Monthly Archives: Mar 2022

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၃၀၀,၀၀၀ ကျော်သာရှိ

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ ၃၁ ရက်နေ့မှစတင်ကျင်းပလျှက်ရှိပြီး နိုင်ငံတစ်ဝန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၃၀၀,၀၀၀ ကျော်သာရှိရာ ပုံမှန်အခြေအနေထက်များစွာလျော့နည်းသည်။

COVID-19 ကြောင့် ၂၀၂၀-၂၀၂၁ စာသင်နှစ်အတွက် ကျောင်းတက်ခွင့်နှင့် စာမေးပွဲဖြေခွင့်မရခဲ့သည့်အပြင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ပဋိ ပက္ခများပေါ်ပေါက်ခဲ့ပြန်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုသူ စံချိန်တင်လျော့နည်းသွားခဲ့သည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းပေးခဲ့သူ ၇၇၀,၀၀၀ နီးပါး၊ ၂၀၁၇-၂၀၁၈ တွင် ၈၅၀,၀၀၀ နီးပါး၊ ၂၀၁၈ -၂၀၁၉ တွင် ၉၀၀,၀၀၀ နီးပါးနှင့် ၂၀၁၉-၂၀၂၀ တွင် ၉၇၀,၀၀၀ ကျော် စာရင်းပေးခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံခြားစာစစ်ဌာနများအပါအဝင် ပြည်နယ်နှင့် တိုင်းများအတွင်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၃၁၂,၂၉၉ ဦးသည် စာစစ်ဌာနပေါင်း ၁၂၅၆ ခုတွင် ဖြေဆိုရန်ဖြစ်သည်။

ဖြေဆိုရန်စာရင်းပေးသူများတွင် ရခိုင်ပြည်နယ်မှအများဆုံးဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး မြို့တို့သည် ဒုတိယနှင့် တတိယ အသီးသီးလိုက်သည်။ ပြင်ပမှဝင်ရောက်ဖြေဆိုရန် စာရင်းပေးသူ ၁၁၀,၀၀၀ ကျော်ရှိသည်။ ကယားပြည်နယ်က ဖြေဆိုခွင့်လျှောက်ထားသူ ၇၈၀ သာရှိပြီး အနည်းဆုံးဖြစ်သည်။

မတ် ၃၁ ရက် မှ ဧပြီ ၉ ရက်နေ့ အထိ နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်များအလိုက် ဆက် တိုက်ဖြေဆိုကြရမည်ဖြစ်ပြီး၊ ဧပြီ ၃ ရက်နေ့ (တနင်္ဂနွေ) တစ်ရက်သာ ဖြေဆိုမှု ရပ်နားမည်ဖြစ်သည်။

ယနေ့ဖြေဆိုမှုပြုသည့်ကျောင်းသားအများစုက မြန်မာစာမေးခွန်း ” အရမ်းလွယ်သည်” ဟု မဇ္ဈိမကိုပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ဖြေဆိုရာစာစစ်ဌာနများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ထားသည်ကိုလည်းတွေ့ရသည်။

ပညာရေးနယ်ပယ်ဘက်မှ ဝေဖန်သူများကတော့ ယခုနှစ်ဖြေဆိုသူများကို အလွယ်တကူအောင်ပေးလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

“ ပုံမှန်စာသင်နှစ် အပြည့်သင်နေတာတောင် သင်ခန်းစာတွေပြီးအောင် တော်တော်သင်ယူရတယ်။ အခုလို ပေါပေါပဲပဲနဲ့ အချောင်အောင်ကြမယ့်နှစ်ဖြစ်တဲ့အတွက် အရင်နှစ်တွေက မဖြေဘဲနဲ့ အပြင်မှာလေပြီး နှစ်ဆွေးနေတဲ့ ကျောင်းသားတွေတောင် ဝင်ဖြေကြတယ်။ ပြောချင်တာက ဒီနှစ်မှာ အောင်တဲ့သူတွေ ဘယ်လိုမှ အရည်အချင်းအစစ်အမှန်မရနိုင်ဘူး။ ” ဟု အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်လိုသောကြောင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ထားသော CDM အထက်တန်းပြကျောင်းဆရာမ တစ်ဦးကပြော သည်။

အကြမ်းဖက်စစ်ကောင်စီလက်ထက် ပညာရေးစနစ်အောက်တွင် ကျောင်းတက်ရေး၊ မတက်ရေးနှင့် စာမေးပွဲဝင်ရောက်ဖြေဆိုရေး၊ မဖြေဆိုရေးမှာ မိဘအုပ်ထိန်းသူများအတွက် အလေးအနက်ထား အငြင်းပွားစရာဖြစ်ခဲ့သည်။

CDM တွင်ပါဝင်သူများ၏ မိသားစုဝင်သားသမီးများနှင့် စစ်ကောင်စီကိုသပိတ်မှောက်သော အုပ်ထိန်းသူများ၏သားသမီးများ ကျောင်းမတက်ဘဲသပိတ်မှောက်ရာတွင်ပါဝင်ကြသည်။

သပိတ်မှောက်သူများက တိုင်းပြည်ကျရောက်နေသောဘေးဒုက္ခအတွက် စုပေါင်းရုန်းကန်ရန်လိုအပ်ပြီး လက်ရှိအနေအထားတွင် ကျောင်းပတ် ဝန်းကျင်က ပညာသင်ကြားရန် ကောင်းမွန်သည့်ပတ်ဝန်းကျင်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများလုံံခြုံရေးအတွက်လည်း စိုးရိမ်စရာဖြစ်သည်ဟု ရှုမြင်ကြသည်။

သို့သော် ကျောင်းမတက်ရေးလှုပ်ရှားမှုသည် လက်တွေ့ရွေးချယ်စရာမရှိသော ဆင်းရဲသားအောက်ခြေလူတန်းစားအတွက် ရေရှည်ဘ၀ရှေ့ရေးအတွက် ပိုမိုထိခိုက်စရာဖြစ်သည်ဟု ထောက်ပြမှုများလည်းရှိသည်။

လက်နက်ကိုင်ပဋိပက္ခပြန့်ကားထွက်လာခြင်းနှင့်အတူ တစ်ကျော့ပြန်ဖြစ်ပွားလာသော ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားခြင်းကြောင့် နိုဝင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်က မြို့နယ် ၄၆ မြို့နယ်ကိုစစ်ကောင်စီက ချန်လှပ်ဖွင့်ခဲ့သည်။ နိုဝင်ဘာ ၃၀ တွင်တော့ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်ရှိ ကျောင်းများပြန်ဖွင့်သော်လည်း စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်များရှိ ကျောင်းများကိုမူ ဆက်လက်ပိတ်ခဲ့ရသည်။mizzima

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဉ်း သားများ၏ ပြည်သူနှင့် ရဲဘော်များထံ ပေးစာ ၂

သို့/

 ရဲဘော်အပေါင်းတို့…

အသက်ပေးပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ရဲဘော်များနဲ့ မိဘပြည်သူများကို ကျနော်တို့ (နိုင်ကျဥ်း)တွေက အမြဲဆု တောင်းပေးနေပါတယ်။ ကျနော်တို့ဟာ ခံယူချက်၊ လုပ်ဆောင်ချက်တွေ မတူနိုင်ပေမဲ့ လိုချင်တဲ့ ပန်းတိုင်ရည်ရွယ်ချက်ဟာ အတူတူပဲမို့ ခံစားချက်ချင်း၊ နာကြည်းချက်ချင်း တူကြမယ်လို့ယုံကြည်ပါတယ်။ ကျ​နော်တို့တွေရဲ့ရန်သူဟာ ‘စစ်အာဏာရှင်စနစ်’ တခုတည်းပါ။ တော် လှန်ရေးအဖွဲ့တွေ သီးခြားဖြစ်နေတာဟာ၊ ခံယူချက်မတူတာဟာ၊ လုပ်ဆောင်ချက်မတူတာဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ ကိုယ့်ရဲ့ လုပ်ဆောင်ရမည့်တာဝန်ကိုသာ ထိရောက်အောင်လုပ်ဆောင်ပါ။ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲတာနဲ့ပဲ အချိန်ကုန်ရတာထက် အချင်းချင်းညှိယူဖို့ တိုက် တွန်းချင်ပါတယ်။ အချင်းချင်း တိုက်ခိုက်မနေပါနဲ့လို့ ပြောရတာ အားနာပေမယ့် အားမနာတမ်းပြောရမယ့် အဖွဲ့တွေလည်း ရှိတယ်ဆိုတာ ရဲဘော်တို့အသိပါပဲ။

ကျနော်တို့ ရဲဘော်တို့ဟာ ပြည်သူတွေပါ။ ဒီပွဲဟာ ပြည်သူတွေအပေါ် မတရားအုပ်ချုပ်နေတဲ့၊ ခေတ်အဆက်ဆက်ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်ကို တော်လှန်တဲ့ပွဲပါ။ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တာမို့ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲတာနဲ့ပဲ့ ပြဿနာဖြစ်ပြီး အချိန်မကုန်ကြဖို့ အကြံပေးချင်ပါတယ်။ ရဲဘော်တို့ ရင်ထဲကခံစားချက်တွေကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ (နိုင်ကျဥ်း)တွေဟာ ချွေးနဲ့တိုက်ပွဲဝင်နေပေမဲ့၊ အသက်ပေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တို့ဟာ ကျနော်တို့ထက် ပိုပြီးပင်ပန်းဆင်းရဲပါတယ်။ ကျနော်တို့ နိုင်ကျဥ်းတွေဟာလည်း ခံယူချက်မတူပေမဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ တူကြတာမို့ အတတ်နိုင်ဆုံးညှိယူပြီး စည်းစည်းလုံးလုံးနဲ့ အကျဥ်းကျကာလတွေကို ကျော်ဖြတ်နေပါတယ်။ ကျနော်တို့တွေနဲ့ ခံစားချက်တူတဲ့၊ ယုံကြည်ရာချင်းတူတဲ့ တခြားအမှု (အကျဥ်းသား)တွေလည်း အများကြီးရှိပါတယ်။ အသားထဲကလောက်ထွက်တဲ့ အုပ်စုအနည်းအကျဥ်း ၁၀ ယောက်မှာ ၁ ယောက်လောက်တော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲကို နိုင်အောင်တိုက်ပေးကြပါ။ လုံးဝသွေးအေးသွားလို့ မဖြစ်ပါဘူး။ ကျနော်တို့ပြည်သူတွေ သွေးအေးမယ်ဆိုတာနဲ့ ထောင်ထဲက ကျနော်တို့လူငယ်တွေရဲ့ ဘဝရော၊ နောက်မျိုးဆက်တွေရဲ့ အနာဂတ်ကို မြင်ယောင်ကြည့်ပါ။ ကျနော်တို့ကို သနားခိုင်းတာ၊ အာရုံစိုက်ခိုင်းတာမဟုတ်ပါဘူး။ တမျိုးသားလုံး စစ်ကျွန်ဖြစ်သွားမယ်လို့ အသိပေးချင်တာပါ။ ဒါကြောင့် ကျနော်တို့(နိုင်ကျဥ်း)တွေဟာ စိတ်ဓာတ်လုံးဝမကျပါဘူး။ ရဲဘော်တို့နဲ့အတူတူ ဖက်ဆစ်စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် တော်လှန်နေပါတယ်။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်

အရေးတော်ပုံ အောင်ကိုအောင်ရမည်

သံတွဲတွင် ဒေါ်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်နှင့် ဒေါ်ငြိမ်းအိဖြိုးကျော်တို့ကို PDF၊ NUG နှင့်ဆက်သွယ် ငွေကြေးထောက်ပံ့သည်ဆိုသော သက်သေမပြနိုင်ဘဲ အလုပ်ကြမ်းနှင့်ထောင် ၁၀ နှစ်ချမှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးသုံးဦးကို မတရားဖမ်းဆီးပြီး အကြမ်း ဖက်ဥပဒေပုဒ်မဖြင့် အမှုတပ်တရားစွဲဆိုခဲ့သော် လည်း ထင်ရှားသည့်သက်သေအထောက်အထားတစ်စုံတရာမပြနိုင်ဘဲ ယနေ့တွင် တရားရုံးက အဆိုပါအမျိုးသမီး ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးထောင်ချခံခဲ့ရသည့် ဒေါ်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်နဲ့ ဒေါ်ငြိမ်းအိဖြိုးကျော် တို့၏အမှုကို တရားလိုသက်သေ၊ တရားခံသက် သေများအား အမှုစစ် ဆေးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)တို့ကို ဆက်သွယ်ငွေကြေးထောက်ပံ့ကြောင်း သက်သေတစ်စုံ တစ်ရာ မပြနိုင်ဘဲ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ဖြစ်ကြောင်း သံတွဲရှေ့နေအသိုင်းအဝိုင်းက ပြောဆိုသည်။

“စွပ်စွဲခံရတဲ့ အမျိုးသမီးတွေဟာ သူတို့စွပ်စွဲတဲ့ PDFတွေ၊ NUG တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သက်သေဘာတစ်ခုမှ မရှိ ဘူး။ အဲတော့ အကြမ်းဖက်ဥပဒေကို ကျူးလွန်တာ မရှိဘူးပေါ့။ ဒါပေမဲ့ အခုက ပေါ်လစီအမှုဆိုတော့ ပြစ်ဒဏ်ဆိုတာက သူတို့ပါးစပ်ထဲမှာပဲ။ တရားမျှတမှုဆိုတာ အစကတည်းက မရှိတာလို့ ပြောရမှာပေါ့” ဟု ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသုံးဦးကို သံတွဲမြို့ ရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့တွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထောင်ချခံနေရသူများသည် ပြစ်မှုကြီးကြီးမားမားလုပ်ထားခြင်းမရှိဘဲ ရဲတပ်ဖွဲ့က တမင်ဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုကြသည်။

“မြပြင်ရပ်ကွက်က အဖမ်းခံရတဲ့တစ်ယောက်ဆိုရင် ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်တယ်။ နောက်တော့ အမှုကို ပိတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီကောင်လေးက ဆိုင်ကယ်ပျောက်တဲ့အမှုကို ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ အဲဒီမှာ ရဲနဲ့ပြဿနာတက်တော့ ရဲက ကြည့်မရတာနဲ့ အရင်အမှုဟောင်းနဲ့ ဖမ်းလိုက်တယ်။ သူ့ကိုဖမ်းတော့ တခြား ဖမ်းဝရမ်းထုတ်ထားတဲ့ သူတွေကိုလည်း လိုက်ဖမ်းပြီး ထောင်ချပစ်လိုက်တယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့တွင် နိုင်ငံရေးအမှုဖြင့် ထောင်ချခံရသူ ငါးဦးရှိခဲ့ပြီး ယခု အမျိုးသမီးသုံးဦးကိုချမှတ်တဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်မှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်။

လက်ရှိတွင်လည်း စစ်ကောင်စီကိုဆန့်ကျင်မှုဖြင့် အမှုရင်ဆိုင်နေရသည့် ငါးဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“သံတွဲမြို့က အေးဆေးချမ်းချမ်းရှိတော့ ဒီမှာတာဝန်ကျတဲ့ ရဲဝန်ထမ်းတွေက ကံကောင်းတယ်။ ဟိုလူ့ဖမ်းငွေညစ်လိုက်၊ ဒီလူ့ဖမ်းငွေညစ်လိုက်နဲ့ ခေတ်ပျက်မှာ သံတွဲက ရဲတွေကတော့ ကောင်းစားနေကြတာ။ တခြားပြည်နယ်နဲ့တိုင်းတွေကို အပြောင်းခံရမှာလည်း ကြောက်ကြတယ်” ဟု သံတွဲမြို့ စစ်ကောင်စီနှင့်နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက ဆိုသည်။khit thit

သံတွဲမြို့က PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီး ၃ဦးကို ထောင်ဒဏ် ၁၀နှစ် ချမှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် PDF အားငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အမျိူးသမီး သုံးဦးကို ယနေ့ မတ်လ ၃၁ရက်နေ့တွင် သံတွဲခရိုင်တရာရုံးက ထောင်ဒဏ် ဆယ်နှစ်ထိ ချမှတ်လိုက်ကြောင်း ရှေ့နေ့ထံမှ သိရသည်။

သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်၊ဒေါ်စန်းချိုသိုက်နှင့်ဒေါ်တင်စန္ဒာဝင်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင် ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူတို့သုံးယောက်လုံးကို စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ တရားရုံးက တစ်ယောက်ကိုထောင်ဒဏ် ၁၀နှစ်စီချမှတ်လိုက်တာဖြစ်ပါတယ်၊ ”ဟု ၎င်း ရှေ့နေကပြောသည်။

ယင်းအပြင် အယူခံဝင်မည့် အပိုင်းကိုလည်း မသိသေးကြောင်း ၎င်းရှေ့နေက ပြောသည်။

“အယူခံဝင်မဝင်ကိုတော့ မတိုင်ပင်ရသေးဘူးဗျ၊ သူတို့ မိသားစုနဲ့ ဆွေးနွေးပြီးမှ ပြောလို့ရမယ်ထင်ပါတယ်”ဟု ရှေ့နေကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့က PDF အားငွေကြေးထောက်ပံ့သည့်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် သံတွဲရဲစခန်းမှ ဒုရဲမှူး ဝင်းနိုင်စိုးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ၎င်းတို့ သုံးဦးအမှုကို ငါးလကြာ စစ်ဆေးပြီးနောက် ယနေ့ မတ်လ ၃၁ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရစဉ်အတွင်း ဒေါ်ငြိမ်းအိဖြိုးကျော်မှာ နှစ်နှစ်အရွယ် မကျန်းမာသည့် သမီးဖြစ်သူပါ ဖမ်းဆီးခံခဲ့ရပြီး ဆေးကုသမှု မခံယူနိုင်ခဲ့ဘဲ သံတွဲ အကျဉ်းထောင်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ယခုကဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း PDFအား ငွေကြေးထောက်ပံ့သည့်ဟုဆိုပြီး မြောက်ဦးမြို့နယ် ၊ပန်းမော်ကျေးရွာမှ လူငယ်စာ ရေးဆရာ မင်းဒီပါကို ယခုပုဒ်မဖြင့်ပင် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် PDF အား ငွေကြေးထောက်ပံ့သည်ဟု ဆိုကာ မြောက်ဦးခရိုင်၊သံတွဲခရိုင်နှင့် တောင်ကုတ်ခရိုင်များမှ တက်ကြွလှုပ်ရှားသူများနှင့် ပရဟိတ လူငယ်များကို ဖမ်းဆီးတရားစွဲပြီး ထောင်ဒဏ်ချမှတ်ခံနေကြရသည်။

ရခိုင်ပြည်နယ်တွင် PDF များမရှိသော်လည်း CRPH ၊ PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆို ခံထားရသူနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ဦးခန့် ရှိလာပြီဖြစ်သည်။mizzima

ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက် တရားမဝင် ရွှေတူးဖော်မှု ပိုများလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တာရားကြီးတွေနဲ့ ရွှေတူး‌ဖော်မှုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအချိန်ကနေ မြစ်ကြောင်းတလျှောက် တစတစနဲ့ ပိုမိုများပြားလာပြီး ပြည်သူလူထုက မလိုလား ဝေဖန်မှုတွေ ရှိနေပေမဲ့ ‌‌စက် ယန္တရား ထောင်ချီနဲ့ တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗန်းမော်တကြော သိသိသာသာ များလာတာက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ပိုများလာတယ်။ အခုခြေအနေနဲ့က နည်းသွားတာလည်း မရှိဘူး၊ များလာတာလည်းမရှိဘူး၊ ရှိနေတဲ့ ဖောင်တွေနဲ့ ဆက်တူးနေကြတာပဲ။ ပြည်သူလူထုက ဘယ်လောက်ပဲ ကန့်ကွက်ကန့်ကွက် တားပေးမယ့်သူ မရှိ‌တော့ ဒီအတိုင်းပဲ ဆက်တူးနေကြတာပေါ့” လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။

မြစ်ကြောင်းတလျှောက် ရွှေတူးဖော်ရာမှာ ဘတ်ဖိုးမြေတူးစက် အသုံးပြုပြီးတော့ သံဖောင်အကြီးစားတွေနဲ့ တူးတဲ့နည်း၊ သံဘောင်စက်လှေတွေနဲ့ တူးတဲ့ပုံစံအပြင် အသေးစား ဝါးဖောင်တွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

မြစ်ကြောင်းတလျှောာက် ရွှေတူးဖော်ခွင့်ရဖို့အတွက် လေလံအဖွဲ့တွေကို စက်သေးအကြီးပေါ် မူတည်ပြီး လစဉ်ကြေးပေး တူးဖော်နေရတယ်လို့ ရွှေဖောင်မှာ လုပ်ကိုင်နေတဲ့ လုပ်သားတဦးက ပြောပါတယ်။

“လေလံအဖွဲ့က မြစ်ကို နှစ်ခြမ်းခွဲလိုက်တယ်။ ဟိုဘက်ကမ်းကို တူးမယ်ဆိုရင် ဟိုဘက်ကမ်း လေလံအဖွဲ့ကို ပေးရတယ်၊ ဒီဘက်ခြမ်း တူးမယ်ဆိုရင်တော့ ဒီဘက်ခြမ်းအဖွဲ့ကို ပေးရတယ်။ စက်အကြီးအသေးပေါ် မူတည်ပြီးတော့ ၁ လကို သိန်း ၂၀၊ ၂၅ သိန်း ပေးရတယ်။ အဲဒီ လေလံအဖွဲ့က ဘယ်သူတွေလဲ ဆိုတာတော့ ကောင်းကောင်းမသိရဘူး၊ ပြီးတော့ သေနတ်ကိုင်တဲ့ သူတွေလည်း ခဏခဏ ပိုက်ဆံလာတောင်းတယ်။”

လေလံအဖွဲ့နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီလက်အောက်က တပ်သားတွေလည်း အင်အားအများအပြားနဲ့ ရောက်လာတတ်ပြီး ရွှေဖောင်တွေကို မီးရှို့တာတွေ ပြုလုပ်လေ့ရှိသလို ဆက်ကြေး တောင်းခံလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ခရိုင်မှာ ရွှေတူးဖော်မှုတွေကို ရွှေဂူမြို့ အထက်ပိုင်းကနေ ဗန်းမော်မြို့အထက်ပိုင်းအထိ မြစ်ကြောင်းတလျှောက် ရွှေဖောင်ထောင်ကျော် နဲ့ တူးဖော်နေကြတာပါ။DVB

ဒုရဲအုပ် ချယ်ရီထက် ​ထောင်ဒဏ် ၂ နှစ် နောက် ထပ်ချမှတ်ခံရ

နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်၏ ကိုယ်ရံ​တော် ဒုရဲအုပ် ချယ်ရီထက်ကိုရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)အမှုအတွက် ထောင်တွင်းတရားရုံးက ယနေ့ မတ်လ ၃၁ တွင် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်​ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က အမှုနှစ်ခုနှင့်စွဲဆိုခံရသော အသက် ၃၀ အရွယ် ဒုရဲအုပ်ချယ်ရီထက်သည် ရဲဝန်ထမ်းဆိုင်ရာဥပဒေချိုးဖောက်မှုကြောင့် ထောင်ဒဏ်သုံးနှစ်ချခံထားရပြီးသားဖြစ်ကာ နေပြည်တော်အချုပ်ထောင်ထဲမှနေ၍ တရားရင်ရင်ဆိုင်ခဲ့ရသည်။

ဒုရဲအုပ် ချယ်ရီထက်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အ ကြောင်းအရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများကိုအကြောင်းပြု၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

နေပြည်တော်တွင် အမိန့်ချခံရသူအများစုကဲ့သို့ပင် သူမကို ရမည်းသင်းအကျဥ်း​ထောင်ကို ပြောင်းရွှေ့ပို့ဆောင်သွားမည်ဟု သိရသည်။

ဒုရဲအုပ် ချယ်ရီထက်သည် ယမန်နှစ် စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီးခံခဲ့ရကာ တစ်လကျော်အကြာတွင် ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင်သုံးနှစ် ပြစ်ဒဏ်ချခံရသည်။mizzima

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကာဘိုးဆည်ရေ ဖြတ်တောက်ထားသဖြင့် နွေစပါးစိုက်ရန် အခက်ကြုံ

စစ်ကိုင်းတိုင်း ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာ မူးမြစ်ကို အမှီပြုထားတဲ့ ကာဘိုးဆည်ရေကို စစ်ကောင်စီက ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဟာ နွေစပါးစိုက်ဖို့ ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ကာဘိုးဆည်ထဲမှာ ရေအင်အား လုံလုံလောက်လောက် ရှိနေပေမဲ့ ဆည်ရေသောက် ဧရိယာတွေဆီ ရေမရောက်လာဘူးလို့ ရေဦးဒေသခံတယောက်က ပြောပါတယ်။

“စိုက်ပျိုးရေးအခြေအနေက မကောင်းဘူးဗျ။ မူးမြစ်ကရေကိုတောင် ဖြတ်ထားတယ်။ မူးရေက ဖြတ်တာက အခါတိုင်း ပုံမှန်ပေးနေကsအ တိုင်း မပေးဘဲ ဟိုနည်းနည်း ဒီနည်းနည်းပဲပေးတော့ ပြွန်တွေထဲ ရေမတက်တော့ဘူး။ ပေးတယ်ဆိုရုံ ပေးတာဗျ။ စပါးစိုက်တော့ အခက်အခဲ ဖြစ်တာပေါ့။ အဓိကကတော့ ကာဘိုးဆည်ရေသောက် ဧရိယာတွေပေါ့။ ရွှေဘို၊ ခင်ဦးနယ်တွေလည်း ပါမယ်။ ကာဘိုးဆည် လက်ယာတူး မြောင်း အပိုင်းပေါ့။ မတ်လ ၂၃၊ ၂၄ လောက်ကနေ အဲဒီလို စဖြစ်တာပဲ။ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုတာ အခုထိ အဖြေရှာမရသေးဘူးဗျ။ အရင်တုန်းက အခုလို ဖြတ်ခံရတာမျိုး မရှိဘူးဗျ။ အလှည့်ကျစနစ်နဲ့ ပေးတာမျိုးတော့ ရှိခဲ့တယ်။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ ဒေသခံကျေးရွာတွေကို ဖြတ်လေးဖြတ်စနစ် အပါအဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး မြေ လှန်စနစ်ကျင့်သုံး နှိမ်နင်းနေတာပါ။ အခုလို ဆည်ရေဖြတ်ခံထားရတဲ့အတွက် စက်နဲ့မောင်းပြီး ရေတင်နိုင်ပေမဲ့ လောင်စာဆီဈေးကြီးမှုကြောင့် အခက်အခဲရှိတယ်လို့လည်း ဒေသခံတောင်သူတွေက ‌ပြောပါတယ်။

နွေစပါးစိုက်တောင်သူတဦးက “ကာဘိုးဆည်က ရေပေးနိုင်တဲ့ အင်အားပြည့်မှ ကျနော်တို့က နွေစပါး လုပ်ရတာကိုး။ ရေပြည့်ပြည့်ဝဝ ပေးနိုင်တယ်ဆိုမှ တောင်သူတွေကို စပါးလုပ်ခိုင်းခဲ့တာကိုး။ အခုက ဆည်ထဲမှာ ရေအင်အား ပြည့်ပြည့်ဝဝရှိတယ်။ ဘယ်လိုအကြောင်းနဲ့ ကြန့်ကြာနေတယ်တော့ မသိဘူး။ ကိုယ့်ဘာသာ စက်နဲ့မောင်းရမယ် ဆိုရင်တော့ ဆီဈေးတက်တာနဲ့ ဘာနဲ့ အခက်အခဲရှိတယ်။ ရေမလာတာကတော့ တပတ်လောက်ရှိပြီ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးမတည်ငြိမ်ဘဲ နေ့စဉ် တိုက်ပွဲတွေရှိနေတာ၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အဖြတ်ခံရတာ၊ ကုန်ဈေးနှုန်း အဆ မတန် ကြီးမြင့်လာတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (WFP) ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။DVB

ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်ကောင် စီတပ်ဖွဲ့ မိုင်းခွဲခံရ၍ ၂ ဦးသေဆုံး၊ ဆိပ်ခွန်ရွာတပ်စခန်းကို ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်္ဂလာရွာနှင့် ဇီးကုန်းရွာကြားလမ်းတွင် မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်သားများအား ရှေ့ထွက်မိုင်းနှစ်လုံး ပါဆယ်မိုင်း လေးလုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ဆိပ်ခွန်ရွာ တပ်စခန်းအား ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် မိုင်းရှင်းလင်းသည့် စစ်ကောင်စီတပ်သား ၃၀ ခန့်အား မိုင်းခွဲတိုက် ခိုက်ခြင်းနှင့် ဆိပ်ခွန်ရွာတွင် တပ်စွဲကာ လမ်းသွားလမ်းလာပြည်သူများအား တားဆီးစစ်ဆေး ငွေတောင်းခံခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့် ရဲသားများအား ဒေသခံကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မိုင်းထောင်ထားတဲ့လမ်းကတော့ လမ်းမကြီးတော့မဟုတ်ဘူး တစ်ရွာနဲ့တစ်ရွာကူးတဲ့လမ်းမျိုးပါ။ အဲ့မှာမိုင်းထောင်ထားတာ သူတို့ကကျွန် တော်တို့ ထောင်ထားတဲ့ပါဆယ်မိုင်းပေါ်မှာလာရပ်တာ အဲ့ချိန်မှာ ကျွန်တော်တို့က အဲ့ပွိုင့်ကိုခွဲလိုက်တာ နှစ်ယောက်လဲသွားတယ်” ဟု ရွှေဘိုမြို့အနောက်ဘက် ငါးမိုင်ခန့်အကွာ မင်္ဂလာရွာနှင့် ဇီးကုန်းရွာကြားလမ်းတွင်မိုင်းခွဲတိုက်ခိုက်ပုံကို SNAKE EYES – PDF တပ်ဖွဲ့ပြန်ကြားရေးတာဝန် ခံက ကိုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများသည် မိုင်းခွဲသူရှိမည်ထင်သည့်နေရာများသို့ သေနတ်များပစ်ဖောက်ခဲ့သည်ဟုသိရသည်။

” သူတို့ပစ်တာကတော့ခဏပါပဲ ပြီးတော့ သူတို့လာရာလမ်းအတိုင်းပြန်ဆုတ်သွားပြီး ခပ်ဝေးဝေးကနေပြီး လှမ်းကြည့်နေတာ ချက်ချင်းအ လောင်း လာမကောက်ဘူးဗျ” မိုင်းထိသည့် စစ်ကောင်စီတပ်သားများအခြေအနေကို မှန်ပြောင်းဖြင့်ကြည့်နေသည့် SNAKE EYES – PDFရဲဘော်တစ်ဦးကပြန်ပြောပြသည်။

ထို့နောက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့၏ တပ်သားနှစ်ဦးအား လူနာတင်ကား သုံးစီးဖြင့် လာရောက်သယ်ဆောင်ကာ နောက် ကြောင်းလှည့်ပြန်သွားသည်ဟု SNAKE EYES – PDF

ပြန်ကြားရေးတာဝန်ခံကပြောသည်။

တပ်သားများ အထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့ပုံကိုလည်း “သူတို့ကရှေ့ဆက်တိုးမလာတာနဲ့ ကျွန်တော်တို့ပြန်ဆုတ်ခွါလာခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ဆက်လက်၍ ရွှေဘိုမြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ ဆိပ်ခွန်ရွာတွင် တပ်စွဲကာ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်း ငွေများတောင်ခံခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့်ရဲသား အင်အား ၁၅ဦးခန့်အား ဒရုန်းဖြင့် လက်လုပ်ဗုံးသီး လေးကြိမ်ချကာတိုက် ခိုက်ခဲ့သေးကြောင်း SNAKE EYES – PDF

ပြန်ကြားရေးတာဝန်ခံကပြောသည်။

“သူတို့ငွေတောင်းတဲ့ လမ်းမနားက ဂိတ်မှာရှိနေတဲ့အချိန် တစ်လုံးချတယ် အဲ့မှာထွက်ပြေးပြီး စခန်းချတဲ့စာသင်ကျောင်းထဲပြေးကြတာ ဒါကို နောက်ထပ်အလုံးတွေထပ်ချပြီးတိုက်ခိုက်ခဲ့တာပါ” ဟု ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပုံကို SNAKE EYES – PDFပြန်ကြားရေးတာဝန်ခံကပြောသည်။

ထိုတိုက်ခိုက်မှုတွင် စခန်းမှူး၏ ကား တစ်စီး ပျက်စီး၍ ထိခိုက်ဒဏ်ရာရမှုအခြေအနေမသိသေးကြောင်း တော်လှန်ရေးအင်အားစုများ အောင် မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း SNAKE EYES – PDF အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီကနေ့ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် SNAKE EYES – PDF | C&T(SHWEBO) | People Defence Force – Shwebo | Alpha-7 | နဂါးတပ်စု | ဒေါင်းမာန် နှင့်

ဘိန်းဘုရင်ခွန်ဆာအဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ ဗုံးသီးတစ်လုံးချနိုင်ရန် မြန်မာကျပ်ငွေ ၁၅၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး ပြည်သူများအနေဖြင့် လှူဒါန်းကူညီပေးကြရန်လည်း SNAKE EYES – PDFအဖွဲ့က နှိုးဆော်ထားသည်။

ရွှေဘိုနယ်အား စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားပြီး တော်လှန်ရေးအဖွဲ့များ အလှူငွေကောက်ခံနိုင်ရန်အခက်အခဲဖြစ်နေသလို သ တင်းထုတ်ပြန်ရန်အတွက်လည်း အင်တာနက်ရှိသည့် ဒေသများသို့ ခရီးသွားလာနေရကြောင်းသိရသည်။mizzima

ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ကြီးကျယ် ခမ်းနား စည်ကားလွန်းသော ဈာပန NUG ဒုဝန်ကြီး ၂ ပါး တက်ရောက်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တည် ထောင်သူ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင် ၏ ဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ဒုဝန်ကြီး ၂ ပါး တက်ရောက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားကို မတ် ၂၉ ရက်နေ ၃၁ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီ ရုပ်အလောင်းကို ၃၁ ရက်နေ့တွင် မိုင်းလားမြို့တွင် ဂူသွင်းသင်္ဂြိုလ်သည်။

မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင်ကြသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) တည် ထောင် သူ၊ ဥက္ကဌဟောင်းဖြစ်သူ ဖုန်ကြားရှင် လူကြီးရောဂါနှင့်ကွယ်လွန်ခဲ့ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော် လှန်ရေးအင်အားစုများနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ထုတ် ပြန်သည်။

နှစ်ပေါင်းများစွာကြာ မိမိယုံကြည်ရာ တော် လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်(MNDAA) တည်ထောင်သူ၊ ဥက္ကဌ ဟောင်း ဖြစ်သူ ဦးဖုန်ကြားရှင် ကောင်းမွန်စွာအနားယူနိုင်ပါစေကြောင်း NUG က ထုတ်ပြန်ထား သည်။khit thit

« Older Entries Recent Entries »