Monthly Archives: Apr 2022

ရန်ကုန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ကျောင်း သူမသဉ္ဇာထက်မိုးကို စစ်ကောင်စီက ထောင် ၃ နှစ်ချ

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကျောင်းသူတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်း သား သမဂ္ဂမှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ဒုတိယ အပတ်စဉ်မှ ကျောင်းသူ မသဉ္ဇာထက်မိုးကို ပဲခူးတရားရုံးက ပုဒ်မ (၅၀၅)-က ဖြင့် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“မနှစ်က ဧပြီလမှာ ရန်ကုန်ကနေ ပဲခူးကိုအသွား လမ်းမှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ တစ်နှစ်လောက် အချုပ်ခံရပြီးမှ မတ်လ ၁၇ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာပါ။ ပုဒ်မ (၅၀၅) – က နဲ့ ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်လိုက်ပါတယ်။ စစ်ကောင်စီက သူ့ကိုဆန့်ကျင်သူတွေအပေါ် နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်နေတယ်။ ဒီတော့ ကျနော်တို့ဘက်ကလည်း စစ်ကောင်စီနဲ့ ပိုပြီး ရန်ငါ ပြတ်သားဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်။” ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုအောင်ကောင်းဆက်က ပြောသည်။

မသဉ္ဇာထက်မိုးသည် ပြီးခဲ့သည့်နှစ် ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်မှပဲခူးသို့အသွားလမ်းတွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး မသဉ္ဇာထက်မိုးနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်သူ အခြား ၁၄ ဦးလည်း ပုဒ်မ (၅၀၅)-က နှင့် ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း သိရသည်။

“ရန်သူက ကျွန်တော်တို့ကျောင်းသားလူငယ်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေ လျော့ကျသွားမယ်အထင်နဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ရက် ရက် စက်စက်သတ်ဖြတ်မှုတွေလုပ်ပြနေတယ်။ ကျွန်တော်တို့ရဲ့ခံယူချက်နဲ့ ရဲရဲတောက် တက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ဒါမျိုးလုပ်ရပ်တွေက လုံး၀ရိုက်ချိုးနိုင်မှာမဟုတ်ဘူးဗျ။ ထောင်တွင်းက ရဲဘော်တွေကိုလည်း နံရံတွေက လုံး၀ပျော့ညံ့သွားစေနိုင်မှာမဟုတ်ဘူး။ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမည်”ဆိုတာကို ရန်သူ‌ကောင်းကောင်းကြီးနားလည်သွားနိုင်အောင် သက်သေပြသွားပါမယ်” ဟု တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးသည့်နောက် လက်လှန်းမီသရွေ့ ပြုစုထားသည့် စာရင်းများအရ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူ ၁၅ ဦးထက်မနည်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်း ထောင်ချခြင်းကို ခံထားရကြောင်း ရန်ကုန်တက္ကသ်ိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။mizzima

ဦးဖုန်ကြားရှင်ဈာပနအပြီး ကိုးကန့်ဒေသကို စစ်ကောင်စီ ထိုးစစ်ပြန်စ

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ဈာပနသို့ လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်က နာရေးအပြီး နောက်တစ်ရက်တွင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း တစ်လနီးပါး ရပ်ဆိုင်းထားသည့် စစ်ရေးလှုပ်ရှားမှုများကို ပြန် လည်စတင်လိုက်သည်။

MNDAA ထူထောင်သူ အသက် ၉၄ နှစ်အရွယ် ဦးဖုန်ကြားရှင် ကွယ်လွန်သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာ၊ ရှမ်း ပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် မတ် ၂၉၊ ၃၀ ရက်က ပြုလုပ်သည့် ဈာပနအခမ်းအနားသို့ ဧရာမလွမ်းသူ့ပန်းခြင်းတို့ကို စစ်ခေါင်းဆောင်က ပို့ခဲ့သေးသည်။

သို့သော် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ထွန်းတက်ရောက်သည့် ဈာပနအပြီး မတ် ၃၁ တွင် မူဆယ်မြို့နယ်အတွင်း ၎င်းတို့ထိန်း ချုပ်ရာ မုံးပေါ်ဒေသအတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် လှုပ်ရှားလာ၍ တိုက်ပွဲဖြစ်သည်ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောသည်။

ထို့ပြင် ယမန်နေ့ (ဧပြီ ၃) မွန်းလွဲ ၂ နာရီခန့်မှစ၍ မုံးပေါ်ဒေသရှိ ဟူဂန်ကျေးရွာအနီး လှုပ်ရှားနေသည့် MNDAA တပ်မဟာ (၅၁၁) ကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့လှုပ်ရှားစစ်ကြောင်းကြောင့်ပဲ ဖြစ်တာပေါ့။ သူတို့ထိုးစစ်ဆင်လာလို့ ထိုးစစ်ကို ပြန်ခုခံတဲ့ အခြေအနေပါ” ဟု ကိုရန်နိုင်က ပြောသည်။ 

ထိုတိုက်ပွဲ နာရီအနည်းငယ်သာ ကြာချိန်တွင် တပ်မ (၉၉) လက်အောက်ခံ၊ အမှတ် ၄၂၀ ခြေမြန်တပ်ရင်း ပြန်ဆုတ်သွားသည်ဟု ၎င်းက ဆိုသည်။

အထက်ပါ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေတို့ကိုမူ အတည်မပြုနိုင်သေးဟု ကိုရန်နိုင်က ပြောသည်။ စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ယမန်နှစ် ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ခြောက်လဝန်းကျင်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ် စပ် ဒေသ မုံးကိုးခရိုင်အတွင်း MNDAA ထိန်းချုပ်ရာ နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မိုင်းလား၌ ၂၀၂၁ ဒီဇင်ဘာတွင် နှစ်ဖက်ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကိုးကန့်ဒေသအတွင်း လေကြောင်း၊ မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးများသုံး၍ စစ်ကောင်စီက တောက်လျှောက် စစ်ဆင်နေသည်။

“စစ်ကောင်စီတပ်ကတော့ အစဉ်အလာအရ အပြောတစ်မျိုး အလုပ်တစ်မျိုးပေါ့။ ဒါကတော့ မဆန်းဘူးပေါ့နော်၊ သူတို့အကျင့်လိုဖြစ်နေပြီ” ဟု ကိုရန်နိုင်က ပြောသည်။

MNDAA သည် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကမ်းလှမ်းမှုကို ငြင်းဆန်ပြီးနောက်တွင် ကိုးကန့်ဒေသအတွင်း စစ်တပ်၏ ထိုးစစ်များကို မကြာခဏကြုံနေရသည်။myanmar now

တွံတေးမြို့၌ ပြည်သူ ၁ ဦး၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ရန်ကုန်တိုင်း တွံတေးမြို့ရှိ ပြည်သူ တစ်ဦး၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်စပ်သည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ယနေ့ လာရောက် ချိပ်ပိတ်သွားကြောင်း ဒေသခံများက ပြောသည်။

တွံတေးမြို့ ၊ ရွှေဆံတော်ရပ်ကွက် ရွှေဆံတော် (၁၀) လမ်းရှိ ကိုဖြိုးဝေအောင် (ခေါ်) ကိုပီတာဖြိုး၏ နေအိမ်ကို ယနေ့ ဧပြီလ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက လာရောက် ချိပ်ပိတ် သွားခြင်း ဖြစ်သည်။

“ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က သူ့နေအိမ်ကို လာရောက် ချိပ်ပိတ်သွားတာ။ အခုလို နေအိမ်ကို ချိပ်မပိတ်ခင် သူရဲ့ မိသားစုဝင်တွေ ကိုလည်း သူနဲ့ အဆက်အသွယ် ရှိ ၊မရှိ စစ်တပ်က နှစ်ကြိမ်လောက် စခန်းကို ခေါ်ပြီး မေးမြန်းမှုတွေ ရှိခဲ့တယ်” ဟု တွံတေး ဒေသခံ တစ်ဦးက ပြော သည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်ပြီး ကိုဖြိုးဝေအောင်(ခ ) ကိုပီတာဖြိုး အပါဝင် တက်ကြွလှုပ်ရှားသူ သုံးဦးကို PDF များနှင့် ပတ်သက် ဆက်နွယ်သည်ဟု ဆိုကာ တွေ့ရှိပါက သတင်းပေးကြရန်နှင့် သတင်းပေးသူကို ထိုက်တန်စွာ ဆုချီးမြင့်မည် ဖြစ် ကြောင်း တွံတေးမြို့နယ်ရှိ ဓာတ်တိုင်များနှင့် လူစည်ကားရာ နေရာများတွင် စာများကပ်ခဲ့သည်။

“လက်ရှိ အခြေအနေမှာက မတရားသဖြင့် တရားစွဲဆိုတာတွေ အမှု ဖွင့်တာတွေ အရေး ယူတာတွေ ကတော့ တစ်တိုင်းပြည်လုံး ခံစားနေရတာပါ။ ဒီအချိန်မှာ ကိုယ်တစ်ယောက်တည်း လည်း အလွတ် မရုန်းချင်ပါဘူး။ အများနဲ့အတူ ပြည်သူလူထု လိုလားတဲ့ အစိုးရ လက်ထက်ကို ရောက်တဲ့ အထိအောင် ကျွန်တော်တို့ ရုန်းကန် ကြမယ်။ ပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့ တရားမျှတမှုတွေ အတွက် ပြန်လည်ပြီး တောင်းဆိုသွားမယ်။ ပြည်သူလူထု လိုလားတဲ့ အစိုးရ မပေါ်ပေါက်မချင်း တတ်နိုင်သလောက် ဆန့်ကျင်နေမှာ ဖြစ်ပါတယ်” ဟု ကိုဖြိုးဝေအောင်က ဆို သည်။

လက်ရှိတွင် ကိုဖြိုးဝေအောင် အပါဝင် မိသားစုဝင် အားလုံး စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း မရှိဘဲ ဘေးကင်းရာ နေရာ တစ်နေရာတွင် ရှောင် တိမ်း နေထိုင်လျက် ရှိသည်။

ကိုဖြိုးဝေအောင် (ခ) ကိုပီတာဖြိုးသည် ယခင်က တွံတေးမြို့နယ်ရှိ စိတ္တသုခ လူမှုကူညီရေးအသင်း တည်ထောင်သူနှင့် ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကာလ၌ NLD ပါတီ၏ မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။mizzima

မတ္တရာမြို့နယ် ကင်းရွာမှ ဆရာတော်နှစ်ပါး သတ်ဖြတ်ခံရ

ယမန်နေ့ (ဧပြီ ၃) တွင် စစ်တပ်က ဖမ်းဆီးသွားခဲ့သည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာ ဘုန်းကြီးသင်ပညာရေးကျောင်း တာဝန်ခံဆရာတော် ယနေ့ ပျံလွန်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးပညာဝံသ၏ရုပ်အလောင်းကို မတ္တရာပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ယူဆောင်ရန် ဆရာတော်၏ ဒါယကာတစ်ဦးထံ အသိပေးခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညနေကမှ ဖမ်းသွားတာ။ ဒီနေ့မနက်ကျတော့ ရင်ခွဲရုံကို အလောင်းရောက်နေပြီ၊ လာထုတ်ဆိုပြီး အကြောင်းကြားလာတာ” ဟု ထိုဒေသခံက ပြောသည်။ 

ဦးပညာဝံသကို ဖမ်းဆီးရသည့် အကြောင်းရင်း၊ ပျံတော်မူရသည့် အကြောင်းရင်းတို့ကို သိရှိနိုင်ရေးအတွက် မတ္တရာမြို့မရဲစခန်းကို ဖုန်းဆက် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဦးပညာဝံသ ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင် ပျံတော်မူရခြင်းမှာ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် နှိပ်စက်ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောသည်။

ဖမ်းဆီးမှုအခြေအနေများကို မှတ်တမ်းတင်နေသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဧပြီ ၁ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား ၁၇၂၃ ဦးထက်မနည်း သေဆုံးပြီးဖြစ်ကြောင်း သိရသည်။

စစ်ဗိုလ်ချုပ်များကမူ သေဆုံးမှု အနည်းငယ်သာ ရှိသည်ဟု ပြောခဲ့ဖူးသည်။

ဦးပညာဝံသကို ဖမ်းဆီးသည့်နေ့က ကင်းကျေးရွာတောင်ပိုင်း လွင်ဦးကျောင်းမှ ဒလန်ဟု နာမည်ထွက်နေသူ ဦးဇင်းစိုးဆိုသည့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်ခံရသည်။ 

ထိုဘုန်းကြီး သတ်ဖြတ်ခံရအပြီး ကင်းရွာသို့ စစ်သားများ ရောက်လာကာ ဦးပညာဝံသနှင့် ရွာသားအများအပြားကို ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

စစ်တပ်နှင့် ဆက်စပ်နေသူများ သတ်ဖြတ်ခံရမှုအတွက် မေးမြန်းစုံစမ်းရန် ထိုသို့ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ အမည်မဖော်လိုသည့် ရွာသားက ပြောသည်။

“ဘုန်းဘုန်းကို ဦးဇင်းစိုး လုပ်ကြံခံရမှုရော၊ စစ်တပ်ခန့် အုပ်ကြီးသတ်ခံရမှုရောကြောင့် ဖမ်းသွားတာ၊ တကယ်တမ်းက ဦးဇင်းစိုးကို ဘယ်သူသတ်လို့ သတ်မှန်းကို မသိဘူး” ဟု ထိုရွာသားက ပြောသည်။

ပျံတော်မူသွားသည့် ဘုန်းကြီးနှစ်ပါးသည် ကျောင်းထိုင်ရာထူးနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။  

ဦးဇင်းစိုးသည် စစ်တပ်ကို သတင်းပေးခြင်း၊ ပျူစောထီးများ စုဆောင်းခြင်း၊ PDF ထောက်ပံ့ရေးသမားဟု ယူဆခံရသူတို့၏ နေအိမ်များကို မီးရှို့စေခြင်း စသည့် လုပ်ငန်းများကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် တွဲဖက်လုပ်ကိုင်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။

ဦးဇင်းစိုး သတ်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်သားများ ကင်းရွာသို့ ရောက်လာပြီး လွင်ဦးကျောင်းတွင် တပ်စွဲကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

စစ်ကောင်စီ၏ယနေ့ထုတ်သတင်းစာများတွင် တောင်ကျောင်းဆရာတော်ကို PDF ၁၀ ဦးခန့်က ပစ်သတ်ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ရွာသားများကို ဖမ်းဆီးခြင်း၊ ဦးပညာဝံသ ဖမ်းဆီးခံရပြီး ပျံလွန်တော်မူခြင်း စသည့် ဖြစ်ရပ်များကို သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဧပြီ ၃ တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ကင်းရွာသို့ ခြေလျင်ပြန်လာသည့် အင်အားသုံးဆယ်ခန့်ပါ စစ်ကြောင်းတစ်ခုကို ထိုနေ့ ညနေ ၄ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားအများအပြား သေဆုံး ဒဏ်ရာရသွားကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။myanmar now

ကော့ကရိတ်၊ တောင်ကြာအင်းရွာရှိ စစ်ကောင် စီတပ်ဖွဲ့များ တပ်စွဲထားသော ရဲစခန်းနှင့် စာ သင် ကျောင်းကို KNLA ပူးပေါင်းအဖွဲ့ တိုက် ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချတပ်စွဲထားသည့် ရဲစခန်းနှင့် စာသင်ကျောင်းကို ယနေ့ ဧပြီလ ၄ ရက် မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်ပြီး ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

တောင်ကြာအင်း ရဲစခန်းမီးလောင်ပျက်စီးသွားပြီး အဆိုပါ ဝန်းအတွင်းနှင့် စာသင်ကျောင်းဝန်းအတွင်းတွင် စစ်ကောင်စီတပ်သားအလောင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

တောင်ကြာအင်းရဲစခန်းအပြင် အခြားနေရာအချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ လုံခြုံရေးအရ ဖော်ပြလို့ မရသေးကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးက ဆိုသည်။

တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်တိုက်ခိုက်စဉ် ကော့ကရိတ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ တရစပ်ပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးများသည် တောင်ကြာအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အများပြည်သူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ယနေ့ တောင်ကြာအင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KN U က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာရန် KNU က စာထုတ်အသိပေးထားပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ဆုတ်ခွာခြင်းမရှိဘဲ အင်အားတိုးချဲ့လာမှုများကြောင့် တပ်မဟာ ၆ နေရာတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။khit thit

စစ်တပ် မီးသုံးကြိမ်ရှို့သည့် ခင်ဦး၊ ငါးတင်းကြီးရွာ ထက်ဝက်ခန့် ပျက်စီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အရှေ့ဘက် အိမ်ခြေ ၆၀၀ နီးပါးရှိသော ငါးတင်းကြီးရွာကို ၂၄ နာရီအတွင်း စစ်တပ်က သုံးကြိမ်မီးရှို့ရာ အိမ်ခြေထက် ဝက်ကျော်နှင့် ပဲဆီ၊ ပြောင်း၊ မြေပဲစသည့် ခြံထွက်သီးနှံများ ပျက်စီးသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။

ထိုရွာသို့ စစ်သားအင်အား ၈၀ ခန့် ရောက်လာပြီး နံနက်နှင့် မွန်းလွဲပိုင်းတွင် နှစ်ကြိမ်မီးရှို့သည်ဟု စစ်ကောင်စီ၏ လုပ်ရပ်များကို မှတ်တမ်းတင်နေသည့် ခင်ဦးမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့က ယမန်နေ့ (ဧပြီ ၃) ညပိုင်းတွင် ညတွင်းချင်း သတင်းထုတ်ပြန်ထားသည်။

ယနေ့ (ဧပြီ ၄) နံနက် ၄ နာရီခန့်တွင်လည်း စစ်တပ်က ထပ်မံမီးရှို့သည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။​

“(ဧပြီ ၃) မနက်ခင်းက ၁၀ အိမ်လောက် ရှို့တာ။ ကျွန်တော့်ဆီက မိုးလေး ရွာလိုက်သေးတာကိုး။ မနက်ပိုင်း ရှို့တဲ့မီးက သိပ်မလောင်ဘူး။ သူတို့က စောင့်ပြီးတော့ နေပူတဲ့အချိန်မှ ရှို့လိုက်တော့ တော်တော်လောင်သွားတာပေါ့။ သူတို့မလာခင် မိုးတွေက အရင်ရွာချထားတာ” ဟု ၎င်းက ပြောသည်။

စစ်တပ်က ရွာကိုဝင်စဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မိုးရေစိုနေသည့် နေအိမ်များ မီးလောင်ကျွမ်းစေရန် စစ်တပ်က နည်းမျိုးစုံဖြင့် အားထုတ်ခဲ့ကြောင်း၊ ၎င်း၏နေအိမ် မီးစွဲခဲ့သော်လည်း လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း ထိုသူက ဆက်ပြောသည်။

“ရေနံပိုက်တွေနဲ့ရှို့၊ ဖိနပ်တွေရှို့၊ တာယာပိုက်တွေနဲ့ရှို့ အဲဒီလိုလုပ်ကြတာ။ နေ့ခင်းကျတော့ တစ်နေ့လုံး ရှို့ကြတာပဲ။ (ဧပြီ ၄) မနက် ၄ နာရီ (စစ်ကောင်စီတပ်) အပြန်ထိအောင် ရှို့သွားတာ။ တော်တော်လေး ယုတ်မာပါတယ်” ဟု ၎င်းက ဆိုသည်။ 

စစ်တပ်ဝင်စီးစဉ် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့၍ ထိခိုက်ဒဏ်ရာရသူမရှိဟု အသက် ၃၀ ကျော်အရွယ် ငါးတင်းကြီးရွာသူတစ်ဦးကလည်း ပြောသည်။

ငါးတင်းကြီးရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ ရှိသည်ဆိုကာ စစ်ကောင်စီထံ သတင်းပေးသူများကြောင့် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ၎င်းတို့က ယူဆကြသည်။ 

စစ်တပ် ပြန်ထွက်ခွာသွားချိန်တွင် ရွာသို့ ပြန်၍ ကြည့်ရာ နွားနှစ်ကောင် သေနတ်ဖြင့် ပစ်ခံထားရသည်ကို တွေ့ရသည့်နည်းတူ ဘုန်းကြီး ကျောင်း အတွင်း၌လည်း လက်နက်ကြီးအပိုင်းအစနှစ်ခု ရှာတွေ့သည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ခုလုံးထံမှ သိရသည်။ 

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်ဖြစ်၍ ပျက်စီးမှုနှင့်သက်ဆိုင်သည့် ဓာတ်ပုံအထောက်အထားများကို Myanmar Now က လက်ခံရရှိခြင်း မရှိသေးပေ။

ထို့အတူ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပါ။

အထက်ပါ သတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီ၏ရန်ကြောင့် ငါးတင်းကြီးကျေးရွာ အပါအဝင် အုန်းပင်ကုန်း၊ ယောက်သွားအိုင်၊ ရှားလွင်၊ ကုလားလူး၊ မင်းဝံစိုက်ကွင်း စသည့် ရွာပေါင်း ၁၀ ရွာထက်မနည်းမှ ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု သိရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံအနှံ့ရှိ လူနေအိမ်ပေါင်း ၈၀၀၀ နီးပါး ပျက်စီးသည်ဟု Data for Myanmar အဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။​

ထိုအဖွဲ့၏အဆိုအရ မီးရှို့ခံရသည့် နေရာပေါင်း ၂၀၀ ကျော်ရှိသည့်အနက် အညာဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှာ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာ တတိယအများဆုံးဖြစ်သည်။ 

စစ်ကောင်စီက ၎င်းတို့ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များ အားကိုးဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို ဖိနှိပ်နေပြီး စစ်ရှိန်မြှင့်မည်ဟု မတ် ၂၄ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

ထိုမီးရှို့ဖျက်ဆီးမှုများမှာ PDF များ၏ လက်ချက်သာဖြစ်သည်ဟု ကြိုတင်ရိုက်ကူးထားသော ရုပ်သံအချို့ကို ဖွင့်ပြလျက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကမူ စစ်ကောင်စီက ထွင်နေကျလုပ်ဇာတ်များကို ထုတ်သုံးခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“လူပေါင်းများစွာ သူတို့သတ်ခဲ့ပြီးပြီ။ အိမ်ပေါင်းများစွာ ပြာကျအောင် သူတို့လုပ်ခဲ့ပြီးပြီ။ အဲဒါကို ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုမျိုးပဲ။ ကျွန်တော်တို့က (ကိုယ့်) ရွာကိုယ် မီးရှို့တယ်ဆိုတဲ့စကားက ကလေးကလားဆန်လွန်းပါတယ်” ဟု  ၎င်းက တုံ့ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆၊ ၂၀၁၇ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း လူပေါင်း ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရချိန်ကလည်း ထိုသို့ နေအိမ်များမီးလောင်မှုကို ကိုယ့်ဘာသာရှို့၍ ပြေးကြသည်ဟု စစ်တပ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုဖူးသည်။

စစ်တပ်၏ ထိုလုပ်ရပ်ကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို မြန်မာနိုင်ငံက ရင်ဆိုင်နေရဆဲ ဖြစ်သည်။myanmar now

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် မီးရှို့ခံရသည့် ဘောက်ဆာ ကားနှစ်စီးမှာ မီးဖိုချောင်သုံး ဂက်စ် သယ်လာခြင်း ဖြစ်သည်ဟု AwRa ကုမ္ပ ဏီက ထုတ်ပြန်

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ထားဝယ်-ထီးခီးလမ်းပိုင်း၌ ဘောက်ဆာ ကားနှစ်စီးကို အမည်မသိ အဖွဲ့စည်းတစ်ခုက မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖျက် ဆီးခံရသည့် ကား နှစ်စီးမှာ အများပြည်သူ အသုံးပြုရန် ရောင်းချ နေသည့် မီးဖိုချောင်သုံး ဂက်စ်သယ်လာသည့် ကား ဖြစ်ကြောင်း AwRa ကုမ္ပဏီက ယမန်နေ့ ဧပြီ ၃ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မီးဖိုချောင်သုံး ဂက်စ်ဘောက်ဆာကား နှစ်စီးသည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဖြန့်ချိ ရန်အတွက် ကစယ်ဒေါ့်ထူးကုမ္ပဏီက ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

AwRa ကုမ္ပဏီပိုင် မီးဖိုချောင်သုံး ဂက်စ်ဘောက်ဆာ ကားများအား ထားဝယ်-ထီးခီးမှ မေတ္တာလမ်း ကြောင်းအတိုင်း တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး မိုင် ၆၀ ရှိ KNU တပ်မဟာ(၄) နယ်မြေအတွင်း အဆင့်ဆင့် စစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်လို့ အများပြည်သူအမှန်တကယ် လို အပ်နေတဲ့ ပစ္စည်းများ ဖြစ်သည်ဟု ဆိုထားသည်။

AwRa ကုမ္ပဏီပိုင် အနေဖြင့် ယခုနှစ်အတွင်း AwRa Gas Bowser ယာဉ် လေး စီးကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စစ်ကောင်စီ တပ်အနေဖြင့် ထားဝယ်-ထီးခီးလမ်းကြောင်းမှ လေယာဉ်ဆီများ သယ်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဂက်စ်ဘောက်ဆာ နှစ်စီး မီးရှို့ခံ ခဲ့ရခြင်း ဖြစ်သည်။mizzima

ကော့ကရိတ်မြို့အနီး တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်း ပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက  ဧပြီ ၄ ရက် ဒီကနေ့ ညနေ ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့   KNLA တပ်ဖွဲ့ထံက သိရပါတယ်။

ကေအန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေရှိ  KNLA ပူးပေါင်းတပ်တွေက တောင်ကြာအင်း ရဲစခန်းကို ဒီနေ့မနက်ကတည်းက စခန်းသိမ်းဖို့သွားရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ စတင်ပစ်ခတ်ခဲ့ကာ ညနေပိုင်းမှာတော့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့  စာသင် ကျောင်းကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

တိုက်ပွဲစတင်ချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးကူပစ်တဲ့အနေနဲ့ ကော့ကရိတ်မြို့တွင်းနဲ့ ကော့ကရိတ်မြို့အနောက်မြောက် ယာယီ စစ်ကောင်စီစခန်းတွေကနေ  လက်နက်ကြီးနဲ့  ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ အရပ်သား ပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရ ဒါမှမဟုတ် သေဆုံးတာရှိခဲ့တယ်လို့လည်း  ကော့ကရိတ် ဒေသခံပြည်သူတွေက ပြောပါတယ်။

မတ်လ ၄ ရက် ဒီနေ့မနက်ပိုင်းက   ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ၊ အာရှလမ်းမကြီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး အနည်း ဆုံး မော်တော်ယာဉ် ၄ စီး မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒီနေ့တရက်တည်း မီးရှို့ခံရတဲ့ မော်တော်ယာဉ်စုစုပေါင်း ၁၀ စီးကျော်လောက်ရှိ နိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကနေ့ တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့တွေ  ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ မော်တော်ကားအစီးရေ အတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ 

ဧပြီလ ၃ ရက်မနေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီမြို့တောင်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားပြီး  တရက်တည်းမှာ  စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးသွားပါတယ်။  DVB

ကရင်ပြည်နယ်တွင် စစ်တပ်၊BGF နှင့် KNLA၊ BPLA ပူး​ပေါင်းတပ် တိုက်ပွဲ စစ်​ကောင်စီတပ် ဖွဲ့နှင့် BGF ၇ ဦး​သေဆုံးပြီး လက်နက်များ သိမ်း ဆည်းရမိ

ကရင်ပြည်နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် ဖက်ဆစ်စစ်တပ်နှင့် BGF ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မ တော်(KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် BGF ၇ ဦးသေဆုံးကာ လက်နက်တချို့သိမ်းပိုက်ရရှိခဲ့ကြောင်းဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။khit thit

« Older Entries