Monthly Archives: Mar 2022

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ် ချက်ကို အ ရပ်ဘက် ၃၅၇ ဖွဲ့က ကြိုဆို၊ မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို ICC တရားရုံးပို့ရေး အမေရိကန် ဆောင်ရွက်ရန် တိုက်တွန်း

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ကြောင်း အမေရိကန်က သတ်မှတ်လိုက်မှု အပေါ် ကြိုဆိုကြောင်း အရပ်ဘက် ၃၅၇ ဖွဲ့က ထုတ်ပြန်လိုက်ပြီး မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို ICC တရားရုံးပို့ရေး အမေရိကန်က ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ထိုသို့ ကြိုဆိုလိုက်ခြင်းဖြစ်ပြီးအမေရိကန် ၏ ဆုံးဖြတ်ချက် သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့်အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် ကာလရှည်ကြာစောင့်စားနေခဲ့ရသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နောက်တွင် ထိုရာဇဝတ်မှုများအတွက် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ ပြုလုပ်ရေး ဦးတည်သော အရေးယူဆောင်ရွက်မှုများ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ဤဆုံးဖြတ်ချက်သည် စကားလုံးသက်သက်အဖြစ် အရာမရောက်ဘဲ ရှိနေမည့်အပြင် ၎င်း၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မူဝါဒများ ဆက်လက် အကောင်အထည်ဖော်ဆောင်နေခြင်းနှင့် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာလူဦးရေ ၆၀၀,၀၀၀ အပေါ် ဖိနှိပ်ခြင်း လုပ်ဆောင်နေရုံသာမက နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ်တွင်လည်း စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇ၀တ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်ကို ပိုမို၍ပင် အတင့်ရဲလာစေမည် ဖြစ်သည်ဟု ထောက်ပြထားသည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ယင်းစစ်တပ်ကပင် ဒီမိုကရေစီကာကွယ်ရာတွင် ရဲရင့်ပြတ်သား စည်းလုံးညီညွတ်သော မြန်မာပြည်သူများ၏ စုပေါင်းခုခံဆန့်ကျင် မှုကြောင့် ကျရှုံးနေသော ၎င်းတို့၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများ၊ မတရား အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရ စေမှုများကို ကျူးလွန်နေသည်ဟု အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။

ကုလသမဂ္ဂလူ့အခွင့်အ‌ရေးကောင်စီ၏ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အရပ်သားပြည်သူ များအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်မှုများ အပါအဝင် မြန်မာစစ်အုပ်စု၏ စနစ်တကျ ချိုးဖောက်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်မှ ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်ဖြစ်ပြီး ယင်းကို မြန်ဆန်တင်းကျပ်သော တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ခြင်းတို့မှတစ်ဆင့်သာ ရရှိနိုင်မည် ဖြစ်ကြောင်း၊

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်၊

၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျုးလွန်ခဲ့သော နိုင်ငံတကာရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃)အရ ICC တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း တင်သွင်းသော မြန်မာအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြေညာစာတမ်းကို လက်ခံရေး ICC တရားရုံးအား တိုက်တွန်းရန်လည်း တောင်းဆိုထားသည်။

ယင်းအပြင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) တွင် လက်ရှိစွဲဆိုထားသည့် အမှုအား ငွေကြေးနှင့် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ အပါအဝင် တရားဝင် ထောက်ခံအားပေးရန်၊

စစ်တပ်အား တင်းကျပ်သော တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ စုပေါင်းညီညွတ်ရေးဆိုင်ရာဥပဒေ ၂၀၂၁ ခုနှစ် (BURMA Act 2021) ကို အတည်ပြုပြဌာန်းနိုင်ရန်အတွက် ကွန်ဂရက်အား တောင်းဆိုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးမိတ်ဖက် များနှင့် လက်နက်ရောင်းဝယ်သူ ကွန်ရက်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ အပါအဝင် မြန်မာစစ်တပ်နှင့် ၎င်း၏ ခေါင်းဆောင်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်ရန်၊ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားနိုင်ငံများရှိ ရိုဟင်ဂျာများအတွက် အကူအညီအထောက်အပံ့များ တိုးမြှင့်ပေးရေး၊ နှင့် ရိုဟင်ဂျာ ကလေးသူငယ်များအတွက် ပညာရေး လက်လှမ်းမီစေရေး အပါအဝင် ရိုဟင်ဂျာဒုက္ခသည်များ လက်ခံထားရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော မူဝါဒများ ချမှတ်လာစေရေး စည်းရုံးလှုံ့ဆော်ရန်လည်း တောင်းဆိုထားသည်။

စစ်တပ်၏ အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်အလွယ်ဆုံးသော ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) ၈၈၉,၀၀၀ ကျော်ထံသို့ အကူအညီများ ရောက်ရှိစေရန်အတွက် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှ တစ်ဆင့် အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အ‌ရေးပေါ်အကူအညီ ပံ့ပိုးနိုင်ရေး ကြိုးပမ်းမှုများ ညှိနှိုင်းဆောင်ရွက်ရန်အပြင် COVID-19 တိုက်ဖျက်ရေးအတွက် တိုင်းရင်းသားနှင့် လူထုအခြေပြု လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် လူထုအဖွဲ့အစည်းများကို အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းနှင့် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တန်းတူသောမိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် USAID အား ညွှန်ကြားရန်လည်း တောင်းဆိုထားသည်။

ဆက်လက်၍ မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်းရောင်းချမှု ပိတ်ဆို့ရေး ချမှတ်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ နှင့် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်စေရန်အတွက် လေယာဥ်ဆီတင်ပို့ရောင်းချမှုကို ပိတ်ဆို့ရန်လည်း အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။khit thit

မောင်တောတွင် သိန်း ၂ သောင်းကျော်တန်းဖိုးရှိ WY စိတ်ကြွဆေးများ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရကျေးရွာအုပ်စု၊ သရိကုန်ဘောင် န.တ.လ ကျေးရွာမှာ ကျပ်သိန်း ၂ သောင်းကျော်တန်းဖိုးရှိ WY စိတ်ကြွဆေးတွေနဲ့အတူ အမျိုးသမီးတဦးအား မတ် ၂၈ ရက်နေ့ မွန်းတည့်က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်၊ မနေ့က သရိကုန်ဘောင်ကျေးရွာနေအိမ်တလုံး သတင်းအရဆိုပြီး နယ်ခြားစောင့် ၃၀ လောက်နဲ့ မူးယစ်အဖွဲ့တွေ လာရောက်ပြီးရှာဖွေကြတယ်။ မူးယစ်ဆေး ဆယ်သိန်းကျော်လောက်ဖမ်းမိသွားတယ်လို့ သိရတယ်” လို သရိကုန်ဘောင်ကျေးရွာသားတဦးက ပြောပါတယ်။

မူးယစ်ဆေးတွေကို  ဒေါ်မတင်ကြည် (၅၂) နှစ်ရဲ့ နေအိမ်မှာ ဖမ်းမိခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတဦးက “ကျီးကန်းပြင်ဌာနချုပ်မှာ WY ဆေးပြား ၂၀၀ ပါတဲ့ အပြာရောင်အိပ်တခုဖမ်းမိတယ်။ ဖမ်းမိတဲ့သူရဲ့ နေအိမ်ကို လာရောက်ရှာဖွေရာမှာ  မူးယစ်ဆေးဝါး WY စာတမ်းပါဆေးပြား ၁၀ သိန်းကျော်ဖမ်းမိသွားတာ” လို့​ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ WY ဆေးပြား (၁ဝ,၄၀၀,၀၀ပြား) ဖြစ်ပြီး ခန့်မှန်းကာလတန်ဖိုး ငွေကျပ် သိန်း ၂ သောင်းကျောဖိုး ရှိတယ်လို့  သိရပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဒေါ်မတင်ကြည်အား ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ DVB

အရပ်သား အမျိုးသားများအား စစ်ကောင်စီတပ် ကင်းစောင့်ခိုင်း

ပုလောတွင် စစ်ကောင်စီက အရပ်သား အမျိုးသားများကို အဓမ္မ ကင်းစောင့်ခိုင်းနေသည်ဟု သိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးအဖွဲ့များက က ခြိမ်း ခြောက် အစည်းအဝေးခေါ်ကာ အမျိုးသားများအား ကျေးရွာတွင် ကင်းစောင့်ရန် အဓမ္မစေခိုင်းခဲ့သည်ဟု ရွာသား များက ပြောသည်။

အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တစ်အိမ်တစ်ယောက် အစည်းအဝေးမတက်တဲ့အိမ်ကို ချိတ်ပိတ်မယ် ဆိုတာနဲ့ အဝေးမှာ စစ်ရှောင်နေတဲ့သူတွေရွာပြန်လာပြီး အစည်းအဝေးလာတက်ကြရတယ်” ဟု ပြောသည်။

မတ်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပျူစောထီးခေါင်းဆောင်ဖြစ်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ရွာသားများကို အစည်းအဝေးခေါ်ယူကာ အသက် ၁၈ နှစ်မှ အသက် ၆၀ အထိ အမျိုး သားများအားလုံး ကျေးရွာတွင် ကင်းစောင့်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများမှ လွဲ၍ အမျိုးသားအားလုံး ကင်း စောင့်ရမည်ဟု စစ်ကောင်စီတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု ရွာသားများက ပြောသည်။

ပုလောကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စိုးရိမ်ထိတ်လန့်ကာ ကျေးရွာမှထွက်ပြေး တိမ်းရှောင် နေရ သူများ၊ အစည်းမတက်သူများ၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု ပြောဆိုခဲ့သောကြောင့် အစည်းအဝေးကို တက် ရောက်ရကြခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပုလောကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များ၏ မိသားစုဝင် အများစုသည်လည်း မြိတ်မြို့တွင် သွားရောက်တိမ်း ရှောင်နေကြသည် ဟု သိရသည်။

ပုလောကုန်းကျေးရွာရှိ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မတ်လ ၁၆ ရက်နေ့တွင် သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။mizzima

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် ဒုံးအမျိုးစားတမျိုး တီထွင်အောင် မြင်

စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ခြိမ်းခြောက်နိုင်ဖို့ ဒုံးအမျိုးစားတမျိုးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kani People’s Defense Force-KLG) က ဒီနေ့ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီဒုံးဟာ နှစ်ဆင့်ကွဲရှော့တိုက်ဒုံးအမျိုးစားဖြစ်ပြီး ထိရောက်မှုအနေနဲ့ ၂ မိုင်ကျော်ထိ ပစ်ခတ်နိုင်သလို ထုတ်လုပ်မှုစရိတ်လည်း ကြီးမား‌တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ထုတ်လုပ်တဲ့ စရိတ်ကြီးမားတော့ ကျနော်တို့ အနည်းငယ်ပဲ ထုတ်လုပ်နိုင်ပါသေးတယ်။ အခု စမ်းသပ်မှုကလည်း ရာခိုင်နှုန်းပြည့်အောင်မြင်တယ်။ ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ အနိုင်ကျင့်ယုတ်မာ အသုံးချနေတဲ့ လေကြောင်းပစ်ကူကို ပြန်လည်တုံ့ပြန်နိုင်ဖို့ပါ။ ကျနော်တို့ လက်နက်ပစ္စည်းတွေကိုလည်း ဒီ့ထက်အဆင့်မြင့်တဲ့ လက်နက်မျိုးဖြစ်အောင် အမြဲလေ့လာတီထွင်စမ်းသပ်နေပါတယ်။ ဒါပေမယ့် ပြည်သူရဲ့ပံ့ပိုးမှုကို အဓိကအားထားနေရပါ” လို့ ပြောပါတယ်။

အဲ့ဒီစမ်းသပ်အောင်မြင်တဲ့ ဒုံးကို ၁၅ ရက်ခန့်ကြာ တီထွင်‌ပြုလုပ်ခဲ့တာဖြစ်ပြီး တီထွင်မှုမတိုင်ခင် အချိန်ယူပြီး များစွာလေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

Kani People’s Defense Force-KLG အဖွဲ့အနေနဲ့ တိုက်ခိုက်ရေးလက်နက်ကြီး အမျိုးစားတွေနဲ့ ရေမြုပ်မိုင်းကိုလည်း တီထွင်ထုတ်လုပ်အောင် မြင်ခဲ့တဲ့ အဖွဲ့တခုလို့ သိရပါတယ်။

ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ ရေယာဉ်တွေဟာ ရေမြုပ်မိုင်းနဲ့ တိုက်ခိုက်ခြင်း မကြာခဏ ခံနေရသလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာလည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်နေတာပါ။DVB

မင်းတပ်မြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၂နေရာဖြစ်ပွါးပြီ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး ဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယနေ့ မတ်လ ၂၉ရက်က ထိတွေ့တိုက်ပွဲ နှစ်နေရာတွင် ဖြစ်ပွါးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကြောင်းCDF-Mindat အဖွဲ့က သတင်းထုတ်ပြန်ထုတ်ပြန်သည်။

ဘဝသစ်ရပ်ကွက်၊ ဝမ္မသူးမောင်းလမ်းရှိ ဗိုလ်မှူးဟာရှိန်းချောက်အနီး၌ အသစ်ပြင်ဆင်နေသည့် ရေကန်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများကို ယနေ့ မနက် ၇ နာရီ ၁၀ မိနစ် တွင် CDF မင်းတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ရုပ်အလောင်းများကို ဆေးရုံလူနာတင်ကားဖြင့် ကောက်ယူသွားကြကြောင်း CDF – Mindat ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နေ့လယ်၂ နာရီ ၂၂ မိနစ်တွင် သတင်း ထုတ်ပြန်သည်။

မင်းတပ်-မတူပီ လမ်းမကြီး တစ်နေရာတွင်လည်း ယနေ့ CDF-Mindat နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲ ပြင်းထန်နေကြောင်း၊ ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် CDF -Mindat ၏ မိုင်းဆွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၁၅ယောက်သေဆုံးပြီး အများအ ပြားထိခိုက်ဒဏ်ရာ ရကြောင်း ယနေ့ ၁၂နာရီ ၃၀မိနစ်အချိန်တွင် CDF – Mindat သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။mizzima

ပုဂ္ဂလိကဘဏ်များအတွက် ဖြေလျှော့ပေးထားမှု သက်တမ်းထပ်တိုး

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေအတွက် ဖြေလျှော့ပေးထားတဲ့ မြန်မာကျပ်ငွေဖြင့်ထားရှိရမယ့် အနည်းဆုံးသီး သန့်ငွေသား လိုအပ်ချက် အချိုးကို အချိန်တနှစ် သက်တမ်း ထပ်တိုးလိုက်တဲ့အကြောင်း မတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားပါတယ်။

ဘဏ်တွေရဲ့ ငွေသားစီမံခန့်ခွဲမှု ကောင်းမွန်စေဖို့နဲ့  ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ပိုမိုအထောက်အကူပြုစေရန်အတွက် ဘဏ်တွေက မြန်မာကျပ်ငွေနဲ့ ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် အချိုးတွက်ချက်မှုကို ဘဏ်တွေရဲ့ငွေ စာရင်းရှင်အပ်ငွေ (CAB) အပြင် ဘဏ်တွေလက်ဝယ်ရှိ ငွေသား (Cash at Bank) ကို ထည့်သွင်းတွက်ချက်တဲ့ တွက်ချက်မှုပုံစံသစ်ကို ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်အရ မြန်မာကျပ်ငွေနဲ့ထားရှိရမယ့် အနည်းဆုံးသီသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းရဲ့ ၇၅ ရာခိုင်နှုန်း (၂ ဒသမ ၂၅ ရာခိုင် နှုန်း) ကို ဘဏ်တွေရဲ့ စာရင်းရှင်အပ်ငွေ အနေနဲ့ ထားရှိရမှာဖြစ်ပြီး အနည်းဆုံးသီးသန့်ငွေ လိုအပ် ချက်အချိုး ၃ ရာခိုင်နှုန်းရဲ့ ၂၅ ရာခိုင်နှုန်း ( သုည ဒသမ ၇၅ ရာခိုင်နှုန်း) ကို လက်ဝယ်ရှိ ငွေသားအနေနဲ့ ထားရှိကြရမှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က အခုလိုဆောင်ရွက်တဲ့အပေါ် ဘဏ်နှင့်ငွေကြေးဆိုင်ရာကျွမ်းကျင်သူတဦးက “ဘဏ်တွေမှာ လက်ဝယ်ငွေ သားထားရှိမှုနဲ့ပတ်သတ်ပြီး ဗဟိုဘဏ်မှာ deposit တင်ရတယ်နော်။ အရင်က သတ်မှတ်ထားက ၅ ရာခိုင်နှုန်းပေါ့။ အဲ့ဒီကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့တယ်။ ဒီ့နောက် ၃ ရာခိုင်နှုန်းအထိ ထပ်မံဖြေလျှော့ပေးခဲ့တာ တွေ့ရ တယ်။ အခု နောက်ဆုံးညွှန်ကြားချက်အရ ၃ ရာခိုင်နှုန်း၏ သုည ဒသ မ ၇၅ ရာခိုင်နှုန်းအထိသာ ထားတော့ ဆိုပြီး ပေးလိုက် တယ်။ ဆိုလိုတာက ငါတို့ဆီမှာ ၃ ရာခိုင်နှုန်းစလုံး လာမထားကြနဲ့တော့။ ၃ ရာခိုင်နှုန်းရဲ့ သုည ဒသမ ၇၅ ရာခိုင်နှုန်းသာ လာထားကြ။ ကျန်ရှိတဲ့ ၂ ဒသမ ၂၅ ရာခိုင်နှုန်းကိုတော့ မင်းတို့ဘဏ်တွေဆီမှာပဲ ထားကြ၊ ဆိုတဲ့ သဘောပါ။ ဘာကြောင့် လဲဆို ငွေသားလိုလို့ရှိရင် ဘဏ်တွေက ဗဟိုဘဏ်ဆီမှာ ပြန်တောင်းကြလို့ ဗဟိုဘဏ်ကလည်း သူ့ဆီမှာ လာမတောင်းနဲ့ မင်းတို့ ဆီမှာ လက်ဝယ်ထားရှိတဲ့ ငွေသားနဲ့ ရှင်းပေးကြ ဆိုပြီး လုပ်တဲ့ သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အချိန်ကစပြီး  လက်ရှိအချိန်အထိ ပြည်တွင်းဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ငွေစာရင်းပိုင်ရှင်တွေဟာ မိမိပိုင်ငွေကြေးကို လွယ်လင့်တကူထုတ်ယူနိုင်မှု မရှိသေး ပါဘူး။

ဒီအခြေအနေအပေါ် စီးပွားရေးသုတေသီတဦးက “မြန်မာပြည်မှာ ဘာပဲလုပ်လုပ် ငွေသားနဲ့ပဲ ငွေသားနဲ့ပဲ ဆိုပြီး ဖြစ်နေတာက ဘဏ်တွေအ ပေါ် အယုံအကြည်မရှိတော့လို့။ ဒါကြောင့် ဘဏ်မှာ ငွေစုမယ့်သူ မရှိတော့ဘူး။ ငွေထုတ်ချင်တဲ့ သူတွေပဲ ရှိနေတယ်။ အကုန်ပေးထုတ်လိုက်ရင်လည်း အဲ့ဒီ့ဘဏ် မရပ်တည်နိုင်တော့ဘူး။ ဘာလို့လဲဆို ပြည်တွင်းဘဏ်အများစုက စုဆောင်းငွေ အပေါ် အတိုးပေးပြီး တဆင့် ပြန်ချေးငှားတဲ့ ဝန်ဆောင်မှုကို ပေးနေကြတာလေ။ အဲ့ချေးငှားထားတဲ့ ငွေတွေက အခုအချိန်အထိ အတိုး၊အရင်း ပြန်မရကြသေးဘူး။ ဆိုတော့ ဘဏ်တွေမှာ နဂိုကတည်းက အကြပ်အတည်း ရှိနေတာ။ အဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ လူထုက မိမိစုဆောင်းထားတဲ့ ငွေတွေ ဆုံးရှုံးမှာ စိုးရိမ်တာကြောင့် ငွေသားကို ထုတ်ယူဖို့ ပြင်ဆင်လာရာမှာ ဘဏ်တွေကလည်း လွယ်လင့်တကူ ထုတ်လို့ မရအောင် ကြိုးပမ်းလာတာပဲ။ ဒါပေမယ့် ဘဏ် နဲ့ ငွေထုတ်ယူမယ့်သူအကြားမှာ သမရိုးကျ နည်းလမ်းမဟုတ်တဲ့ ရာခိုင်နှုန်းတခုပေးပြီး ထုတ်ယူလိုရတဲ့ လမ်းကြောင်းကြီးတခုက ပေါ်လာပြီး အခုအချိန်အထိ ရှိနေတုံးပဲ။ ဒီတော့ နဂို ပုံမှန် အခြေအနေ ပြန်ရောက်ဖို့က နိုင်ငံရေးတည်ငြိမ်မှု ရမှပဲ ငွေသားလည်ပတ်စီးဆင်းမှု နဲ့ ငွေကြေး တန်ဖိုးက ခိုင်မာလာမှာနော်” လို့  ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီးက မိမိတို့လက်ထက်မှာ မြန်မာကျပ်ငွေ တန်ဖိုး လျှော့ကျလာတာကို ဝန်ခံထားပြီး ကျပ်ငွေ တန်ဖိုး ပြန်လည်ခိုင်မာလာအောင်နဲ့ ငွေသားလည်ပတ်စီးဆင်းမှု ကောင်းမွန်လာဖို့ လုပ်ဆောင်သွား မယ်လို့ ပြောဆိုထားတာရှိပါတယ်။DVB

ချင်းမိုင် NCA-S EAO ညီလာခံ KNU ကိုယ် စားတက်ရောက်ခြင်းမဟုတ်ဘဲ တသီးပုဂ္ဂလက တက်ရောက်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြော

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ KNU ကိုယ်စားတက် ရောက်ခြင်းမဟုတ်ဘဲ တသီးပုဂ္ဂလက တက်ရောက်ခြင်းဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးပြော ဆိုကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်း နာနှစ်မျိုးဖြင့် ကျင်းပလျက် ရှိကြောင်း၊ ညီလာခံကို လာမည့် ဧပြီလ (၂) ရက်နေ့အထိ ဆက် လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်လာခဲ့တာ ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီး လာခဲ့တာမဟုတ်ဘူး။ ကျနော့်ကို ကျနော် ကိုယ်စားပြုပြီးလာခဲ့တာဖြစ်တယ်။ ခပ်တိုတိုပဲ ပြောချင်ပါတယ်။ ဒီနေ့တိုင်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အခုလိုပွဲမျိုးနဲ့ ကျနော်တို့ အခုလိုပွဲမျိုးနဲ့ ဆက်ပြီး လှုပ်ရှားသွားဖို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သွားကြမယ်ဆိုရင် ကျနော်ပြောရဲပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး လူမျိုးချင်းမတူသော် လည်း ကျနော်တို့ ရည် မှန်းထားတဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးက ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုသည်။

အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားဦးဆောင်သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တို့က ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြသည်။

ယင်းနောက် အထူးဖိတ်ကြားထားသူများအဖြစ်နိုင်ငံတကာသံတမန်များ အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ညီလာခံဖွင့်ပွဲအခမ်းအနားနှုတ်ခွန်းဆက်အမှာစကားများ ပြော ကြားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka Shemeikka ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken ၊ ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong

၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara ၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessendenတို့ တက်ရောက်သည်ဟု တရား ဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည် ။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ညီလာခံဖွင့်ပွဲအခမ်းအနား၏ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း၊ စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံဖွင့်ပွဲအခမ်း အနား သို့ ညီလာခံဖွင့်ပွဲဦးဆောင်သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PP ST) အဖွဲ့ဝင် ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင် အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်း ဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု မြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံစုံညီညီ တက်ရောက်ကြောင်း သိရှိရသည်။khit thit

သထုံတိုက်ပွဲတွင် ခရီးသွား ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ကမာစိုင်ကျေးရွာအနီးမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ ၄၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို  KNLA ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်ကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ခရီးသွား ကလေးငယ် ၁ ဦး သေနတ်ကျည်ထိမှန်သေဆုံးပြီး အမျိုးသား ၁ ဦး နဲ့ ကလေးငယ် ၁ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကိုတော့ ရန်ကုန်ဆေးရုံကို လွှဲပြောင်းပေးထားပြီး သေနတ် ကျည်ဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုတော့ သထုံမြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

သူတို့ ၃ ဦးစလုံးဟာ သထုံမြို့နယ် နေထိုင်သူတွေ ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ၄၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာအနီး မတ် ၂၉ ရက်နေ့ မနက် ၁၁ နာရီလောက် KNLA ပူးပေါင်းအဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု (TPDF) ပူးပေါင်းတပ် ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘဲ အပြန်အလှန်ပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း နာရီအတော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။DVB

တွံတေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းမိသားစုကို အမည်မသိအဖွဲ့က ပစ်ခတ်၊ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းမိသားစုကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားကြောင်း ဒေသခံများထံက သိရသည်။

တွံတေးမြို့နယ်၊ ဘုရားငုတ္တို(တောင်)အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိူးထွန်းနှင့်ဇနီး ၊ကလေးနှစ်ယောက် နေထိုင်သည့် နေအိမ်ကို မတ်လ ၂၈ ရက် ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ညပိုင်းမှာ အုပ်ချုပ်ရေးမှူးဟောင်းမိသားစုနေထ်ိုင်တဲ့အိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လေးယောက်လောက်လာပြီး သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ အုပ်ချုပ်ရေးမှူးဟောင်းကတော့ ပစ်ခတ်ခံရတာကြောင့် နေရာမှာပဲ သေဆုံးသွားပါတယ်။ ဇနီးနဲ့ ကလေးနှစ်ယောက်ကတော့ ဒဏ်ရာတွေရလို့ ဆေးရုံတင်ထားရတယ်။ ရွှေငွေတွေပါသွားတယ်ဆိုတာမျိုးလည်း ကြားတယ်။ အတိအကျတော့ မသိရသေးဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရသည့် ဦးမျိုးထွန်းသည် ၂၀၁၅ ခုနှစ်က ဘုရားငုတ္တိတို(တောင်)အုပ်ချုပ်ရေးမှူးဖြစ်ပြီး တွံတေးမြို့နယ်ရှိ လူ မိုက်များနှင့် အဆက်အသွယ်ရှိခဲ့ဖူးသူဖြစ်ကြောင်းလည်း ဒေသခံကပြောသည်။

အုပ်ချူပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်အပေါ် မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) ကလည်း ထိခိုက်ခဲ့ရသည့် မိသားစုများနှင့်အတူ တပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

“ အခု သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟောင်းက ကျွန်တော်တို့ရဲ့ မြို့နယ်ဒလန်စာရင်းမှာ မပါဘူး။ သေချာတာက တော်လှန်ရေးအင်အားစုတွေက ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲအစည်းတွေကို ရန်တိုက်ပေးနေတာ။ တော်လှန်ရေးကို အကွက်ကျကျ ပုံဖျက်ချင်တဲ့ လုပ်ရပ်လို့ပဲ မြင်တယ်။ နောက်တစ်ခုက ဒီအချိန်မှာ လက်နက်ရှိတာကို ပြောလိုက်ရင် တော်လှန်ရေးအင်အားစုရယ် စကစ(စစ်ကောင်စီတပ်ဖွဲ့)ရယ်ပဲ ရှိတယ်။ ကျွန်တော်တို့က သတင်းပေးကို ရှင်းလင်းမယ်ဆို အကြိမ်ကြိမ် စိစစ်ပြီးမှသာ ရှင်းလင်းတာတွေကို လုပ်တာပါ။ အခုလုပ်ရပ်ကတော့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေရဲ့ လက်ချက်ပါ ” ဟု တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေအကြမ်းဖက် ပျူစောထီးဆိုသူများက ပြည်သူလူထု ကိုလုံခြုံရေးစိုးရိမ်မှုဖြစ်ပေါ်စေရန် အရပ် သားပြည်သူများအား ဦးတည်တိုက်ခိုက်ခြင်းများ ဆက်လက်လုပ်ဆောင်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် သတိကြီးကြီး ထားစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တော်လှန်ရေး အင်အားစုတွေကို ပုံဖျက်ရန် လုပ်ဆောင်သည့်လုပ်ရပ်များကို မည်သို့သောအကြောင်းနှင့်မျှ လက်ခံနိုင်မည်မဟုတ်ဘဲ အကြမ်း ဖက်စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေပျူစောထီး၊ ပြည်သူ့စစ်နှင့် အပေါင်းအပါများကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)က သတင်းထုတ်ပြန်ထားသည်။mizzima

« Older Entries