမှုအသိုင်းအဝိုင်းဟာ ယူကရိန်းနဲ့ စည်းလုံးညီညွတ်မှု အပြည့်ရှိနေတာကို တွေ့နေတာကြောင့် အနောက်နိုင်ငံအစိုးရတွေက တုန့်ပြန်မှု ပြင်းထန် မာကျောလို့ ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့က အတော်အလှမ်း‌ဝေးနေပါသေးတယ်။ “တစ်စုံတစ်ရာ ပြီးမြောက်ဖို့ရာအတွက်” အဲ့ဒီလို ကျယ်ပြောတဲ့ လူမှုအစုအဖွဲ့ အသိုင်ဝိုင်းတွေ မရှိသေးပါဘူး။

စစ်ကောင်စီက ပူတင်ကို ထောက်ခံနေချိန်မှာ NUG ဟာ ယူကရိန်းကို ထောက်ခံကြောင်းထုတ်ပြောတာဟာ သင့်လျော်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံက ဆန္ဒပြလှုပ်ရှားမှုတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံသားတွေဟာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတာဟာလည်း အလွန်ကောင်းပါတယ်။ ဒါပေမယ့် ယူကရိန်းအပေါ် ရုရှားရဲ့ ရန်စမှုကို အနောက်အုပ်စုရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုမျိုးကနေ မြန်မာအရေးဘက်ကို အနောက်အုပ်စု မြန်မြန်နဲ့ သိသိသာသာ အာရုံကျလာလိမ့်လို့ ထင်မြင်တာဟာ တကယ်တော့ လက်တွေ့မကျပါဘူး။

NUG ကို အနောက်အုပ်စုက အသိအမှတ်ပြုဖို့နဲ့ တစ်ယောက်ယောက်က အလွယ်တကူသယ်ဆောင်နိုင်တဲ့  လေယာဉ်ပစ်ပခုံးထမ်းလောင်ချာ ဒါဇင်ပေါင်းများစွာနဲ့  တင့်ကားဖျက်ဒုံးလက်နက်  ရာပေါင်းများစွာ ပံ့ပိုးပေးတာ ကျွန်တော် မြင်ချင်ပါတယ်။ အဲဒါတွေကမှ အရပ်သား မြောက်မြားစွာကို အကြမ်းဖက်နေတဲ့ တပ်မတော်ရဲ့ စွမ်းအားကို ဖြိုချပြီး စစ်ကောင်စီ ပြုတ်ဖို့ နီးစပ်လာမှာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒါတွေဖြစ်လာဖို့ အများကြီးလုပ်ရဦးမှာပါ။

အရေးကြီးဆုံးက NUG နဲ့ NUCC ရဲ့ နောက်မှာ အခုထက်ပိုပြီး နိုင်ငံရေးအရ အများကြီးစည်းလုံးဖို့၊ အခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ တက်တက်ကြွကြွ စစ်ရေးပူးပေါင်းဆောင်ရွက်မှုရှိဖို့ လိုပါတယ်။ မှတ်ထားဖို့ကတော့ နိုင်ငံတကာက ၂၀ ရာခိုင်နှုန်းလောက်ပဲ မြန်မာနိုင်ငံရဲ့ နောက်ဆုံးရလဒ်အပေါ် လွှမ်းမိုးနိုင်ပြီး ပြည်တွင်းဆုံးဖြတ်ချက်ကသာ ၈၀ ရာခိုင်နှုန်း လွှမ်းမိုးနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာ့အရေးမှာ ၀င်မပါချင်ကြပါဘူး။ ရှုပ်ထွေးတယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် အရင်လို လုပ်နေကျအတိုင်းပဲ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးတယ်ဆိုတာလောက်ပဲ ဆက်လုပ်ချင်ကြတာပါ။

ယူကရိန်းက သူတို့ရဲ့ ခုခံကာကွယ်တဲ့ စစ်ပွဲမှာ နိုင်ငံခြားသားတွေကို ပါ၀င်တိုက်ခိုက်ပေးဖို့ ဖိတ်ခေါ်တာတော့ အမှန်ပါပဲ။ ပြီးတော့ အနောက်နိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို ယူကရိန်းကာကွယ်စစ်မှာ ပါ၀င်ပေးဖို့ တရား၀င် ခွင့်ပြုပေးတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို အရမ်းအရေးပါတယ်လို့ ယူဆရင် မှားပါလိမ့်မယ်။ 

အရေးကြီးတဲ့တစ်ချက်က ယူကရိန်းနိုင်ငံသားတွေဟာ အချုပ်အခြာအာဏာပိုင်ဖို့အတွက် သူတို့နိုင်ငံအရှေ့ပိုင်းမှာ ရုရှားနဲ့စစ်တိုက်နေတာ ၈နှစ်လောက်ရှိပါပြီ။ ၂၀၁၄ မှာ ရုရှားဟာ Crimea, Donetsk နဲ့ Luhansk ကို သိမ်းယူပြီးတဲ့နောက် ယူကရိန်းဟာ ရုရှားနဲ့ နည်းနည်း ပြင်းထန်တဲ့ ခုခံကာကွယ်စစ် ဖြစ်နေတာပါ။ ဆိုလိုတာက သူတို့မှာ စစ်သင်တန်း၊ ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံနဲ့ သူတို့နိုင်ငံကို ကာကွယ်ဖို့ အရမ်းစိတ်အားထက်သန် နေကြတာပါ။

နောက်တစ်ခုက ယူကရိန်းအဖွဲ့အစည်းတွေဟာ ရုရှားရဲ့ ရန်စမှုကို ခံရပြီးတဲ့နောက် လုံး၀ကို ညီညွတ်သွားပါတယ်။ ယူကရိန်းစစ်တပ်နဲ့ အရံတပ်တင်မကပဲ အမျိုးသားရော အမျိုးသမီးတွေပါ ပါ၀င်ကြတဲ့ သာမန်အရပ်သားတွေကလည်း နယ်မြေကာကွယ်ရေး အဖွဲ့တွေမှာ စေတနာ့၀န်ထမ်းအနေနဲ့ ပါ၀င်ကြပါတယ်။

နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ယူကရိန်းတွေလည်း အများကြီး ရှိကြပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်အတွင်း လူပေါင်း ၆၆,၀၀၀ လောက်ဟာ ကာကွယ်ရေးတပ်မှာ ပါ၀င်ဖို့ ကို့ယ်နိုင်ငံကို ပြန်လာကြပါတယ်။ အမျိုးသမီးနဲ့ ကလေး တစ်သန်းကျော်လောက်ဟာ ဥရောပနိုင်ငံတွေကို လုံခြုံရေးအတွက် ထွက်ခွာချိန်မှာ ယူကရိန်းအမျိုးသား ထောင်သောင်းများစွာကတော့ တိုက်ခိုက်ဖို့ပြန်လာကြပါတယ်။

သူတို့နိုင်ငံကို ကာကွယ်ဖို့ တိုက်ခိုက်ချင်တဲ့ ယူကရိန်းတွေရဲ့ စိတ်ဆန္ဒကသာ အရေးကြီးဆုံးပါ။ ပူတင်နဲ့ ရုရှားတွေ ယူကရိန်းကို သိမ်းပိုက်လို့မရအောင် အဆုံးစွန်သောအန္တရာယ်တွေကို ရင်ဆိုင်ဖို့နဲ့ လိုအပ်ရင် အသက်ကိုတောင် စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ပူတင်က ယူကရိန်းဆိုတာ နိုင်ငံအနေနဲ့မရှိဘူး၊ ပြည်နယ်တစ်ခု အနေနဲ့လည်း ရပ်တည်ခွင့် မရှိဘူးလို့ ကြေညာထားပါတယ်။ ယူကရိန်းတွေက သူတို့နိုင်ငံဆိုတာ သက်သေပြဖို့နဲ့ လွတ်လပ်တဲ့ ပြည်နယ်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။

ပြီးတော့ အဲ့ဒါတွေဟာ လက်နက်နဲ့ တိုက်ဖို့ အဆင်သင့်ဖြစ်နေတယ် ပြောတာ မဟုတ်ပါဘူး။ ယူကရိန်းဟာ လက်နက်အင်အားတစ်ခုတည်းနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နေတာ မဟုတ်ပါဘူး။ စေတနာ့၀န်ထမ်း သိန်းပေါင်းများစွာဟာ ဗုံးကြဲခံရတဲ့မြို့က ထွက်ပြေးလာတဲ့သူတွေကို လူသားချင်းဆိုင်ရာ အကူအညီပေးဖို့နဲ့ အခြားလိုအပ်တဲ့ အသုံး၀င်တဲ့ တာ၀န်တွေကို မလစ်ဟင်းရအောင် စီမံကြပါတယ်။ အရည်အချင်းရှိပြီး တီထွင်ကြံဆမှုကောင်းတဲ့ ယူကရိန်းတွေဟာ ၀ါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲတွေလည်း ပါ၀င်ပြီး အဲ့ဒီ စစ်ပွဲတွေကလည်း အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။

ယူကရိန်း ခုခံကာကွယ်ရေးမှာ နိုင်ငံခြားသားစေတနာ၀န်ထမ်းတွေဟာ အရေးပါတဲ့အချက်လို့ ယုံကြည်ရင် မှားပါတယ်။ မကြာသေးမီက ယူကရိန်းကို အနောက်နိုင်ငံတွေက ပို့လိုက်တဲ့ လက်နက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချနိုင်တဲ့ စစ်ရေးအတွေ့အကြုံရှိသူ နိုင်ငံခြားသား စေတနာ့ဝန်ထမ်းအနည်းငယ်တော့ ရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲမှာ နိုင်ငံခြားသားစေတနာ့ဝန်ထမ်းတွေကပဲ တိုက်ခိုက်ပြီး စစ်ပွဲကို ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး၊ ယူကရိန်းတွေပဲ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

 ယူကရိန်းတို့ရဲ့ ခုခံကာကွယ်မှုက သူရဲကောင်းတွေလို ရဲရင့်ပြီး သူတို့နိုင်ငံကို ကာကွယ်ဖို့ အောင်မြင်ကောင်း အောင်မြင်ပါမယ်။ ဒါပေမဲ့ တန်ကြေး ကြီးပါတယ်။  ယူကရိန်းကနေ ဒုက္ခသည် တစ်သိန်းခွဲလောက် ထွက်လာပြီး အဲ့ဒီထက်လည်း ပိုများပါမယ်။ လူသားတွေ မြန်မြန်သေကြေနေကြတာ ဖြစ်ပါတယ်။ မြို့ရွာတွေ မရေတွက်နိုင်လောက်အောင် ဆိုးဆိုးရွားရွား ဖျက်ဆီးခံရပြီး ထပ်ပြီးလည်း ဖျက်ခံရဖို့ ရှိပါတယ်။ ပြီးတော့   နျူကလီးယားလက်နက်ကို ပူတင် ထုတ်မသုံးဘူးလို့လည်း မပြောနိုင်ပါဘူး။

ယူကရိန်းကို တိုက်ခိုက်သိမ်းပိုက်မယ့် ပူတင်ရဲ့ အင်အားကို သိသိသာသာ လျော့နည်းသွားအောင် အနောက်အုပ်စုက လုပ်နိုင်မယ်ဆိုရင်၊ အနောက်နိုင်ငံကုမ္ပဏီတွေ ရုရှားကနေ ထွက်သွားတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တော့တဲ့အခါမှာ ရုရှားစီးပွားရေး ယုတ်လျော့ပြီး ဆန္ဒပြမှုတွေ ရုရှားမှာဖြစ်လာရင်၊ သိမ်းပိုက်ချင်တဲ့ ရုရှားစစ်တပ်ကြောင့် သိသိသာသာဆုံးရှုံးသွားတဲ့ အရာတွေကို ယူကရိန်းတို့ စီမံခန့်ခွဲနိုင်တယ်ဆိုရင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအပါအ၀င် တစ်ကမ္ဘာလုံးက စစ်အာဏာရှင်တွေ အားနည်းသွားပါလိမ့်မယ်။

ပူတင်နဲ့ ရုရှားကို   ရန်လိုတဲ့အာဏာရှင် အစိုးရတွေက ထောက်ခံပေးနေတာ ၁၀ နှစ် ၁၅နှစ်လောက် ရှိပါပြီ။ ရုရှားက အဲ့လို ထပ်လုပ်လို့မရတော့ပါဘူး။ နိုင်ငံပေါင်းများစွာက  အရပ်သားတွေ ရက်စက်စွာ ဖိနှိပ်ခံရချိန် ပူတင်က အာဏာရှင်တွေကို ထောက်ပံ့ပေးထားပေမဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးက ရှင်သန်လာဦးမှာပါ။

ဒါပေမဲ့ ပြည့်ပြည့်၀၀ ဖွံ့ဖြိုးဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲကတော့ နှေးကွေးပြီး မြန်မာနိုင်ငံအပေါ်  အကျိုးသက်ရောက်မှုလည်း နှေးကွေးပါလိမ့်မယ်။ ယူကရိန်းစစ်ပွဲနဲ့ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုဟာ အစပဲရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်လောက်ကြာမယ်၊ နောက်ဆုံး ဘယ်လိုဖြစ်မယ်ဆိုတာနဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးပါဘူး။

အကြီးမားဆုံးသင်ခန်းစာကတော့ ယူကရိန်းနိုင်ငံသားများဟာ အမျိုးသားရေးလက္ခဏာနဲ့ ပတ်သက်တဲ့အယူအဆ၊ လွတ်လပ်ရေးနဲ့ လွတ်လပ်မှုဆိုင်ရာ အယူအဆတွေမှာ အပြည့်အဝ စည်းလုံးညီညွတ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ဖယ်ဒရယ်ဒီမိုကရေစီဆိုတဲ့ အယူအဆနောက်မှာ ညီညွတ်ကြပြီး ဖိနှိပ်တဲ့ စစ်အာဏာရှင်ရဲ့ အောက်ကနေ တိုင်ပြည်နဲ့ လူမျိုး ထာဝရလွတ်မြောက်လိုတဲ့ ရဲ့ရင်တဲ့ နိုင်ငံသားတွေရယ်၊ နိုင်ငံရေးအရ လက်နက်ကိုင်တဲ့အဖွဲ့နဲ့ သက်ဆိုင်သူတွေ အများအပြားရှိပါတယ်။ သို့သော် အခြား ခြံစည်းရိုးခွထိုင်နေသူတွေလည်း ရှိပါတယ်။ တချို့တွေက အခုအရေးအခင်းကို သူတို့ကိုယ်ကျိုးအတွက် အသုံးချနေပါတယ်။ စစ်အစိုးရနဲ့လည်း မပေါင်းဘူး၊ ဘယ်သူနဲ့မှလည်း မပေါင်းဘူး၊ ဖယ်ဒရယ်အရေးနဲ့ ပတ်သက်ပြီးတော့တောင် ဝင်မပါချင်ကြပါဘူး။ ငြိမ်းချမ်းရေးလည်း မရစေချင်၊ စစ်လည်းမဖြစ်ချင်ပဲ သူတို့ မှောင်ခိုစီးပွားရေးအတွက် အကျိုးရှိမဲ့ အကောင်းဆုံးအချိန်ကိုပဲ သဘောကျတဲ့ သူတွေလည်းရှိပါတယ်။ ဒါကတော့ ယူကရိန်းနဲ့ မြန်မာကို ယှဉ်ပြီး ကျွန်တော်ရတဲ့ သင်ခန်းစာပါ။

ဒီအချိန်မှာ ယူကရိန်းအစိုးရရတဲ့ အောင်မြင်မှုနဲ့ NUG ရတဲ့ အောင်မြင်မှုချင်း နှိုင်းယှဉ်ပြောတာဟာ မမျှတဘူးခင်ဗျ။ ပထမဆုံးအနေနဲ့ကတော့ ယူကရိန်းအစိုးရနဲ့ NUG တို့ဟာ မတူညီတဲ့ ပထဝီနိုင်ငံရေးမှာ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဥရောပအိမ်နီးချင်းနိုင်ငံတွေက ယူကရိန်းအစိုးရကို ထိထိရောက်ရောက် အကူအညီပေးဖို့ အသင့်ဖြစ်နေပါတယ်။ မြန်မာ့အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယတို့ဟာ မြို့တွေ ရွာတွေ ဗုံးကြဲခံရ မီးရှို့ခံရလို့ ဖြစ်လာတဲ့ ဒုက္ခသည်တွေကိုတောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ လမ်းဖွင့်ပေးဖို့ အဆင်သင့်ဖြစ်မနေတာကို တွေ့ရပါတယ်။

ဆိုတော့ဗျာ … သမ္မတ ဇလန်းစကီးနဲ့ NUG ကို နှိုင်းယှဉ်မဲ့အစား ယူကရိန်းရဲ့ ဥရောပအိမ်နီးချင်းနိုင်ငံတွေရဲ့ ညီညွတ်မှုနဲ့ ယုတ်မာပြီး ကြောင်သူတော် ကြွက်သူခိုးလိုလုပ်နေတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ ညီညွတ်မှု မရှိတာကိုပဲ နှိုင်းယှဉ်သင့်ပါတယ်။

ယူကရိန်းအစိုးရက  တိုင်းပြည်ရဲ့ နယ်မြေအတော်များများကို ထိန်းချုပ်နိုင်ပြီး ပြည်သူလူထုအားလုံးနီးပါးကိုလည်း လွှမ်းမိုးထားနိုင်ပါတယ်။ အဲဒါက ကိုယ်ပိုင်စစ်တပ်နဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတာပါ။ ပြည်ပရန်သူတွေ တိုက်ခိုက်တာခံရပေမဲ့ နိုင်ငံတစ်ခုအနေနဲ့ ရှိနေတုန်းပါ။ NUG မှာ အဲဒါတွေ လုံးဝမရှိပါဘူး။ ခုခံစစ်က အများကြီး အောင်မြင်မှုတွေ ရပါတယ်။ အဲဒါက NUG က လုပ်ဆောင်ပေးလို့ မဟုတ်ပါဘူး။ လူတော်တော်များများက ကိုယ်စီဆောင်ရွက်ကြလို့ ဖြစ်ပါတယ်။ သို့သော် NUG က ဆောင်ရွက်တာတွေ ရှိခဲ့သလို NUG ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတုန်းပါပဲ။

NUG ကို ယုံကြည်မှုလျော့မဲ့အစား ယူကရိန်းတို့ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ယူပြီး မြန်မာပြည်သူတွေဟာလည်း ယူကရိန်းသူရဲကောင်းတွေလိုပဲ အထင်ကြီးလေးစားစရာကောင်းတာကို နားလည်သဘောပေါက်ရမှာပါ။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဘုံတိုက်ပွဲမှာ မတူညီတဲ့ အင်အားစုတွေ၊ နိုင်ငံရေးလက်နက်ကိုင်တွေနဲ့ အရပ်သားတွေ စုစည်းပြီး လူမှုစီးပွားညီညွတ်မျှတတဲ့ အနာဂတ်ဖယ်ဒရယ်မြန်မာနိုင်ငံကို တည်ဆောက်ကြပါ။

ယူကရိန်းနိုင်ငံသားတွေဟာ သူတို့တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ လွတ်မြောက်ဖို့ အပြင်းအထန် တော်လှန်နေရဦးမှာပါ။ မြန်မာနိုင်ငံသားတွေလည်း အာဏာရှင်ကို အောင်နိုင်ဖို့နဲ့ စစ်တပ်အောက်က လွတ်မြောက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ဖို့ အပြင်းအထန် တော်လှန်နေရဦးမှာပါပဲ။ နှစ်နိုင်ငံစလုံး အောင်မြင်နိုင်ပါတယ်၊ အောင်မြင်လိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်ဗျာ။

(ချက်သမ္မတနိုင်ငံ Prague Civil Society Centre ၏ အကြီးတန်းအကြံပေး Igor Blazevic သည် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအတွက် သင်တန်းအစီအစဉ်တစ်ခုဖြစ်သော ထိုင်းနိုင်ငံအခြေစိုက် ပညာ့ရှေ့ဆောင်အဖွဲ့၏ ဒါရိုက်တာလည်း ဖြစ်သည်။ Myanmar Now က ဆက်သွယ်မေးမြန်းအပြီး သူပြန်လည်ပေးပို့လာသော အဖြေများကို ဘာသာပြန်ကာ စုစည်း ဖော်ပြထားခြင်း ဖြစ်ပါသည်) myanmar now

တင့်ကား ၂ စီးပါ စစ်ကား အစီး ၈၀ ကျော် ယာဉ်တန်း မင်းတပ်သို့ တက်လာနေ၊ မင်းတပ်-မတူပီလမ်းကို ခေတ္တပိတ်ထားကြောင်း CDF မင်းတပ် ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကား ၂ စီးပါ စစ်ကား အစီး ၈၀ ကျော် စစ်ယာဉ်တန်းသည် ယနေ့ မတ်လ ၂၃ ရက် နံနက်တွင် မကွေးတိုင်း၊ ကျောက်ထုမြို့မှတဆင့် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ထွက်ခွာလာကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ရိက္ခာပို့ယာဉ်တန်းများဟု ယူဆရပြီး မင်းတပ်နှင့် မတူပီရှိ စစ်ကောင်စီတပ်ရင်းများထံသို့ ရိက္ခာဖြည့် တင်းခြင်း၊ တပ်ချိန်းခြင်းများအတွက် ဖြစ်နိုင်ကြောင်း CDF သတင်းရင်းမြစ်က ဆိုသည်။

မင်းတပ်-မတူပီကားလမ်းကို မတ်လ ၁၉ ရက်မှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီး ဆုံးရှုုံးမှုများကို တာဝန်ယူမည်မဟုတ်ကြောင်း CDF-မင်းတပ်က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်-မတူပီကားလမ်းအတိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ၊ နိုဝင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလများတွင် ဖြတ်သန်းသွားလာခဲ့ပြီး CDF မင်းတပ်၊ CDF မတူပီ တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်သားရာချီသေဆုံးခဲ့ကာ မြေတူးစက်များအပါအဝင် စစ်ကားများလည်း ပျက်စီးခဲ့သည်။ khit thit

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဝန်ထမ်း ၂၀၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း ထုတ်ပယ်

အကြမ်းဖက် စစ်ကောင်စီဩဇာခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဒုတိယအထွေထွေမန်နေဂျာ၊ လက်ထောက်အထွေထွေမန်နေဂျာတွေ အပါအဝင် အမှုထမ်း အရာထမ်း ၂၀၀ ကျော်ကို အမည်ပျက်စာရင်း သွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ကြေညာလိုက်ပါတယ်။

NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဒီကနေ့ မတ် ၂၃ ရက် ရက်စွဲနဲ့ လက် မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ မတရားတဲ့ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေကြတဲ့ နိုင်ငံ့ဝန် ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်စေရေးတို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ ပြည်သူ့အစိုးရက ပြန်လည်ပေးဆပ်ဖို့ မလိုကြောင်း ထုတ်ပြန်ထားတဲ့ ၂ လစာ ချေးငွေတွေကို ပြန်လည်တောင်းခံတာတွေ အပါအဝင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့အပြင် ပြည်သူလူထုကို အကြမ်း ဖက် နှိပ်စက်နေတဲ့ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်က ဖော်ပြပါ အရာထမ်း၊ အမှုထမ်း ၂၁၂ ယောက်တို့ကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၀၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၈၇၅ ယောက်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။ DVB

သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ပရဟိတ လူငယ် သေဆုံး

သေနတ်ဒဏ်ရာဖြင့် အဖမ်းခံလိုက်ရသည့် ရေးမြို့မှ ပရဟိတလူငယ် သေဆုံးသွားသည်ဟု နီးစပ်သူများထံမှ သိရသည်။

ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်တွင် သေနတ်ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည့် ရေးမြို့မှ ပရဟိတ လူငယ်တစ်ဦး မောင်အောင်ခန့်ဟိန်းသည် ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် သေဆုံးသွားသည်ဟု နီးစပ်သူများ ထံမှ သိရသည်။

“အဖမ်းခံရတာက ၁၈ ရက်နေ့က သေနတ်ဒဏ်ရာနဲ့ မနေ့ (၂၀ ရက်နေ့ မှာတော့ ဆုံးသွားတယ်လို့ သတင်းရ တယ်။ သူ့ရုပ်အလောင်းကိုတော့ ရမရတော့ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

မတ်လ ၁၈ ရက်နေ့က ဝယ်ပေါင်ကျေးရွာ ဝပ်ရှော့တစ်ခုတွင် ကားပြင်သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးသွားပြီး သေနတ်ဒဏ်ရာ ထိထား သည့် မောင်အောင်ခန့်ဟိန်းနှင့် နောက်ထပ်အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် မောင်အောင်ခန့်ဟိန်းသည် ဆေးကုသခွင့်မရပဲ မတ်လ ၂၀ ရက်နေ့က သေဆုံးသွားသည်ဟု ၎င်းနှင့် နီး စပ်သူများ၏ ပြောပြချက်အရ သိရသည်။

မောင်အောင်ခန့်ဟိန်းသည် ပရဟိတလူငယ်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဝရမ်းထုတ်ခံထားရကာ တိမ်း ရှောင်နေရသူတစ်ဦး ဖြစ်သည်။

ရေးမြို့နယ်အတွင်း ပစ်သတ်ခံရမှုဖြစ်စဥ်များ ဖောက်ခွဲမှုများဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား ဖမ်း ဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်ဟု ရေးမြို့ခံများက ပြောသည်။ mizzima

« Older Entries