မန္တလေးသပိတ်အင်အားစုနှင့်ပတ်သက်၍ စစ်ကောင်စီက လုပ်ကြံဗီဒီယိုဖြန့်ချိ

စစ်ကောင်စီဘက်ကဝါဒဖြန့်ဗီဒီယိုတစ်ခုထဲတွင် မန္တလေးသပိတ်အင်အားစုဝင်တစ်ဦးက ကျန်အဖွဲ့ဝင်များကို လိုက်လံသတ်ဖြတ်သည်ဆိုခြင်းနှင့်ပတ်သက်၍ ” လုပ်ကြံဇာတ်လမ်း” သာဖြစ်သည်ဟု ကာယကံရှင်များက တုံ့ပြန်ပြောဆိုလိုက်သည်။

တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးချန်နယ်လ်မှ ဧပြီလ ၈ ရက်နေ့က ဖြန့်ချိသောဗီဒီယိုထဲတွင် ဖမ်းဆီးခံထားရသော သပိတ်အင်အားစုဝင်တစ်ဦးဖြစ်သော ကိုထက်ကိုက “Felix ဆိုတဲ့ကောင်ကို လုံးဝအယုံအကြည်မရှိပါနဲ့။ တော်လှန်ရေးအတွက် လှူဒါန်းပေးထားတဲ့ငွေတွေကို Felix က ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အဲလိုသိခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့အဖွဲ့တွေနဲ့ စကားများရန်ဖြစ်ခဲ့ရာက သတ်ဖြတ်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ တချို့ဆို သေသလားရှင်သလားတောင်မသိရတော့ပါဘူး” ဟု ပြောဆိုထားသည်။

အဆိုပါဗီဒီယိုထဲတွင်ပါ ကိုထက်ကိုပြောသလိုပင် ကိုဟိန်းမင်းဇော်ကလည်း တထေရာတည်း ထပ်ပြောထားပြန်သည်။

ကိုဟိန်းမင်းဇော်အပါအဝင် သပိတ်အင်အားစုဝင် လေးဦးကို ဧပြီလ ၄ ရက်နေ့က အမရပူရရှိ ၎င်းတို့၏လျှို့ဝှက်စုရပ်နေအိမ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟု ယုံကြည်ရသည်။

၎င်းအဖြစ်အပျက်နောက်ပိုင်း မန္တလေးသပိတ်အင်အားစုဝင်များအတွင်း အဖမ်းခံရသူများထပ်မံရှိခဲ့ပြီး စုစုပေါင်း ကိုးဦးဖြစ်သည်။

ဧပြီလ ၈ ရက်နေ့က လေးဦးကို အိုးဘိုထောင်သို့ပို့လိုက်သည်ဟု သပိတ်အင်အားစုဝင်များက စုံစမ်းသိရှိရသော်လည်း ကိုထက်ကိုနှင့် ကိုဟိန်းမင်းဇော်တို့ကတော့ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရသေးဘဲဖြစ်သည်။

ကိုထက်ကိုက ရည်ညွှန်းပြောဆိုသော Felix (ခေါ်) မောင်ကျော်စွာဝင်းကတော့ အစောပိုင်းကတည်းက အဖမ်းခံရသူဖြစ်သည်။

Felix သည် မန္တလေးလျှိူ့ဝှက်စုရပ်နေအိမ်မှ မတ်လ ၂၇ ရက်နေ့က အပြင်သို့သွားရာ နေအိမ်ရှိကျန်သူများနှင့် ဖုန်းအဆက်သွယ်ပြတ်သွားတော့သည်။ အတန်ကြာမှ တယ်လီဖုန်းလက်ခံစကားပြောသူမှာ တစ်ခြားသောအမျိုးသားတစ်ဦးဖြစ်နေသလို စကားပြောသံများနောက်ကွယ် ရိုက်နှက်ခံရ၍ အော်ဟစ်သံများလည်း ကြားကြရသည်။ ထိုနေ့မှစ၍ Felix နှင့်ပတ်သက်သော သတင်းစုံးစုံးမြုပ်နေသည်မှာ ယနေ့တိုင်ဖြစ်သည်။

မန္တလေးသပိတ်အင်အားစုဝင်တစ်ဦးက ” စစ်ကောင်စီသတင်းဖြန့်ထားတဲ့အထဲ ပါတဲ့သူတွေက အဖွဲ့ဝင်တွေလည်းမဟုတ်ပါဘူး။ဘယ်ကခေါ်ထားတဲ့သူတွေလည်းတော့မသိပါဘူး။ ပုံတွေကြည့်မယ်ဆိုရင်လည်းလုပ်ကြံဇာတ်လမ်းဆင်ထားမှန်းသိသာပါတယ်။ဒါကြောင့် ကို felixက အဖွဲ့၀င်တွေကိုသတ်ပြီးအလှူငွေတွေယူပြေးတယ်ဆိုတာမဟုတ်ပါဘူး။ ဒီအရင်ကလည်းအဖွဲ့တွင်းငွေကြေးအရှုပ်အရှင်းတစ်စုံတစ်ရာမှမဖြစ်ခဲ့ဖူးပါဘူး။” ဟု မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ဗီဒီယိုက သပိတ်အင်အားစုများအတွက် ၎င်းတို့၏လုပ်ဖော်ကိုင်ဘက်အသက်အန္တရာယ်အတွက် စိုးရိမ်စရာတစ်ခုဖြစ် လာခဲ့သည်။

” Felix အန္တရာယ်မကင်းဘူးလို့ယူဆပါတယ်။ Felix သတင်းမကြားရတော့ စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံရပြီးက တည်းက သတင်းအစအနပျောက်နေတာပါ။ အသက်အန္တရာယ်အတွက် စိုးရိမ်နေပါတယ်။ ” ဟု ပြောသည်။

“အခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အင်အားစုအဖွဲ့ဝင်အားလုံးဟာ သူတို့လက်ခုပ်ထဲကရေပါပဲ။ သူတို့လုပ်ချင်သလိုလုပ်လို့ရနေတဲ့အခြေအနေပါ။ ပြန့်လာတဲ့ video တွေကိုကြည့်မယ်ဆိုရင် ကိုထက်ကိုရဲ့ပြောနေတဲ့ဟန်ပန်ဟာ နှုတ်တိုက်ကျက်ပြီးပြောရသလိုဖြစ်နေပြီး အသက်မပါတာကိုတွေ့ရပါတယ်။ ကိုဟိန်းမင်းဇော်ရဲ့ ဗီဒီယိုမှာဆိုရင်လည်း ကိုဟိန်းမင်းဇော်ရဲ့မျက်လုံးတွေကိုကြည့်မယ်ဆို ဘယ်လောက်ဖိအားပေးပြီးပြောခိုင်းထားသလဲဆိုတာကို သိနိုင်ပါတယ်။ ” ဟု မန္တလေးသပိတ်အင်အားစုက ဆိုထားသည်။

စစ်ကောင်စီဘက်မှ မန္တလေးမြို့ပေါ်ရှိ တော်လှန်ရေးတက်ကြွလှုပ်ရှားသူများအား ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး မန္တလေးသပိတ်အင်အားစုဦးဆောင်သူအပါအဝင် အဖွဲ့ဝင် ၁၄ ဦးအထိ စစ်ကောင်စီမှ ဖမ်းဆီးထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s