လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်ပစ်ခတ်သံများ ဆူညံနေသည့်အချိန် အားမလို၊ အားမရ စိတ်ဖြင့် ကတုတ်ကျင်းထဲက အပေါ်ကိုတက်ပစ်လိုက်သော ရဲဘော်မော်ကွန်းသစ်၏ နံဘေးကို ၁၂၀ မမ လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ထိုအချိန်တွင် ရဲဘော်မော်ကွန်းသစ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လက်နက်ကြီးအစထိမှန်ပြီး ရုတ် တရက် ထိုးလဲကျသွားခဲ့သည်။
ယင်းနောက် တိုက်ပွဲများဖြစ်ပွားနေချိန် မိနစ်ပိုင်းအကြာမှာပဲ နောက်ထပ် ရဲဘော်အောင်မင်းခန့်သည် လည်း ဦးခေါင်းကို စနိုက်ပါထိမှန်ပြီး ကျဆုံးသွားသည်။
ထိုအဖြစ်အပျက်ကို ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်နေသူ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်နယ်မြေ(ကော်သူးလေ)၊ တပ်မဟာ (၆) လေးကေ့ကော်မြို့သစ်အနီးတွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၃ နာရီခန့်ကစတင်ပြီး KNLA ၊ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားသောတိုက်ပွဲတွင် ၎င်းတို့ နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
လေးကေ့ကော်မြို့သစ်၏ အရှေ့တောင်ဘက်ရှိ ဇီးရိုးကုန်းပေါ်(စစ်ရေးအခေါ်အဝေါ်)တွင် ရဲဘော် မော် ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့်တို့ပါဝင်သည့် လင်းယုန်စစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များသည် မေတ္တာလင်းမြိုင်ဘက်နှင့် အမြောက်ကုန်းဘက်က ကျူးကျော်တက်လာသော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ခုခံတိုက်ခိုက်နေကြသည်။
လင်းယုန်စစ်ကြောင်းသည် လေးကေ့ကော်အခြေပြုလှုပ်ရှားနေသည့် Cobra စစ်ကြောင်းများအနက် တစ်ခုဖြစ်သည်။
“ မနက် ၃ နာရီလောက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ မေတ္တာလင်းမြိုင်၊ BGF ကုန်းနဲ့ အမြောက် ကုန်းကနေ ကျွန်တော်တို့ဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းဝိုင်းထိုးတာပေါ့” ဟု မြေပြင်တိုက် ပွဲဝင်နေသည့် Cobra စစ်ကြောင်းက ရဲဘော်တစ်ဦးက ပြောသည်။
ရဲဘော်မော်ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့်တို့ရှိနေသည့် ဇီးရိုးကုန်းနှင့် ကိုက် ၁၀၀၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီများဖြင့် အထိုင်နေရာယူထားသော အမြောက်ကုန်းတည်ရှိပြီး ယင်း အမြောက်ကုန်းက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇီးရိုးကုန်းရှေ့တန်းစစ်မျက်နှာပြင်တွင် ကျူးကျော်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခုခံပစ်ခတ်နေရင်း ယင်းနေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် ရဲဘော် မော်ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့်တို့ နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့်ပင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
“အဲဒီနေ့မနက်မှာ အဲညီလေးနှစ်ယောက်ကို ရှေ့က စစ်ပန်းတဲ့ ရဲဘော်နဲ့ သူတို့နဲ့ နေရာချင်းလဲလိုက်တာ ပေါ့ဗျာ။ ရှေ့မှာသူတို့တိုက်နေရင်းနဲ့ပဲ ညီလေးမော်ကွန်းသစ်က ကတုတ်ကျင်းထဲမှာ။ ဟိုဘက်ကတက် လာတဲ့ ရန်သူတွေကို ထပြီးတော့ တက်ပစ်လိုက်တာ။ ဘေးကရဲဘော်တွေက မတက်ပစ်နဲ့ဦးဆိုပြီးတော့ ဆွဲလိုက်တယ်။ သူတက်ပစ်တဲ့အချိန်မှာပဲ ဟိုဘက်ကပစ်တဲ့ ၁၂၀ မမ ထိသွားတယ်” ဟု ရှေ့တန်း ရဲဘော်က မော် ကွန်းသစ် ကျဆုံးခဲ့ပုံကို ပြောပြသည်။
“ ရဲဘော်အောင်မင်းခန့်လေးကတော့ ပွဲထဲမှာဖြစ်နေရင်းနဲ့ပဲ၊ ဟိုဘက်ပစ်၊ ဒီဘက်ပစ်တဲ့အချိန် ဟိုဘက်က စနိုက်ပါနဲ့ပစ်လိုက်တာ မိသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
၎င်းတို့နှစ်ဦး အသက်ကို အချိန်မီကယ်နိုင်ရန် ရှေ့တန်းကနေ ဆေးခန်းရှိသည့်နေရာသို့ သယ်ဆောင်ခဲ့ သော်လည်း လမ်းခုလတ်တွင်ပင် ကျဆုံးသွားခြင်းဖြစ်သည်ဟု ရှေ့တန်းဆေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြ သည်။
၎င်းတို့၏ ရုပ်အလောင်းများကို ကော်သူးလေနယ်မြေတွင် ယင်းနေ့ နေ့လည်ပိုင်းက တိုက်ပွဲများအကြား သင်္ဂြိုဟ်ပေးခဲ့ကြရသည်။
ယင်းနေ့ ဧပြီလ ၁၀ ရက်နေ့တွင် နယ်မြေခံ KNLA ၊ Cobra ပူးပေါင်း စစ်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တစ်ရက်လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီး CDM စစ်သားအရာရှိများကပင် KNLA ဘက်မှစစ်ကူဝင်ရောက် တိုက်ပေးခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း အကျအဆုံးများခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးပွင့်နှင့် ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးကို KNLA တပ်ဖွဲ့က အရှင်ဖမ်းမိခဲ့သည်။ ယင်းနောက် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် (၂၂) ကြိမ်တိတိ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြု လုပ်ခဲ့ကြောင်း မြေပြင်တိုက်ပွဲဝင်နေ သူများကဆိုသည်။
ယင်းနေ့တိုက်ပွဲတွင် နယ်မြေခံ KNLA နှင့် Cobra စစ်ကြောင်းဘက်ကမှု နောက်ထပ်အသေးစား ဒဏ်ရာ ရသူ ရဲဘော်လေးဦးရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲမဖြစ်ပွားမီ ဧပြီလ ၉ ရက်နေ့ ညပိုင်းတွင် ထိုတောင်ကုန်းပေါ်သို့ စစ်ကောင်စီ၏ တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ကင်းထောက်ဒရုန်းငယ်တစ်စီး လာရောက်ပျံဝဲမှုများ ရှိခဲ့သည်။
ကျဆုံးသွားသော ရဲဘော်မော်ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့်တို့ နှစ်ဦးစလုံးသည် ဆယ်ကျော်သက် အရွယ် တက္ကသိုလ်ကျောင်းသား ခေတ်ပ ညာတတ် လူငယ်၊ လူရွယ်များ ဖြစ်ကြသည်။
အသက် (၁၈) နှစ်အရွယ် ရဲဘော်မော်ကွန်းသစ်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဇာတိ၊ ရခိုင်လူငယ်ဖြစ် ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီးမှုများ ပြုလုပ်လာချိန် အောက်တို ဘာလတွင် KNU လွတ်မြောက်နယ် မြေသို့ရောက်ရှိလာပြီး အခြေခံစစ်ပညာကို နှစ်လကြာသင်ယူပြီး နောက် Cobra စစ်ကြောင်းလက်အောက်ခံ၊ လင်းယုန်စစ်ကြောင်းတွင် တာဝန်ကျခဲ့သည်။
ရဲဘော်မော်ကွန်းသစ် သင်တန်းဆင်းကာ တာဝန်ကျပြီး ရက်ပိုင်းအကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် လေးကေ့ကော်တိုက်ပွဲ စတင်ခဲ့သည်။
ထိုတိုက်ပွဲတွင်ပင် သင်တန်းဆင်းပြီးကာစ ရဲမော်ကွန်းသစ်သည် တက်တက်ကြွကြွဖြင့် တာဝန်ကျေပွန်စွာ တိုက်ပွဲဝင် ခဲ့သူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ ရဲဘော်တစ်ဦးက ပြောသည်။
“ရဲဘော်မော်ကွန်းသစ်က တကယ့်ကို နုနုဖတ်ဖတ်၊ အသားရည်ဆိုရင် မိန်းမချော ချောတဲ့ပုံစံမျိုးထဲမှာပါ တယ်။ ဒီကလေးက တော်တော်အချစ်ခံရတယ်။ တိုင်းရင်းသားလူမျိုးလေးဆိုတော့ စကားဝဲဝဲလေးနဲ့ လူတကာရဲ့ အချစ်ခံရတယ်။ ကူညီတတ်တယ်။ တော်တော်သံယောဇဉ်ရှိတယ်။ လူကြီးတွေရဲ့ အချစ်ကို လည်း ခံရတယ်။ ပေးအပ်တဲ့တာဝန်ကိုလည်း အမြဲတမ်းကျေပွန်တယ်” ဟု နီးစပ်သူ ရဲဘော်က ပြောပြ သည်။
နောက်ထပ်ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်အောင်မင်းခန့်သည်လည်း အသက် (၂၀) ဝန်းကျင်အရွယ်ဖြစ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်သည်။
၎င်းသည်လည်း Cobra စစ်ကြောင်းကို စက်တင်ဘာလလောက်တွင် ရောက်လာခဲ့ပြီး နှစ်လကြာ စစ်ပညာ သင်ယူပြီးနောက် ရှေ့တန်းစစ်မြေ ပြင်တွင် တိုက်ပွဲအတွေ့အကြုံရှိသူဖြစ်လာသည်။
ရဲဘော်မော်ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့်တို့ နှစ်ဦးသည် ကျောင်းသားဘဝကတည်းက သိကျွမ်းခဲ့ သည့် သူငယ်ချင်းများ မဟုတ်သော် လည်း စစ်သင်တန်းဆင်းပြီးနောက် ရှေ့တန်းစစ်မြေပြင်ရောက်သည့် အချိန်တွင် တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး ဆက်ဆံရေးရှိသည့် သူငယ်ချင်းများ ဖြစ်ကြသည် ဟု ရဲဘော်များက ပြောပြသည်။
ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲတွင်မူ ၎င်းတို့နှစ်ဦးလုံးသည် စစ်အာဏာရှင်လက်ထက် ကော်သူလေး နယ်မြေတွင် အသက်ပေးသွားခဲ့ရသော အနာဂတ်လင်းလက်ကြယ်များအဖြစ် မိတ်ဆွေရဲဘော်များက အမှတ်ရနေကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ခဲယမ်းလိုအပ်ချက်များစွာဖြင့် စစ်အာဏာရှင်ကို ရရာလက်နက် စွဲကိုင်တော်လှန်ရင်း ထိုသို့အသက်ပေး သွားခဲ့ရသော နောက်ထပ် ပညာတတ်လူငယ်၊ လူရွယ်များစွာ လည်း ရှိနေသေးသည်။
“ငယ်ငယ်ရွယ်ရွယ်နဲ့ စာသင်ရမယ့်အချိန်မှာ တိုင်းပြည်အတွက် အသက်ငယ်ငယ်နဲ့ အများအကြီးပေးဆပ် နေရတယ်။ ကြယ်ကလေးတွေ ဒီလိုကြွေနေတဲ့အချိန်မှာ နေနိုင်တဲ့လူတွေက နေနိုင်သေးကြသေးတယ်။ သူတို့လို စိတ်ဓာတ်မျိုးတွေရှိစေချင်တယ်” ဟု Cobra စစ်ကြောင်းမှာ တာ ဝန်ထမ်းဆောင်နေသူ ရဲဘော် တစ်ဦးက ပြောကြားခဲ့သည်။mizzima
Like this:
Like Loading...