Monthly Archives: Apr 2022

ရန်ကုန်တွင် ဗိုလ်မှူး ၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးစေခဲ့သည့် နန်းထိုက်အောင် စစ်ဆင်ရေးကြောင့် စစ်ကောင်စီက လုံခြုံရေးအစီအမံများ ပြန်တိုးမြှင့်၊ အင်းစိန်နှင့်ရွှေပြည်သာတွင် ပစ်ခတ်သံများ ကြားရ

ရန်ကုန်တွင် ဗိုလ်မှူး ၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု များပြားသော ယနေ့ နန်းထိုက်အောင် စစ်ဆင်ရေးကြောင့် စစ်ကောင်စီက လုံခြုံရေးအစီအမံများကို ပြန်လည် တိုးမြှင့်လိုက်ပြီး စစ်ဆေးမှုများ ပိုမို တင်းကျပ်စွာ လုပ်ဆောင်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

“ရန်ကုန် လုံခြုံရေးအစီအမံတွေ တဖြည်းဖြည်းဖြေလျှော့မှုတွေ လုပ်နေတာရှိတယ်။ ဒါပေမယ့် အခု ဒီနေ့ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးအ စီအမံကို အရင်လို ပြန်တိုးမြှင့်ဖို့ အမိန့်တွေထွက်လာတယ်။ ဧည့်စာရင်းတွေနဲ့ ပြန်တိုးစစ်ဖို့၊ ဧည့်စာရင်းတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ပြန်တိုးစစ်မယ်။ ကားတွေ စစ်မယ်။ ကင်းလှည့်တွေ ထပ်တိုးလုပ်ဖို့ ညွှန်ကြားမှုတွေရပါတယ်။ ဒီနေ့ညကိုပဲ အဲဒါတွေ လုပ်မယ်။ မသင်္ကာရင် ပစ်ခတ်ရှင်းလင်းဖို့လည်း ပါလာတယ်” ဟု ရန်ကုန်တိုင်းရဲသတင်းရင်းမြစ်က ပြောသည်။

သင်္ကြန်ကာလအတွက် ချမှတ်ထားသော လုံခြုံရေးအစီအမံများကို ပြန်လည် ပြောင်းလဲရန်ရှိပြီး တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သဖြင့် ၂၄ နာရီ အရေး ပေါ် လုံခြုံရေး အသင့်ပြင်ဆင်ထားကြရန် ညွှန်ကြားမှုများ ရှိနေသည်ဟု သိရှိရသည်။

ယနေ့ နန်းထိုက်အောင် စစ်ဆင်ဖြင့် လမ်းမတော်မှ မြို့နယ် အုပ်ချုပ်ရေး ဗိုလ် မှူးတစ်ဦး၊ အင်းလျားလမ်းမှ လုံခြုံရေးဂိတ်အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထား သည်။

လက်ရှိ ယနေ့ညပိုင်း အင်းစိန်နှင့်ရွှေပြည်သာတို့တွင် သေနတ်ပစ်ခတ်သံကြားကြားရပြီး အသေးစိတ်ကိုမူ မသိရှိရသေးပေ။mizzima

လေးကေ့ကော်တွင် တစ်နေကုန် တိုက်ပွဲဖြစ်၊ စစ်တပ်က အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့ကို ယနေ့ (ဧပြီ ၁၀) နံနက် ၂ နာရီဝန်းကျင်မှစ၍ အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်လာသည့် စစ်တပ်နှင့် တစ်နေကုန် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲသည်ဟု သတင်းရင်းမြစ်အချို့နှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီက လေးကေ့ကော်မြို့တောင်ဘက်ရှိ အမြောက်ကုန်းမှနေ၍ ရင်ဆိုင်တိုက်ပွဲဖြစ်နေသည့် ရပ်ကွက် ၆ သို့ လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်ခဲ့သလို တိုက်လေယာဉ်နှစ်စီးပါ သုံး၍ လူနေအိမ်များအပေါ် ဗုံးကြဲသည်ဟု တော်လှန်ရေးအဖွဲ့များက ဓာတ်ပုံ၊ ရုပ်သံများနှင့်တကွ ထုတ်ပြန်ထားသည်။

ယနေ့ မွန်းလွဲပိုင်းအထိ စစ်တပ်က ဗုံးကြဲသည့်အကြိမ်ရေ ၂၀ ထက်မနည်းရှိမည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့က ခန့်မှန်းသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။​

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ရာတွင် ယနေ့ ၆ နာရီအထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။ 

စစ်ကောင်စီဘက်မှ အထိနာနေပြီး လက်တလောတွင် အလောင်း ၁၂ လောင်းရထားကာ အရာရှိအဆင့်များ ပါဝင်သည်ဟုလည်း ညနေ ၆ နာရီခွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

“သူတို့ (စစ်ကောင်စီ) လေယာဉ်နဲ့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေတာ၊ ဗုံးကြဲနေတာရှိတယ်။ အထူးသဖြင့် အရင်ကထက် အခုဆိုရင် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကိုပါ ပစ်မှတ်ထားဗုံးကြဲနေတာ တွေ့ရတယ်” ဟု Cobra စစ်ကြောင်းပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

KNU က စစ်တပ်၏ သဘောတူညီချက်ဖြင့် ထူထောင်ထားသည့် ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ၍ ဒေသခံများ တိမ်းရှောင်နေကြရာ ယနေ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုရှိမရှိ မသိရသေးပေ။​

Cobra စစ်ကြောင်းက ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ ဗုံးနှင့် လက်နက်ကြီးဒဏ်ကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးနေသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းဌာန PVTV ၏ အဆိုအရ မွန်းလွဲပိုင်းအချိန်အထိ စစ်ကောင်စီဘက်မှ ၄၀ ဦးသေဆုံးကြောင်း၊ MA 3၊ MA 2 သေနတ် ၆ လက်၊ စနိုက်ပါ ၁ လက်၊ RPG တစ်လက်၊ ကျည်ဆန်များနှင့်အတူ တပ်မ ၄၄ မှ ဗိုလ်ကြီးတင်လင်းခိုင်ကိုပါ တော်လှန်ရေးအဖွဲ့များ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့များဘက်မှ အသက် ၁၈ နှစ်အရွယ် ရဲဘော်မော်ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့် သေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟု Cobra စစ်ကြောင်းပြန်ကြားရေးအဖွဲ့ဝင်က ယနေ့ ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။​

တိုက်ပွဲအတွင်း မတ် ၂၅ ရက်တွင် စစ်ကောင်စီထံမှ KNLA သို့ ဘက်ပြောင်းခိုလှုံလာသူ ခြေမြန်တပ်ရင်း (၅၈၅) မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်က တော်လှန်ရေးအဖွဲ့များဘက်မှ ပါဝင်တိုက်ခိုက်နေပြီး ၈၁ မမ လက်နက်ကြီး ပစ်ခတ်နိုင်ရန် ကူညီပေးသည်ဟုလည်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။​

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ ထိုဒေသ၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ အသေးစိတ်အခြေအနေများကို အတည်ပြုပေးရန် ခက်ခဲနေဆဲဖြစ်သည်ဟု ယနေ့ ညနေပိုင်းတွင် ပြောသည်။

“(စစ်ကောင်စီကို) တပ်ဆုတ်ပေးပါလို့ ပြောတာကို တပ်အင်အားထပ်ပို့တာရယ်၊ လေယာဉ်ပျံနဲ့ လာပစ်တာနဲ့ပဲ တုံ့ပြန်နေတာမို့ တိုက်ပွဲက ဆက် တိုက်ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

တပ်မဟာ (၆) နယ်မြေအတွင်း အကျုံးဝင်သည့် လေးကေ့ကော်ရှိ စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် အရှေ့တောင်တိုင်းစစ်ဌာ နချုပ်ကို KNU က မတ် ၇ ရက်နေ့တွင် စာပို့ထားသည်။

စစ်ကောင်စီတပ်များ ဆုတ်ခွာခြင်းမရှိသည့် နောက်ပိုင်းတွင် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ရာ ဒေသများတွင် တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော စစ်ကောင်စီကို ဆန့်ကျင်သူများအား ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အင်အားသုံး၍ ဝင်ရောက်ဖမ်းဆီးပြီးနောက်တွင် KNU နှင့် စစ်ကောင်စီအကြား စစ်ရေးအခြေအနေ တောက်လျှောက်တင်းမာနေခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ထိုးထားသည့် KNU က ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရေး တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အတိအလင်းကြေညာထားသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကောင်စီဘက်မှ ခိုလှုံလာသူ ဦးရေတိုးလာနေပြီး ဒုတိယဗိုလ်မှူးကြီးအဆင့် ၃ ဦးထက်မနည်း ပါဝင်ကြောင်း၊ ဖမ်းဆီးရမိသည့် သုံ့ပန်းများကိုလည်း လူသားဆန်စွာ ထားရှိကြောင်း ပဒိုစောတောနီးက ပြောထားသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။myanmar now

လမ်းမတော် လုံခြုံရေးနှင့် အုပ်ချုပ်ရေးတာ ဝန်ခံ ဗိုလ်မှူး အနီးကပ်ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူကို ဧပြီ ၁ဝ ရက်နေ့က နန်းထိုက်အောင်စစ်ဆင်ရေးအရ မြို့ပြပြောက်ကျားတပ်ဖွဲ့က အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကုဋေဖြိုးအောင် ဆိပ်ကမ်းဝင်းနဲ့ မော်တင်လမ်းထောင့်က လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲကင်းကြားမှာရှိတဲ့ စားသောက်ဆိုင်ကို အရက်သေစာ သောက်စားဖို့ အဖော် ၂ ဦးနဲ့အတူ လာရောက်စဉ် ဆိုင်ရှေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။

“ပစ်ခတ်တိုက်ခိုက်မှုအပြီး ပြန်လည်ဆုတ်ခွာချိန် အထွက်လမ်းမှာ ပိတ်နေတဲ့ ပြည်သူအချို့ကို သေနတ်ပြ ဖယ်ခိုင်းခဲ့ရတာမျိုး ရှိခဲ့တဲ့အပေါ် အနူးအညွတ်တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ရှင်းလင်းခဲ့တဲ့ ဗိုလ်မှူးကုဋေဖြိုးအောင် ဆိုသူဟာ အရင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စစ်တပ်က တင်သွင်းတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဖြစ်လာတာလို့ ဆိုပါတယ်။

ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ DSA အပတ်စဉ် ၄၈ ဆင်း ကွန်ပျူတာအထူးပြုဘွဲ့ရ စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ရုရှားမှာ ME ဘွဲ့ရယူခဲ့သူလို့ သိရပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန် ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။DVB

ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်က အ မျိုးသမီးတွေ

“Click လုပ်တယ်” ဆိုတဲ့ စကားလုံးဟာ နွေဦးတော်လှန်ရေးရဲ့ ဒစ်ဂျစ်တယ် Strike မှာ ပါဝင်သူတိုင်းနဲ့ အကျွမ်းတဝင်ဖြစ်နေတဲ့ စကားပါ။

တော်လှန်ရေးမှာ ငွေလှူဖို့ အခက်အခဲရှိနေသူတွေ လှူရင်း အားလျော့လာသူတွေအတွက် ဖုန်းအသုံးပြုရင်း အချိန်အနည်းငယ် ‘Click’ ပေးရုံနဲ့ တော်လှန်ရေးအတွက် သိန်းထောင်နဲ့ချီ ထောက်ပံ့နိုင်တဲ့အခွင့်အရေးတွေ အခုနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်နေပါတယ်။

လူငယ်တွေက ဂိမ်းတွေ၊ YouTube Channel တွေ၊ Website တွေ ဖန်တီးပြီး အဲဒီကရတဲ့ဝင်ငွေတွေကို မြေပြင်က လိုအပ်တဲ့ နေရာတွေကို ထောက်ပံ့ပေးနေပါတယ်။

ဒီလုပ်ငန်းတွေမှာ အမျိုးသမီးတွေလည်း ပါဝင်လုပ်ကိုင်နေကြတာပါ။ ဒီအထဲမှာ Stella လည်း ပါဝင်ပါတယ်။

Stella ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီးတော့ ဆိုရှယ်မီဒီယာကတစ်ဆင့် စစ်အာဏာရှင်ဆန့်ကျင်မှုတွေ ပြသတာ၊ ပြည်ပမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေ၊ လမ်းလျှောက်ပွဲတွေမှာ ပါဝင်တာ၊ နိုင်ငံတကာသံရုံးတွေကို စာပို့တာ၊ ရန်ပုံငွေရှာတဲ့ လုပ်ငန်းတွေမှာ ပါဝင်တာ စတဲ့ စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ Play 2 Donate ဆိုတဲ့အဖွဲ့လေး ဖွဲ့စည်းကာ ဂိမ်း app တွေကို မိတ်ဆွေတွေနဲ့အတူ တီထွင်ပြီး အဲဒီကရတဲ့ဝင်ငွေတွေနဲ့ မြေပြင်ကရဲဘော်တွေ လိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးနေတာပါ။

Play 2 Donate အနေနဲ့ Nway Oo Quiz, Cat Rescue, Nway Oo Candy, Nway Oo Videos စတဲ့ ဂိမ်းapp တွေကို ဖန်တီးထားပါတယ်။

“ပုံမှန်ဂိမ်းလေးတွေဆော့နေရင်းနဲ့ ကြော်ငြာလေးတွေ တက်ပါတယ်၊ ဂိမ်းထဲကို မဝင်ခင် တက်ပါတယ်၊ ဂိမ်းဆော့နေရင်းနဲ့ ကြော်ငြာတက်တယ်၊ ဂိမ်းထဲက ထွက်လိုက်ရင် ကြော်ငြာတက်တယ်၊ ဂိမ်းနိုင်တာတွေ ရှုံးတာတွေမှာ ကြော်ငြာတက်တယ်ပေါ့နော်။

ဒီလိုလုပ်ငန်းတွေဆောင်ရွက်တဲ့အတွက် မိမိရဲ့လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိပေမဲ့ မိသားစုရဲ့လုံခြုံရေးကိုတော့ စိတ်ပူမိတယ်လို့ သူက ဖွင့်ဟပါတယ်။

တစ်ဖက်မှာလည်း အသက်မွေးဝမ်းကျောင်းအလုပ်ကို အချိန်ပေးရတာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးလုပ်ငန်းတွေကို အိပ်ချိန်ထဲက ဖဲ့ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေက ရှောင်လွှဲလို့ မရခဲ့ပါဘူး။

“တော်လှန်ရေးကာလကြီးကျတော့မှ ဒီလိုဟာတွေ လုပ်ဖူးတာလေ။ ရှာနိုင်တဲ့ပိုက်ဆံနဲ့ မြေပြင်က ရဲဘော်တွေရဲ့ လိုအပ်ချက်တွေက အများကြီးကွာတယ်။ မြေပြင်ကအဖွဲ့တွေက ရာနဲ့ချီပြီးရှိတယ်။ ကျွန်မတို့က အများကြီး မထောက်ပံ့နိုင်သေးဘူး။ အဲ့ကနေ အခက်အခဲတွေ၊ စိတ်ဖိစီးတာတွေရှိတယ်” လို့ Stella က ဖွင့်ဟပါတယ်။

နည်းပညာပိုင်းမှာလည်း နည်းပညာသမားတွေဆိုပေမဲ့ နည်းပညာအကုန်လုံးကို မသိနိုင်တဲ့အတွက် အခက်အခဲတွေ၊ Error တွေကို အဖြေရှာရတာတွေလည်း ရှိပါသေးတယ်။

ရရှိလာတဲ့ဝင်ငွေတွေကို မြေပြင်ကလိုအပ်တဲ့နေရာတွေကို ခွဲဝေပေးနိုင်မဲ့နည်းလမ်းနဲ့ လိုအပ်တဲ့နေရာကို လုံခြုံစွာပို့နိုင်မဲ့နည်းလမ်းတွေကို ဆောင်ရွက်ရတာတော့ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ Stella က ဖွင့်ဟပါတယ်။

Stella အပါအဝင် အဖွဲ့သားတွေအတွက် စိတ်ဓာတ်ကျရတဲ့အချိန်တွေကတော့ App ထဲကို လူတွေဝင်မဆော့တဲ့ အချိန်တွေပါပဲ။

“လူတွေက ဝင်မဆော့ပေးကြဘူး။ ပြောရင်တော့ မီးပျက်လို့ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေကြပေမဲ့ Celebrity တွေ၊ ရေပေါ်ဆီလူတန်းစားတွေအတွက် Like တွေ၊ comment တွေ၊ Love တွေက အများကြီးပဲဆိုတော့ အဲ့လိုအရာတွေက စိတ်ဓာတ်ကျတယ်” လို့ သူက ဖွင့်ဟပါတယ်။

ဒါပေမဲ့ မြေပြင်မှာ အသက်ပေးထားတဲ့ရဲဘော်တွေအတွက် လုပ်ကိုလုပ်မှရမယ်၊ နိုင်ကိုနိုင်မှာပါဆိုတဲ့ စိတ်နဲ့ အားပြန်တင်းပြီး ဖြတ်ကျော်ခဲ့ပါတယ်။ ရတဲ့ဝင်ငွေတွေကို လိုအပ်တဲ့နေရာတွေကို ပို့ပေးပြီး မြေပြင်ကရဲဘော်တွေလိုအပ်တဲ့ လက်နက်တွေ ဝယ်နိုင်ကြောင်း အကြောင်းပြန်လာကြတဲ့အချိန်ကတော့ အပျော်ဆုံးအချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

Stella နည်းတူ ဒစ်ဂျစ်တယ်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူကတော့ မေလေး (အမည်လွှဲ) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကစပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်တာ၊ နောက်ပိုင်းမှာ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို လှူဒါန်းတာ စတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ Pa Day Thar Pin – ပဒေသာပင်လို့ အမည်ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ Funding (ငွေကြေးထောက်ပံ့ရန်) ရှာတဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ ပါဝင်လုပ်ကိုင်နေပါတယ်။

မေလေးက အဲဒီအွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ YouTube Channel နဲ့ Website မှာ တင်ဖို့ အကြောင်းအရာတွေရှာတာ တင်ပေးတာ၊ ကိုယ်တိုင် Audiobook တွေ ဖတ်ပေးတာတွေအပြင် လိုအပ်တာမှန်သမျှ ပါဝင်ဆောင်ရွက်နေပါတယ်။

မူလက လွတ်မြောက်နယ်မြေသွားပြီး မွေးမြူရေး၊ စီးပွားရေးလုပ်ကာ ထောက်ပို့အဖြစ် ဆောင်ရွက်မယ်လို့ တွေးထားခဲ့ပေမဲ့ ကိုယ်တိုင်ကလည်း Digital Marketing နယ်ပယ်ကဖြစ်တာကြောင့် မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ဒီလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မေလေးက ပြောပါတယ်။

ဒီလုပ်ငန်းတွေကို တောထဲကနေ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ အင်တာနက်အခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲတွေကတော့ ပြောလို့မကုန်နိုင်ပါဘူး။ ဒါ့အပြင် YouTube Channel နဲ့ Website ပုံမှန်လည်ပတ်နိုင်ဖို့အတွက် နည်းပညာအခက်အခဲတွေကလည်း အမြဲကြုံတွေ့နေရပါတယ်။

စစ်ကောင်စီဘက် ထိုးစစ်ဆင်လာတဲ့အချိန် ရဲဘော်တွေမှာ လက်နက်အပြည့်အစုံမရှိဘူးလို့ ကြားရတဲ့အချိန်တွေက မေလေးအတွက် စိတ်ဓာတ်အကျရဆုံးအချိန်တွေပါပဲ။ ဒါပေမဲ့ အလုပ်ပိုလုပ်ကြမယ်ဆိုပြီး အပြန်အလှန်အားတင်းရင်း ကျော်ဖြတ်ကြတယ်လို့ မေလေးက ဖွင့်ဟပါတယ်။

ရှေ့ဆက်ပြီး YouTube channel နှစ်ခု၊ website နှစ်ခုနဲ့ web app တစ်ခု၊ limited edition တစ်ခု ပြုလုပ်နေပြီး Quiz app တစ်ခုလည်း ဆက်ထုတ်နိုင်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ပါဝင်ကူညီချင်တဲ့ ပြည်သူတွေအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ talent တွေ၊ သီချင်း၊ ဆောင်းပါး၊ ကဗျာ၊ audiobook တွေ ပို့ပေးလို့ရပြီး Padaythar P2P channel နဲ့ website မှာ ပြန်တင်ပေးမှာဖြစ်ပါတယ်။

“ဘယ်လောက်ပဲ စိတ်ပင်ပန်းနေပါစေ ဒီကရတဲ့ဟာအားလုံးက အတိုအရှည်ဖြစ်လာမှာရယ်။ ကိုယ်ပိုင်သေနတ် မဝယ်နိုင်သေးတဲ့ ရဲဘော်တွေ သေနတ်တစ်လက်ရရင် ဘယ်လိုပျော်မယ်ဆိုတာ သိနေတော့ ဘယ် platform ကမဆို ပိုအားစိုက်ပြီး ပြည်သူကလည်း ပူပေါင်းပေးရင် ဘာမှ မလုပ်နိုင်တာထက်စာရင်တော့ ထင်တာထက် ပိုပြည့်စုံလာမှာပါ” လို့ မေလေးက ပြောပါတယ်။

Stella နဲ့ မေလေးနည်းတူ ဒစ်ဂျစ်တယ်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ Theo ကလည်း “ဒီလိုလုပ်ငန်းမှာ ပါဝင်တဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ရတာ၊ အင်တာနက်လိုင်းမကောင်းတာတွေကြောင့် တစ်ခါတလေစိတ်ဓာတ်ကျမိတယ်” လို့ ဆိုပါတယ်။

Theo က Click for Revolution လို့ အမည်ရတဲ့ အွန်လိုင်းပလက်ဖောင်းမှာ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

“ပုံမှန်အနေအထားအတိုင်း ပြန်နေနေတဲ့သူတွေနဲ့ ရေပေါ်ဆီတွေကို တွေ့တဲ့အခါမျိုး၊ ကိုယ့်ရဲဘော်တွေ အထိအခိုက်များတဲ့အခါမျိုး၊ ကိုယ့်အနာဂတ်ကို တွေးမိတဲ့အခါမျိုးတွေမှာ တစ်ခါတလေတော့ စိတ်ဓာတ်ကျမိတယ်” လို့ Theo က ဖွင့်ဟပါတယ်။

ငွေကြေးသက်သက် မထောက်ပံ့နိုင်ရင်တောင် ကိုယ့်နေ့စဉ် ဆိုရှယ်မီဒီယာအသုံးပြုတဲ့ အချိန်တချို့ထဲကနေ ကူညီထောက်ပံ့နိုင်တဲ့ အဆင်ပြေပြီး ကိုယ်တိုင်လည်း နေ့စဉ် ပုံမှန်အလုပ်တစ်ခုလို မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ ဒီပလက်ဖောင်းတွေကို အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

“ကိုယ်ကိုယ်တိုင်လှူချင်ရင်တောင် ချိတ်ဆက်နေဖို့က အဆင်မပြေနိုင်ဘူးလေ။ တစ်နည်းအားဖြင့် ဒါဟာ ကိုယ့်လုပ်အားနဲ့ ထောက်ပံ့ခြင်းတစ်မျိုးပဲမို့ ကျန်သူများကိုလည်း အချိန်လေးနည်းနည်းပေးပြီး Click စေချင်ပါတယ်” လို့ သူက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်ကလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေဟာ အခက်အခဲအချို့ရှိပေမဲ့လည်း တော်လှန်ရေးအောင်မြင်ဖို့သာ ဆန္ဒရှိနေကြပြီး ပြည်သူတွေများများပါဝင်ဖို့ တိုက်တွန်းပါတယ်။

“Digital Strike က ရတဲ့ ငွေပမာဏတွေက တော်တော်များတာမို့ ရဲဘော်တွေကိုလည်း ပမာဏများများ ထောက်ပံ့ပေးနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ Digital strike တွေမှာ ပိုပြီး ပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ Theo က ဆိုပါတယ်။

မေလေးကလည်း “ပြည်သူတွေ ပင်ပန်းနေတာ သိလို့ကို လုံးဝ အလှူငွေမကောက်ဘဲ YouTube ပဲ ကြည့်ပေးပါ၊ click ပဲ click ပေးပါလို့ တောင်းဆိုပြီး တောထဲကနေ အချိန်မရှိတဲ့ကြားထဲ၊ ဘယ်အချိန် လေယာဉ်လာမလဲ မသိတဲ့ကြားက ရဲဘော်တွေ ကြိုးစားပေးနေတာမို့ ပြည်သူတွေက တတ်နိုင်တာထက်ပိုပြီး ကူညီပေးကြပါ၊ အချိန်ပေးကြဖို့ ပြောချင်ပါတယ်။ ကိုယ်တိုင်လည်းကြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပါ တိုက်တွန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတော့တယ်။

(Honest Information ၏ အင်တာနက်စာမျက်နှာ https://hiburma.net မှ ကူးယူ ဖော်ပြပါသည်)

မြန်မာနှစ်သစ်မှာ ပုစဉ်းဖမ်းပွဲ စပြီလို့ Area 21 ကြေညာ

လူထုရဲ့ ကူညီမှုတွေကြောင့် Area 21 တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ RPG တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုယန္တရားကို အဓိကပစ်မှတ်ထားမယ်လို့ ကြေညာပါတယ်။

“RPG တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက် စစ်ကောင်စီရဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အဓိကထား ပစ်ချတိုက်ခိုက်သွားမှာဖြစ်လို့ “Area -21 ပုဇဉ်းဖမ်းပွဲကြီး” ကို ပြည်သူတွေ တွေ့မြင်ကြရတော့မယ်” လို့ Area-21 က ကြေညာပါတယ်။

Click to Donate (C2D) နဲ့ အခြားအလှူရှင်အသီးသီးက Area – 21 Revolution Network အတွင်း မြေပြင်တပ်ဖွဲ့တွေဆီ လှူဒါန်းခဲ့တဲ့ ထောက် ပံ့ငွေတွေနဲ့ ဝယ်ယူခဲ့တဲ့ ဒုံးပစ်လောင်ချာ (RPG) တွေဟာ ယခုအခါ သက်ဆိုင်ရာတပ်ဖွဲ့တွေရဲ့ လက်ဝယ်ကို ရောက်ရှိနေပြီလို့ ဖော်ပြပါတယ်။

နွေဦးမှာ ပိတောက်ပန်းတွေဝေဖို့ သင်္ကြန်မိုးကို လိုအပ်သလို နွေဦးတော်လှန်ရေး ဒီမိုကရေစီနောက်ဆုံးတိုက်ပွဲကြီး အောင်မြင်ဖို့လည်း ပြည်သူအများရဲ့ အထောက်အပံ့ကို လိုအပ်နေတာကြောင့် “Click” ကြဖို့ တတ်နိုင်ရာက ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်စတဲ့ တိုက်ခိုက်ရေးယန္တရားတွေကို ဖျက်ဆီးတာ၊ သိမ်း ဆည်းနိုင်တာမျိုးပြုလုပ်နိုင်ရင် အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းအထိ ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။khit thit

အာဏာသိမ်းစစ်ခေါင်းဆောင် အိမ်အဝင်လမ်းစောင့်သည့် တပ်သားများ သေနတ်ပစ်ခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်က စစ်ခေါင်းဆောင် နေအိမ်ခြံဝင်းကိုဝင်တဲ့ လမ်းစောင့်တဲ့ စစ်ကောင်စီ တပ်သားတွေကို ဧပြီ ၁၀ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကားနဲ့လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြားစစ်ခေါင်းဆောင်တွေ နေထိုင်တဲ့ အင်းလျာလမ်းရှိ ဇော်ဂျီလမ်နဲ့ ပန်းဝါလမ်းထောင့် စစ်ကောင်စီ တပ်သားတွေကို ညနေ ၄ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာပါ။

“အခြေအနေက တော်တော်ရုတ်ရုတ်သဲသဲဖြစ်သွားတာ။ စဖြစ်တော့ ဂိတ်ကို ပစ်တယ်လို့ မထင်ဘူး။ ဒီကောင်တွေ တခုခုကို လိုက်ပစ်တယ်လို့ ထင်တာ။ ပြီးမှ စစ်ခွေးတွေကို လာပစ်သွားတာလို့ သိရတာ ဝမ်းသာလိုက်တာ။ မျက်ရည်တောင် ဝဲတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်သံ စကြားတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေကို လိုက်ပစ်တယ် အထင်နဲ့ မိခင်ဖြစ်သူနဲ့အတူ စိတ်မကောင်းဖြစ်နေကြပြီး စစ်ကောင် စီတပ်သားတွေ ဂိတ်ကို သေနတ်နဲ့ လာပစ်တဲ့ ရုပ်သံဖိုင်တက်လာမှ ဝမ်းသာမိပြီး သက်ပြင်းချရတယ်လို့ သူက ဖြစ်စဉ်ကြားရတဲ့အချိန်ကို ပြန် ပြောပြပါတယ်။

ပစ်ခတ်မှုဟာ အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ဘဲ သေနတ်သံ ဆက်တိုက် ၁၅ ချက်ကျော် ကြားခဲ့ရပြီး အချိန်အားဖြင့် ၁ မိနစ်ဝန်းကျင်လောက် ရှိနိုင်မယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ လူနာတင်ကားတွေ အသည်းသန် ရောက်လာခဲ့သလို လမ်းတွေကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေ ပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ DVB

ပွင့်ဖြူနှင့် ပခုက္ကူတွင် ဝါစိုက်ပျိုးရေးတပ် ဓာတ်အားလိုင်းနှင့် စစ်ကောင်စီယာဉ် ဖောက်ခွဲတိုက်ခိုက် ခံရ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဧပြီ ၉ ရက်နေ့မွန်းလွဲပိုင်းမှာ ပွင့်ဖြူ PDF က ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနကို မီတာမဆောင်လို့ဆိုပြီး ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၃၀ လောက်ကို လျှပ်စစ်မီးဖြတ်တောက်တဲ့အပြင် တော်လှန်သင်္ကြန်ကြိုတဲ့အနေနဲ့ ဝါစိုက်ပျိုးရေးတပ်ကို သွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပွင့်ဖြူ PDF ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူကို ပြန်သတ်မယ့် ကျည်ဆန်အဖြစ် ပြောင်းလဲသွားမယ့် လျှပ်စစ်မီတာခ မပေးဆောင်တဲ့ ပြည်သူလူထုကို ပွင့်ဖြူ PDF က အထူးကျေး ဇူးတင်တယ်လို့ ဆိုပါတယ်။

ဇီးတောကျေးရွာဒေသခံတယောက် “ကျနော်တို့ အိမ်တွေကို လျှပ်စစ်မီး ဖြတ်ခံရတာတော့ ၃ ရက်လောက်ရှိပြီဗျ။ မီတာဘောက်တွေကိုတော့ ဖြုတ်သိမ်းတာတွေမရှိဘူး။ ထရန်စဖော်မာကနေ ဖြတ်ထားပုံရတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ အမှောင်ထဲမှာ ဖယောင်းတိုင်နဲ့ နေရတာထက်စာရင် စစ်အုပ်စု အာဏာသိမ်းလိုက်လို့ တိုင်းပြည်တခုလုံး အမှောင်ဖုံးနေတာက ပိုပြီးဆိုးရွားတဲ့အခြေနေပါ။ စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေမယ့် လျှပ်စစ်မီတာခကိုတော့ ဘယ်တော့မှ ဆောင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်ပါးစေ လျှပ်စစ်ဌာနဟာ နေရာဒေသအသီးသီးက မြို့နယ်တွေ၊ ကျေးရွာတွေမှာ လျှပ်စစ်မီတာခတွေ အတင်းအကျပ် ကောက်ခံတာကြောင့် မီတာစာရေးတွေ မကြာခဏ သတ်ဖြတ်ခံရတာတွေရှိသလို လျှပ်စစ်ရုံးတွေလည်း မကြာခဏ ဗုံးခွဲတိုက်ခိုက်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဦးစီးကျင်းပမယ့် သင်္ကြန်ရေကစားမဏ္ဍပ်တွေမှာ ပြည်သူလူထုအနေနဲ့ မသွားရောက်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်  ကိုင်းစံပြကျေးရွာကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကား ၁ စီးကိုလည်း ဧပြီ ၉ ရက် နေ့ခင်းပိုင်းက အင်ပင်ကျေးရွာယောင်းမစွန်ဆီဆိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defense Force က ပြောပါတယ်။

“မနေ့ကတည်းက ဒီလမ်းကို ပြည်သူတွေမသုံးကြဖို့ ကြိုသိပေးထားပြီးဖြစ်ပါတယ်၊ ဒီလမ်းကို စစ်ကောင်စီတပ်က သုံးနေတယ်လို့ သိရတဲ့အတွက် သူတို့အလာကိုစောင့်ပြီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”

စစ်သား ၆  ယောက်လောက် လိုက်ပါလာတဲ့  စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ဆိုပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်ကောင်စီ တပ်သားတွေက ကိုင်း(စံပြကျေးရွာ)ကို ဧပြီ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ရွာထဲက အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအတွင်းက လူငယ်တယောက်ကိုလည်း  ဆိုင်ကယ်မရပ်ပေးတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ သေနတ်ပစ်ခတ်တာတွေအပြင် ဗုံးကွဲသံတွေပါ ကြားနေရတာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။DVB

ကလေးမြို့တွင် ဗုံး ၄ ကြိမ်ကွဲပြီး မြို့တွင်း တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့တွင်လည်း ဗုံး ၂ ကြိမ် ကွဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ ဧပြီလ ၁၀ ရက် ညတွင် ဗုံးပေါက်ကွဲသံများ ၄ ကြိမ်ခန့် ထွက်ပေါ်လာပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများ တရစပ်ကြားရပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ည ၆ နာရီ ၄၀ လောက်ကပေါ့ ဗုံး ၁ လုံး စ ကွဲတယ်၊ ကွဲတာကတော့ ပင်လုံ လမ်းမတော် ဆိုတဲ့နေရာမှာပေါ့၊ မီးခိုးလုံးတွေ တက်လာတာတွေ့တယ်၊ နေရာအတိအကျတော့ မသိရသေးဘူး။ အခု မြို့ပေါ် နေရာအနှံ့ပဲ တော်တော်လေးကို ပြင်းထန်တယ်၊ ပစ်ခတ်နေကြတယ်၊ အခုကို ဗုံးကွဲတာ ၄ လုံးလောက်ရှိပြီ၊ အခုလက်ရှိ ၇ နာရီ ၁၀ မိနစ်အထိ ပစ်နေတုန်းပဲ၊ ပစ်သံတော့ နည်းသွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။

ယနေ့ ကလေးမြို့ပေါ်တွင်ဖြစ်ပွားသော မြို့တွင်းတိုက်ပွဲအတွင်း ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရထားသည်ဟု သတင်းများထွက်ပေါ်နေပြီး ထိခိုက်သေဆုံးစာရင်းကို ကနဦး အတည်မပြုနိုင်သေးပေ။

ယမန်နေ့ ဧပြီလ ၉ ရက်တွင်လည်း ကလေးမြို့ ကမ္ဘောဇဘဏ် ၂ အနီးဝန်းကျင်နှင့် သစ္စာဦး မိတ္တူဆိုင် အနီးဝန်းကျင်တွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး မိတ္တူဆိုင်နှင့် နေအိမ်အချို့ အရှေ့မျက်နှာစာများ ထိမှန်ပျက်စီးခဲ့သလို ကလေးမြို့အနောက်ဘက်ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ဧပြီလ ၇ ရက်တွင်လည်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲခံရပြီး စစ်သားများက ပြန်လည် ရမ်းသန်းပစ်ခတ်မှုကြောင့် သုံးဘီးဆိုက်တွဲမောင်းသူ အသက် ၆၂ နှစ်ရှိ ဦးဉာဏ်ထွန်း သေဆုံးခဲ့သည်။

ကလေးမြို့အနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် အများပြည်သူများအနေဖြင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြရန် PDF-Kalay က ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။khit thit

တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းနှင့်ပတ်သက်ပြီး CDF ၏ စွပ်စွဲချက်အား ZRA ငြင်းဆိုလိုက်ပြီး ပူးပေါင်း တိုက်ဖျက်ခြင်းသာ အကောင်းဆုံးဟု ပြောကြား

ချင်းပြည်နယ် တီးတိန်မြို့နယ် ထင်းလှေးကျေးရွာအနီးတွင် တစ်ဧကခန့်ရှိသော တောင်ယာဘိန်းစိုက်ခင်းအား Chinland Defense Force – Hualngoram မှ ဖျက်ဆီးခဲ့ပြီး ၎င်းအခင်းပိုင်ရှင်မှာ ZRA ဖြစ်ကြောင်းပြောဆိုချက် အပေါ် ဇိုမီးတော်လှန်ရေးအဖွဲ့(ZRA) အဖွဲ့မှ တုံ့ပြန်ငြင်းဆိုလိုက်သည်။

“ဘိန်းခင်းတွေက ကျနော်တို့ ZRA တွေရှိတဲ့နေရာမှာ စိုက်လည်းမစိုက်ဘူး၊ ရှိလည်းမရှိဘူး။ အခုလို ကျနော်တို့ကို သိက္ခာကျအောင်လုပ်တာက သိပ်မဟုတ်ဘူး။ CDF- Hualngoram တွေက ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ နာမည် ပျက်အောင် ခဏ ခဏ လုပ်နေတာ။ အခုလို စွပ်စွဲနေတာထက် အားလုံးပူးပေါင်းပြီးမှ တိုက်ဖျက်တာ ပိုကောင်း မယ်” ဟု ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) စစ်ဉီးစီးချုပ် ဗိုလ်မှူးကြီးမာဆွန်ဇိုထန်မှ မဇ္စျိမကိုပြော သည်။

ယခုကဲ့သို့ မဟုတ်မမှန်စွပ်စွဲခြင်းအပေါ် လုံးဝဆန့်ကျင်ပြီး ဆက်လက်စွပ်စွဲပြောဆိုမှုများရှိလာပါက သွေးချင်း ညီ အကိုများအကြား စည်းလုံးညီညွတ်ရန်မလွယ်ကူကြောင်း ဆိုသည်။

ဘိန်းခင်းစိုက်နေရာများမှာ မဏိပူရနှင့်နီးသော အရှေ့ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်ထဲတွင်ဖြစ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ဝင်လာသော ကသည်းလူမျိုးများဖြစ်ပြီး ယခင်ခေတ်အဆက်ဆက် နဝတ၊ နအဖ၊ စစ်ကောင်စီ လက်ထက်မှ ယနေ့အထိ မွေးမြူထားခြင်းဖြစ်ပြီး ၎င်းတို့အင်အားဖြင့် အနီးနားသို့သွား ရန်ပင်ခက်ခဲကြောင်းပြော သည်။

ဧပြီလ ၉ ရက်နေ့က Chinland Defense Force – Hualngoram က ဘိန်းခင်းတခုအား မီးရှို့ဖျက်ဆီးပြီး တာဝန်ခံ တစ်ဉီးအားဖမ်းဆီးထားကာ ၎င်း၏ဝန်ခံထွက်ဆိုချက်အရ အခင်းပိုင်ရှင်မှာ ZRA များဖြစ်ကြောင်း ပြောဆိုချက်အား မဇ္စျိမမှ ဖော်ပြထားသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲတွင် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) အပါဝင် လူမျိုးစုနှင့်လက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ခန့် လှုပ်ရှားနေကြကြောင်း ဒေသတွင်းအရင်းအမြစ်များထံမှ သိရှိရ သည်။mizzima

« Older Entries