Monthly Archives: Apr 2022

ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီကြိုးပမ်း

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ လေးကေ့ကော်မြို့ကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၁၄) ညသန်းခေါင်တွင် ထိုးစစ်ဆင်သော်လည်း အောင်မြင်မှုမရှိဟု ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် ကော်ဘရာစစ်ကြောင်းက ပြောသည်။

“မနေ့ညက ကျွန်တော်တို့စစ်ကြောင်းတာဝန်ယူထားတဲ့ တောင်ကုန်းတွေပေါ်ကို စကစ (စစ်ကောင်စီတပ်) က တက်ဖို့ ကြိုးစားတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ ကင်းအဖွဲ့နဲ့ စပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ သူတို့ဘက်ကတော့ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးတယ်” ဟု ကော်ဘရာစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

အင်အားတိုးချဲ့သည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ကို သတင်းရရှိထားပြီး မိမိတို့ဘက်ကလည်း ပြင်ဆင်မှုများပြုလုပ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

ည ၁၁ နာရီမှ နံနက် ၃း၃၀ အထိ ကြာမြင့်သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်များ၊ ကျည်ဆန်များ သိမ်းဆည်းရမိကြောင်းလည်း ကော်ဘရာစစ်ကြောင်းအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာများတွင် “ငြိမ်းချမ်းရေးပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ထိုနေ့မှာပင် ဖော်ပြပြီးနောက် တိုက်စစ်ဆင်လာခြင်းဖြစ်သည်။

လေးကေ့ကော်တိုက်ပွဲများ၏ အစ

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေးကေ့ကော်မြို့သို့ ဝင်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ၃၂ ဦးကို ဖမ်းဆီးခဲ့သည်။ နောက်တစ်နေ့တွင် ထိုမြို့အတွင်း KNU/KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့သည်။

PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များလည်း KNU တပ်များနှင့်အတူ ရှိနေရာ ထိုဒေသရှိ အဆိုပါ ပူးပေါင်းတပ်ဖွဲ့မှာ ကော်ဘရာစစ်ကြောင်းဟု ထင်ရှားသည်။

ဒီဇင်ဘာ ၁၅ ရက်မှ ဧပြီလ ဒုတိယပတ်အထိ လေးကေ့ကော်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးသည်ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် အဆိုပါ အချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။ 

ဧပြီလ ၁၀ ရက် လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့သည်။ ထိုနေ့တိုက်ပွဲအတွင်း KNU/KNLA ပူးပေါင်းအဖွဲ့က လက်နက်တချို့ ရရှိခဲ့သလို တပ်မ ၄၄ မှ ဗိုလ်ကြီးတင်လင်းခိုင်ကိုပါ ဖမ်းဆီးမိခဲ့သည်။ မတ် ၂၅ တိုက်ပွဲတွင်လည်း ခမရ ၅၈၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်သည် KNU/KNLA ပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းသွားသည်။

ပြီးခဲ့သည့်မတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၂၉ ယောက် သေဆုံးပြီး ၂၆၀ ဒဏ်ရာရရှိသည်ဟု KNU က ဧပြီလ ၅ ရက်တွင် ထုတ်ပြန်သည်။

KNU ဘက်မှ ၂၂ ဦးကျဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ တုံ့ပြန်ချက်

လေးကေ့ကော်တိုက်ပွဲအတွင်း “တပ်မတော်မှ အရာရှိစစ်သည်အချို့ ထိခိုက်ဒဏ်ရာရှိခဲ့သည်”၊ ဧပြီ ၁၀ တွင် လေကြောင်းပစ်ကူဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားသည်ဟု ဧပြီ ၁၄ စစ်ကောင်စီသတင်းစာများတွင် ဖော်ပြသည်။  

“အချို့လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) သဘောတူညီချက်များအပေါ် ကျူးလွန်ဖောက်ဖျက်လျက်ရှိသည့်ပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်ရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိသည်” ဟု စစ်ကောင်စီသတင်းစာက ဆိုသည်။ 

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ NCA သဘောတူညီချက်များကို ဖျက်ဆီးနေသူမှာ စစ်ကောင်စီသာဖြစ်ကြောင်း Myanmar Now ကို ဖေဖော်ဝါရီလအတွင်းက ပြောဆိုထားသည်။

ဒေသအတော်များများတွင် တိုက်ပွဲများဖြစ်နေခြင်း၊ ရပ်ရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို စစ်ကောင်စီက ကျူး လွန်ခြင်းမှာ NCA စာချုပ်ပါ အချက်များကို ချိုးဖေါက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ယခင်က ငြိမ်းချမ်းရေးမြို့တော်ဟု တင်စားခဲ့ကြပြီး ယခု စစ်ဖြစ်နေသည့် လေးကေ့ကော်မြို့သည် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တည် ရှိသည်။ ရပ်ကွက် ၆ ခု၊ အိမ်ခြေ ၆၀၀ ကျော်နှင့် လူဦးရေ ၃,၀၀၀ ကျော်ခန့် နေထိုင်ခဲ့သည့် အဆိုပါမြို့ကို ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့သည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက လေးကေ့ကော်မြို့နှင့် ပတ်သက်၍ ဖော်ပြရာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း လို အပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှစ၍ KNU/KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုများပါဝင်သည့် တိုက်ပွဲများကြောင့် ဒေသခံများ တိမ်းရှောင်နေခဲ့ရပြီးဖြစ်ကြောင်း KNU တာဝန်ရှိသူတို့က သတင်းဌာနများကို ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားသုံးထိုးစစ်ဆင်ခြင်းကြောင့် KNU အုပ်ချုပ်သည့် နယ်မြေအတွင်း နေထိုင်ကြသည့် ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က ဧပြီ ၅ တွင် သတင်းထုတ်ပြန်ထားသည်။myanmar now

မဟာသင်္ကြန်အကျနေ့က ပင်းတယမြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင် ဗုံးခွဲဖျက်စီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် လေထိုးကုန်းကျေးရွာရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို ဧပြီလ ၁၄ ရက် နံနက် ၁၁ နာရီခန့်က ဗုံးခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံက သိရသည်။

“လေထိုးကုန်းရွာမြောက်ဖက် ဘုရားကုန်းအနီးမှာရှိတဲ့ မိုင်တဲတာဝါတိုင်ဗုံးခွဲခံရတာ။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ အသံကြားရပြီးတဲ့နောက် မိုင်တဲလိုင်းတွေလည်း ပြတ်တောက်သွားပါတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့မှလုပ်ဆောင်ကြောင်းကိုမူ မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေး ပေ။mizzima

စစ်ကောင်စီက စက်သုံးဆီသယ်ယူခွင့်ပိတ်လိုက်၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ လျှပ်စစ်မီးဖြန့်ဖြူး မှု အချိန်ပိုင်းလျှော့

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စက်သုံးဆီ ဝယ်ယူ/သယ်ယူခွင့် ပိတ်လိုက်ခြင်း ကြောင့် အချိန်ပိုင်းသာမီးပေးနိုင်တော့မည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီ၏ ကြေညာချက်အရ သိရသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ် တကူ၊ သာရဘွင်နှင့် ပ၀ကျေးရွာတို့တွင် လျှပ်စစ်မီးဖြန့်ဖြူးနေသည့်ROYAL MYANMAR LIGHT Co,Ltd အနေဖြင့် စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့် အခက်အခဲကြောင့် ဆီလက် ကျန်နည်းလာသည့်အတွက် ယခုကဲ့သို့ အချိန်ပိုင်းမီးပေးရန် ကျေး ရွာရပ်မိရပ်ဖများနှင့် ညှိနှိုင်း သတ်မှတ်ခဲ့ သည်ဟု အဆိုပါကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောသည်။

ROYAL MYANMAR LIGHT Co,Ltd က လျှပ်စစ်ဝန်ထမ်းတစ်ဦးက “ ကျေးရွာမီးလင်းရေးအတွက် ဆီ သယ်ယူခွင့်မပေးဘူး။ မြိတ်ကနေသယ် လာတဲ့ ဆီကားကို တားခံရတယ်”ဟု ပြောသည်။

ထိုသို့ စက်သုံးဆီ ဝယ်ယူ/သယ်ယူခွင့် အချိန်ကာလကြာမြင့်ပါက ရေရှည်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးရပ်နားသွားနိုင်ကြောင်း ဒေသခံများကပြောကြားသည်။

စက်သုံးဆီ ဝယ်ယူ/သယ်ယူခွင့်နှင့်ပတ်သက်ပြီး စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတွင် မည်သူကိုမှ ဖြတ်သန်းသွားလာခွင့် ပေးမထားကြောင်း သိရသည်။

တကူ၊ သာရဘွင်နှင့်ပ၀ကျေးရွာတို့တွင် ROYAL MYANMAR LIGHT Co,Ltd က လျှပ်စစ်မီး ယခင်က နံနက် ၅ နာရီမှ နံနက် ၁၁ နာရီခွဲ၊ မွန်းလွဲ ၁ နာရီခွဲမှ ည ၁၁ နာရီ အထိ ဖြန့်ဖြူးပေးခဲ့ကြောင်း ယင်း ကုမ္ပဏီ မှ သိရသည်။

လက်ရှိတွင် စက်သုံးဆီဝယ်ယူရမှု အခက်အခဲကြောင့် ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ နံနက် ၈ နာရီမှ ၁၀ နာရီအထိနှင့် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ တစ်နေ့လျှင် ခြောက်နာရီပေးရန် ညှိနှိုင်းသတ်မှတ်ခဲ့ ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စက်သုံးဆီ ဝယ်ယူ/ သယ်ယူခွင့်နှင့် ပတ်သက်ပြီး စစ်ကောင်စီက စစ်ဆေးရေး ဂိတ်များတွင် မည်သူကိုမှ ဖြတ်သန်း သွားလာခွင့် မပေးထားကြောင်း သိရ သည်။

တကူ၊ သာရဘွင်နှင့် ပ၀ကျေးရွာတို့တွင် ROYAL MYANMAR LIGHT Co,Ltd က လျှပ်စစ်မီး ယခင်က နံက် ၅ နာရီမှ နံက် ၁၁ နာရီခွဲ အချိန် နေ့လည် ၁ နာရီခွဲမှ ည ၁၁ နာရီ အထိ ဖြန့်ဖြူးပေးခဲ့ကြောင်း ယင်း ကုမ္ပဏီထံမှ သိရ သည်။

လက်ရှိတွင် စက်သုံးဆီ ဝယ်ယူမှု အခက်အခဲကြောင့် ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ နံနက် ၈ နာရီကနေ ၁၀ နာရီအထိနှင့် ညနေ ၅ နာရီခွဲကနေ ၉ နာရီခွဲ အထိ တစ်နေ့ကို လျှပ်စစ်မီး ၆ နာရီပေးဖို့ ညှိနှိုင်း သတ် မှတ်ခဲ့ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ဒီဇယ်ဆီသယ် ယူခွင့်ရခဲ့လျှင် ပုံမှန်အတိုင်း ပြန်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက အသိပေးထားသည်။

စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည့် တကူ၊ သာရဘွင်နှင့်အနီးတဝိုက်ကျေးရွာများကို ဧပြီလပထမပတ်မှစပြီး ဆန်နှင့်စက်သုံးဆီ သယ်ယူခွင့်ပိတ်ခဲ့ ခြင်းဖြစ်သည်။mizzima

ခင်ဦး မြို့မရဲစခန်း အပါအဝင် စစ်ကောင်စီတပ် စခန်းချသည့် နေရာ ၃ ခု တိုက်ခိုက်ခံရ ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များ စခန်းချနေထိုင်သည့် နေရာ သုံးခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့် ရဲ ကိုးဦး သေဆုံးခဲ့ကြောင်း ခင်ဦး သတင်းမှန် ပြန်ကြားရေးက ဧပြီ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ်ရှိ ပျဉ်ထောင်ရွာ၊ မဒေါင်းလှရွာနှင့် ခင်ဦး မြို့မရဲစခန်း နေရာသုံးခုကို ယမန်နေ့ ဧပြီ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်း ချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒရုန်း ချတာ ပျူစောထီး အစုအဖွဲ့ရှိနေတဲ့ နေရာမှာ ကျတဲ့အတွက် သေဆုံးသူတွေများသလို ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကာကွယ်ရေးတပ်ပေါင်းဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ဒီကနေ့ မနက် သတင်းအရ အလောင်းခြောက်လောင်းတွေ့ပြီး ပျဉ်ထောင်ကျေးရွာက ပျူခေါင်းဆောင် သမီးလည်း ဒဏ်ရာရထားတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ ရှိနေသည့် ပျဉ်ထောင်ကျေးရွာကို ဒေါင်းစစ်သည် ခင်ဦးအဖွဲ့နှင့် Khin U Support Organization (KSO) အဖွဲ့များ အပါအဝင် မဟာမိတ် ရှစ်ဖွဲ့တို့ပူးပေါင်း၍ ဧပြီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှ ည ၇ နာရီခန့်အထိ ဒရုန်း ချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့မ ရဲစခန်းအား Royal Tiger Guerrilla Force က Droneချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရဲ သုံးဦး ပွဲချင်းပြီးသေဆုံး၍ ခင်ဦးသုသာန်တွင် နေခြင်းပြီး သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင်ပင် မဒေါင်းလှကျေးရွာ၌ ရှိနေသည့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို ဒေသကာ ကွယ်ရေးတပ်ပေါင်းစုက ဒရုန်း ချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ စာရင်းကို မသိရှိရသေးကြောင်း ၊တိုက်ခိုက်မှုအပြီး လှည့်ပြန်လာချိန်တွင် ပျူစောထီးအဖွဲ့ဝင်များ၏ အနောက်မှ ပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေး တပ်ပေါင်းစု တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးသတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှု၊ မီးတင်ရှို့မှုတို့ကြောင့် လူနေအိမ်အများအပြားလည်း မီးလောင်ဆုံးရှုံးနေကြောင်း ဒေသခံများက ပြောသည်။mizzima

ရေဖြူတွင် ရဲစခန်းနှင့် သင်္ကြန်မဏ္ဍပ်ကြားရှိ လုံခြုံရေးယူထားသော အကြမ်းဖက် စစ်ကောင်စီဝင်များ Drone ဖြင့် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရဲစခန်းနှင့် သင်္ကြန်မဏ္ဍပ်ကြားတွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီဝင်များကို ယနေ့ ဧပြီ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် Drone မှ တစ်ဆင့် တိုက်ခိုက်ခဲ့ကြောင်း YePhyu People Deffence Force (YPPDF) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီဝင်များ လုံခြုံရေးယူနေစဥ် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့သားများမှ Drone တွင် လက်လုပ်ဗုံးသီးတပ်ဆင်ကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Drone ဖြင့် တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မိုင်းပေါက်ကွဲပြီးချိန်တွင် နီးစပ်ရာသို့ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ် ဆောင်ခဲ့ပြီး ရေဖြူမြိုနယ် မဏ္ဍပ်ကို ရပ်နားလိုက်သည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များ၏ ထိခိုက်ကျဆုံးမှု သတင်းကို အတိအကျ မသိရှိရသေးကြောင်း၊ သင်္ကြန်ကာလအတွင်း မဏ္ဍပ်များတွင် ပျော်ပွဲရွှင်ပွဲပါဝင်နေသူများ၊ လောင်းကစားဝိုင်း ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း YPPDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။khit thit

ပုသိမ်မြို့၏ ဗဟိုမဏ္ဍပ်ရှေ့တွင် လူရာချီရေ ပက်ခံနေ၊ စစ်ကောင်စီဦးစီးသည့် သင်္ကြန်အားမပါဝင်ရန် PSTF တောင်းဆို

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်ရှေ့တွင် ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက လူရာချီရေပက်ခံနေကြသည်ကိုတွေ့ရပြီး စစ်ကောင်စီဦးစီးသည့် သင်္ကြန်အားမပါဝင်ကြရန် ပုသိမ် မြို့ပြ ပြောက်ကျားတပ်ဖွဲ့(PSTF)တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“ သင်္ကြန်မှာ ပြည်သူတွေဝင်ပျော်နေတာတွေ့ရတော့ ပုသိမ်မြိုပေါ်မှာစစ်အုပ်စုကိုတော်လှန်ရင်း အသက်ဆုံးရှုံးသွား သူတွေနဲ့ အဖဖ်းဆီးခံရဲ ဘော်တွေကို အားနာသင့်တယ်လို့ပြောချင်တယ်။ တစ်နိုင်ငံလုံး တက်ညီလက်ညီနဲ့ တော် လှန်သင်္ကြန်လုပ်နေတဲ့အချိန်မှာ ပုသိမ်သူ၊ ပုသိမ်သားတွေ ညီပေးကြပါ။ ပုသိမ်မြို့ပြ‌ ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ကတော့ ပြည်သူတွေထိခိုက်မှာစိုးရိမ်တာကြောင့် ဖောက်ခွဲတိုက်ခိုက်တာတွေလုပ်မှာမဟုတ်ပါဘူး။ အသိရှိပြီး ရေမကစားကြပါနဲ့လို့ ပြောချင်တယ်”ဟု PSTF တာဝန်ရှိသူကဆိုသည်။

အဆိုပါမဏ္ဍပ်ရှေ့တွင် ရေပက်ခံနေကြသူများမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ပြည်သူများသာဖြစ်ကြောင်း၊ မြို့ပေါ်နေပြည်သူ အနည်းငယ်သာတွေ့ရကြောင်း ၎င်းက ဆိုသည်။

ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းအချိန်အထိ လူသွားလူလာ အနည်းငယ်သာရှိပြီး ရေက စားသူမတွေ့ရှိရဘဲ ထိုမဏ္ဍပ်တစ်ခုတည်းတွင်သာ အရက်မူးနေသည့်လူများဖြင့် စည်ကားနေခြင်းဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။ mizzima

နတ်မောက်တွင် ပျူစောထီးခေါင်းဆောင် သန်းလွင် အသတ်ခံရ ၊ နတ်တလင်းတွင် ကြံ့ဖွတ်နှင့် လှပခြင်း ကျေးရွာ ဥက္ကဋ္ဌ မြင့်လွင် အ သတ်ခံရ ၊ပုလောမြို့နယ်ကြံ့ဖွတ် ဥက္ကဋ္ဌ အောင်နေဇာလင်း အသတ်ခံရ ၊ ကျိုက်ထိုတွင် စစ် တပ် အမာခံတစ်ဦး ပစ်ခတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင် သန်းလွင် ယနေ့ နံနက်ပိုင်း အသတ်ခံရကြောင်း ဒေသခံများထံ မှ သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင် သန်းလွင်ကို ငါးပြေမတပ်ဖွဲ့က ရှင်းလင်းလိုက်ခြင်းဖြစ်ပြီး သန်းလွင်က ရွာတွင် စစ်တပ်ကို ခေါ်ယူခဲ့သူဖြစ်ကြောင်း၊ ယမန်နေ့က သန်းလွင် ခေါ်ယူခဲ့သော စစ်တပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင ်သန်းလွင် အသတ်ခံရခြင်းဖြစ်ကြောင်း ငါးပြေမ တပ်ဖွဲ့၏ တာဝန်ခံ ဗိုလ်ငါးခူက ပြောသည်။

“နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာက ဒလန်အကြီးစား သန်းလွင် ကို ရွာလည်ခေါင်မှာ နှလုံး တည့်တည့် ၃ချက်ပစ်ပြီး ရှင်းလင်းခဲ့ပါတယ်။ သူက ရွာထဲမှာ စစ်တပ်ကိုခေါ်ပြီး စခန်းချခိုင်းထားတာပါ။ စစ်တပ်က မနေ့ကမှ ရွာက ထွက်သွားတာပါ။ အဲ့ဒါကြောင့် သည်နေ့ မနက် ၁၀နာရီမှာ သူ့ကို ဝင်ပစ်လိုက်တာပါ။ သူ့ကြောင့် အပြစ်မဲ့တဲ့ ရွာသူရွာသားတွေ အိုးအိမ်တွေ ထားပြီး ပြေးကြ တယ် အဖမ်းခံရတယ် တချို့ဆို ထောင်ထဲမှာပါ။အိမ်ထားပြီး ပြေးတဲ့ သူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ပစ်တာ ၃ အိမ်ရှိပါပြီ။ CDMတွေ ဆန္ဒပြပွဲ လိုက်ခဲ့တဲ့သူတွေကိုလည်း ခြိမ်းခြောက်နေတဲ့ ဒလန်အကြီးစားပါ။ နတ်မောက် PDF နဲ့ကျနော်တို့ ပေါင်းလုပ်တာပါ” ဟု ငါးပြေမတပ်ဖွဲ့၏ နတ်မောက် တာဝန်ခံ ဗိုလ်ငါးခူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၊လှပခြင်းကျေးရွာအုပ်စု၊လှပခြင်း စစ်ကောင်စီခန့် ကျေးရွာ ဥက္ကဋ္ဌ လည်းဖြစ်၊ ကျေးရွာ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ မြင့်လွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

” ဒီနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ အပစ်ခံရပါတယ်။ လှပခြင်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌလို့လည်းသိရပါတယ်။ ရဲနဲ့စစ်သားတွေတော်တော်များများ ရောက်လာပြီ” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပုလောမြို့နယ်၏ကြံ့ဖွတ်ပါတီ ဥက္ကဌ အောင်နေဇာလင်း သေ နတ်ဖြင့် ပစ်သတ်ခံရပြီးသေဆုံးသွားကြောင်း သိရှိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့က တောင်ဝိုင်းကွေ့ဆီဆိုင်အနီး ယမန်နေ့ ညနေ ၅နာရီဝန်းကျင် ဆိုင်ကယ်တားပြီး ခေါင်းကိုသေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ် ကြောင်း မြို့ခံများထံမှ သိရှိရသည်။

“သူကဒလန်အကြီးစားပဲ အကောင်ကြီးထဲကပေါ့။ အခုလက်ရှိသူ့အလောင်းက အမှတ်၁ရပ်ကွက်က အိမ်မှာပဲ။ စစ်တပ်ကလုံခြုံရေးယူပေးထားတယ်”ဟု မြို့ခံတစ်ဦးကသည်။

အသက် ၄၅နှစ်ဝန်းကျင်အရွယ် အောင်နေဇာလင်းသည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကျူရှင်ဆရာတစ်ဦးလည်းဖြစ်သည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ သမလပိုင်းနေ စစ်ကောင်စီထောက်ခံသူ ဒလန်အကြီးစားဟုတ် သတ်မှတ်ခံရသူ ခင်လတ်ကို ကျိုက်ထို KRF က စစ်ရေးပစ်မှတ်သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အနီးအနားရှိ အဒေါ်ကြီးတစ်ဦး ပေါင်တွင် ကျည်ထိဒဏ်ရာ (အသက်အန္တရာယ် မစိုးရိမ်ရ) နှင့် လူငယ်တစ်ဦး နဖူးတွင် ကျည်ရှပ်ထိဒဏ်ရာ (အသက်အန္တရာယ် မစိုးရိမ်ရ)တို့ ပစ်ကွင်းမရှင်းလင်း၍ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိသွားသ ဖြင့် KRF ညီအစ်ကိုများ အနေနှင့် များစွာစိတ်မကောင်းဖြစ်မိပြီး အနူးအညွတ်‌ တောင်းပန်ပါကြောင်း KRF က သတင်းထုတ်ပြန်ထားသည်။khit thit

ချောင်းသာကမ်းခြေ အပန်းဖြေသွားသည့် ခရီး သည်တင်ကား ၁ စီး တိမ်းမှောက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ  ချောင်းသာကမ်းခြေကို သင်္ကြန်ကာလအတွင်း အပန်းဖြေဖို့လာတဲ့ ခရီးသည်တင်ကားတစီး ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းက  တိမ်းမှောက်ခဲ့ပါတယ်။ 

မနေ့လယ် ၁၂ နာရီကျော်လောက်က လူ ၃၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင်ကား ချောင်းသာကမ်းခြေမရောက်ခင် ဥတိုတံတားအတက်မှာ နောက်ပြန်လျောကျပြီး တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကားကကုန်းတက်ကို မတက်နိုင်လို့ ပြန်ပြုတ်ကျတာ။ လူတွေတော့ ဘာမှမဖြစ်သွားဘူး။ ကံကောင်းတာပေါ့။ ချောက်ထဲကျရင် သေနိုင်တယ် ခုပွန်းပဲ့တာမျိုးပဲ ရှိတယ်”လို့ ပြောပါတယ်။ 

မတော်တဆဖြစ်ခဲ့တဲ့ ခရီးသည်တင်ကားကို အုပ်စုလိုက် စုငှားလာတာဖြစ်ပြီး လူ ၃၀ ကျော်လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

သင်္ကြန်ပိတ်ရက် ချောင်းသာကိုလာတဲ့ကားတွေ များတာကြောင့် အပြိုင်လုတက်တဲ့အချိန်မှာ အရှိန်မပါလို့ ပြန်လျောကျတာဖြစ်နိုင်တယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။DVB

တောင်ငူ၊ နတ္တလင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့ အထက ၂ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF တပ်ဖွဲ့ဝင်တွေက ဧပြီ ၁၅ ရက် မနက် ၉ နာရီကျော်လောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့ပြအခြေစိုက်ရှင်းလင်းရေးအဖွဲ့ (TGO_LPDF) အဖွဲ့က သူတို့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး လုံခြုံရေးတွေ တင်း ကျပ်နေတဲ့ကြားက တော်လှန်နိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေအတူပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

TGO-LPDF တာဝန်ရှိသူက ” ကျောင်းထဲမှာ လက်နက်ကိုင်တွေ ရှိနေတာကိုက ကျက်သရေယုတ်နေတာ။ ဒီနေ့တော့ အကောင်အထည်ဖော်လိုက်ပြီ။ဒီနေ့က ကျောင်းထဲက အနောက်ပေါက်မှာ သူတို့ ပွိုင့်ကားတစီး ရပ်ထားတဲ့အချိန် စစ်ကောင်စီတပ်က ၇ ယောက်လောက်နဲ့ ရဲက ၆ ယောက်လောက် ရှိနေတဲ့အချိန်မှာ လှမ်းထုလိုက်တာ။ သူတို့ဘက်က ပွိုင့်ကားနဲ့ စစ်ကောင်စီတပ်သား ၃ ယောက်လောက် ထိခိုက်သွားတယ်လို့တော့ ကြားတယ်။ သေမသေကတော့ စုံစမ်းတုန်းပဲ” လို့ ပြောပါတယ်။

အထက ၂ ကျောင်းက တောင်ငူမြို့ ၂ ရပ်ကွက် နန်းတော်ဟောင်းလမ်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အဲ့ဒီကျောင်းထဲမှာ လုံခြုံရေးတပ်တွေ အထိုင်ချထားတာဖြစ်ပါတယ်။ 

ဒေသခံတဦးကလည်း “မနက်က အသံတော့ ကြားလိုက်တယ်။ ဆူညံသံတွေနဲ့ဆိုတော့ ဘာလည်း မသဲကွဲဘူး။ ဒါပေမဲ့ ခုနကတော့ စစ်ကောင်စီတပ်သားတွေ လမ်းတွေပိတ်ပြီး ဆိုင်ကယ်တွေ ကားတွေကို အတင်းအကျပ် စစ်ဆေးမှုတွေ လုပ်နေတယ်။ ဓာတုကလျာလမ်းက လူငယ် ၂ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီး သူတို့ကို လာကူညီတဲ့ ရဲတွေကိုလည်း မောင်းထုတ်နေတယ်။ သူတို့ဟာသူတို့ စုံစမ်းမယ်ဆိုတဲ့ သဘောလား၊ရဲကို မယုံတာလားတော့ မသိဘူး။ အဲ့ဒါတွေတော့ လုပ်နေကြတယ်” လို့ ပြောပါတယ်။

ပဲခူးတိုင်း နတ္တလင်းနဲ့ ပေါင်းတည်မြို့တွေမှာလည်း ဧပြီ ၁၃ ရက်က  စစ်ကောင်စီလှည့်ကင်းအဖွဲ့နဲ့ စစ်ဆေးရေးဂိတ်မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၇ ယောက်လောက် ဒဏ်ရာရသွားးတယ်လို့ ပဲခူးတိုင်းPDF ကနေသိရပါတယ်။

နတ္တလင်းမြို့ကနေ တာပွန်ဘက်ကိုသွားတဲ့ ကျန်တောစုလမ်းဆုံနားမှာ ဧပြီ ၁၃ ရက် ည ၁၂ နာရီလောက်က Probox ကားတစ်စီး၊ ဆိုင်ကယ် ၈ စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သာယာဝတီခရိုင် PDF တပ်ရင်း(၁)တပ်ခွဲ(၁)က အဝေးထိန်းမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ၇ ယောက်လောက် ဒဏ်ရာရရှိကာ PDF ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်-ပြည်လမ်းမပေါ် ပေါင်းတည်မြို့နဲ့ အင်းမကြားက ဝက်ပုတ်တံတားရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကိုလည်း ဧပြီ ၁၃ ရက် ည ၇ နာ ရီခွဲလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လိ့ ပြည်ခရိုင်PDF တပ်ရင်း(၁)တပ်ခွဲ(၁)ကပြောပေမဲ့  ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးပါဘူး။

ပဲခူးတိုင်း PDF တပ်ရင်းအနေနဲ့ စစ်ကောင်စီတပ်တွေကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့  ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB

ကလေးမြို့နယ်တိုက်ပွဲတွင် PDF Kalay အဖွဲ့ဝင် ၃ ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ ၅ ဦးခန့်သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အနောက်မြောက်ပိုင်းရှိ ပြည်တော်သာရွာနှင့် နန်းချောင်းရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၁၃ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ရာ PDF Kalay မှ သုံးဦးကျဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

PDF Kalay မှ ကျဆုံးသွားသူများမှာ ကိုရှမ်း ( ၂၉ နှစ်)၊ ကိုလော်မာ ( ၂၄) နှစ်နှင့် ကိုမြင့်သူ ( ၂၃ နှစ်) တို့ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်များသည် အင်အား ၃၀၀ ခန့်ဖြင့် ပြည်တော်သာဘက်သို့ဦးတည်၍ မိုင်နွဲ့ရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ကျောင်းတိုက်ရွာနှင့်ဆည်တော်ဦးရွာများဘက်မှတဆင့် စစ်ကြောင်း တစ်ကြောင်း စုစုပေါင်းစစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဧပြီလ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှစတင်ပြီး ပြည်တော်သာရွာအနီးပတ်ဝန်းကျင်တွင် PDF(kalay)| Zomi (PDF)| PDA |CNDF | CDM(siyin)ပူးပေါင်းတပ်ဖွဲ့များနှင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန်းချောင်းကျေးရွာမှတစ်ဆင့် ဆည်တော်ဦးကျောင်းတိုက်သို့ ဆုတ်ခွာခဲ့ကြောင်းသိရသည်။

”ကျွန်တော်တို့ဘက်က ခုလိုကျတာ လက်နက်အင်အားမမျှလို့ပါ။ လူအင်အားမမျှတာထက် လက်နက်အင်အားမမျှတာပိုဆိုးပါတယ်။ လူ အင် အားဘယ်လောက်ဖြစ်စေ လက်နက်သာကောင်းရင် ပြန်လည်ခုခံတိုက်ခိုက်ရာမှာ ပိုလွယ်မှာပေါ့နော်။ လက်နက်အင်အားကောင်းရင် ကျနော်တို့ဘက်က အကျအရှုံးနည်းမယ်။ သူတို့ဘက်ကလည်း အကျအရှုံးများမှာပေါ့နော်။ ခုတော့ စကစ(စစ်ကောင်စီ)ဘက်က ငါးယောက်လောက် သေတယ်။ PDF Kalay တပ်ရင်း (၃)က သုံးယောက်ကျပြီး ငါးယောက်ဒဏ်ရာရတယ်။ ကျွန်တော်တို့ Zomi PDF Kalay က တစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ခြောက်ယောက်လုံးကတော့ မစိုးရိမ်ရတဲ့အခြေအနေပါ ” ဟု Zomi PDF Kalay ပြန်ကြားရေးမှူး ထက်အောင်ကျော်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များသည် ကလေးမြို့နယ် အနောက်မြောက်ပိုင်းရှိ PDF(Kalay)တပ်ရင်း(၃) အခြေစိုက်စခန်းအား ဧပြီလ ၁၂ရက်နေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ထုကာ အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များသိမ်းဆည်းသွားခဲ့သည်။

အဆိုပါ PDF(kalay)တပ်ရင်း(၃)အခြေစိုက်စခန်းစီးနင်းခံရမှုအား လက်တုံ့ပြန်မှုအဖြစ် ဧပြီလ ၁၃ ရက် ညနေပိုင်းတွင် တောင်ဇလပ်ရပ်ကွက်ရှိ ခရိုင်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား PDF Kalay မှလက်နက်ကြီးလက်နက်ငယ်များဖြင့် တရစပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးခန့်သေဆုံးနိုင်ကြောင်း Zomi PDF Kalay ပြန်ကြားရေးမှူးက ဆိုသည်။

ယင်းနောက် ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်/ပို့တပ်များအတွင်းသို့ ၄၀မမ ၊၆၀မမ ၊၈၀မမ တို့ဖြင့် ဆက်တိုက် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိကြောင်း Zomi PDF Kalay ပြန်ကြားရေးမှုးက ထပ်မံပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့မှစတင်ကာ ယနေ့ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။mizzima

« Older Entries