Monthly Archives: Mar 2022

တောင်ဒဂုံ၌ ပျူစောထီး ဆိုသူ နေအိမ်တွင် ပစ်သတ်ခံရ

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း၊ (၇၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မင်းရဲကျော်စွာ (၇) လမ်းထောင့်၌ ပျူစောထီး ဆိုသူအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း တောင်ဒဂုံ ပြောက်ကျား တပ်ဖွဲ့က ပြောသည်။

“သူ့နာမည်က ရဲဝင်း အသက်က ၃၅ ဝန်းကျင်။ သူက ပျူစောထီး အဖွဲ့ဝင်လည်း ဟုတ်တယ်၊ (၇၁) ရပ်ကွက်က ဖြစ်သမျှ သတင်းအကုန် စစ်ခွေး (စစ်ကောင်စီတပ်)ကို ပို့ပေးတယ်။ သူ့ကြောင့် သုံးယောက် ဖမ်းခံ ထိဖူးတယ်။ ဖမ်းရင်တောင် သူပါမှ ဖမ်းတာ သူက လိုက်ပြတာပါ။ နောက်ပြီး သူက ချဲရောင်းတယ်” ပြောက်ကျားတပ် တာဝန်ရှိသူက ပြောသည်။

နေအိမ်ရှေ့သို့ ခြေထောက် ထွက်ဆေးသည့် ၎င်းအား ခုနှစ်ချက် ပစ်ခတ်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသည့် သတင်း ရရှိကြောင်း ၎င်းက ဆက်ပြောသည်။

အခင်းဖြစ်ပွားချိန် နေ့လည် ၃ နာရီခန့်က စကာ ညနေ ၆ နာရီအထိ တောင်ဒဂုံ (၅၇) ရပ်ကွက်နှင့် (၅၄) ရပ်ကွက်ကြား အထိ စစ်ကောင်စီတပ်များ မွှေနှောက် ရှာဖွေ နေကြောင်း ဒေသခံများထံမှ သိရသည်။mizzima

တပ်မတော်သားများ လက်နက်နှင့် ပြည်သူ့ရင်ခွင် ခိုလှုံပါက ဆုငွေချီးမြှင့်မည်ဟု KRF ဖိတ်ခေါ်

တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံပါက ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် တပ်မတော်သားတွေကို လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ဆုကြေးငွေ ချီးမြှင့်သွားမှာဖြစ်သလို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ဘေးအန္တရာယ်ကင်းစွာနဲ့ ချိတ်ဆက်ပို့ဆောင်ပေးသွားမယ်လို့ ဆိုထားပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် တပ်မတော်သားတွေ လက်နက်ပါရင် လက်နက်ငယ်တလက် ကျပ်သိန်း ၃၀၊ လက်နက်ကြီးတလက် ကျပ်သိန်း ၅၀ အပါအဝင် လက်နက်ကျည်တွေကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ချီးမြှင့်ပေးသွားဖို့ စီစဉ်ထားပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူတဦးကတော့ CDM ပြုလုပ်လာတဲ့ တပ်မတော်သား အများစု လက်နက်မပါတာကြောင့် နောက်ပိုင်း CDM ပြုလုပ်မယ့် တပ်မတော်သားတွေ လက်နက်ယူဆောင်လာဖို့ နှိုးဆော်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်သားတွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်က ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကိုလည်း နွေးနွေးထွေးထွေး လက်ခံကြိုဆိုသွားမယ်လို့ ဆိုပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ အခုနောက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) နဲ့ ပူး ပေါင်း ပြီး စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။DVB

နိုင်ကျဉ်းအားလုံးကို လွှတ်ပေးရန် အမေရိကန်နှင့် စင်ကာပူ တောင်းဆို

နိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်တန့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် စစ်ကောင်စီကို အမေရိကန်နှင့် စင်ကာပူတို့က ပူးတွဲတောင်းဆိုလိုက်သည်။

ဝါရှင်တန်သို့ ရောက်ရှိနေသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံစဉ် မြန်မာ့အရေးလည်း ထည့်သွင်းဆွေးနွေးပြီးနောက် မတ်လ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းအခြေအနေများကြောင့် ဒေသတွင်းတည်ငြိမ်မှုအတွက် အထူးစိုးရိမ်ရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန်လည်း အဆိုပါ နှစ်နိုင်ငံက တိုက်တွန်းထားသည်။

သို့သော် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများကြောင့် အတိဒုက္ခရောက်ကြရသည့် ပြည်သူများထံသို့ အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ အကူအညီများရောက်ရှိရန် စစ်ကောင်စီက လမ်းဖွင့်ပေးမထားကြောင်း လေ့လာသူတို့က ထောက်ပြကြသည်။

အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ မြန်မာ့အရေး မျက်နှာချင်းဆိုင် ထည့်သွင်းဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်သော်လည်း အာဆီယံနှင့် ကမ္ဘာ့နိုင်ငံများ၏ မြန်မာ့အရေးတုံ့ပြန်မှုမှာ မလုံလောက်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

ချက်သမ္မတနိုင်ငံ Prague Civil Society Centre ၏ အကြီးတန်းအကြံပေး Igor Blazevic က အာဆီယံနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများသည် “မြန်မာ့အရေး ထည့်သွင်းဆွေးနွေးသည်” ဟူသည့် အချက်ဖြင့်သာ တင်းတိမ်နေသည်ဟု ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာ့အရေးမှာ ဝင်မပါချင်ကြပါဘူး။ ရှုပ်ထွေးတယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် အရင်လို လုပ်နေကျအတိုင်းပဲ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးတယ်ဆိုတာလောက်ပဲ ဆက်လုပ်ချင်ကြတာပါ” ဟု Igor Blazevic က မှတ်ချက်ပြုသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပေးရန်လည်း လီရှန်လွန်းနှင့် ဂျိုးဘိုင်ဒန်တို့က စစ်ကောင်စီကို ထပ်မံတိုက်တွန်းထားသည်။

အာဆီယံဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများရပ်ရန်၊ ဖမ်းဆီးထားသူများအားလုံး လွှတ်ပေးရန်တို့ ပါဝင်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ၂၀၂၁ ဇူလိုင်လကတည်းကပင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့သေးသည်။

သို့သော် စစ်ကောင်စီသည် အာဏာသိမ်းပြီးစဉ်ကတည်းက လူပေါင်း ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူတို့၏ အိမ်ပေါင်း ၈၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကလည်း နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်ကာ မတ်လ ၂၁ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ 

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် သက်ဆိုင်သူအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံရန်ဟူသည့် အချက်လည်း ပါဝင်သည်။

သို့သော် ပရက်ဆော့ခွန်၏ ခရီးစဉ်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကိုသာ တွေ့ဆုံနိုင်ခဲ့ခြင်းကြောင့် မအောင်မြင်သည့် ခရီးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဝေဖန်ထားသည်၊

“ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဖို့ သူကြိုးစားရမဲ့နေရာမှာ စစ်ကောင်စီက ခွင့်ပြုတဲ့လူလောက်နဲ့ပဲ တွေ့ပြီးတော့ ပြန်သွားတယ်ဆိုတော့ တ ကယ် ထိရောက်တဲ့ ဖြေရှင်းနည်းလမ်းမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သုံးသပ်လို့ရတယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပြီးခဲ့သည့်နှစ် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအ ရေးပေါ်အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်များကို စစ်ကောင်စီက ၁ နှစ်နီးပါး ကြာသည်အထိ လိုက်လျောပေးသည့် အခင်းအကျင်းနှင့် လုပ်ဆောင်ချက်များ မတွေ့ရသေးပေ။

ထိုအချက်နှင့် ပတ်သက်၍ မြန်မာ့အရေးဖြေရှင်းရန် စစ်ကောင်စီ လမ်းပိတ်ထားကြောင်း ပရက်ဆော့ခွန်က ယခုနှစ်ဆန်းပိုင်းက ဖနွမ်းပင်တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ညည်းတွားခဲ့သည်။

ယခု အာဆီယံနိုင်ငံတစ်နိုင်ငံ၏ အဆင့်မြင့်ဆုံးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံမှုတွင် မြန်မာ့စီးပွားရေးတိုးတက်မှုမရှိဘဲ နောက် ပြန်ဆုတ်သွားမည့် အခြေအနေနှင့် တရားမဝင်ငွေကြေးအန္တရာယ်တိုးလာမှုကိုလည်း စိုးရိမ်ကြောင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ဤအတောအတွင်း အာဆီယံတူညီဆန္ဒ ၅ချက်ကို လက်ရှိ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက လိုရာဆွဲ အဓိပ္ပာယ်ဖွင့်နေသလို စစ်ကောင်စီကလည်း အာဆီယံကို အသုံးချရန် ကြိုးစားနေသည်။myanmar now

သန်လျင်ကညနရုံးနှင့်သင်္ဃန်းကျွန်းတွင် ဗုံးခွဲတိုက်ခိုက်၊ မန္တလေး မဟာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး စစ်သား ၃ ဦးသေဆုံးဟုဆို

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ကညနရုံး ယနေ့ နံနက် ၁၁ နာရီအချိန် ဗုံးခွဲတိုက်ခိုက်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ က.ည.န အခွန်ရုံးက စစ်အကြမ်းဖက်ကောင်စီအတွက် ကျည်ဆံဖိုးများ ဆက်သရန် ပြည်သူလူထုကို ဖိနှိပ် ခြိမ်းခြောက်လျက် မော်တော်ယာဉ်အခွန်အခများ ကောက်ခံနေသဖြင့် သော ကြောင့်သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်မြို့တွင် “သတိုးမင်းရဲကျော်ထင်”စစ်ဆင်ရေး အဖြစ် ပြောက်ကျား သပိတ်ငယ်အသွင်ယူကာ စစ်ကောင်စီယာဥ်ကို အဝေးထိန်းပဒေသာမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Gods Of Death က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁၀နာရီ ၃၅မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်(အ.ထ.က) သုဝဏ္ဏကျောင်းရှေ့၌ စစ်ကျွန်ပညာရေးအလိုမရှိသော ကျောင်းသား​ပြောက်ကျား သပိတ်ငယ်အသွင်ယူကာ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် မိုင်းချခဲ့ပြီး စစ်ကောင်စီ DC ကားတစ်စီး လာရောက်စစ်ဆေးချိန် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက် များရှိနိုင်ကြောင်း G.O.D က သတင်းထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅ x ၅၉ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို GZP Mandalay မြို့ပြပျောက်ကြားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကြောင်း GZP Mandalay က သတင်းထုတ်ပြန်သည်။khit thit

မြိုင်မြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅ ဦး သေ၊ ပခုက္ကူနှင့် ခင်ဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ် ၃၀ ရက် မနက်ပိုင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ MVRF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ MVRF ကနေ သိရပါတယ်။

မြိုင်-ဗဟင်းကားလမ်း ဆူးဝင်းလမ်းခွဲနားမှာ ဒီကနေ့မနက် ၇ နာရီခွဲလောက်က  တိုက်ပွဲဖြစ်ပွားခဲ့တာလို့ MVRF ရဲ့ ခေါင်းဆောင် ဦးအောင်ဇေယျက ဒီဗွီဘီကို ပြောပါတယ်။

“နှစ်ဘက်တိုက်ပွဲအတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျနော်တို့ဘက်က ရဲဘော်တယောက် ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေနေ မစိုးရိမ်ရဘူး။”

မြိုင်မြို့နယ် ဗဟင်းရဲစခန်းကိုလည်း မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာ စစ်ကောင်စီဘက်က ၉ ယောက်လောက် သေဆုံးကာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်လို့ ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာလည်း မတ် ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၅ ယောက်လောက်  ဒဏ်ရာရရှိသွားတယ်လို့ မြစ်ခြေ-ကျွန်းချောင်း PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ကျွန်းချောင်း-ဆိပ်ဖြူ ကားလမ်းအတိုင်း အရှေ့ကမ်းဖြူရွာဘက်ကို မောင်းလာတဲ့ စစ်ကောင်စီကား ၃ စီးကို ဒီကနေ့ ညနေ ၄ နာရီကျော်လောက်မှာ MC-KC PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 MC-KC PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ G3 က “စစ်ကောင်စီကား ၃ စီးထဲက တစီးကတော့ နည်းနည်း ထိခိုက်ပျက်စီးသွားတယ်ဗျ။ ကျနော်တို့ MC-KC PDF က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဘေးကင်းတဲ့နေရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်။”လို့ပြောပါတယ်။

ကျွန်းချောင်း-ဆိပ်ဖြူကားလမ်း ဒဲ့ပြားရွာအဝင်လမ်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကား ၇ စီးကို ဒီမနက် ၄ နာရီလောက်မှာ MC-KC PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို မနက် ၅ နာရီခွဲမှာ အရှေ့ကမ်းဖြူရွာနားမှာ လှည်လည်သွားလာနေတဲ့ စစ်ကောင်စီကားတစီးကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာတော့ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ရှားလွင်ရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မတ် ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က  ပဒေသာမိုင်း ဆွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‌ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ပဒေသာမိုင်းတွေ ဆွဲခဲ့တယ်၊ ထိထိရောက်ရောက် ထိသွားပါတယ်။ စစ်(—-) တွေ အတော်အထိ နာသွားတယ်။ကျနော်တို့ ကင်းထောက်တွေကတော့ သစ်ပင်ပေါ်ကနေ တက်ကြည့် သတင်းယူတာဆိုတော့ စစ် (—) အတိအကျ မျက်မြင်တွေ့ခဲ့ရတယ်။ ၁၀ ဦးလောက် ထမ်းပိုးသွားပြီး ထော့ကျိုးတွေများပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းနှစ်ကြောင်းခွဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး မတ် ၂၉ ရက်မှာ ခင်ဦးမြို့နယ်အရှေ့ခြမ်း ရွာစဉ်‌ကျေးရွာမှာ နှစ်ဖွဲ့ ပူးပေါင်းသွားပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေဟာ ရွာစဉ်ရွာထဲက အပြစ်မဲ့ပြည်သူ ၂၀ ခန့် ဖမ်းဆီးထားကာ ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စခန်းချ နေထိုင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB

ချောင်းဦးဆန္ဒပြ ခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမာန်ဇာမြေမွန်ကို မုံရွာထောင်တွင်းတရားရုံးက ယနေ့ (မတ် ၃၀) တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၉ နှစ်အရွယ် ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန် ၈ ရက်နေ့က ရှမ်းထူးကျေးရွာတွင် စစ်တပ်က ဖမ်းဆီးကာ ပုဒ်မ ၅၀၅-က အမှုပေါင်း ၅ မှု ဖွင့်ပြီး  ၁၀ လဝန်းကျင်အကြာတွင် ၁ မှုကို စီရင်ခြင်းဖြစ်သည်။

“ထောင်တွင်းတရားရုံးက ဒီနေ့ အမိန့်ချတာပါ။  ၅၀၅-က နဲ့ ကျန်တဲ့ ၄ မှုကတော့ ဆက်ရင်ဆိုင်ရဦးမှာပေါ့“ ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ 

တရားလို ရဲမှူးအောင်သန်းမြင့်က စွဲဆိုထားသော အမှုအမှတ် ၆၅/ ၂၀၂၁ တွင် အခြားအမှုတွဲ ၂ ဦးနှင့်အတူ ထောင်ချခံရခြင်း ဖြစ်ကြောင်း၊ ချုပ် ရက် ထုတ်နုတ်ခံစားခွင့်ပြုကြောင်း ရှေ့နေများကို ကိုးကား၍ ထိုသူက အတည်ပြုသည်။

ဆက်လက် ရင်ဆိုင်ရမည်မှာ အမှုအမှတ် ၆၈/၂၀၂၁ ဖြင့် တရားလို ရဲအုပ်နှင်းမောင်လွင်၊ ၇၄/၂၀၂၁ ဖြင့် ဒုရဲအုပ်မောင်ဇော်ဦး၊ ၇၆/၂၀၂၁ ဖြင့် ဦးအောင်ဘော်၊ ၇၇/၂၀၂၁ ဖြင့် ရဲမှူးအောင်သန်းမြင့်တို့ စွဲဆိုထားသော အမှုများဖြစ်သည်။

အလွတ်တန်းသတင်းထောက် ကိုမာန်ဇာမြေမွန်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အ ဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် ၎င်းမှာ ချောင်းဦးမြို့နယ်ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်စဉ် စစ်ကောင်စီက ၂၀၂၁ ဧပြီ ၁၇ တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၃၀ မှတ်တမ်းအရ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၉၉၉၁ ဦးထက်မနည်း ရှိကာ ၎င်းတို့အနက်မှ ၈၈၆ ဦးကို ထောင်ချပြီးဖြစ်သည်ဟု သိရသည်။  myanmar now

ဖရူဆို၊ ပုလဲ၊ မြိုင်၊ မုံရွာတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စုစုပေါင်း စစ်သား ၁၆ ဦးသေဆုံး

ဖရူဆို၊ ပုလဲ၊ မြိုင်၊ မုံရွာမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စုစု ပေါင်း စစ်သား ၁၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်း ထုတ်ပြန်သည်။

ဖရူဆိုတွင် စစ်သား ၈ ဦးသေဆုံး

==================

မတ်လ ၃၀ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်မှ ၃ နာရီ ၃၀ မိနစ်အချိန်အထိ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ နယ်တွင် ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို PDFက မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း PDF ဖရူဆိုက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို( PDF-Hpruso )နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်ကြသော DMO PDF တပ်ရင်းများ A ၊ B၊ D ၊ G၊ အလယ်ပိုင်းတိုင်း ၁၁၀၁ နည်းပညာလက်ရုံးတပ် CTUနှင့် KNDF BO4 တို့က ဗျူဟာပူးပေါင်း ရေးဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြိုင်တွင် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

========================

မကွေးတိုင်း၊မြိုင်မြို့နယ်၊ ဆိတ်ချေးကျစ်တက်အနီး၊ မြိုင် – ဗဟင်းလမ်းမကြီးပေါ်တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် Myaing Villages Revolution Front ( MVRF )နှင့်Myaing Hero Generation နှစ်ဖွဲ့ပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

မုံရွာတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်

=============================

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊အောင်ဇေယျာကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် Unity Force Monywa၊Brother Defense Forceနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးစိန်ပြောင်း ၁၅ လုံး၊မိုင်းအလုံး ၇၅ ခု တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပုလဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

=========================

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ ​ကျေးရွာအပြင်သို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ရာ ခုနှစ်ဦးသေဆုံးကြောင်း ၊ ယနေ့ နံနက် ၉ နာရီခွဲခန့်အချိန် အင်မထီးရွာနှင့် ကိုင်းတွင်း​ကျေးရွာအကြား၌ အင်အား ၅၀ ဝန်းကျင်ကို MRDA က တိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က သတင်းထုတ်ပြန်သည်။khit thit

ကမ္ဘောဇဘဏ်က ပုံမှန်ငွေစုဘဏ်အပ်ငွေအ တွက် အတိုးနှုန်း တိုးမြှင့်

ကမ္ဘောဇဘဏ်က ပုံမှန်ငွေစုဘဏ် အပ်ငွေစာရင်းရဲ့ နှစ်စဉ်အတိုးနှုန်းကို အရင် ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ကြေညာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဝန်ဆောင်မှုကဏ္ဍ ဖရိုဖရဲ ဖြစ်လာမှုနဲ့အတူ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။

အဲဒီလို ကျဆင်းလာတာကြောင့် ပြည်သူတွေဟာ မိမိဘဏ်စာရင်းထဲက ငွေကို အပြေးအလွှား ထုတ်ယူခဲ့ကြတာပါ။

အကျိုးဆက်အနေနဲ့ မြန်မာတနိုင်ငံလုံး ငွေသားရှားပါးမှု ဖြစ်ပေါ်ပြီး ဘဏ်တွေမှာ ငွေလက်ကျန် နည်းတာကြောင့် စစ်ကောင်စီလက် အောက်ခံ ဗဟိုဘဏ်က ဘဏ်တွေမှာ ထားရှိရမယ့် ငွေသားလိုအပ်ချက် အနိမ့်ဆုံးပမာဏကို လျှော့ချပေးခဲ့ရပါတယ်။

ဒါပေမဲ့ ခုချိန်ထိ ငွေသားရှားပါးမှု ပြဿနာ ကြုံနေရဆဲဖြစ်သလို ပြည်သူတွေအနေနဲ့ ဘဏ်စနစ်အေပါ် ယုံကြည်မှုနည်းတာ၊ ဘဏ်အေကာင့် ပိတ်ခံရနိုင်ခြေ ရှိနေတာ၊ ငွေထုတ်ယူရ ခက်ခဲတာ စတာတွေကြောင့် ဘဏ်မှာ ငွေအပ်နှံဖို့ကို စိတ်ဝင်စားမှု နည်းပါးနေကြပါတယ်။

ငွေအပ်နှံမှု ရှားပါးတာကြောင့် အခုလို ပုံမှန်အပ်ငွေအပေါ် အတိုးနှုန်း တိုးမြှင့်တာတွေ ဘဏ်တွေက လုပ်ဆောင်လာကြပါတယ်။ အရင်ကလည်း ပုဂ္ဂလိကဘဏ်အချို့ဟာ စာရင်းသေအပ်ငွေအပေါ် အတိုးနှုန်း တိုးမြှင့်တာတွေ ရှိခဲ့ပါတယ်။DVB

သထုံတိုက်ပွဲတွင် ခရီးသည်ကလေးနှစ်ဦး ကျည်ထိသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ယမန်နေ့ (မတ်လ ၂၉) နံနက်က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA/KNU) တို့ တိုက်ပွဲဖြစ်ရာ ခရီးသည် ကလေး ၂ ဦး သေဆုံး၊ လူကြီး ၁ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်တွေ့သူ ၂ ဦးက အတည်ပြုသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး လမ်းဘေးတွင် ရပ်ထားသည့် သုံးဘီးကားပေါ်မှ အသက် ၉ နှစ်အရွယ် ကလေးမှာ ပွဲချင်းပြီး၊ ၆ နှစ်အရွယ် ကလေးမှာ သထုံဆေးရုံသို့ ရောက်ပြီး မကြာမီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ နှစ်ဦးစလုံး ယောက်ျားလေးများဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် အခြားကားတစ်စီးထဲမှ အသက် ၄၀ အရွယ် ခရီးသွားအမျိုးသား ဆီးခုံ ကျည်ထိမှန်ဒဏ်ရာရသဖြင့် သထုံပြည်သူ့ဆေးရုံတွင် ကုသနေသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။ 

“(၉ နှစ်) ကလေးက လက်နက်ကြီးမှန်တာ ထင်တယ်။ ဘာလို့လဲဆိုတော့ လက်တွေလည်း စုတ်ပြတ်သတ်ပြီးတော့ ခြေထောက်လည်း စုတ်ပြတ်သတ်ပြီး အူတွေထွက်နေတာ။ ကျွန်တော်တို့ရောက်တဲ့အချိန် အသက်မရှိတော့ဘူး” ဟု ၎င်းကပြောသည်။ 

“ကျွန်တော်တို့က တိုက်ပွဲပြီးမှ ရောက်တာလေ။ ဘယ်သူပစ်လဲ ကျွန်တော်တို့ အတိအကျ ပြောလို့မရဘူး”

၄၅ မိနစ်ခန့်ကြာသည့် ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ ယောက် ခြေထောက်တွင် ဒဏ်ရာရခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။

ဘီးလင်းမှ သထုံဘက် မောင်းနှင်လာသည့် အစီးရေ ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းပေါ်မှ စစ်သားများက လမ်းဘေးဝဲယာသို့ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသား ကျည်ထိဒဏ်ရာရသွားကြောင်း မျက်မြင်တွေ့သူ ခရီးသွား အမျိုးသားတစ်ဦး၏ အဆိုအရ သိရသည်။

“မင်းတို့ကောင်တွေ ဝပ်နေ ဝပ်နေ၊ တစ်ကောင်မှ ခေါင်းမဖော်နဲ့ ဘာညာပေါ့။ အဲဒါလည်းပြီးရော (ခရီးသွားယာဉ်တန်း) အနောက်ဘက်ခြမ်းလည်းရောက်ရော ပစ်လိုက်တာ၊ ကားတံခါးလက်ကိုင်ကနေ ဖောက်ပြီးဝင်သွားတာ။ ဖောက်ပြီးတော့ ဆီးခုံထိသွားတာ” ဟု ၎င်းက ပြောသည်။

“ပုံမှန်ဆိုရင် မကြုံရင် မသိဘူး၊ သူတို့ ရမ်းပစ်တယ် ရမ်းပစ်တယ်ဆိုတာ။ ရွာတွေမှာ သူတို့ ရမ်းသန်းပစ်သွားတယ်၊ အဲလိုမျိုး အသံတွေကြားရတယ်။ ရမ်းသန်းဘယ်လိုပစ်လဲ မသိဘူးပေါ့။ အခုကြုံတော့ သိသွားတယ်”  

ကလေးနှစ်ဦး သေဆုံးသည့် ဖြစ်စဉ်ကိုမူ ထိုသူက မျက်မြင်တွေ့ခဲ့ရခြင်း မရှိပေ။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် KNU တို့ထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပါ။

ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၆၊ တပ်မဟာ ၁ ဒေသများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ယာဉ်တန်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရသည်။

မတ်လ ၁၀ ရက်နေ့မှစ၍ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့ ပါဝင်သော တပ်မဟာ ၁ နယ်မြေတွင် စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်က ကျေးရွာ လူနေအိမ်များဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်သည့် ဖြစ်စဉ်များရှိခဲ့သည်။

စစ်ကောင်စီက ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသည့် ကော့ကရိတ်-မြဝတီ လမ်းမကြီးနှင့် မြဝတီ-ဝေါလေ လမ်းမကြီးကို မတ် လ ၂၇ မှစ၍ ခရီးသွားပြည်သူများ အသုံးမပြုကြရန် KNLA/ KNU တပ်မဟာ ၆ က သတိပေးထားသည်။myanmar now

« Older Entries