Monthly Archives: Mar 2022

ဟားငါးကောင်အဖွဲ့ကို ပရီးမီးယားလိဂ်ကလပ် ဘရန်းဖို့ဒ်အသင်းက ဂုဏ်ပြုဂျာစီပေးပို့

နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့် ဟားငါးကောင်အဖွဲ့အား ဘရန်းဖို့ဒ်အသင်းက ဂုဏ်ပြုဂျာစီပေးပို့ခဲ့ကြောင်း ဟားငါးကောင်အဖွဲ့မှ ကိုပိုးလေးက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ပရီးမီးယားလိဂ်တွင် ယှဥ်ပြိုင်နေသည့် ဘရန်းဖို့ဒ်အသင်းမှ အသင်းသားများ လက်မှတ်ရေးထိုးပြီး နောက်ကျောတွင် H K 5 ဟုရေးသားထားသည့်ဂျာစီကို ပေးပို့လာခြင်း ဖြစ်သည်။

“ပရီးမီးယားလိဂ်မှာ ကန်နေတဲ့ Brentford ဘောလုံးအသင်းသားတွေလက်မှတ်ထိုးထားတဲ့ သူတို့အသင်းရဲ့ဝတ်စုံတစ်စုံ ပေးပို့လာပါတယ်၊ ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ရပ်တည်တဲ့အတွက် သူတို့အသင်းကဂုဏ်ပြုတာလို့လည်းသိရပါတယ်။ အ မှန်တရားဘက်ကသာရပ်တည်ရင် မြန်မာပြည်သူ တွေကသာမက ကမ္ဘာကြီးကပါပစ်မထားပါဘူးဆိုတာ သက်သေပါပဲ” ဟု ကိုပိုးလေးက ရေးသားထားသည်။

ပရီးမီးယားလိဂ်သို့ ယခုနှစ်မှတန်းတက်လာသည့် ဘရန်းဖို့ဒ်အသင်းမှာ ​မြန်မာ့နွေဦးတော်လှန်ရေးအစပိုင်းတွင် မြန်မာပြည်သူလူထုနှင့် ရပ် တည်ကြောင်း သဘောထားထုတ်ဖော်ခဲ့သည့် အသင်းဖြစ်သည်။ mizzima

ထီးချိုင့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၉ ဦးသေဟု PDF ပြော

ယနေ့ (မတ် ၂၆) နံနက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ် မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ် PDF က ပြောသည်။

မြို့အနောက်ဘက် ကုက္ကိုကုန်းလမ်းဆုံစစ်ဆေးရေးဂိတ်သို့ မနက် ၆ နာရီကျော်က ရောက်လာသည့် စစ်ကောင်စီတပ်သား ၇ ဦးခန့်က သစ်ပင်တွင် ထောင်ထားသည့် မိုင်းကို တွေ့ရှိပြီး သေနတ်ဖြင့် ပစ်ရာမှ မိုင်းပေါက်ကွဲပြီး နှစ်ဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ထီးချိုင့်-PDF ရှေ့တန်းတပ်ဖွဲ့ဝင်က ဆိုသည်။

“မိုင်းကိုတွေ့တော့ ပစ်ခွဲတာမှာ အနီးကပ်ပစ်ခွဲတော့ မျက်နှာတွေ စုတ်ပြတ်သွားကြတာ” ဟု ပြောသည်။ 

ထို့နောက် အဆိုပါဂိတ်သို့ ထပ်မံရောက်ရှိလာသည့် တပ်များကို မနက် ၉ နာရီခန့်တွင် PDF အဖွဲ့ဝင်များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အ တွက် ၇ ဦးထက်မနည်း ထပ်မံသေဆုံးသည်ဟုလည်း သူက ဆိုသည်။

ရုပ်အလောင်းများကို စစ်ကောင်စီတပ်က ချက်ချင်းပင် လာရောက် သယ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သ တင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

မိုင်းကွဲသည့်နေရာတွင် ဆဲဆိုနေကြသည့် စစ်သားတို့က အနီးပတ်ဝန်းကျင်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု မြို့ခံအချို့က ပြော သည်။

ယနေ့မနက် တိုက်ခိုက်မှုများကြောင့် ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်နေပြီး ဆိုင်ကယ်များဖြင့်လည်း မြို့တွင်း လှည့်လည်သွားလာနေသည်ဟု အသက် ၄၀ ခန့်ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“အရပ်ဝတ်တွေနဲ့လည်း လှည့်နေတာရှိတယ်၊ ပတ်ပြီးတော့မှ လိုက်စစ်နေတာပေါ့။ သွားလာနေတဲ့ ဆိုင်ကယ်တွေလည်း တားစစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက်က ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံအနီးတွင် အိမ်စီးကားတစ်စီးကို ထီးချိုင့်အခြေစိုက် Special 9 ပျောက်ကြားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဆေးဆရာဝန် ဗိုလ်ကြီးဝင်းသွင်စိုးနှင့် တပ်ကြပ်တစ်ဦးသေဆုံးခဲ့သည်။

ဧရာဝတီမြစ် ဖြတ်သန်းသွားရာ ထီးချိုင့်မြို့သည် ရှမ်းပြည်နယ်နှင့် ကပ်လျက်တည်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ပေါ်ပေါက်လာရာတွင် ထီးချိုင့်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ နယ်များမှာ ခုခံအားကောင်းလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ထီးချိုင့်မြို့အနောက်တောင်ဘက်ရှိ မရသိမ်ရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင် စီတပ်သားများ တစ်နိုင်ငံလုံး တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ISP Myanmar က ကောက်ယူထားသည့် စာရင်းများတွင် ဖော် ပြသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို အသုံးချလျက် ကာကွယ်ရေးစစ်ရှိန် မြှင့်တင်သွားမည်ဟု မတ်လ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများကို တိုက်ပွဲဝင်ခိုင်းရုံမက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အဓိ က တာဝန်ရှိသည့် ရဲတပ်သားများကိုပါ စစ်တိုက်ခိုင်းနိုင်မည့် ကာကွယ်ရေးတာဝန်များ ပေးအပ်သည့် ဥပဒေကို မတ်လ ၂၅ တွင် လက် မှတ်ထိုး ထုတ်ပြန်ခဲ့သည်။myanmar now

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ယာဉ် ၃ စီး မိုင်ဆွဲ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စုရှိ ကဒဲလိပ်ကျေးရွာ အနီးတွင် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း သုံးစီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကောင်စီ ယာဉ်တန်း သုံးစီးမှာ မတ်လ ၂၅ ရက်နေ့က ဘုတ်ပြင်းမှ တနင်္သာရီဘက်သို့ မောင်းနှင် လာစဉ် သ တင်း အရ တိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီရိုးမ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တနင်္သာရီရိုးမပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံ တစ်ဦးက”မော်တုန်း​ရွာရှေ့ ၃၀၆ အ​မြောက်တပ်​ရှေ့ အ​ရောက်မှာ ကျ​န်တော်တို့ မိုင်းဆွဲတာ ​နောက်ဆုံး ကားပဲထိတယ်၊ အ​ရှေ့နှစ်စီးမှာ အရပ်သား ဆိုင်ကယ်နဲ့ နီးလို့ ဆွဲမရ ဖြစ်သွားတယ်၊ နောက်ဆုံး ကားကို ဆွဲတဲ့ အချိန်မှာ တာ ယာ ပွင့်သွားပြီး ဖရိုဖရဲ ဖြစ်သွားတယ်”ဟု ပြော သည်။

ထိုသို့ စစ်ကောင်စီ ယာဉ်တန်း သုံးစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်မှု ရှိမရှိကို မသိရသေးပေ။ mizzima

မင်းကင်း၊ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်သား ၇ ဦးသေ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၆ ရက် နံနက်တွင် တောင်တွင်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် နံနက် ၆ နာရီမှ ၉ နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း၊ စစ်သား ၇ ဦးသေဆုံးကာ စနိုက်ဘာထိပြီး ၅ ဦးခန့် ဒဏ်ရာရကြောာင်း၊ မဟာ မိတ်တပ်ပေါင်းစုတပ်ဖွဲ့က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း တောင်တွင်း PDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကျော်ရွာတွင် တပ်စွဲထားကာ ပျူစောထီးသင်တန်းပေးရန် ကြိုးစားနေသည့်အတွက် မတ်လ ၂၃ ရက်တွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ပြီး တောင်တွင်း-ကလေးဝ ကားလမ်းကို အသုံးမပြုကြရန် ပြည်သူများကို တောင်တွင်း PDF က အသိပေးထား သည်။khit thit

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာ လူနေအိမ်များဘက်သို့ လက်နက် ကြီးဖြင့်ပစ်ခတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အတွင်းရှိ ဝင်းကဖော်ရွာကို ယမန်နေ့ ညတွင် စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်သည်ဟု ဒေသခံထံမှ သိရသည်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်တချို့ ကျရောက်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံး တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၅ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် သဲချောင်းကြီး ရဲစခန်းမှ တစ်ဆင့် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များ သည် ဝင်းကဖော်ရွာ အတွင်းရှိ လူနေအိမ် နံဘေးသို့ ကျရောက်ခဲ့သည်ဟု ရွာခံအမျိုးသမီး တစ်ဦးက ဆိုသည်။

ဝင်းကဖော်ရွာ ဒေသခံ တစ်ဦးက”အိပ်ပျော်နေတာ လက်နက်ကြီးသံ နှစ်ချက်ကြားရလို့ လန့်နိုးသွားတယ်။ လူနေအိမ် နံဘေးမှာ တစ်လုံးပေါက် ကွဲသွားပြီး နောက်တစ်လုံးကတော့ မပေါက်ကွဲဘဲ မြေကြီးထဲမြုပ်နေတယ်”ဟု ပြောသည်။

အဆိုပါ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကို ရွာသားများက တူးဖော်ပြီး ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သဲချောင်းကြီးရွာ၌ စစ်ကောင်စီတပ်များနှင့် ပျူစောထီးဆိုသူအများစု နေထိုင်ရာနေရာဖြစ်ကြောင်း၊ အဆိုပါနေရာမှ ဝင်ကဖော်ကျေးရွာဘက်သို့လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ တောင်ပျောက်တိုက်နယ်တွင် ကျေးရွာ ၁၀ ရွာရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လေးကြိမ်ထက် မနည်း တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာဖြစ်သည်ဟု သိရသည်။mizzima

NUG အစိုးရက ရက္ခိုင့်တပ်တော် (အေအေ)ကို အလွတ်သဘောတွေ့ဆုံခွင့်တောင်း

အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ဖို့အတွက်  ရက္ခိုင့်တပ်တော် (အေအေ)ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ်ဆက်ဆံရေး ကော်မတီက မတ်လ ၂၄ ရက်က အလွတ် သဘော တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်။

ပိုမိုချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကနေ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ။ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်း အင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး အာဏာရှင်စနစ်အပြီးတိုင် ဖျက် သိမ်းရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ဖို့အတွက် များစွာ ဆန္ဒပြင်းပြနေတယ်လို့  အေအေအဖွဲ့ထံ စာရေးသားပေးပို့ခဲ့ပါတယ်။

NUG ရဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားချက်ကို ရက္ခိုင့်တပ်တော်ဘက်က အခုချိန်ထိ အကြောင်းပြန်ကြားလာခြင်းမရှိသေးဘူလို့ မဟာမိတ်ဆက်ဆံရေး ကော်မတီခေါင်းဆောင် NUG နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

အဲဒီမဟာမိတ်ဆက်ဆံရေးကော်မတီကို အမျိုးသားညီညွတ်ရေးအစိုးရ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့  ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၄ ရက်‌နေ့က ကျင်းပတဲ့ ဝန်ကြီးများအစည်းအဝေးကနေ အတည်ပြုပေးခဲ့တာပါ။ DVB

လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာဘက်ကို လက်နက်ကြီးများ ပစ်ခတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ကန်းအုန်ကျေးရွာတွင် ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကျေးရွာဘက်သို့ လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်ရွံထိတ်လန့်နေရကြောင်း သိရသည်။

ကန်းအုန် ကျေးရွာအတွင်း လွန်ခဲ့သော အပတ်က ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းမှ ၎င်းတို့ နေရာယူထားသည့် တောင်ကုန်းမှ ရွာလမ်းမပေါ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

“သေနတ်သံရောပါတယ်၊ လက်နက်ကြီးသံ ငါးချက်လောက်ပစ်တယ်၊ ညဆယ်နာရီလောက်ပစ်တာဆိုတော့ အကုန်ကြောက်ကုန်ကြတယ်၊ ရွာနားမှာဘာလက်နက်ကိုင်မှမရှိဘူး၊သူတို့လျှောက် ပစ်တာ” ဟု ကန်းအုန် ဒေသခံ တစ်ဦးက

ပြောသည်။

လဲချားမြို့နယ်သည် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သောဒေသဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ mizzima

ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို PDF တပ်က ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို ပုလဲပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက  မတ်လ ၂၅ ရက်  ည ၁၀ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်လောက် သေဆုံးသွားတယ်လို့  ဒေသခံပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ပုလဲမြို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူ ကိုဖိုးသားက “ကျနော်တို့ မနေ့က ပုလဲရဲစခန်းနဲ့ ထွေအုပ်ရုံးကို အဝေးပစ်လက်လုပ်ရှော့ တိုက်လက်နက်ကြီးတွေနဲ့ရော၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်ခင်ဗျ။  ထွေအုပ်ရုံးကတော့ အဆောက်အဦ ပျက်စီးရုံတင်ပါပဲ။ ရဲစခန်းကတော့ ရဲ ၄ ဦးသေတယ်လို့ သတင်းအတိကျ ရထားတယ်ဗျ” လို့ပြောပါတယ်။ 

ရဲစခန်းကနေ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့  ဒေသခံ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်တွေဘက်က အကျအဆုံး မရှိခဲ့ဖူးလို့ လည်း ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ကျားသစ်နက်‌ပြောက်ကျားတပ်ရင်းက ဦးဆောင်ကာ ကျားသစ်နက်ရဲ့တပ်ခွဲ ၆နဲ့ တပ်ခွဲ၈၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ ၊ Future GZအဖွဲ့၊ Evener ပြောက်ကျားအဖွဲ့ ၊ ပုလဲဂျော်ကာအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပုလဲမြို့မှာ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို အတိုက်ခိုက်ခံရတာ ဒီတကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။DVB

ရဲတွေကိုပါ စစ်တိုက်ခိုင်းမည့် ဥပဒေ အာဏာ သိမ်းခေါင်းဆောင် ထုတ်

အာဏာသိမ်းပြီး ၁ နှစ်ကျော်လာသည့်အချိန်အထိ ဒေသကာကွယ်ရေးတပ် PDF များ၏ တန်ပြန်တိုက်စစ်ကို ပြင်းပြင်းထန်ထန် ခံနေရသည့် စစ်ကောင်စီက ရဲတပ်ဖွဲ့ဥပဒေကို မတ်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန် ပြဋ္ဌာန်းလိုက်ရာ ရဲတပ်ဖွဲ့ဝင်များကို စစ်ရေးတာဝန် တရားဝင်ပေးနိုင်တော့မည်ဖြစ်သည်။ 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ရေးထိုးထုတ်ပြန်သည့် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ” တွင် ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်အဖြစ် “ လိုအပ်သည့်အချိန်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန်” ဟု ပါရှိသည်။ 

ပုဒ်မ ၁၈ ပုဒ်မခွဲ (ဈ) တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၏တာဝန်အဖြစ် “နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင်မူ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်များမှာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး စသည်တို့ဖြစ်သည်၊။ 

မှုခင်းကြိုတင်ကာကွယ်တားဆီးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်း၊ တာဝန်များ မပါရှိပေ။

အာဏာသိမ်းခေါင်းဆောင်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းလျက် ၁၉၅၉ ခုနှစ် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အက်ဥပဒေနှင့် ကယားပြည်နယ်ရဲတပ်ဖွဲ့အက်ဥပဒေများကိုလည်း ဖျက်သိမ်းလိုက်သည်။

အဆိုပါ ဥပဒေများတွင် ရဲတပ်ဖွဲ့၏ တာဝန်များကို ဖော်ပြရာတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ တာဝန်များကိုသာ ပြဋ္ဌာန်းထားသည်။ ယခု အာဏာသိမ်းခေါင်းဆောင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေကဲ့သို့ ကာကွယ်ရေးတာဝန်များထမ်းဆောင်ရန် ပြဋ္ဌာန်းချက်များ မပါရှိပေ။

အလားတူ စစ်တပ်က စိတ်ကြိုက်ရေးဆွဲခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် တာဝန်နှင့် အခန်းကဏ္ဍကို သီးခြားပြဋ္ဌာန်းမထားပေ။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းပြီးစဉ်ကတည်းက စစ်ကောင်စီကို ဆန့်ကျင်လိုသော သူများအကြား ထင်ရှားသော ဥပဒေများဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ အပါအဝင် ဒါဇင်နှင့်ချီသော ဥပဒေများကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

ယခုနှစ်ဆန်းပိုင်း ထွက်ပေါ်လာသည့် အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများကို သဘောထားမှတ်ချက်တောင်းခံထားသည်။

သို့သော် ယခု ရုတ်တရက်ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေအတွက်မူ ထိုသို့ သဘောထားတောင်းခံမှု ရှိမရှိ မသိရပေ။

ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတာဝန်ပါ ယူခိုင်းမည့် ဥပဒေပြဋ္ဌာန်းချိန်သည် နိုင်ငံတစ်ဝန်း PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ခဲ့သည်ဟု မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ISP Myanmar အဖွဲ့က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့သော အခြေအနေများကို ရည်ညွှန်းလျက် စစ်နည်းဗျူဟာ၊ သာလွန်အင်အားတို့ဖြင့် စစ်ရှိန်မြှင့်တော့မည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင်လည်း ပြောဆိုထားသည်။

တိုက်ပွဲများ ပြင်းထန်နေသော ချင်းနှင့် ကယားပြည်နယ်များအတွင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ်များပင် လုံခြုံရေးစိုးရိမ်နေကြကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က အာဏာသိမ်းခေါင်းဆောင်နှင့် သူ၏ ဝန်ကြီးချုပ်များ အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တည်ငြိမ်ရေး ကြိုးစားနေရဆဲဖြစ်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန်ဆန်းအောင်ကမူ Sniper ဖြင့် ပစ်သတ်ခံရမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း သူတို့၏ စိုးရိမ်မှုကို စစ်ခေါင်းဆောင်ထံ တိုင်တန်းခဲ့ကြသည်။

ယခု ပြဋ္ဌာန်းလိုက်သည့် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ” တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်များ အပြည့်အဝထည့်သွင်းထားသည်ကို တွေ့ရသည်။

အစိုးရအဖွဲ့သည် ရဲတပ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုပါက တပ်မတော်၏ သဘောထားကို ရယူရမည်၊ ရဲတပ်ဖွဲ့၏ အကြီးဆုံးရာထူးဖြစ်သော ရဲချုပ် ခန့်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းပြီးမှသာ လုပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့်များတွင် အများပြည်သူပျော်ရွှင်မှုအတွက် စုဝေးရာနေရာများ၊ နေအိမ်၊ အဆောက်အအုံ၊ ဝင်းခြံ၊ ပရိဝုဏ်နှင့် ယာဉ်တစ်ခုခုတို့ကို ဝင်ရောက်စစ်ဆေးခွင့် ပါဝင်လာသည်။ 

ထို့အတူ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် သံပုံးတီးကန့်ကွက်ခဲ့ကြသည့် အခြေအနေကိုလည်း ထောင်ချ အရေးယူနိုင်သည့် ပုဒ်မတစ်ခုအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ပုဒ်မ ၆၀၊ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂) တွင် “ဘင်၊ မောင်း စသည်တို့ကို တီးခတ်ခြင်း သို့မဟုတ် ခရုသင်း၊ ခရာ၊ လေမှုတ်ကိရိယာများကို မှုတ်ခြင်း သို့မဟုတ် ကြေး၊ အိုးခွက် စသည်များကို တီးခေါက်ခြင်း” တို့သည် ပြစ်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ငွေဒဏ်များအပြင် ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး ၂ နှစ်အထိ ချမှတ်ရမည်ဟုလည်း ပါရှိသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယင်းအလိုရှိသည့်အတိုင်း ဥပဒေများကို လွှတ်တော်မဲ့ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ ထင်တိုင်းကြဲလျက်ရှိနေသည်ကို တွေ့ရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က “ဘယ်လွှတ်တော်ကမှ အတည်ပြုထားခြင်းမရှိတဲ့ ဥပဒေတွေ၊ အမိန့်ကြော်ငြာချက်တွေဟာ တရားမဝင်” ဟု Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့ဖူးသည်။

ဤဥပဒေ မထုတ်ပြန်ခင်ကပင် စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို နှိပ်ကွပ်ရာတွင် ရဲတပ်ဖွဲ့ကို ကောင်းစွာ အသုံးချပြီးဖြစ်သည်။ ရဲတပ်ဖွဲ့ အလယ်အလတ်နှင့် ထိပ်တန်းရာထူးများတွင် စစ်တပ်မှ ပြောင်းလာသူ အများအပြားကို ခန့်ထားမှုကလည်း ထိုသို့ အသုံးချရာတွင် ပိုမို အဆင်ပြေစေသည်ကို တွေ့ရသည်။

အာဏာသိမ်းဗိုလ်ချုပ်များ၏လုပ်ရပ်ကို သည်းမခံနိုင်သဖြင့် မိသားစုနှင့်အတူ တိမ်းရှောင်နိုင်ခြေရှိသည့် ရဲတပ်ဖွဲ့ဝင် ထောင်နှင့်ချီ အာဏာဖီ ဆန်ထားသည်ဟု သိရသည်။ 

မကြာသေးမီကလည်း ရဲဌာနခွဲ ၆ ခုကို ဖျက်သိမ်းကာ စစ်တိုက်ခိုင်းရန် စစ်ကောင်စီ စီစဉ်ထားသည်ဟု သိရသည်။

ဖျက်သိမ်းမည့်အထဲတွင် ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေး၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ ရေနံမြေနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များနှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့ ပါဝင်သည်ဟု ဆိုသည်။

နိုင်ငံအနှံ့ ခုခံဆန့်ကျင်မှုများကို ရင်ဆိုင်ရာတွင် စစ်သားအင်အား လုံလောက်မှုမရှိသဖြင့် အရပ်သားများက ပျူစောထီးအဖွဲ့ဟု ခေါ်ကြသော ပြည်သူ့စစ်အဖွဲ့အများအပြားကို ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးထားသည်။

ထိုအဖွဲ့များထဲတွင် ပါဝင်ရန် လက်နက်ငယ်သင်တန်းပေးမှု၊ အတင်းအကျပ်အင်အားစုဆောင်းမှုများကို မြန်မာပြည်အလယ်ပိုင်းတွင် တွေ့နိုင် သည်။myanmar now

တိုက်ကြီးမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကား ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ လျှပ်စစ်မီတာရုံးအနီးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားကို ယနေ့ မတ်လ ၂၆ ရက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း From Zero To Hero မြို့ပြပြောက်ကျား အဖွဲ့က သတင်း ထုတ်ပြန်သည်။

“သူတို့ပုံမှန်ပတ်တယ်ဆိုတာ သိထားတော့ ကျွန်တော်တို့ ကြိုထောင်ထားတဲ့ သဘောပါ။ အင်အားတော့ အတိအကျမသိရဘူးဗျ။ စစ်ကားတစ်စီးပါ၊ ကားကိုတော့ထိမှန်သွားတယ်ဗျ။ ကျွန်တော်တို့လည်း လုံခြုံရေးအရပြန်ဆုတ်ခွာလာတော့ အကုန်မမြင်လိုက်ရဘူး။ မြေပြင်မှာတော့ အခက်ခဲကတော့ရှိပါတယ်။ ဒါပေမဲ့ ပြည်သူအတွက်ဘယ်တော့မှအားမလျှော့ဘူး အနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ” ဟု From Zero To Hero အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် တိုက်ကြီးမြို့နယ်မှ ဖမ်းဆီးခံထားရသူများအတွက် သွေးမအေးကြောင်း ဖော်ပြခြင်းဖြစ်ပြီး From Zero To Hero နှင့် MCO LDF Army မြို့ပြပြောက်ကျား အဖွဲ့ တို့ ပူးပေါင်းကာ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ခေတ်ပျက် စနစ်ဆိုးကို အခွင့်ကောင်းယူ၍ သောင်းကျန်နေသည့် သူခိုးဓားပြများ ကိုလည်း နှိမ်နင်း သွားမည်ဖြစ်ပြီး မိမိတို့ ပတ်ဝန်းကျင်တွင် အဖွဲ့အစည်းလိုက် ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ ခိုးဆိုး လုယက်မှုများ ရှိနေပါက ၎င်းတို့အဖွဲ့ထံ တိုင်ကြားနိုင်ကြောင်းလည်း From Zero To Hero အဖွဲ့က အသိပေး ကြေညာထားသည်။mizzima

« Older Entries