Monthly Archives: Mar 2022

ရန်ကုန်ဒေါပုံရဲစခန်း၊မြောက်ဒဂုံ Denko ဆီဆိုင်၊ ၇/၈ လမ်းဆုံတို့တွင် ဗုံးများဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ရဲစခန်းတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့် ဗုံးပေါက်ကွဲပြီး လူနာ တင်ယာဉ် ကားတစ်စီး ဝင်ရောက်သွားကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကသည်။

မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ဒေါပုံရဲစခန်းသို့ God’s Hand Forces- နှင့် The Owl တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကွဲမှုကြောင့် ရဲစခန်းအတွင်းမှ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း အဆိုပါအဖွဲ့များက တရားဝင် ထုတ်ဖော်ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ည ၇ နာရီခွဲကျော်ခန့်အချိန် ပင်လုံလမ်းမပေါ်ရှိ ပင်လုံ City Mart ကပ်လျက်ရှိ Denko ဆီဆိုင်တွင် ဗုံးပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားကြောင်း၊ ည ၈ နာရီကျော်ခန့်တွင် စစ်သားနှင့်ရဲများက လမ်းများပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အရှေ့ဒဂုံမြို့နယ် ၇/၈ လမ်းဆုံအနီးတွင် ဗုံးများပေါက်ကွဲကြောင်း၊ ယင်းနောက် ၈ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ထပ်မံပေါက်ကွဲကြောင်း၊ စစ်သားများ ရောက်ရှိလာချိန်တွင်လည်း ထပ် မံ၍ ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးတွေက တစ်လုံးပြီး တစ်လုံးပေါက်တာ။ ဗုံးပေါက်ပြီး အနည်းငယ်ကြာတော့ အရပ်ဝတ်နဲ့ စစ်သားတွေ လက်နက်နဲ့ ရောက်လာတယ်။ နောက် ရဲကား DC ၁ တစ်စီး မှာ၅ယောက်ဝန်းကျင်လောက် ရောက်လာပြီး ၇/၈ လမ်းဆုံနားကိုလာပြီး အသံဘယ်ကကြားရတာလဲလိုက်မေးပါတယ်။ သူတို့လာမေးပြီး၅မိနစ်လောက်နေတော့ ပေါက်ကွဲသံထပ်ကြားရပါတယ်။ နောက်ထပ်ပေါက်သံကအသံဗုံးလို့ထင်ပါတယ်။ ည ၉ နာရီ ၅၅ မိနစ်လောက်က ထပ်ကြားရတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

အင်းစိန်ထောင်တွင် နေရာစုံ CCTV တပ်ကာ အရှက်သိက္ခာခြိမ်းခြောက်နေဟုဆို

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း CCTV လုံခြုံရေးကင်မရာ တပ်ဆင်ထားမှုကို ထောင်ဝန်ထမ်းတို့က အခွင့်ကောင်းယူကာ အရှက်သိက္ခာ ခြိမ်းခြောက်မှုများအပါအဝင် နည်းမျိုးစုံသုံး၍ ဖိနှိပ်နေကြောင်း နိုင်ငံရေးအကျဉ်းသားအချို့ ပြင်ပသို့ ပို့လိုက်သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။  

Myanmar Now က ဖတ်ရှုရသည့် စာကြောင်းရေ ၂၂ ကြောင်း ပါဝင်ပြီး တွန့်ကြေနေသည့် နှစ်မျက်နှာပါ စာကို အင်းစိန်ထောင်အတွင်းမှ လျှို့ဝှက်စွာရရှိကြောင်း ယုံကြည်ထိုက်သည့် အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

အိပ်ဆောင်တွင် CCTV တပ်ထားသည်ကို အခွင့်ကောင်းယူ၍ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ပြောဆိုမှုများကို အမျိုးသားအဆောင်၌ပင် ထောင်ဝန်ထမ်းတို့က ကျူးလွန်သည်ဟု ထိုစာတွင် ရေးထားသည်။

“ဒီကောင်တွေ နောက်ပိုင်း xxxxxx ပြောရဲပြောကြည့်၊ အိပ်နေတုန်း ဖင်ပေါ်တဲ့ပုံတွေနဲ့ ဖွပစ်မယ်” ဟု ထောင်ဝန်ထမ်းတို့က ပြောလေ့ရှိကြောင်း ထိုစာက ဆိုသည်။

အင်းစိန်ထောင်တွင် မတ် ၉ ရက်မှစ၍ ညစဉ် လျှပ်စစ်မီးဖြတ်ကြောင်း၊ ထိုအချိန်ရောက်သည်နှင့် အကျဉ်းသား၊ အချုပ်သားများထဲမှ နှစ်ဦးကို ထောင်ဝန်ထမ်းတို့က ရွေးကာ “အိပ်ဆောင်အားလုံး ဘေးကင်းပါတယ် ဆရာ” ဟု မိုးလင်းသည်အထိ အဆက်မပြတ်‌အော်ခိုင်းကြောင်း ထိုစာတွင် ပါဝင်သည်။

စတင်အော်ရချိန် ၂ နာရီခန့်ကြာ၍ တောက်လျှောက်အော်ရန် ခက်လာသဖြင့် အသံတိမ်၊ မပီမသဖြစ်လျှင် ထောင်ဝန်ထမ်းတို့ ရောက်လာ၍ “မင်းတို့ PDF တွေ တာဝါတိုင်ချိုးလို့ မီးပျက်တာ အော်။ နားငြီးတာတို့၊ တိုးတိုးအော်ခိုင်းတာတို့ ပြောတဲ့လူ မှတ်ထား” ဟု ကြိမ်းမောင်းလေ့ရှိသည်ဟု ထိုစာတွင် ရေးသားထားသည်။

“အင်းစိန်ထောင်အတွင်း ဒုတိယတာဝန်ခံအရာရှိ (ထောင်ပိုင်လေး) ဖြစ်သူမှာ ၎င်းကြည့်မရသော နိုင်ငံရေးအကျဉ်းသားများအား ထောင်အ တွင်းရှိ လူမိုက်များကို ရိုက်နှက်ခိုင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်” ဟုလည်း ထိုစာက ဆိုသည်။

ထို့ပြင် လက်ထောက်ကြီးကြပ်ရေးမှူး ဦးမျိုးခိုင်နှင့် ဦးမြင့်ဝင်းအောင်တို့ကလည်း ၎င်းတို့မသင်္ကာသည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ကာ စုံခုံဖွဲ့စစ်ဆေးမှုများရှိနေကြောင်း တစ်ပါတည်း ထည့်သွင်း အသိပေးထားသည်။

စာရေးသားသည့် နိုင်ကျဉ်းများမရှိသည့် အခြားအိပ်ဆောင်များတွင် ထိုသို့လုပ်ဆောင်မှု ရှိမရှိ ရှင်းလင်းစွာမသိရပေ။

အကျဉ်းသားတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားသည့် အထက်ပါ အကျဉ်းထောင်နှင့် နီးစပ်သူ၏ အဆိုအရ အင်းစိန်ထောင်အတွင်း အမျိုးသ မီးအိပ်ဆောင်ပါမချန် အိမ်သာ၊ အိပ်ခန်း၊ ရေချိုးကန် နေရာစုံတွင် CCTV တပ်ထားသည်ဟု သိရသည်။

“အကျဉ်းသားတွေအကုန်လုံး စောင့်ကြည့်ခံရပါတယ်။ မိန်းကလေးတွေဆို စောင့်ကြည့်ခံရပါတယ်။ (CCTV) တပ်ထားတဲ့အတွက် ရေချိုးရင်လဲ အဆင်မပြေပါဘူး။ ဆော်ဩပေးပါ” ဟု ၎င်းက ပြောသည်။ 

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များ နာမည်ဆိုးဖြင့် ပြန်၍ ကျော် ကြားနေရာ အင်းစိန်ထောင်သည် ထိပ်ဆုံးမှ ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားများကို ပြင်းထန်စွာ ဒဏ်ရာရသည်အထိ နှိပ်စက်သည့် ဖြစ်စဉ်များ၊ လုံလောက်စွာ ဆေးကုသခွင့်မပြုသည့် ကိစ္စများမှာ အင်းစိန်ထောင်နှင့် ပတ်သက်၍ ထင်ရှားသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် မတ်လ ၂၄ အထိ စစ်ကောင်စီက ဖမ်းဆီးသူ ၁၂၉၄၉ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းက ဆိုသည်။

ထိုကိန်းဂဏန်းများမှာ ချဲ့ကားလွန်းသည်ဟု စစ်ကောင်စီဘက်က ပြောလေ့ရှိသော်လည်း လက်လှမ်းမီသလောက် ကောက်ယူခြင်းသာဖြစ်၍ ထို့ထက်များနိုင်သည်ဟု AAPP က တုံ့ပြန်ထားသည်။myanmar now

ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာတွင် သက် ကြီးရွယ်အိုများကို စစ်ကောင်စီတပ် ရိုက်နှက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာက သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီတပ်က မတ် ၂၄ ရက် ည ၇ နာရီကျော်လောက်မှာ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က  အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ကင်းပြစ်ရွာထဲကို ဝင်ရောက်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံ ကင်းထောက်သမားတဦးက “ကျနော်တို့ လူငယ်၊ လူလတ်နဲ့ ပြေးနိုင်လွှားနိုင်သူတွေကတော့ သူတို့ စစ်ကောင်စီတပ်တွေ မလာခင်က တည်းက ရှောင်နေကြတယ်။ သူတို့ ညနေ ရွာထဲဝင်လာပြီး မပြေးနိုင်ဘဲ ရွာထဲကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်နေတာတွေ လုပ်နေတယ်ဗျ။ ဘယ်လိုသိရတာလဲဆိုတော့ ကျနော်တို့ ကင်းထောက်တွေ ချထားတယ်။ ရွာထဲက အော်သံတွေလည်း အတိုင်းသား ကြားနေရတာ ဆရာရေ။ အထူးသဖြင့် အဘိုးအိုတွေကို ရိုက်နှက်နေတယ်” လို့ ပြောပါတယ်။

အဆိုပါ ကင်းပြစ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး  ခင်ဦးမြို့ရဲ့ အ‌နောက်ဘက် ၅ မိုင်လောက် အကွာမှာ တည်ရှိတာပါ။

ဒါ့အပြင် ကင်းပြစ်ရွာအနီးမှာရှိတဲ့ ပျဉ်ထောင်ကျေးရွာမှာလည်း စစ်ကောင်စီက ပျူစောထီးသင်တန်းတွေ ပေးနေတဲ့အတွက် ဒေသခံ ရွာသားတွေဟာ နေ့စဉ်ဆိုသလို ကျေးရွာအတွင်းကနေ ထွက်ပြေးလိုက်၊ သူတို့ပြန်သွားရင် ပြန်ဝင်လိုက် လုပ်နေရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB

ဒုရဲအုပ် ချယ်ရီထက်ကို စွဲဆိုထားသည့် ၅၀၅ (က) အမှု ယခုလကုန် အမိန့်ချမည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက်ကို စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အမှုကို ယခု လကုန်တွင် အမိန့် ချမှတ်မည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“အပြီးသတ် လျှောက်လဲချက် ပေးပြီးပြီဗျ။ နောက်တစ်ပတ် ကြာသပတေးနေ့ အမိန့်ချမယ်” ဟု ၎င်းက ပြောသည်။

အမှုနှင့် ပတ်သက်ပြီး ယမန်နေ့ မတ်လ ၂၄ ရက်တွင် နှစ်ဖက် ရှေ့နေများက အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြခြင်း ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက်က အပြစ် မရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆို ထားပြီး ခံပြသက်သေ ၁၁ ဦး တင်သွင်းခဲ့ရာ သက်သေ ခြောက်ဦး အထိ ရုံးချိန်း တက်ရောက်ရန် ပျက်ကွက် ခဲ့သည်။

ထို့ကြောင့် ချယ်ရီထက်က ကျန်ရှိသည့် သက်သေများကိုလည်း ခေါ်ယူလိုခြင်း မရှိတော့သည့် အတွက် ၎င်း၏ သဘောဆန္ဒအရ သက်သေအား လုံးကို တရားရုံးက ပယ်ဖျက်ခဲ့သည်။

ယခု စွဲဆိုခံရသည့် ပုဒ်မ ၅၀၅ (က)မှာ တရားရုံးက ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ပါက အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ် အထိ ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ချယ်ရီထက်ကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက် နှင့် ၁၄ ရက်နေ့ တို့တွင် ရေးသားခဲ့သည့် အကြောင်း အရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ် ခဲ့ခြင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့နှင့် ဆက်စပ်ပြီး ၅၀၅ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက်သည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နေပြည်တော်၌ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ပြီး ရဲတရားရုံးက ချမှတ်ထားသည့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနှင့်လည်း ထောင် သုံးနှစ် ချမှတ် ခံထားရသည်။ mizzima

ပင်းတယမြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို မတ် ၂၄ ရက် ည ၁၂ နာရီလောက်က ရွာငံ မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)  နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ ၂ တို့ပူးပေါင်းပြီး  မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အဆိုပါ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် ၃ ခုကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ပြီလို့ TPDF တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြန်ကျဆုံးရေးအတွက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နဲ့ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ထံ ပေးပို့ကြဖို့ မေတ္တာ ရပ်ခံထားပါတယ်။ DVB

မိုင်းနုမ်ဟန်နှင့် ၇ လအရွယ် သမီး အပါအဝင် မိသားစုဝင် ၃ ဦးကို မသတ်ခဲ့ကြောင်း RCSS ငြင်းဆို

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီးနှင့် ခုနစ်လ အရွယ် သမီးတို့ကို ဖမ်းဆီး သတ်ဖြတ်မှု မကျူးလွန် ခဲ့ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ငြင်းဆိုချက် ထုတ်ပြန်သည်။

၎င်းတို့၏ သတင်းစာမျက်နှာ ဖြစ်သော Tai Freedom တွင် မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် တအာင်း အဖွဲ့အစည်း အချို့က ခိုင်လုံသည့် သက်သေ အထောက်အထား ကင်းမဲ့သည့် ထုတ်ပြန်ချက် အမျိုးမျိုး ထုတ်ပြန်ပြီး RCSS အား နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိရှိ ထိုးနှက် အမြတ်ထုတ်ကာ တစ်ဖက်သတ် စွပ်စွဲသည်ဟု ဆိုထားသည်။

ထို့အပြင် ရှမ်းပြည် တိုင်းရင်းသား အဖွဲ့အစည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ အကြား နားလည်မှုလွဲခြင်း ဖြစ်စဥ်မှ အန္တရာယ် အလွန် ကြီးမားသည့် လူမျိုး ရေး ပဋိပက္ခ အသွင်သို့ မရောက် ရောက်အောင် တွန်းပို့ နေသည်ဟု ဆက်လက် ဖော်ပြထားသည်။

မိုင်းနုမ်ဟန်နှင့် မိသားစု ဖမ်းဆီး ခံရသည့် ဇန်နဝါရီလ ၁၀ ရက်တွင် RCSS တပ်ဖွဲ့သည် မိုင်းကိုင် မြို့နယ် တုံလော၊ ပန်လော့၊ ပန်ကေတု ဒေသတွင် မရှိတော့ဟု ပြောဆိုထားသည်။ သို့သော် RCSS ၏ Tai Freedom သတင်းဌာနတွင်မူ ပန်ကေတု၊ ဟိုနား၊ ဝမ်ဖီး တွင် လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့ကို ရှမ်းပြည် တပ်မတော် (SSPP)၊ တအာင်း တပ်မတော် (TNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

မိုင်းနုမ်ဟန် (၃၉ နှစ်) ၏ အလောင်းကို မတ်လ ၃ ရက်နေ့တွင် ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့တွင် ဇနီးဖြစ်သူ လွေးအေးခ (၂၆ နှစ်) နှင့် ခုနစ်လ သမီးတို့၏ အလောင်းများကို ရွာခံများက ရှာဖွေတွေ့ရှိခဲ့သည်။ ဖမ်းဆီး သတ်ဖြတ်သူမှာ RCSS တပ်ဖွဲ့ ဖြစ်ကြောင်း ကျေးရွာခံ၊ ကျေးရွာမှ တာဝန်ရှိသူနှင့် RCSS တပ်မှ ထွက်ပြေးလာသူ တပ်သား တစ်ဦးက ပြောဆိုထားသည်။

ဖမ်းဆီး သတ်ဖြတ် ခံရသည့် မိုင်းနုမ်ဟန်နှင့် မိသားစုဖြစ်စဥ်ကို ကန့်ကွက် ရှုတ်ချကြောင်း အရပ်ဘက် အဖွဲ့အစည်း၊ ပါတီ၊ စာပေနှင့် ယဥ်ကျေးမှု၊ သံဃာတော်၊ ကျောင်းသား သမဂ္ဂနှင့် အမျိုးသမီး အဖွဲ့အစည်း ၁၁၇ ဖွဲ့က ထုတ်ပြန်ခဲ့သည်။ mizzima

BIMSTEC ထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဖိတ်ကြားခြင်းမပြုရန် တောင်းဆို

သီရိလင်္ကာနိုင်ငံမှာ မတ်လ ၃၀ ရက် ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ၅ ကြိမ်မြောက်  ထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို  ဖိတ်ကြားခြင်းမပြုဖို့  India for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဖက်ဆစ်စစ်တပ်နဲ့ ဆက်စပ်ပက်သက်မှုတွေအားလုံးကို ရပ်တန်းက ရပ်ဖို့၊ မြန်မာပြည်ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ တောင်းဆိုချက်ကို အ လေးထားဖို့၊ BIMSTEC အဖွဲ့ခေါင်းဆောင်တွေဟာ ထိပ်သီးညီလာခံမှာ မြန်မာပြည်အရေးအား လူသားဂုဏ်သိက္ခာနဲ့ လူသားမျိုးနွယ်တို့ရဲ့ အရေး ရှေးရူကာ ဆွေးနွေးကြဖို့ တောင်းဆိုပါတယ်။

ဒါကြောင့် BIMSTEC ဟာ ဖက်ဆစ်စစ်တပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်မှု ရပ်တန့်မှုမရှိပါက India For Myanmar ကနည်းမျိုးစုံနဲ့ ဆက်လက်ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မတရား အာဏာသိမ်းထားပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့  စစ်ကောင်စီကို ၅ ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံမှာ မဖိတ်ကြားဖို့လည်း ကြေညာချက်ထုတ် တောင်းဆိုလိုက်တာပါ။

India For Myanmar ဟာ အိန္ဒိယပြည်အခြေစိုက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အိန္ဒိယဝန် ကြီးချုပ် မိုးဒီနဲ့ အိန္ဒိယအခြေစိုက် BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေကို အိတ်ဖွင့်စာပေးကာ BIMSTEC လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့ပါတယ်။

ဒါပေမဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကတော့  အဆိုပါတောင်းဆိုမှုကို လျစ်လှူရှုကာ ယနေ့အထိ အာဏာသိမ်းစစ်ကောင်စီကို ထိပ်သီးအစည်း အဝေးတက်ဖို့ ဖိတ်ကြားထားတာကို ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးပါဘူး။ 

BIMSTEC အဖွဲ့မှာ  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တာဖြစ်ပြီး  လက်ရှိနွေဦးတော်လှန်ရေးကာ လမှာ အာဏာသိမ်းစစ်တပ်ကို  မြန်မာနိုင်ငံ နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ DVB

KNU နှင့် KNPP တပ်မတော်နေ့ အခမ်းအနား သွားမည်မဟုတ်

တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီက ဖိတ်ကြားလာပါက တက်ရောက်မည် မဟုတ် ကြောင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း အချို့က ပြောသည်။

ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP တို့က ယခုကဲ့သို့ အတိအလင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။

စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားကို EAOs အဖွဲ့များအား ဖိတ်ကြားထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီဖက်က ယခုအချိန်အထိ တစ်စုံတစ်ရာ ဖိတ်ကြားလာခြင်းမျိုး မရှိသေးသလို ဖိတ်ကြားလာပါကလည်း တက်ရောက်မည် မဟုတ်ဘူးဟု NCA အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးထားသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြော သည်။

KNPP အထွေထွေ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ကို ဘယ်သူမှ မဖိတ်ပါဘူး။ ကျနော်တို့က ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ စစ်ရေး အခြေအနေ ပေါ့နော အရ ကျနော်တို့က တက်ဖို့ကတော့ အစီအစဉ် လုံးဝမရှိပါဘူးလို့” ဟု ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ တပ်ဖြစ်သည့် KA အပါအဝင် KNDF ပူးပေါင်းတပ်များသည် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီနှင့် နေ့စဉ်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျှက်ရှိသည်။

ထို့အတူ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးကလည်း စစ် ကောင်စီက တပ်မတော်နေ့ အ ခမ်း အနားသို့ တက်ရောက်ရန် ဖိတ်ကြားမှုကို ၎င်းအနေဖြင့် ရေရေရာရာ မသိရ သေးကြောင်းနှင့် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားလာပါကလည်း KNU အနေဖြင့် တက်ရောက်မည် မဟုတ်ဟု ပြောသည်။

ပဒိုစောတောနီးက “ဒါကြီးက ရှင်းနေတာပဲ နေ့တိုင်း စစ်ဖြစ်နေတာ ဘယ်လိုလုပ် အဲဒီပွဲကို သွားတက်မလဲဗျာ” ဟု ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်နေ့ အခမ်းအနားကို စစ်ကောင်စီက တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ တော် တော်များများကို ဖိတ်ကြားထားပြီး တိုင်းရင်း လက်နက်ကိုင် အဖွဲ့အစည်းအချို့ က တက်ရောက်မည်ဟု သိရသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက်က အခြားသော အဖွဲ့အစည်းများကို မေးမြန်း အတည်ပြုချက် ရယူ၍ မရသေးပေ။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းသည် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ် တွန်း လှန်နေသည့် အခြေအနေအောက် တွင် ရှိနေသည့်အတွက် စစ်ကောင်စီက ဖိတ်ကြားထားသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဆုံးဖြတ်ထားသည့် အဖွဲ့အစည်းများအနေဖြင့် အခြေအနေအရပ်ရပ်ကို စဉ်း စားရန်လိုအပ်သည် ဟု ဦးအောင်ဆန်းမြင့်က ဆက် ပြောသည်။

ဦးအောင်ဆန်းမြင့်က “ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အများကြီး စဉ်းစားဖို့လိုတယ်လေ။ ဒီနေ့ ကျနော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာက လူမျိုးတမျိုးတည်းရဲ့ အရေး၊ အဖွဲ့အစည်းတဖွဲ့တည်းရဲ့ အရေး မဟုတ်ဘူးလေနော်။ ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ အရေး၊ ဆိုတော့ စစ်တပ်က ခေါ်ယူတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဟာ ဒါသူတို့ရဲ့ နိုင်ငံရေးအရပေါ့နော် နိုင်ငံတကာမှာ မျက်နှာသာရဖို့ သူတို့က ဆွေးနွေးညှိနှိုင်းရေး လမ်းစဉ်ကို သွားနေပါတယ်ဆိုတဲ့ဟာကို သူတို့က နိုင်ငံတကာကို ပြဖို့အတွက်ပဲ သက်သက်ပဲဖြစ်တယ်။ တကယ့်တကယ် ကျနော်တို့ တိုင်းရင်း သားတွေ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် သူတို့ စိတ်ထဲမှာ ဒါကတော့ လုံးဝရှိတာမဟုတ်ဘူးပေါ့လေ ဒါကို ကျနော်သိဖို့လိုတယ်။ အဲ့ဒီတော့ ကျနော်တို့ အဖွဲ့အ စည်းအရေး တစ်စုတစ်ဖွဲ့အရေးထက် တစ်နိုင်ငံလုံးအရေးကို ကျနော်တို့က ကြည့် ပြီးတော့မှ ကျနော်တို့က သွား သင့်မသွားသင့် ဆိုတာ စဉ်းစားကြဖို့ ကျနော်အနေနဲ့ ပြောလိုတာပေါ့နော” ဟု ပြောသည်။

စစ်ကောင်စီက ပြုလုပ်မည့် တပ်မတော်နေ့ အခမ်းအနား တက်ရောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများက မည်ကဲ့ပင်သို့ ဆုံးဖြတ်စေကာမှု နောက်ဆုံး အဆုံးအဖြတ်ပေးမည့်သူများမှာ ပြည်သူသာ ဖြစ်သည်ဟု KNU ဗဟိုနိုင်ငံခြားရေးဌာန တာဝန် ခံ ပဒိုစောတောနီးက ပြောသည်။

၎င်းက “ဒီလိုမျိုးမှာ ဖြစ်နေတဲ့ ကိစ္စတွေ ကျနော်တို့ ပြောစရာမရှိဘူး။ ဒါပေမယ့် ဒါဟာ ဆုံးဖြတ်မှာက ပြည်သူ တွေပဲ ဆုံးဖြတ်မှာပါ။ ပြည်သူတွေက ဆုံးဖြတ်တဲ့ဟာကတော့ ကျနော်တို့ ဘာမှ ပြောစရာမလိုဘူးလေ။ အဲဒါ ကြောင့်မို့လို့ ဒီဟာတွေက ကျနော်တို့ အထူးအထွေ ပြောစရာမလိုဘူး။ အဖွဲ့အစည်းတစ်ခုခုမှာ သူရဲ့ ဆုံးဖြတ် ပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်မှာကတော့ ဒီဟာတွေက ဒီလိုဒီလို ဖြစ်နေတယ် ဆိုတာက တော့ လူထုကပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီက ပြုလုပ်ခဲ့သည့် ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချို့ က တက်ရောက်ခဲ့ကြသော်လည်း ကရင်နီ အမျိုးသား တိုး တက် ရေးပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNU တို့တို့အပါအဝင် EAOs အချို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။ mizzima

သတင်းသမား ၂ ဦး ထောင် ၂ နှစ်စီ ချခံရ

Mandalay Free Press နှင့် မြန်မာသံတော်ဆင့်သတင်းဌာနတို့မှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက မတ် ၂၃ တွင် ထောင် ၂ နှစ်စီ ချလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တရားရုံးက Mandalay Free Press သတင်းဌာနမှ ၂၅ နှစ်အရွယ် ကိုအောင်ဇော်ဇော်ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅  (က) နှင့် အမိန့်ချခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သော၊ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ဆိုသည်။ 

ဇန်နဝါရီ ၁၆ ရက်နေ့က ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ နေအိမ်တွင် ကိုအောင်ဇော်ဇော် အဖမ်းခံရသည်ဟု မိသားစုနီးစပ်သူက ဆိုသည်။  

“သူ့အိမ်ကို မသင်္ကာလို့ လာစစ်ဆေးတဲ့အချိန် သူ့ဖုန်းတွေ၊ Laptop တွေထဲမှာက သူတို့မကြိုက်တဲ့အချက်တွေ တွေ့တော့ ဖမ်းသွားတယ်လို့ ထင်ပါတယ်” ဟု ဇန်နဝါရီ ၂၀ ရက်နေ့က ပြောဆိုထားသည်။ 

“သူ့အဖေက အုပ်ချုပ်ရေးမှူးဟောင်းဆိုတော့ မကျေနပ်သူတွေဘာတွေရှိပြီး လာစစ်ဆေးပြီးမှ ဖမ်းတာလည်းဖြစ်နိုင်တယ်” 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း သတင်းများကို ဆက်လက်တင်ဆက်နေသည့် Mandalay Free Press အယ်ဒီတာအဖွဲ့က ကိုအောင်ဇော်ဇော်လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ဇန်နဝါရီ (၁၉) တွင် သတင်းထုတ်ပြန်ထားသည်။ 

ကိုအောင်ဇော်ဇော်သည် “ရုပ်သံတည်းဖြတ်ခြင်းလုပ်ငန်းများကို သင်ယူနေသူ လူငယ်တစ်ဦးဖြစ်ပြီး” သတင်းထုတ်လုပ်ခြင်းတွင် အချိန်ပိုင်းလုပ်အားပေးနေသူဖြစ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်ထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုရဲရင့်ထွန်း

မြန်မာသံတော်ဆင့်သတင်းဌာနမှ ပုသိမ်မြို့အခြေစိုက် သတင်းထောက် ကိုရဲရင့်ထွန်းသည် အလားတူပုဒ်မနှင့်ပင် ထောင်ချခံရသည်ဟု ပြီးခဲ့သည့်ရက်ပိုင်း သတင်းများတွင် ဖော်ပြထားသည်။ 

၎င်းသည် ယမန်နှစ် ဖေဖော်ဝါရီ ၂၈ က စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသည့် ဖြစ်စဉ်များကို ပုသိမ်မြို့တွင် သတင်းဓာတ်ပုံရယူနေစဉ် ဖမ်းဆီးခံရသည်ဟု သိရသည်။ 

ယင်းနောက် တစ်နှစ်ကျော် အမှုရင်ဆိုင်ခဲ့ပြီး ပုသိမ်မြို့ထောင်တွင်းအထူးတရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်ဆိုသည်။ 

တိမ်းရှောင်ရခြင်း

အာဏာသိမ်းစစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီးထောင်ချနေသဖြင့် သတင်းသမားအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ယခုနှစ် ဇန်နဝါရီ (၆) ကလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းသတင်းဌာနမှ သတင်းသမားနှစ်ဦးကို စစ်ကောင်စီက နာမည်ကြီးပုဒ်မ ၅၀၅ (က) နှင့်ပင် ထောင်ဒဏ် (၂) နှစ် အမိန့်ချမှတ်ခဲ့သေးသည်။ 

ဇေယျာတိုင်းသတင်းဌာနသည် အာဏာသိမ်းစစ်ကောင်စီဟု သုံးနှုန်းသည်၊ CRPH, NUG တို့၏ သတင်းများကို ဖော်ပြသည်ဟု Myanmar Now က ဖတ်ရှုခွင့်ရသော တိုင်ချက်တွင် တွေ့ရသည်။

စစ်ကောင်စီသည် မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကိုလည်း အကြမ်းဖက်ပုဒ်မဖြင့်ပင် အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။ 

စစ်ကောင်စီ၏လက်ထက်တွင် သတင်းလွတ်လပ်ခွင့်များ ဆုံးရှုံးရသလို တိုင်းပြည်လည်း အမှောင်ဖုံးနေပြီဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူ အထက်မြန်မာပြည်သတင်းသမားတစ်ဦးက ထိုစဉ်က မှတ်ချက်ပြုထားသည်။ 

“သူတို့အလိုကျ အာဘော်အတိုင်း လိုက်မရေးရင် ဖမ်းမယ်၊ ထောင်ချမယ်၊ အခုဆို အသက်ဆုံးရှုံးရသူ သတင်းသမားတွေတောင် ရှိလာပြီ။ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတော့ မြင်တဲ့အတိုင်းပဲလေ၊ နောက်ပြီး တိုင်းပြည်လည်း အမှောင်ဖုံးနေပါပြီ” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီကမူ ဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု တုံ့ပြန်လေ့ရှိသည်။ ထိန်းသိမ်းခံနေရသော သတင်းသမားများသာမက ထောင်ချပြီးသည့် သတင်းသမားများထဲမှ အများအပြားကိုလည်း ပြန်လွှတ်ပေးခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၃၀ ကျော် အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်ထိ ၅၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေအနေများကို စာရင်းပြုစုနေသည့် Detained Journalists Group အဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင်လည်း သတင်းသမား ၅၀ အကျဉ်းချခံထားရသည်ဟု နယူးယောက်အခြေစိုက် Committee to Protect Journalists ခေါ် သတင်းသမားကာကွယ်ရေးအဖွဲ့၏ ၂၀၂၁ ဒီဇင်ဘာထုတ်ပြန်ချက်အရ သိရသည်။ ထိုစဉ်က တရုတ်သည် ကမ္ဘာတွင် သတင်းသမားဖမ်းဆီးထိန်းသိမ်းမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ myanmar now

« Older Entries