Monthly Archives: Apr 2022

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး ဟုဆို

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာရှိ စစ်ကောင်စီတပ်ထံ ရိက္ခာ လာပို့သည့် တပ်ဖွဲ့ကို ဧပြီလ ၅ ရက် နေ့လယ်၂ နာရီတွင် ပြည်ခရိုင် တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၁) က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီက ကောင်တွေက ငါးရှဉ့်ကွင်းလို့ခေါ်တဲ့ ကျေးရွာမှာ နေတာ၊ အဲ့ဒီ ကျေးရွာကနေ ပြီးတော့မှ လဲပင်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ကို စရိတ် (ရိက္ခာ) ထောက်တယ်ပေါ့၊ သွားထောက် ပြီးတော့မှ အပြန် အဲ့ဒီ ငါးရှဉ့်ကွင်းရွာ နားမှာပဲ စောင့်ကြိုပြီးတော့ ကျနော်တို့ အဖွဲ့က စောင့်ကြို တိုက်ခိုက်တာပေါ့နော်၊ စောင့်ကြို တိုက်ခိုက်တဲ့ နေရာမှာ သူတို့က ဆိုင်ကယ် လေးစီးပေါ့၊ တစ်စီးကို နှစ်ယောက်နှုန်းနဲ့ ရှစ်ယောက်စီး လာတာ၊ တစ်စီးနဲ့ တစ်စီးကလည်း လှမ်းတယ်ပေါ့၊ ရှေ့ဆုံး အစီးကိုပဲ ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်တယ်၊ ရှေ့ဆုံး အစီးက နှစ်ယောက်က တော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်၊ အဲ့ဒါပြီးတော့ ချက်ချင်းပဲ ကျနော်တို့ ဘက်က လူတွေက နောက်ကို ပြန်ပြီးတော့ ဆုတ်လာတယ်ပေါ့” ဟု ၎င်းက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပတ်သက်သည်ဟု ဆိုကာ မတ်လ ၁၅ ရက်နေ့တွင် လဲပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် တပ်စွဲထားသဖြင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး သိမ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။mizzima

ပုလဲနယ်တွင် လောင်းကစားမှုများအား ကြိမ် ဒဏ်ဖြင့် အရေးယူမည်ဟု ပြောက်ကျားတပ် သတိပေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း လောင်းကစား ပြုလုပ်သူများအား ကြိမ်ဒဏ်ဖြင့် စတင် အရေးယူမည်ဟု ယနေ့ ဧပြီလ ၆ ရက်တွင် ကျား သစ်နက် ပြောက်ကျားတပ်ဖွဲ့က သတိပေး ထုတ်ပြန်သည်။

တော်လှန်ရေးဘက်တွင် အာရုံစိုက်မှု လျော့နည်းစေရန်နှင့် စစ်ကောင်စီ အလိုကျ၊ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ခြောက်ကောင်ဝိုင်းများ တည်ထောင်ကာ အလောင်းစား ပြုလုပ်နေသော လောင်းကစားဝိုင်းများ၊ စစ်ကောင်စီထံ လိုင်းကြေး ပေးနေကြသော တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ဒိုင်များ အနေ ဖြင့် တော်လှန်ရေး ကာလအတွင်း မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်နေကြသည်ကို တွေ့ရှိရသည့် အတွက် အရေးယူရန် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့မှ ကိုဥက္ကာ ကပြောသည်။

“ဒီလောင်းကစားဝိုင်းတွေ အထူးသဖြင့် အရှုံးအနိုင် သိန်းဆယ်ချီပြီး လုပ်ကြတာ တွေ့ရတယ်၊ အထူးသဖြင့် ဂျင်ဝိုင်းတွေ ပေါ့နော်၊ ဒါတွေက အကျင့်စာရိတ္တ ပျက်ပြား စေတာကိုပါ ဦးတည်လာတဲ့ အတွက် ခုလို ထုတ်ပြန် ကြေညာလိုက်တာပါဗျ” ဟု ၎င်းကပြောသည်။

လောင်းကစားကြောင့် မိသားစုဘဝ ပျက်စီးကြရ အကျင့်စာရိတ္တများ ပျက်စီးကြရသည့်အပြင် တော်လှန်ရေးဘက်တွင် အားလျော့စေသည်ဟု ကျားသစ်နက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အရင်ကတော့ ကျွန်တော်တို့ တရားဟောတာတွေ ရှိတယ်၊ ဒီလောင်းကစားဝိုင်းတွေက တော်လှန်ရေး အတွက် အားလျော့စေတာ ဖြစ်စေလို့ လူချင်းတွေ့ပြီး မေတ္တာရပ်ခံ ထားတာရှိတယ်၊ ဒါကို သူတို့က ဆက်ပြီးတော့ လုပ်နေတာတွေ ရှိတယ်၊ ဒါကြောင့် တွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူမယ် ဆိုတာကို ထုတ်ပြန်လိုက်တာပါ ခင်ဗျ” ဟု ပုလဲနယ်အတွင်း လောင်းကစားဝိုင်းများအား စာထုတ်တားဆီးဖြစ်ပုံကို ကိုဥက္ကာ ကပြောသည်။

“ကျွန်တော်တို့ ငွေပစ္စည်း သိမ်းတာတော့ မလုပ်သေးဘူး၊ ကြိမ်ဒဏ်ပေးဖို့ စဉ်းစားထားတယ်၊ ငါးချက်ဆို ငါးချက် ၁၀ ချက်ဆို ၁၀ ချက်ပေါ့ဗျာ၊ ဒီလိုမျိုး အပြစ်ပေးမှာပါဗျ” ၎င်းကဆိုသည်။

ပုလဲနယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည့် ဒေသဖြစ်ပြီး ပြောက်ကျားတိုက်ပွဲများ မကြာခဏ ဖြစ်သည့်ဒေသ ဖြစ်သည်။

“တော်လှန်ရေးကို စိတ်မဝင်စားရင်ပြီးရော အခြားလုပ်ချင်တာလုပ် ဆိုတာမျိုး၊ ပြည်သူတွေ အကျင့်စာရိတ္တပျက် မပျက် သူတို့တွေးမှာ မဟုတ်ဘူး၊ ဒါကြောင့် သူတို့ ခွင့်ပြုထားတာ” ဟု စစ်ကောင်စီအနေဖြင့် လောင်းကစားဝိုင်းများကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုထားပုံကို ကိုဥက္ကာကသုံးသပ်ပြောဆိုသည်။mizzima

CDM နှိပ်ကွပ်သူများကို ပစ်မိန့်ပေးထားဟု မန္တလေး PDF ဆို

အကျင့်ပျက်ဝန်ထမ်းတို့က အာဏာဖီဆန်နေသော မန္တလေးမြို့ ကျန်းမာရေးဝန်ထမ်းများကို နှောင့်ယှက်နေသဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က ယမန်နေ့ (ဧပြီ ၅) တွင် ကြေညာချက်ထုတ်ပြန်ရာတွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဒေါက်တာခင်ခင်ကြီး၏ အမည်ကိုပါ ထည့်သွင်းထားသည်။ 

ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် CDM များ (လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ထားသူများ) ကို လက်ခံထားခြင်း ရှိမရှိ စုံစမ်းခြင်း၊ CDM များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဘဏ်များတွင်လည်း CDM များ၏ မှတ်ပုံတင်များပေးပို့ကာ အကောင့်စစ် ဆေးခိုင်းခြင်း၊ အလုပ်ဖြုတ်ခြင်းတို့ကို ရပ်တန့်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် “ဗိုလ်မှူးတစ်ဦး၏ဇနီးဖြစ်သူ ဒေါက်တာခင်ခင်ကြီးအပါအဝင် အကျင့်ပျက်ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ထိုလုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အသက်အန္တရာယ်တာဝန်မယူကြောင်း၊ ရဲဘော်များကို ပစ်မိန့်လည်း ပေးထားကြောင်း” MDY PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မတ် ၂၃ တွင် ရန်ကုန်၊ မှော်ဘီတော်လှန်ရေးအင်အားစု (Hmawbi Revolution Force) က အလားတူ သတိပေးပြီးနောက်တွင် MDY PDF ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် မတ် ၁၂ တွင် စစ်ကောင်စီက မန္တလေးမြို့မှ CDM အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် ရုပ်သိမ်းလိုက်ပြီး ဒေသတွင်း ကျန်းမာရေးဝန်ထမ်းသတင်းရပ်ကွက်ထံမှ သိရသည်။

ပုဂ္ဂလိကဆေးရုံဆေးခန်းတာဝန်ရှိသူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူကာ CDM ဆရာဝန်များကို ဆေးရုံများ၌ လက်မခံရန်နှင့် လူနာစာရင်းများ နေ့စဉ်ပေးရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် မန္တလေးမြို့ရှိ မန္တလာ၊ ညိမ်းနှင့် မင်္ဂလာဆေးရုံများအပါအဝင် ပုဂ္ဂလိကဆေးရုံအချို့သည် ယခုရက်ပိုင်းအတွင်း CDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်ဖြုတ်ကြသည်ဟု မန္တလေးအခြေစိုက်သတင်းဌာနတချို့က ဖော်ပြထားသည်။

နေပြည်တော်အခြေစိုက် ဒေါက်တာခင်ခင်ကြီးကမူ ၎င်းအနေဖြင့် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ် ချိုးဖောက်ခဲ့ခြင်း မရှိဟု မတ် ၂၈ ရက်နေ့က သူ၏ Facebook စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။

“ဆေးရုံတွေ လိုင်စင်အသစ်တင်ကြတယ်၊ သက်တမ်းတိုးတင်ကြတယ်၊ ဒါတွေကို ကွင်းဆင်းစစ်ရတယ်၊ မစစ်ဘဲ လိုင်စင်ပေးခွင့်ဥပဒေက မပြဋ္ဌာန်းထားဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

“သက်ဆိုင်ရာ တိုင်း/ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးအဖွဲ့တွေက စစ်ရတယ်။ ပြီးရင် ဗဟိုအဖွဲ့အနေနဲ့ စစ်ရတယ်။ ဒါဟာ တစ်ဦးတစ်ယောက် တည်းအနေနဲ့ လုပ်တာမျိုးမဟုတ်ဘူး။ အဖွဲ့နဲ့ ဆောင်ရွက်ရတာမျိုးပါ”

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၁ မေ ၅ ရက်နေ့ထုတ် ကြေညာချက်တစ်စောင်တွင်လည်း CDM ဝန်ထမ်းများ ဖိအားပေး၊ ခြိမ်းခြောက်၊ အလုပ်ထုတ်၊ တရားစွဲခံရမှု နေ့စဉ်ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားပြီး ကျန်းမာရေးဌာနထိပ်တန်းအရာရှိ ၁၀ ဦး၏ အမည် ဖော်ပြထားရာ ထိုအထဲတွင် ဒေါက်တာခင်ခင်ကြီး၏အမည် ပါဝင်သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မန္တလေးမှ ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့် ဒေါက်တာသီဟတင်ထွန်းတို့ သေဆုံးခဲ့သည်။

စစ်ကောင်စီအုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများလည်း ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။

အာဏာဖီဆန်မှုတွင် မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်း ပါဝင်သည်ဟု သိရသည်။myanmar now

ဖားကန့်မြို့တွင် Mytel အင်တာနက်လိုင်း ပြန် ဖွင့်ပြီးနောက် Sim Card များအဝယ်လိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် Mytel အင်တာနက်လိုင်းကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက တစ်နာရီခန့် ဖွင့်ပေးခဲ့ပြီးနောက် ယမန်နေ့ မနက်ပိုင်းကစကာ အချိန်ပြည့် ပြန်ဖွင့်ပေးထားသည့် အတွက် Mytel Sim card များ အဝယ်လိုက်နေကြောင်း သိရသည်။

လက်ရှိ ဖားကန့်တွင် စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် Mytel Sim Card တစ်ခုလျင် ကျပ် ၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ဈေးပေါက်ကြောင်း ဆိုသည်။

“ဖားကန့်မှာက အားလုံး သိတဲ့အတိုင်း အင်တာနက်လိုင်းက ဖြတ်ထားတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့က Mytel အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးထားတယ်။ အဲဒါကြောင့် အဝယ်များနေတာ ဟုတ်တယ်။ ဘယ်အချိန် ပြန်ပိတ်ပေးမလဲတော့ မသိသေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း အင်တာနက်လိုင်းများ ခေတ္တ ပြန်ဖွင့်ပေးခဲ့၍ ဒေသခံများက ဖုန်းဆင်းကဒ်နှင့် ဖုန်းဘလ်များ ဝယ်ခဲ့ကြပြီး နောက်ပိုင်း စစ်ကောင်စီက အင်တာနက်လိုင်းများ ပြန်ပိတ်ခဲ့သည်။

လက်ရှိ Mytel အင်တာနက်လိုင်း ပြန်ဖွင့်ပေးသော်လည်း ဖားကန့်မြို့နယ် နေရာ အချို့တွင်သာ အသုံးပြုနိုင်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီက ဖားကန့်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ ညဦးပိုင်းမှ စ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ယခု ရှစ်လနီးပါး ရှိနေပြီဖြစ်ကာ အင်တာနက်ဆိုင်တွင် တစ်နာရီ တစ်သောင်းဖြင့် သုံးစွဲနေရကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် Mytel တာဝါတိုင် ငါးခု ဗုံးခွဲ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။mizzima

ဂန့်ဂေါပြည်သူများ အကြောင်းမဲ့သွားလာခြင်းမပြုရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းနဲ့ ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းတို့မှာ အကြောင်းမဲ့ သွားလာတာတွေ မပြုကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၆ ရက် နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ်မှာ မတ်လ တတိယပတ်ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းသုံးကြောင်းခွဲ သွားလာလှုပ်ရှားနေပြီး အကြမ်း ဖက်မှုတွေ ကျူးလွန်‌နေတာကြောင့် အခုလို သတိပေးလိုက်တာပါ။

စစ်‌ကောင်စီတပ်သား‌တွေဟာ သူတို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းက နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြပြီး မတ်လအတွင်း ဂန့်ဂေါနယ်က လူနေအိမ်ခြေ ၃၄၆ အိမ်ထက်မနည်း မီး‌လောင်ပျက်စီးခဲ့ကာ ပြည်သူ ၁၄၀၀ နီးပါး အခက်အခဲကြုံတွေ့နေကြရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၄ ရက်နေ့က ထယ်လှော်ကျေးရွာက အမျိုးသားတဦးနဲ့ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး အကြောင်းပြကာ အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံစိတ်ချရတဲ့ အရပ်ဒေသမှာသာ နေထိုင်ကြဖို့၊ စားနပ်ရိက္ခာ ပြတ်တောက်မှု မရှိစေရေး ကြိုတင် ပြင်ဆင်ထားကြဖို့နဲ့ ပြည်သူအချင်းချင်း စာနာထောက်ထားကူညီပေးကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်းက ဒေသအတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မကြာခဏ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။DVB

လွိုင်ကော် ပဒါးညေးရွာတွင် စစ်တပ်က ပစ် ခတ်သော လက်နက်ကြီးကျည် ကျရောက်ပြီး မနုနှင့် မမိအေးတို့ ပွဲချင်းပြီးသေဆုံး၊ ပြည်သူ ၄ဦး ဒဏ်ရာရ

ကယားပြည်နယ် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာတွင် ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၃နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး မနုနှင့် မမိအေးတို့ ပွဲချင်းပြီးသေဆုံးကာ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ဒေ သခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် ပဒါးညေး ကျေးရွာရှိ နေအိမ် ခြံဝန်းအတွင်း ကျရောက်ခဲ့ကာ အသက် ၄၆နှစ်အရွယ် မနုသည် ခြေနှစ်ချောင်းပြတ် သွေးထွက်လွန်ကာ သေဆုံးခဲ့ပြီး အသက် ၃၆နှစ်အရွယ် မမိအေးသည် ကိုယ်ခန္ဓာကိုယ်အနှံ ယမ်းစထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက် ၅၂နှစ်အရွယ် ဦးဝင်းနိုင် ဘယ်ပေါင်ရင်း ပွင့်ထွက်ခဲ့ကြောင်း၊ အသက်၂၉နှစ်အရွယ် မနောင်ဦးဖြူသည် နောက်ကျော ယမ်းစထိမှန် ဒဏ်ရာ၊ အသက်၃၉နှစ်အရွယ် မဦးသည် ရင်ဘတ် ယမ်းစထိမှန် ဒဏ်ရာနှင့် အသက် ၇၀နှစ်အရွယ် ဒေါ်ပွန်သည် ဘယ်မျက်လုံး အောက်ယမ်းစထိမှန် ဒဏ်ရာများ ရရှိကာ လွိုင်ကော်ဆေးရုံကြီး၌ တက်ရောက် ကုသနေကြောင်း သိရသည်။khit thit

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သား ၃ ဦး ကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ထယ်ဘွေးစခန်းမှ စစ်ကောင်စီတပ်သား သုံးဦး ခိုလှုံလာကြောင်း ဧပြီလ ၅ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ထံမှ သိရသည်။

“ကျနော်တို့ဆီကို ခိုလှုံလာတဲ့ သူတွေကို လက်နက်ပါ ယူဆောင်လာရင်တော့ ဆုငွေ ချီးမြှင့်ပေးတာရှိတယ်။ အခြေအနေအရ မယူဆောင်နိုင်ခဲ့ရင်လည်း နွေးနွေးထွေးထွေး လက်ကမ်းကြိုဆိုနေပါတယ်” ဟု CDF – Matupi တာဝန်ရှိသူက ပြောသည်။

ခိုလှုံလာသူများမှာ ခ.မ.ရ (၃၀၄) မှ တပ်သားများဖြစ်သော အာကာဇော် အသက် ၁၈ နှစ် ၊ ဖြိုးမင်းဦး ၂၉ နှစ် နှင့် သော်ဇင်အောင် ၂၁နှစ် တို့ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့အား လေယာဉ်ဖြင့် ချင်းပြည်နယ် လိုင်လင်းပီသို့ ခေါ်ဆောင်လာပြီး ယင်းမှ တစ်ဆင့် ထယ်ဘွဲ့စခန်းသို့ ပို့ဆောင်ခဲ့ကာ ထိုစခန်းမှ လွတ် မြောက်ရာသို့ ထွက်ခွာလာကြောင်း သိရသည်။

ထယ်ဘွေ့စခန်းသို့ေ ရာက်ရှိချိန်မှစ၍ လက်နက်များအား အကြောင့်မဲ့ သိမ်းဆည်းကာ အမြဲတမ်း ဆူပူကြိမ်းမောင်း ခံရကြောင်း ဆက်လက်နေထိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရသည့် အတွက် သေမထူးနေ မထူး သဘောဖြင့် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ထွက်ဆိုခဲ့ကြောင်း ဆိုသည်။

တောထဲတွင် ထမင်းမစားရဘဲ ငါးရက်ခန့်လှည့်လည်သွား နေရာက ဒေသခံ တစ်ဦးနှင့် တွေ့၍ ဆက်သွယ်ပေးသဖြင့် လုံခြုံ လွတ်မြောက်ရာ ဒေသသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဧပြီလ ၅ ရက် နံနက် ၁၀နာရီတွင်လည်း ကျောက်ထု ဘက်မှ တက်လာသော အစီးရေ ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းနှင့် မတူပီမြို့မှ ဆင်းကြိုသော တပ်ရင်းများ ပူးပေါင်းစစ်ကြောင်းသည် မြို့နှင့် ၂၈ မိုင်အကွာတွင် မိုင်းများ နင်းမိ၍ ထိခိုက် သေဆုံးမှုများရှိကြောင်း CDF – Matupi ထံမှ သိရသည်။mizzima

ချင်း၊ မကွေးနှင့် စစ်ကိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းကျော်ရှိလာဟု ကုလထုတ်ပြန်

ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ  ဆက်လက်ပြင်းထန်နေဆဲ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး မြန်မာပြည် အနောက်မြောက်ဒေသတစ်ခုတည်းမှာတင် လူ ၃ သိန်းကျော်ရှိလာခဲ့တယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ကောလင်း၊ ကလေးနဲ့ ဝန်းသိုမြို့နယ်တွေမှာ လူ ၃၁,၀၀၀ လောက်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ၁,၅၀၀ လောက်ရှိပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ အိုးအိမ်စွန့်ခွာသူဦးရေဟာ ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိကာလအထိ မြန်မာပြည် အနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာအဆောက် အဦးတွေအပါအဝင် လူနေအိမ်နဲ့ အရပ်သားပိုင် အိုးအိမ်  အနည်းဆုံး ၇,၂၄၆ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေရှိရာနေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ်နိုင်သမျှကူညီပံ့ပိုးပေးနေပေမယ့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြီးမားတဲ့ လိုအပ်ချက်တွေရှိ နေသေးတယ်လို့ဆိုပါတယ်။

ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသက လိုအပ်နေသူတွေဆီ သွားရောက်ခွင့်ရပြီး အကူအညီတွေပေးခွင့်ရဖို့ တိုက်တွန်းဆော်ဩမှုတွေ စဉ်ဆက်မ ပြတ် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ UNOCHA က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၀၄, ၆၀၀ ရှိပြီး၊ ဒီအထဲကမှ လူဦးရေ ၅၅၈,၀၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။DVB

ပုသိမ်ကြီးမြို့နယ် စည်ပင်ရုံး မိုင်းခွဲ တိုက်ခိုက်ခံရ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ယနေ့ ဧပြီလ ၆ ရက် နံနက် ၁၀ နာရီက စည်ပင်သာယာရေးရုံး မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရုံး၊ အခွန်ဦးစီးဌာနရုံးနှင့် မီးသတ်ရုံးတို့ကို မိုင်းခွဲ တိုက်ခိုက်ခဲ့သော်လည်း စည်ပင်ရုံးတွင်သာ ဗုံးပေါက်ကွဲကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ပုသိမ်ကြီး မြို့နယ် တော်လှန်ရေး အင်အားစု PRF က ထုတ်ပြန်သည်။

“မနက် ၁၀ နာရီလောက်က မီးသတ်ရုံး ဗုံးနဲ့ ထုခံရလို့ ဆိုပြီး၊ စကစ (စစ်ကောင်စီတပ်) တွေ ပြာယာကို ခတ်နေတာပဲ၊ တကယ်က ဗုံးကမပေါက် ဘူး၊ နောက်တော့ အခွန်ရုံးလည်း ဗုံးထု ခံရတယ်၊ ဒါလည်း မပေါက်ဘူး၊ သုံးနေရာ ဗုံးထုခံရတာဗျ” ဟု ပုသိမ်ကြီးမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

ရုံးသုံးရုံးအား တစ်ချိန်တည်း မိုင်းခွဲ တိုက်ခိုက်ရာ လက်နက်ပစ္စည်း ချို့ယွင်းမှုကြောင့် အခွန်ရုံးနှင့် မီးသတ်ရုံးတို့တွင် မအောင်မြင်ခဲ့ဘဲ စည်ပင်သာယာရုံးတွင် မိုင်းနှစ်လုံး ဖောက်ခွဲခဲ့ကြောင်း PRE ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူလူထုရဲ့ ကားတွေ ဆိုင်ကယ်တွေကို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးရာမှာ ပါဝင်နေတဲ့ စည်ပင် ဝန်ထမ်းတွေ ရှိရာရုံးနဲ့ မီးသတ်ရုံးတို့ကို သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်၊ နောက်နောင် ဆက်လက် ပူးပေါင်းနေဦးမယ် ဆိုရင် တစ်ယောက်ချင်းစီရဲ့အသက်ကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူး” ဟု PRF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပုသိမ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ကြံ့ခိုင်ရေးပါတီရုံး လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ယင်းမတိုင်မီက ပုသိမ်ကြီးမြို့မ ရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။mizzima

« Older Entries