ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၃၀၀,၀၀၀ ကျော်သာရှိ

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ ၃၁ ရက်နေ့မှစတင်ကျင်းပလျှက်ရှိပြီး နိုင်ငံတစ်ဝန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၃၀၀,၀၀၀ ကျော်သာရှိရာ ပုံမှန်အခြေအနေထက်များစွာလျော့နည်းသည်။

COVID-19 ကြောင့် ၂၀၂၀-၂၀၂၁ စာသင်နှစ်အတွက် ကျောင်းတက်ခွင့်နှင့် စာမေးပွဲဖြေခွင့်မရခဲ့သည့်အပြင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ပဋိ ပက္ခများပေါ်ပေါက်ခဲ့ပြန်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုသူ စံချိန်တင်လျော့နည်းသွားခဲ့သည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းပေးခဲ့သူ ၇၇၀,၀၀၀ နီးပါး၊ ၂၀၁၇-၂၀၁၈ တွင် ၈၅၀,၀၀၀ နီးပါး၊ ၂၀၁၈ -၂၀၁၉ တွင် ၉၀၀,၀၀၀ နီးပါးနှင့် ၂၀၁၉-၂၀၂၀ တွင် ၉၇၀,၀၀၀ ကျော် စာရင်းပေးခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံခြားစာစစ်ဌာနများအပါအဝင် ပြည်နယ်နှင့် တိုင်းများအတွင်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၃၁၂,၂၉၉ ဦးသည် စာစစ်ဌာနပေါင်း ၁၂၅၆ ခုတွင် ဖြေဆိုရန်ဖြစ်သည်။

ဖြေဆိုရန်စာရင်းပေးသူများတွင် ရခိုင်ပြည်နယ်မှအများဆုံးဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး မြို့တို့သည် ဒုတိယနှင့် တတိယ အသီးသီးလိုက်သည်။ ပြင်ပမှဝင်ရောက်ဖြေဆိုရန် စာရင်းပေးသူ ၁၁၀,၀၀၀ ကျော်ရှိသည်။ ကယားပြည်နယ်က ဖြေဆိုခွင့်လျှောက်ထားသူ ၇၈၀ သာရှိပြီး အနည်းဆုံးဖြစ်သည်။

မတ် ၃၁ ရက် မှ ဧပြီ ၉ ရက်နေ့ အထိ နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်များအလိုက် ဆက် တိုက်ဖြေဆိုကြရမည်ဖြစ်ပြီး၊ ဧပြီ ၃ ရက်နေ့ (တနင်္ဂနွေ) တစ်ရက်သာ ဖြေဆိုမှု ရပ်နားမည်ဖြစ်သည်။

ယနေ့ဖြေဆိုမှုပြုသည့်ကျောင်းသားအများစုက မြန်မာစာမေးခွန်း ” အရမ်းလွယ်သည်” ဟု မဇ္ဈိမကိုပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ဖြေဆိုရာစာစစ်ဌာနများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ထားသည်ကိုလည်းတွေ့ရသည်။

ပညာရေးနယ်ပယ်ဘက်မှ ဝေဖန်သူများကတော့ ယခုနှစ်ဖြေဆိုသူများကို အလွယ်တကူအောင်ပေးလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

“ ပုံမှန်စာသင်နှစ် အပြည့်သင်နေတာတောင် သင်ခန်းစာတွေပြီးအောင် တော်တော်သင်ယူရတယ်။ အခုလို ပေါပေါပဲပဲနဲ့ အချောင်အောင်ကြမယ့်နှစ်ဖြစ်တဲ့အတွက် အရင်နှစ်တွေက မဖြေဘဲနဲ့ အပြင်မှာလေပြီး နှစ်ဆွေးနေတဲ့ ကျောင်းသားတွေတောင် ဝင်ဖြေကြတယ်။ ပြောချင်တာက ဒီနှစ်မှာ အောင်တဲ့သူတွေ ဘယ်လိုမှ အရည်အချင်းအစစ်အမှန်မရနိုင်ဘူး။ ” ဟု အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်လိုသောကြောင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ထားသော CDM အထက်တန်းပြကျောင်းဆရာမ တစ်ဦးကပြော သည်။

အကြမ်းဖက်စစ်ကောင်စီလက်ထက် ပညာရေးစနစ်အောက်တွင် ကျောင်းတက်ရေး၊ မတက်ရေးနှင့် စာမေးပွဲဝင်ရောက်ဖြေဆိုရေး၊ မဖြေဆိုရေးမှာ မိဘအုပ်ထိန်းသူများအတွက် အလေးအနက်ထား အငြင်းပွားစရာဖြစ်ခဲ့သည်။

CDM တွင်ပါဝင်သူများ၏ မိသားစုဝင်သားသမီးများနှင့် စစ်ကောင်စီကိုသပိတ်မှောက်သော အုပ်ထိန်းသူများ၏သားသမီးများ ကျောင်းမတက်ဘဲသပိတ်မှောက်ရာတွင်ပါဝင်ကြသည်။

သပိတ်မှောက်သူများက တိုင်းပြည်ကျရောက်နေသောဘေးဒုက္ခအတွက် စုပေါင်းရုန်းကန်ရန်လိုအပ်ပြီး လက်ရှိအနေအထားတွင် ကျောင်းပတ် ဝန်းကျင်က ပညာသင်ကြားရန် ကောင်းမွန်သည့်ပတ်ဝန်းကျင်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများလုံံခြုံရေးအတွက်လည်း စိုးရိမ်စရာဖြစ်သည်ဟု ရှုမြင်ကြသည်။

သို့သော် ကျောင်းမတက်ရေးလှုပ်ရှားမှုသည် လက်တွေ့ရွေးချယ်စရာမရှိသော ဆင်းရဲသားအောက်ခြေလူတန်းစားအတွက် ရေရှည်ဘ၀ရှေ့ရေးအတွက် ပိုမိုထိခိုက်စရာဖြစ်သည်ဟု ထောက်ပြမှုများလည်းရှိသည်။

လက်နက်ကိုင်ပဋိပက္ခပြန့်ကားထွက်လာခြင်းနှင့်အတူ တစ်ကျော့ပြန်ဖြစ်ပွားလာသော ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားခြင်းကြောင့် နိုဝင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်က မြို့နယ် ၄၆ မြို့နယ်ကိုစစ်ကောင်စီက ချန်လှပ်ဖွင့်ခဲ့သည်။ နိုဝင်ဘာ ၃၀ တွင်တော့ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်ရှိ ကျောင်းများပြန်ဖွင့်သော်လည်း စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်များရှိ ကျောင်းများကိုမူ ဆက်လက်ပိတ်ခဲ့ရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s