ရတနာသိင်္ခမြစ်ကူးတံတားရှိ စစ်ကောင်စီတပ်လုံခြုံရေးဂိတ်တိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားသည့် ရတနာသိင်္ခမြစ်ကူးတံတားရှိ စစ်ကောင်စီတပ် လုံခြုံရေး ဂိတ်ကို ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသည့် စဉ့်ကူးမြို့နယ်ဘက်အခြမ်းရှိ ရတနာ့သိင်္ခတံတား လုံခြုံရေးဂိတ်ကို စဉ့်ကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်များ၊ M9 ဗုံးသီးလောင်ချာများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ မနက် ၄ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီဂိတ်မှာက စစ်ကောင်စီနဲ့ ရဲ စုစုပေါင်း အင်အား ၂၀ လောက်အထိုင်ချထားတယ်။ ပစ်ခတ်တိုက်ခိုက်မှုက ၁၀ မိနစ်လောက်ကြာခဲ့ပါတယ်။ အထိအခိုက်ကတော့ အခု အချိန်အထိ ငါးယောက်လို့ သိထားပါတယ်။ တံတားက ပိတ်ထားတဲ့အတွက် သေဆုံးထိခိုက်စာရင်း အတိအကျကို တော့ စုံစမ်းနေဆဲပါ” ဟု စဉ့်ကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြေ ာသည်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ ဦးတည်ပစ်ခတ်သည့် စစ်ကောင်စီလုံခြုံရေးဂိတ်မှ ပြန်လည် ပစ်ခတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ တံတားတဖက်ခြမ်း စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နယ်ဘက်ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။
“အရင်အာဏာမသိမ်းခင်ကတော့ အဲဒီတံတားမှာက တံတားလုံခြုံရေးနှင့် တံတားကြေးတောင်းတဲ့သူတွေပဲရှိ တယ်။ အာဏာသိမ်းပြီးနောက် ပိုင်း တော်တော်ကြာမှ စစ်တပ်အထိုင်လာချတာ ငါးလ၊ ခြောက်လဝန်းကျင်တော့ ရှိပြီ။ အင်မတန်ရှည်လျားတဲ့ တံတားတဖက်ခြမ်းကနေ တ ခြားတဖက်ကို ဆိုင်ကယ်တွန်းပြီး လမ်းလျှောက်ခိုင်းတာ တွေ မထင်ရင်မထင်သလို ဆဲဆိုရိုက်နှက်တာတွေရှိတာကြောင့် စဉ့်ကူးလူထုအနေနဲ့ အင်မတန်ရွံမုန်းတဲ့နေရာလို့ ပြောလို့ရပါတယ်။ တံတားပေါ်က မဖြတ်ချင်လို့ အောက်ကနေ မြစ်ကြောင်းအတိုင်း စက်လှေနဲ့ကူးတဲ့အခါမှာမျိုး မှာလည်း လိုက်လံဖမ်းဆီး ငွေညှစ်တာတွေရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံခဲ့ရသည့် ရတနာသိင်္ဃတံတားသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ကို ဆက်သွယ်ထားသည့်တံတားဖြစ်ပြီး လုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်က ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။mizzima