Monthly Archives: Apr 2022

ဂျပန်အထက်တန်းကျောင်းသူလေးက Yangon Karuta ကစားနည်းဖြင့် နွေဦးရန်ပုံငွေပွဲတွင် ပူးပေါင်းပါဝင်

ဂျပန်နိုင်ငံက အထက်တန်းကျောင်းသူလေး နိုနာခယူနာစံဟာ Yangon Karuta လို့ အမည်ပေးထားတဲ့ သူကိုယ်တိုင်တီထွင်ထားတဲ့  ဂျပန်ရိုးရာ ခရုတကတ်ပြား ကစားနည်းနဲ့ ဧပြီ ၃၀ ရက်က တိုကျိုမြို့မှာ ကျင်းပတဲ့  နွေဦးတော်လှန်ရေး မြန်မာအစားအစာရောင်းချပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့  နိုနာခ ယူနစံက  “မြန်မာပြည်ရဲ့ အေးချမ်းသာယာလှပမှုတွေကို ဂျပန်လူမျိုးတွေ သိရှိခံစားနိုင်အောင်နဲ့ လက်ရှိမြန်မာနိုင်ငံကို မမေ့လျော့အောင်အခုလို ကစားနည်းသစ်တခုကို တီထွင်ပြီး ပူးပေါင်းပါဝင်တာဖြစ်တယ်” လို့  ရန်ပုံငွေပွဲမှာ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ရှု့ခင်း မြန်မာ့ယဉ်ကျေးမှုအလှဓာတ်ပုံလေးတွေနဲ့ ပေါင်းစပ်တီထွင်ဖန်တီးထားတဲ့ Yangon Karuta ကစားနည်းကို  ကွန်နက်မိသားစုရဲ့ ၇ ကြိမ်မြောက် ရန်ပုံငွေပွဲမှာ  လာရောက်သူတွေက နိုနာခယူနစံနဲ့အတူ ဆော့ကစားခဲ့ကြပါတယ်။ 

ဒီပွဲမှာ မြန်မာ့နှစ်သစ်မင်္ဂလာရိုးရာ မုန့်လုံးရေပေါ်၊ ရှမ်းခေါက်ဆွဲတို့အပြင် မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအပြင် ဂျပန်လူမျိုးတွေကလည်း လာရောက်စားသုံးကြတာ တွေ့ရပါတယ်။

ရန်ပုံငွေပွဲကိုလာရောက်အားပေးသူ ဦးသောင်းမြင့်ဦးက “ နွေဦးတော်လှန်ရေးမှာက စစ်ကောင်စီကို လက်မခံ တွန်းလှန်ရာမှ မြန်မာနိုင်ငံသားတွေသာမက ဂျပန်လူမျိုး လူကြီးလူငယ်ပါမကျန် အားပေးကူညီနေကြတာမို့ နွေဦးတော်လှန်ရေး အရေးတော်ပုံကြီးက မုချအောင်မြင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

ဂျပန်ကျောင်းသူလေးရဲ့ Yangon Karuta ကစားနည်းနဲ့ မြန်မာ့ရိုးရာစားစရာ ရောင်းချရတဲ့ အလှူငွေတွေကို  မြန်မာနိုင်ငံမှ စစ်ဘေးရှောင် တိုင်း ရင်းသားမောင်နှမတွေထံ ထောက်ပံ့သွားဖို့ ရည်ရွယ်ထားတယ်လို့ ကွန်နက်အဖွဲ့မှ မသိင်္ဂီ ကပြောပါတယ်။

ဂျပန်လူမျိုးတွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေကြောင်းနဲ့  မြန်မာပြည်သူတွေ အားတင်းထားကြဖို့ Yangon Karuta အ ဖွဲ့ဝင် ဂျပန်လူမျိုးဘွဲ့လွန်ကျောင်းသား အီရှိကဝစံကလည်း ဒီဗွီဘီကို  ပြောပါတယ်။ DVB

တန့်ဆည်၊ တောဂျင်ကျေးရွာအနီး မိုင်းဆွဲခံရမှု စစ်သား ၃၀ သေပြီး ၆ ဦး လက်ပြတ်ခြေပြတ်ဖြစ်၊ ရွာငံတွင် အရာရှိ တစ်ဦးအပါအဝင် စစ် သား ၁၀ ဦးသေဆုံး၊ PDF ၅ ဦးကျဆုံး၊ နွားထိုးကြီး စစ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် တန့်ဆည်-ကလေးဝ လမ်းပိုင်း စိုင်းမသေကွင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား၃၀ ဦး သေ ဆုံးခဲ့ကာ ၆ ဦး ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် တန့်ဆည်မြို့နယ် ဂရိတ်ကျေးရွာသို့ ရဟတ်ယာဉ် ၅စီးဖြင့် ရောက်လာကာ စာသင် ကျောင်းနှင့်ဘုန်းကြီး ကျောင်းတွင် တပ်စွဲနေထိုင်နေသော စစ်ကြောင်းဖြစ်ပြီး ဂရိတ်ရွာရှိ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် ဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းကို SAF Special Attacking Force (Upper Burma)နှင့် Taze People Comrades တပ်ဖွဲ့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ် တောဂျင်ရွာတွင် စစ်ခွေး၁၅၀ကျော် တပ်စွဲထားလျက်ရှိပြီး ယမန်နေ့ညနေပိုင်း တောဂျင်ရွာနေအိမ်များကို လက်နက်ကြီးအချက်၃၀ကျော်ထုပြီး မီးရှို့နေခဲ့ကြောင်း၊ ရေဦး ဘက်မှ လာသော စစ်ကား၆စီးနှင့် စစ်အင်အား ၁၀၀ခန့် တန့်ဆည်မြို့နယ် ရွာသာယာရွာတွင် ရောက်ရှိနေကြောင်း၊ ကံထူးမ ရဲစခန်းသို့ ဧပြီ၂၉ရက် ညနေ၆နာရီခန့်အချိန် တန့်ဆည်ရဲစခန်းမှ ကားသေး၃စီး စစ်သားအင် အား၂၅ယောက်ခန့် အင်အားဖြည့်ထားကြောင်း၊ တန့်ဆည်မြို့နယ်တွင် လက်ရှိအခြေအနေအရ စစ်ကြောင်းနှစ်ကြောင်းရှိနေပြီး စစ်သားအင်အား၂၅၀ခန့်ရှိကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို နွားထိုးကြီး PDF က ယနေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်က နွားထိုး-မြစ်သား ကားလမ်း၊ ပြင်စည်ရွာအနောက်ဘက်၊ မင်းစုံတောင် ရှောက်တောရိုးကွေ့မှာ ဒီနေ့ မနက်ခင်း ၈ နာရီမှာ ပဒေသာမိုင်း ၁၄ လုံးနဲ့ ဆွဲတာ ကားပေါ်မှာ စစ်ခွေး ၁၀ ကောင်ကျော်ပါတာ ၆ ကောင်သေတယ်၊ အခု ညနေပိုင်းမှာ သဂြိုလ်နေပြီ” ဟု နွားထိုးကြီး PDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့တွင်လည်း ပြင်စည်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး ထိမှန်ပြီး ၎င်းတို့အနက်မှ ၂ ဦးမှာ မြင်းခြံဆေးရုံတွင် သေဆုံးသွားကြောင်း နွားထိုးကြီး PDF ထံမှ သတင်းရရှိသည်။

ထို့ပြင် ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် ပန်းလောင်မြစ်ကြောင်းတစ်လျှောက်စစ်ကြောင်းထိုးပြီးပြန်လာသောအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ တဲ့လုရွာနှင့်တောင်ဦးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်အပြန် အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စစ်ဘက်မှ အရာရှိ(၁)ဦးအပါအဝင် (၁၀)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

PDF များ ပြန်လည်ဆုတ်ခွာချိန်တွင်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ ရဲဘော်(၅)ဦး ထိမှန် ကျဆုံးခဲ့ပြီး (၁)ဦးဒဏ်ရာရရှိခဲ့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က သတင်းထုတ်ပြန်သည်။khit thit

မန္တလေး ဗထူးတိုက်တန်းမှ ဖယ်ပေးကြရန် စစ်ကောင်စီ ထပ်မံဖိအားပေး

စစ်ကောင်စီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများတွင် နေထိုင်သူတို့ကို ဧပြီလကုန် နောက်ဆုံးထားပြောင်းရွှေ့ရန် ထပ်မံဖိအားပေးနေကြောင်း အခန်းပိုင်ရှင်များထံမှ သိရှိရသည်။

ဗထူးကွင်းမှ တစ်ခန်းလျှင် ကျပ်သိန်းတစ်ထောင်ခန့် ကာလပေါက်ဈေးရှိသည့် လူနေအိမ်ခန်းများနှင့် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ကို မတ်လဆန်းကတည်းက ဖယ်ရှားရန် အမိန့်ထုတ်ခဲ့သည့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၆ ညနေတွင် တိုက်တန်း၌ အကြောင်းကြားစာ လာရောက်ကပ်ထားခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

“၄ လပိုင်းအတွက်ဆိုပြီး စာကြီးကပ်သွားတယ်။ သော့ခတ်ထားတဲ့အိမ်တွေကို စာကပ်သွားတယ်။ (လူ) နေနေတဲ့ အိမ်တွေကို စာဝေသွားတယ်။ လာကပ်တာတော့ ဌာနဆိုင်ရာကလူတွေ တစ်ယောက်မှ မပါဘူး။ ကလေးလေးတွေ လာကပ်ခိုင်းတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဆိုင်ခန်းပိုင်ရှင်များထံ လာရောက်အကြောင်းကြားသော ယင်းစာတွင် “ဗထူးအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း ၉၅ ခန်းကို ညွှန်ကြားချက်အရ မတ်လ ၃၁ ရက် နောက်ဆုံးထား၍ အကြောင်းကြားခဲ့ကြောင်း၊ အချို့ဆိုင်ခန်းရှင်များမှာ ယနေ့အချိန်ထိ ဖယ်ရှားပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ဧပြီ ၃၀ နောက်ဆုံးထားဖယ်ရှားရန် ထပ်မံ၍ အကြောင်းကြားသည်” ဟု ဖော်ပြထားသည်။

ဗထူးကွင်းတိုက်တန်းနေရာကို အစားထိုးနေရာ တစ်စုံတစ်ရာမပေးဘဲ ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး နေထိုင်သူ ထက်ဝက်ကျော်ခန့် ထွက်ခွာသွားပြီဖြစ်သည်ဟု သိရသည်။ 

ဗထူးကွင်းတိုက်တန်းနေထိုင်သူများ စုပေါင်း၍ မတ် ၁၈ တွင် စစ်ကောင်စီထံ လိပ်မူကာ စာတိုက်မှတစ်ဆင့် အသနားခံစာတင်ခဲ့ကြသော် လည်း ယခုအချိန်ထိ ထူးခြားမှုမရှိကြောင်း၊ ထပ်မံ၍ ကြိုးစားဦးမည်ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

အမည်မဖော်လိုသော အခြားဆိုင်ခန်းရှင်တစ်ဦးကလည်း အသနားခံစာထူးခြားမှုမရှိ၍ ထိုနေရာမှ ထွက်ခွာခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ ရွှေ့ပြီးပြီ။ မသွားသေးတဲ့ဆိုင်ခန်းတွေကို စာကပ်တာပေါ့။ အပြီးရှင်းတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဆိုင်ခန်းများကို အင်အားသုံးရှင်းလင်းခြင်း မရှိသေးသော်လည်း နေထိုင်ရ ခက်ခဲစေရန် မတ်လကုန်က ပြုလုပ်ခဲ့ဖူးသည်။

“မီးနဲ့ ရေ (ဖြတ်တာက) တော့ ယခုလက်ရှိနေနေတဲ့ လူတွေကိုတော့ ဆက်လုပ်ဆောင်ခြင်း မရှိတော့ဘူး။ အရင်တုန်းက ရေဖြတ်မီးဖြတ်လုပ်ထားတဲ့ (အခန်း) တွေကတော့ ဒီအတိုင်းပဲ” ဟု ထိုသူက ဆက်ပြောသည်။

ပြီးခဲ့သည့်မတ်လဆန်း၌ နိုင်ငံတော်လိုအပ်ချက်ကြောင့်ဆိုကာ မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာအားကစားကွင်းရှိ ဆိုင်ခန်း ၉၅ ခန်းနှင့် ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကို ဖယ်ရှားပေးရန် စာတိုက်မှတစ်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ဖယ်ရှားပေးရသည့် အားကစားဌာနလက်အောက်ရှိ ယင်းဆိုင်ခန်းများသည် နေထိုင်ခွင့်စာချုပ် ၈ နှစ်နှင့်အထက် ကျန်ရှိနေပြီး စာချုပ်ပါသ ဘော တူညီချက်အပိုဒ် (၁၆) အရ နိုင်ငံတော်က လိုအပ်၍ တောင်းဆိုလာလျှင် ဖယ်ရှားပေးရမည်ဖြစ်ပြီး မြေနေရာအစားထိုးပေးမည်ဟု ဖော်ပြထားသောကြောင့် ကာယကံရှင်တို့က လျော်ကြေးရရှိရန် မျှော်လင့်နေကြသည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာ၌ စစ်ကောင်စီခေါင်းဆောင်က ဗထူးကွင်းကို လာရောက်ခဲ့ပြီး ကွင်း၏လျှောက်လမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရန် ညွှန်ကြားခဲ့သဖြင့် ၎င်းအလိုကျ ဖယ်ရှားရှင်းလင်းရန် အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်ဟု ဗထူးတိုက်တန်းနေထိုင်သူများ ကယူဆကြသည်။

မြို့ခံအချို့ကမူ အိမ်ခြံမြေစျေးမြင့်မားသော မန္တလေးမြို့၏ အချက်အချာကျသည့်နေရာတွင် တည်ရှိသော ယင်းနေရာကို စစ်ကောင်စီက မျက် စိကျသဖြင့် ဖယ်ရှားခိုင်းခြင်းသာဖြစ်ကြောင်း ပြောဆိုနေကြသည်။

အားကစားတိုက်တန်းရှိ ဆိုင်ခန်းအိမ်ခန်းများတွင် နေထိုင်သူတို့ကို ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ အားကစားဌာနကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။myanmar now

လေးကေ့ကော်တွင် စစ်ကြောင်းထိုးနေသော တပ်မ ၄၄ မှ တပ်သား ၂ ဦး ကော်ဘရာစစ် ကြောင်းထံ လာရောက်ခိုလှုံ၊ လက်နက်ပါလာသူကို သိန်း ၆၀ ချီးမြှင့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁ မှ တပ်သားမောင်ဇော်နှင့် တပ်သား ကျော်သူစိုးတို့ ၂ ဦးသည် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းထံ ဧပြီလ ၂၈ ရက်နေ့တွင် လာရောက်ခိုလှုံလာကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်သား ၂ ဦးသည် ဧပြီလ ၂၈ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းထံ ဆက်သွယ်ပြီး CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ MA4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၄၀ မမ ကျည် ၈ လုံး၊ ကျည်ဆံ ၁၀၀ နှင့် အတူ လာရောက်ခိုလှုံခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

MA4 သေနတ်နှင့်အတူ CDM လုပ်လာသော တပ်သား ကျော်သူစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ချီးမြှင့်သော ငွေကျပ် သိန်း ၆၀ ပေးအပ်ခဲ့ပြီး တပ်သား မောင်ဇော်ကို ဘတ်ငွေ ၁၀,၀၀၀ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောက ပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့နှင့်မိသားစုဝင်များ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။khit thit

စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် မြာရွာဒေသခံများ ပဲခူးရိုးမတောအတွင်း ရိက္ခာပြတ်လပ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအုပ်စု မြာရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လက်နက်ကြီးများပစ်ခတ်ကာ ကျေးရွာအတွင်းဝင်ရောက်လာခြင်း ကြောင့် ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံမျာထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မြာရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားခြင်းကြောင့် ကျောင်းထိုင်ဆရာတော် ပါ တိမ်းရှောင်နေရကြောင်းဆိုသည်။

“ မနေ့က မနက် ၉ နာရီလောက်တုန်းက ရိုးမတောင်ပေါ်မှာ ပစ်ခတ်သံတွေ ကြားတယ်။ ပြည်သူ့ကာကွယ် ရေးတပ်နဲ့ တိုက်ကြတယ်လို့တော့ ကြားတယ်။ အဲ့ဒီအသံကြားပြီးနောက်မှာ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်တာဗျ။ သေနတ်တွေနဲ့ပါပစ်ပြီး ဝင်လာကြတာ။ ကြောက်လန့်ပြီး ထွက်ပြေးကြရော၊ ဘာမှ မသယ်နိုင် ဘူး၊ တချို့ဆို အင်္ကျီတောင်မပါဘူး၊ ပုဆိုးတစ်ထည်တည်းနဲ့ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ၊ စားစရာ အခက်ခဲ အတော်ရှိနေတယ်” ဟု စစ်ဘေးရှောင်များအား ကုညီပေးနေသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရွာသား၂၀၀ ကျော် ပဲခူးရိုးမအတွင်း စစ်ဘေးရှောင်နေရပြီး ရွာထဲတွင် ထွက်မပြေးနိုင်သူများ ကျန်ရှိနေကာ လက်တလော ရွာအခြေနေကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

တောင်ငူမြို့နယ် ပဲခူးရိုးမအတွင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ ပြည်သူ့ကာကွယ်ရေးတပ်ရှိနိုင် သည့် နေရာများကို ရမ်းသန်းပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။mizzima

မုံရွာထောင် ဆူပူမှုအပြီး နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာထောင်အတွင်း ပြီးခဲ့သည့် ဧပြီ ၃ က ထောင်ဆူပူမှုဖြစ်ကာ ပစ်ခတ်ထိန်းသိမ်းပြီးနောက် သီးသန့် ပြောင်းရွှေ့ချုပ်နှောင်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၂၀ ခန့်ကို ရိုက်နှက်နှိပ်စက်နေကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

၎င်းတို့ကို သံခြေချင်းခတ်ထားသည့်ပြင် တစ်ပေဝန်းကျင်သံချောင်းကို ခြေချင်းဝတ်နေရာရှိ သံကွင်းတွင် ဆက်ထားသဖြင့် လမ်းလျှောက်ရ လွန်စွာ ခက်ခဲစေသည်ဟု ထောင်တွင်းသတင်းရင်းမြစ်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။

“ဟိုတလောက ပြဿနာဖြစ်ပြီး ပါဝင်တဲ့ကလေးတချို့ကို သီးသန့်ထောင်မှာ ထုတ်ထားတယ်။ အယောက် ၂၀ ကျော်လောက် ရှိတယ်။ သူတို့ကို ခြေထောက် သံဒေါက်လည်း ခတ်ထားတယ်။ အဲဒီမှာ ထောင်ပိုင်လေး ဇော်ဇော်အောင်ဆိုတဲ့သူက သူ အလုပ်ဖိအားများရင်၊ အရက်မူးလာရင် အဲဒီကလေးတွေကို အမြဲတမ်းဝင်ရိုက်လေ့ရှိတယ်။ နှိပ်စက်လေ့ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မုံရွာဒေသခံက Myanmar Now ကို ပြောသည်။

“ဟိုတစ်နေ့ကလည်း ဝင်ရိုက်တာ ကလေးတစ်ယောက် နှာခေါင်းရိုး ကျိုးသွားတယ်။ ခါးပတ်တွေ ဘာတွေနဲ့လည်း ချွတ်ရိုက်တယ်”  

ဧပြီ ၃ တွင် မုံရွာထောင်၌ ဆူပူမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့ကာ ထောင်ဝင်စာတွေ့ခွင့် ယနေ့အထိ ပိတ်ပင်ထားသည်။ 

“ထောင်ဆူပူမှုက အကြမ်းဖက်ကလေးတွေ (ရာဇဝတ်သား) နဲ့ စဖြစ်တာလို့ ပြောတယ်။ အဲဒီကနေ ထောင်ထဲမှာ ရုန်းရင်းဆန်ခတ်ကို ဖြစ်သွားတာပေါ့” ဟုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထောင်ဆူပူမှုအပြီး အာဏာပိုင်များက မုံရွာသပိတ်ဦးဆောင်ကော်မတီတွင် ပါဝင်သူများ၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ စုစုပေါင်း ၁၅၀ ခန့်ကို မြင်းခြံထောင်နှင့် အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ဧပြီလဆန်းမှစ၍ ထိုသို့ နှိပ်စက်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများက ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ အများပြည်သူကို သိရှိစေလိုသည်ဟု ထိုနီးစပ်သူက ဆိုသည်။

“ဒီလိုမျိုး ခံနေရတာကို အများ သိစေချင်တာ။ ထောင်ပိုင်က ပုံမှန်လည်း နာမည်ထွက်နေတဲ့သူပေါ့။ အခု ထောင်ဝင်စာ ပိတ်ထားတယ်။ ပို့လို့ မရသေးဘူး” ဟု ပြောသည်။

သီးသန့်ထောင်တွင် ချုပ်နှောင်ခံထားရသည့် နိုင်ကျဉ်း ၂၀ ခန့်ကို အမှုထပ်မံစွဲတင်ရန် ထောင်အာဏာပိုင်များက ပြင်ဆင်နေကြောင်း ဆိုသည်။ 

“(မိသားစုက) ထောင်ဝင်စာလည်း ပို့မရတော့ အထဲမှာ ဝေမျှပြီးတော့ ကျွေးမွေးထောက်ပံ့ထားရတာပေါ့။ ထောင်ဆူပူမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ကို နောက်ထပ် အမှုစွဲတင်ဖို့တော့ ပြင်ဆင်နေတယ်” ဟု သူက ဆက်ပြောသည်။ 

ထိုကဲ့သို့ ရိုက်နှက်ခံရသည်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

မကြာသေးမီကလည်း ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ခံရသည်ကို ထောင်အာဏာပိုင်များက ဖြေရှင်းမပေးသည့်အတွက် ထောင်အတွင်း ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပွားနေသည်။ 

ဧပြီတတိယပတ်ကလည်း ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို နယ်ထောင်များသို့ ပြောင်းရွှေ့ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သည့် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ အရပ်သားများကို ဖမ်းဆီးထောင်ချနေပြီး ထောင်အတွင်း ဖိနှိပ်မှုများ ပြုလုပ်နေရာ ထိုအထဲတွင် နာမည်ကျော် အင်းစိန်ထောင်၊ အိုးဘိုထောင်တို့လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီကို ဆန့်ကျင်မှုနှင့် ဆက်စပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၄၄၉ ဦးထက်မနည်းရှိပြီး ၎င်းတို့အနက်မှ ၁,၀၂၉ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။ myanmar now

ကန့်ဘလူ အင်ငုပ်တိုရွာကို အကြမ်းဖက် စစ် တပ်က ဝင်ရောက် စီးနင်းမီးရှို့၍ ပြည်သူပိုင် နေအိမ် ၁၂၃လုံး မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုပ်တိုရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ နေအိမ် ၁၂၃လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူ များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်သည် ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းရှိ ကျွဲ၊ နွား၊ ဝက်များကိုလည်း မီးရှို့သတ်ဖြတ်ပြီး စပါးတင်း ၁သောင်းကျော်နှင့် ဆန်တင်း ၈ဝဝ ကျော်ပါ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” စစ်တပ်က ရွာကို ၂၉ ရက်နေ့ နံနက်ပိုင်းလောက်က ရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်း မီးရှို့တယ်။ ပြည်သူပိုင် နေအိမ် ၁၂၃ လုံးမီးလောင် ပြာကျသွားတယ်။ မီးရှို့ခံရတဲ့ထဲမှာ စပါးတင်း ၁သောင်းကျော်နှင့် ဆန်တင်း ၈ဝဝ ကျော်လောက်ပါ ပြာကျသွားတယ်။ ကာလ တန်ဖိုးနဲ့ဆို သိန်း ၅ဝဝကျော်လောက်တော့ရှိမယ်။ ရွာထဲမှာရှိတဲ့ ကျွဲ၊ နွား၊ ဝက်တွေ အကုန်လုံးကို မီးရှို့သတ်ဖြတ်သွားတယ်။ ပြည်သူတွေအကုန်လုံးကတော့ ရှောင်တိမ်း နေတုန်းပဲ ရွာကိုပြန်မလာကျသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော အင်ငုပ်တိုရွာတွင် အိမ်ခြေ ၃၅ဝခန့်ရှိပြီး လူဦးရေ ၃ထောင်ကျော် နေထိုင်ကာ လက်ရှိချိန်တွင် ပြည်သူ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က အင်ငုပ်တိုရွာနှင့် ၅မိုင်ခန့်အကွာရှိ ပျူစောထီးရွာတွင် တပ် စွဲ ထားသောကြောင့် ကျေးရွာအတွင်းသို့ စစ်တပ်က ထပ်မံ ရောက်ရှိလာမည်ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။khit thit

ကလေးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဧပြီ ၂၉ ရက်က စစ်ကောင်စီတပ်က  ကြံသာကျေးရွာနဲ့ မြောက်စည်းကျေးရွာဘက်ကနေ တင်သားအုပ်စုက ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရှေ့စည်းရွာက ဒေသခံလူနေအိမ် ၃ လုံး မီးလောင် ပျက်စီး သွားပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့‌ အရှေ့စည်းရွာကဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့  ပစ်နေတာ။ ဒါကြောင့်ရွာမှာ မနေရဲကြဘူး။ ပြေးနေကြရတာ အခုလည်း ရွာထဲကနေ အိမ်တွေ လက်နက်ကြကျပြီး မီးလောင်သွားတယ်။ အရင်တခါကလည်း လက်နက်ကြီမှန်လို့ အဖိုး ဦးဖိုးတုတ်လည်း ဆုံးခဲ့ရပြီးပြီ။”

လက်ရှိမှာတော့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတောတောင်ဒေသတွေမှာ နေ ထိုင်နေကြရပြီးနေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

လက်တလောမှာတင်သား‌ ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF  မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ဧပြီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက နန်းကသည်းမြစ်တစ်ဖက်ကမ်းရှိ မြောက်စည်း‌ရွာကနေ အ‌ရှေ့စည်း‌ရွာဘက်ကို လက်နက် ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအသက် ၆၆ နှစ်အရွယ်ရှိ ဦးဖိုးတုတ်မှာ လက်နက်ကြီးမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။DVB

အကြမ်းဖက် စစ်တပ်ကို ထောက်ခံအားပေးနေသည့် တရုတ်နိုင်ငံအား ကန့်ကွက် ရှုတ်ချကြောင်း ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

မင်းကင်းမြို့နယ်တွင် ပျားသုန်းရွာသား ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသက ပျားသုန်းရွာကို  ဧပြီ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာသား တယောက်ကို ဖမ်းဆီးသွားပါတယ်။  

ပျားသုန်းရွာဒေသခံတဦးက “မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ ရွာအနောက်ဘက်ကို လက်နက်ကြီး ပစ်ပြီး ဝင်လာတယ်။ စစ်ဘေးရှောင်စခန်း နဲ့လူနေအိမ်တွေကို မီးရှို့ပြီး နေလယ် ၁ နာရီလောက်မှာ ဒေသခံ ကိုစိုးသူ အသက် ၃၅ နှစ်ကို   ရိုက်နှက် ဖမ်းသွားတယ်”လို့  ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ပျားသုန်းကျေးရွာကိုမွှေနှောက်ဖျက်ဆီး မီးရှို့သွားခဲ့ပြီး သိန်း ၁၂၀ ကျော်ခန့်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ပျားသုန်းရွာဒေသခံတစ်ဦးထံက သိရပါတယ်။DVB

« Older Entries