Monthly Archives: Apr 2022

နှစ်ဆန်းတစ်ရက်နေ့ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကို အကြီးအကျယ်ဆန္ဒပြ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ယနေ့ ဧပြီ ၁၇ တွင် စစ်ကိုင်းတိုင်းမြို့တော် မုံရွာအပါအဝင် ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကလေးမြို့တို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။​

ယနေ့ နံနက် ၇ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ် ဆန္ဒပြပွဲတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များက လုံခြုံရေးရယူကာ ဝန်းရံပေးခဲ့သည်ကို တွေ့ရသည်။

မိနစ် ၂၀ ခန့်ကြာ ထိုဆန္ဒပြပွဲမှာ အောင်မြင်စွာဖြင့် လူစုခွဲနိုင်ခဲ့သော်လည်း မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် လုံခြုံရေးတာဝန်ယူထားသည့် ဒေသ ခံ PDF အဖွဲ့ဝင်များကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် PDF အဖွဲ့ဝင်ငါးဦး ပစ်သတ်ခံရကြောင်း မုံရွာသပိတ်ဦးဆောင်သူများထံမှ သိရသည်။​

ပစ်သတ်ခံရသည့် PDF အဖွဲ့ဝင်များနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။ 

မုံရွာတစ်ဖက်ကမ်း ဆားလင်းမြို့နယ် လက်ပံတောင်းတောင်ဒေသတွင်လည်း ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ၌ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ မုံရွာ၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့ကို ဆက်သွယ်သွားလာရာ လမ်းမပေါ်တွင် အချိန် ၁၀ မိနစ်ခန့် ဆန္ဒဖော်ထုတ်ခြင်းဖြစ် သည်။​

တရုတ် ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီသတ္တုတူးဖော်ရေးစီမံကိန်းရှိရာ ထိုဒေသတွင် အာဏာသိမ်းပြီးကတည်းက ဒေသခံများက နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြခြင်းဖြစ်ကာ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်လည်း လမ်းမပေါ်ထွက်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ခြင်းဖြစ် သည်။​

“ကျွန်တော်တို့ပတ်ပတ်လည်မှာ ရန်သူတွေ ဝိုင်းနေတာလေ။ သတိဝီရိယကြီးကြီးနဲ့  လုပ်ဆောင်ရတာပေါ့။ ဒီနေ့ လုပ်ရတာ ရင်ခုန်တယ်။ လမ်း မကြီးပေါ်မတက်တာလည်း တစ်နှစ်ကျော်ခဲ့ပြီ” ဟု လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုမျိုးမင်းက ပြောသည်။

“မြန်မာ နှစ်ဆန်း ၁ ရက်နေ့လည်းဖြစ်တယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူထုကိုလည်း လှုပ်နှိုးချင်တဲ့ဆန္ဒနဲ့ စစ်အာဏာရှင်ကို လုံးဝလက်မခံနိုင်လို့ရော တစ်နေ့တစ်ရက်မှ စစ်ကောင်စီ အုပ်ချုပ်ခွင့် မရစေရဘူးလို့ ရက်မပျက်ဆန္ဒပြတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ နေ့စဉ်မပြတ် ချီတက်ဆန္ဒပြနေသော စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့တွင်လည်း ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် ၄၃၄ ရက်မြောက်အဖြစ် လူအင်အားအများအပြားဖြင့် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။

“လုံခြုံရေးကတော့ ခါတိုင်းလို မြို့ပေါ်မှာ ကားတွေဘာတွေနဲ့ ပတ်တာ သိပ်မတွေ့ရဘူး။ သပိတ်ကတော့ ခါတိုင်းလို အောင်အောင်မြင်မြင်ပဲ အေးအေးချမ်းချမ်းနဲ့ ပြေးရလွှားရတာ မရှိဘဲ လူစုခွဲလိုက်နိုင်တယ်” ဟု ကလေးမြို့သပိတ်ခေါင်းဆောင်တစ်ဦးက Myanmar Now ကို  ပြောသည်။ 

ကလေးမြို့ နှစ်ဆန်းတစ်ရက်နေ့ ဆန္ဒပြပွဲတွင် လူအင်အားအများအပြား လာရောက်ပူးပေါင်းသည့်အတွက် အားတက်မိသည်ဟုလည်း ၎င်းက ပြောသည်။​

စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ ယင်းမာပင်နှင့် ဆားလင်းမြို့နယ်တွင် ကျေးရွာပေါင်းစုံသပိတ် ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအရ မဖြစ်မြောက်ခဲ့ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုသက်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကချင်ပြည်နယ် ဖားကန့်မြို့တွင်မူ ဒေသခံပြည်သူများက “နှစ်သစ်လည်းကြို ဖက်ဆစ်လည်းဖြို” ခေါင်းစဉ်ဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။​

နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၁၅၅၇ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၄၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့သူများအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ကြောင်းလည်း ကြေညာသည်။

ထိုဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခံရသူများတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ အာဏာရှင်ဟောင်း ဦးနေဝင်းနှင့် ၎င်းနောက်ဆက်ဆံသူများ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် ဝန်ကြီးချုပ်ဟောင်းများ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်းများလည်း ပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေဖိုး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အချို့ကိုလည်း စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်သည်။​

စစ်ကောင်စီက ပြီးခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တပ်မတော်နေ့တွင်လည်း ကွယ်လွန်ပြီးဖြစ်သော အနုပညာရှင်များအပါအဝင် နယ်ပယ်စုံမှ လူပုဂ္ဂိုလ်များနှင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအထိ ဘွဲ့ထူးဂုဏ်ထူးများ အလျှံပယ်ပေးအပ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက အကြီးအကျယ်စည်ကားလေဟန် သင်္ကြန်ပွဲတော်ကို အားသွန်ခွန်စိုက် ကျင်းပခဲ့သော်လည်း ပြည်သူလူထု ပါဝင်ဆင်နွှဲခြင်းမရှိသည့်ပြင် သင်္ကြန်ကာလအတွင်း ဗုံးပေါက်ကွဲမှုများ၊ ကြားဖြတ်တိုက်ခိုက်များ ပေါ်ပေါက်ခဲ့သည်။ 

ထို့ပြင် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ယနေ့တွင်လည်း ကယားပြည်နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စားဝတ်နေရေးအခက်အခဲကြောင့် ဆန္ဒပြပွဲများ အရှိန်လျော့လာသည်ဟု လက်ပံတောင်းတောင်သပိတ် ဦးဆောင်သူ ကိုမျိုးမင်းက ပြောသည်။

“ကျွန်တော်တို့လူထုက စားဝတ်နေရေးခက်ခဲကျပ်တည်းလာပြီ။ CDM တွေလည်း တစ်နေ့ထက်တစ်နေ့ ခက်ခဲလာပြီ။ ဒီနှစ်မကုန်ခင်မှာ တော် လှန်ရေးကြီးကို အဖြေရလဒ်တစ်ခုထွက်အောင်တော့ NUG အနေနဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ လုပ်ဆောင်ပေးဖို့လည်း တိုက် တွန်းချင်တယ်” myanmar now

ဒီပဲယင်းမြို့နှင် စိုင်ပြင် ရှိ စစ်ကောင်စီတပ်ဖွဲ့များကို Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့်စိုင်ပြင်တွင် ဒီပဲယင်းမြို့နယ် ပကဖ တပ်ဖွဲ့ နှင့် မီးနဂါးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း၍ဧပြီလ ၁၆ ရက်နေ့ စိုင်ပြင် ရဲစခန်းအတွင်းမူးယစ်သောက်စား ကခုန်နေကြသော မင်းအောင်လှိုင်လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့များကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အလားတူ ဧပြီလ ၁၆ ရက်နေ့ ညနေ၅နာရီခွဲခန့်တွင် ဒီပဲယင်းမြို့ ဘောလုံးကွင်း အပေါက်၀ သစ်‌ပင်အောက်တွင် အများပြည်သူများကို အန္တရာယ်ပြုရန် နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးခန့်ကိုလည်း ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။khit thit

ပူတာအိုအကျဉ်းထောင်မှ ခိုးမှုနှင့်မူးယစ်ဆေးမှု အကျဉ်းသား ၆ ဦးသာ ပြန်လွတ်

ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်က ကချင်ပြည်နယ် ပူတာအို နမ်ဟော့အကျဉ်းထောင်ကနေ ခိုးမှုနဲ့ မူးယစ်ဆေးအမှု အကျဉ်းသား ၆ ဦးသာ လွတ်မြောက်လာတယ်လို့ အကျဉ်းဦးစီးဌာနနဲ့နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။

“နှစ်သစ်မှာ လွှတ်ပေးလိုက်တဲ့သူတွေက လူကောင်းတစ်ယောက်မှမပါဘူး။ ခိုးမှု၊ မူးယစ်ဆေးသမားတွေပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးထောင်ကျသူတွေတဦးမှ မပါဘူး။” 

ပူတာအိုခရိုင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ သူခိုးတွေ ပေါများလာတဲ့အချိန် အခုလိုပြန်လွှတ် ပေးတာက ပူတာအိုဒေသကို ဒုက္ခပေးရာရောက်တယ်လို့ ပူတာအိုလူငယ်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်ခိုးခံရမှု၊ အိမ်ဖောက်ထွင်းခံရမှုတွေ အရမ်းများလာတယ်။ ဒီရက်ပိုင်းဆိုလည်း ဆိုင်ကယ်မကြာခဏ ခိုးခံရတာရှိတယ်။ ဒီလိုအခြေနေမှာ မူးယစ်ဆေးသမားနဲ့ သူခိုးတွေပြန်လွှတ်ပေးတာက ပူတာအို‌ဒေသပြည်သူများကို စိတ်ဒုက္ခပေး လိုက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပူတာအို နမ်ဟော့အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလောက် ကျန်ရှိပြီး ဖေဖော်ဝါရီ ၈ ရက်က မတရားဖမ်းဆီးခံရသူ ရ၀မ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်လည်း ဒီနေ့ချိန်ထိ ပူတာအိုအကျဉ်းထောင်မှာ ချုပ်နှောင်ခံရပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ ကြေညာထားတာပါ။

နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ ဒီဗွီဘီက စုံစမ်းမေးမြန်းချက်အရ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ  စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်အထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း  ၁၀,၂၃၈ ဦးရှိပြီး ဒီအထဲက  ၉၉၆ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းအရ သိရပါတယ်။DVB

သုံးခွမြို့နယ် ဂိုဒေါင်တစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ပ်ိုင်းခရိုင် သုံးခွမြို့နယ်ရှိ ဂိုဒေါင်တစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးခြင်းကြောင့် သေနတ်ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုအတွင်းရှိနေသူများကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၇ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီထိုး ဝန်းကျင်မှာ သေနတ်သံတွေကို ကြားလိုက်တယ်။ တစ်ပြိုင်နက်တည်း သုံးခွမြို့က နေရာအသီးသီးမှာ စစ်တပ်နဲ့ ရဲတွေက လမ်းပိတ်ချပြီး စစ်ဆေးမှုတွေ လုပ်တယ်။ ပြီးတော့ လူနာတင်ကား သွားတာပဲ။ သိရတာက ၁ ရပ်ကွက်အတွင်းက ဂိုဒေါင်မှာရှိနေတဲ့ သူတွေကို ဝင်ဖမ်းတာ။ အဲဒီမှာ တားတာ မရပ်ဘဲ ပြေးလို့ ပစ်လိုက်တာ။ နှစ်ယောက်ထိသွားတယ်။ တစ်ယောက်ကို လူနာတင်ကားနဲ့ တင်သွားတယ်။ တစ်ယောက်ကို ရိုးရိုးကားနဲ့ တင်သွားတယ်။ လမ်းမှာ ဖိနပ်တစ်ဖက်တောင် ကျန်ခဲ့သေးတယ်။ ” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဆေးကိစ္စနဲ့ ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး တားဆီးရာမှာ မရပ်ပေးတာကြောင့် ပစ်ခတ်လိုက်ရခြင်းဖြစ်တယ်လို့ မြို့နယ်အတွင်း သတင်းဖြန့်ထားပါတယ်။ သုံးခွမှာက မူးယစ်ဆေးအရမ်းပေါနေတယ်။ ဖြန့်ဖြူးနေတဲ့သူတွေကျ မဖမ်းကြဘူး။ သေသွားတဲ့ တစ်ယောက်ဆို အလောင်းတောင်ပြန်မရသေးဘူး၊ လက်စွပ်တော့ ပြန်ရတယ်။ သူ့မှာ မိန်းမနဲ့ ကလေးကျန်ခဲ့တယ်” ဟု သုံးခွဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးသည့်နောက်ပိုင်း သုံးခွမြို့နယ်တွင် မူးယစ်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိနေပြီး လူငယ်အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲနေကြကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။

သုံးခွမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူများကိုလည်း စစ်ကောင်စီတပ်နှင့် ရဲက အကာအကွယ်ပေးနေကြောင်း ယင်းအပြင် အာဝါဒေးဝ်ိုင်းအပါအဝင် လောင်းကစားဝ်ိုင်းမျိုးစုံလည်း သုံးခွမြို့ပေါ်နှင့် ကျေးရွာများတွင် တွင်ကျယ်စွာ လုပ်ကိုင်နေကြကြောင်း ဒေ သခံများထံမှ သိရသည်။mizzima

ပခုက္ကူတွင် ပျူစောထီးအဖွဲ့ဝင်အပါအဝင် ဆိုင်ကယ်စီး လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာမှာ ဧပြီ ၁၆ ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ် ၅ ဦးကို စစ်ဆေးခံဖို့ ရပ်ခိုင်းရာမှ မရပ်ပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးထဲမှာ ပျူစောထီးအဖွဲ့ဝင်တဦးပါနေပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတဦးက “လမ်းမှာ စစ်ဆေးနေတာ ရပ်မပေးလို့တဲ့၊ ဆိုင်ကယ်စီးလာတဲ့သူကလည်း ငါပျူအဖွဲ့ဝင် ငါပိုင်တယ်ဆိုပြီး စီးပြေးတဲ့ သဘောထင်ပါတယ်” လို့ ပြောပါတယ်။

စစ်ဆေးနေသူတွေဟာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။DVB

ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် သင်္ကြန် ၄ရက် အပန်းဖြေပြီး ပြန်လာသည့်ကားများ ပန်တိုင်ဂိတ်တွင် ပိတ်ဆို့

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများ၌ သင်္ကြန်လေးရက် လာရောက်အပန်းဖြေပြီး ပြန်လာသည့်ကားများဖြင့် ယနေ့ ဧပြီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ ပိတ်ဆို့နေသည်ဟု ကားမောင်းသူတစ်ဦးထံက သိရသည်။

ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ အဝင်ဂိတ်ဖြစ်သည့် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ယနေ့ဧပြီလ ၁၇ရက်နေ့ နှစ်ဆန်း တစ်ရက်နေ့တွင် အချိန်ကြာကြာယာဉ်ကြောပိတ်ဆို့နေခြင်း ဖြစ်သည်။

“နေ့လယ် ၁၂ နာရီလောက်ကတည်းက ကားတွေ ရာချီပြီးပိတ်နေတာပါ။ကမ်းခြေဘက်က ပြန်လာတဲ့ကားတွေများလို့ ပိတ်နေတာဗျ၊ဒီတိုင်းဆိုရင်

မိုးချုပ်ဖို့တောင်များတယ်”ဟု ယာဉ်မောင်းသူတစ်ဦးက ပြောသည်။

ယနေ့ မနက် ၁၁ နာရီ ၄၅မိနစ် အချိန်ခန့်က စတင်၍ ညနေပိုင်း ၅ နာရီအထိ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွါးနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“အလုပ်ပြန်ဝင်ဖို့ ရန်ကုန်ဘက်ကို ပြန်တက်လာတဲ့ ကားတွေလည်းပါပါတယ်။ဒါပေမဲ့ ချောင်းသာနဲ့ ငွေဆောင်ဘက်က ပြန်လာတဲ့ အိမ်စီးကားတွေကပိုများတယ်လို့ပြောလို့ရတယ်”ဟု ယာဉ်မောင်းတစ်ဦးကပြောသည်။

ယခုနှစ် သင်္ကြန်လေးရက်အတွင်း ငွေဆောင် နှင့် ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုခန်းများအားလုံးတွင် ခရီးသွားများ၊လာရောက်အပန်းဖြေကြသူများ ပြည့်နေခဲ့သည်ဟု ကမ်းခြေဒေသနေ ပြည်သူများထံက သိရသည်။mizzima

စစ်ကိုင်းတိုင်းတွင် အကျဉ်သား ၁၂၃ ဦးပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားများမပါ

နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း အကျဉ်းထောင်အသီးသီးက အကျဉ်သား ၁၂၃ ဦး လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ ထောင်ဝန်ထမ်း ၁ ဦးက ပြောပါတယ်။

“အခုလွှတ်တဲ့ထဲ နိုင်ငံရေးအကျဉ်သားတွေမပါဘူး၊ မူးယစ်အမှုတွေပဲ ပါလာတယ်။” 

မုံရွာ၊ ရွှေဘို၊ ကလေး၊ ကသာ၊ သနန် အကျဉ်းစခန်း(တမူး)၊ မြို့သစ်အကျဉ်းစခန်း(တမူး)၊ ဗန္ဓုလ အကျဉ်းစခန်း(တမူး)၊ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်း (တမူး)၊ စတဲ့ အကျဉ်းထောင် စုစုပေါင်း ၉ ခုမှ အကျဉ်းသားစုစုပေါင်း ၁၂၃ ဦးအား လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက် နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ ကြေညာထားတာပါ။

နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ ဒီဗွီဘီက စုံစမ်းမေးမြန်းချက်အရ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ  စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်အထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း  ၁၀,၂၃၈ ဦးရှိပြီး ဒီအထဲက  ၉၉၆ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းအရ သိရပါတယ်။ DVB

ယင်းမာပင်တွင် စစ်ကောင်စီယာဉ် ၂ စီး တိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့ ယာဉ် ၂ စီးကို ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့​တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောင်​ဇေယျကွက်သစ် (​ဒေသ​ခေါ် ​ရွှေ​တောင်ဦးကုန်း) ဘက်က​နေ ဘန့်​ဘွေးရွာမ​ကျေးရွာဘက်ကိုသွားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ယာဉ် ၂ စီးကို မုံရွာ ယာကြီး က​လေးဝလမ်း ၅ မိုင်တိုးဂိတ်အနီးမှာ ​ဒီက​နေ့ မနက်ပိုင်း ၈ နာရီခွဲ​လောက် PDF ပူးပေါင်းအဖွဲ့​က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်​ စစ်​ကောင်စီတပ်ဖွဲ့က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တာကြောင့် ​ရှေ့ဆက်မသွားနိုင်ခဲ့ဘဲ ​ရွှေ​တောင်ဦးကုန်းဘက်ကို ပြန်လှည့်သွားခဲ့တယ်လို့ ဒေသခံ‌ပြောက်ကျားတပ်ဖွဲ့ ချိုမိုင်မိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၁၆ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့ ခရိုင်စု​ပေါင်းရုံးနဲ့ ရဲစခန်းတို့ကို PDF ပူး​ပေါင်းအဖွဲ့​တွေက တိုက်ခိုက်ခဲ့ကြပြီး စစ်​ကောင် စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်​ပေမယ့် အ​ရေအတွက်မသိရ​သေးဘဲ ပူး​ပေါင်းအဖွဲ့ဘက်က ရဲ​ဘော် ၁ ဦး ​​ကျဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  PDF အဖွဲ့ဝင်တဦးက ​ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ဘိုး​​တော်နီ PDF အဖွဲ့က  အသက် ၂၃ နှစ်အရွယ် ​ရဲ​ဘော် မော်တာ ကျဆုံးခဲ့ရပြီး အသက် ၂၀ ​ကျော်အရွယ်​ ရဲ​ဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ စစ်​ကောင်စီတပ်ကို အသုံးပြုတိုက်ခိုက်တဲ့ လက်နက်ပစ္စည်းချို့ယွင်းမှု​ကြောင့် မ​တော်တဆဖြစ်ရာက​နေ အခုလို ထိခိုက်ကျဆုံးခဲ့ရတာလို့ ​တိုက်ခိုက်​ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးက ​ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ မြို့​ပေါ်အပါအဝင် ​ကျေးလက်နယ်​တွေက ဒေသခံပြည်သူ​တွေဟာ သင်္ကြန်ကာလ ရေကစား​ပျော်ပါးခြင်းမရှိဘဲ စစ်​​ကောင် စီကို သပိတ်​မှောက်ဆန္ဒ​ဖော်ထုတ်ခဲ့ကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အာဏာသိမ်းစစ်​ကောင်စီကတော့ ယင်းမာပင်ခရိုင်စု​ပေါင်းရုံးအတွင်းမှာ လုံခြုံ​ရေးအပြည့်ယူပြီး အချိန်အနည်းငယ်​ ဖွင့်ပွဲ​ပုံစံပြုလုပ်ခဲ့ကြပေမဲ့ ယင်းမာပင်မြို့တွင်းမှာ​တော့ ​ရေကစားမဏ္ဍပ်မရှိသလို မြို့​ပေါ်လမ်း​တွေလည်း လူသွားလူလာမရှိသ​လောက် နည်းပါးခဲ့တယ်လို့ ​ဒေသခံ​တဦးက ​ပြောပါတယ်။DVB

မတူပီတွင် ဧပြီလ ဒုတိယပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဧပြီလ ဒုတိယပတ်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံး၍ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ဧပြီ ၁၆ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ဧပြီ၉ရက်နေ့တွင် မတူပီမှ – ပလက်ဝဘက်သို့ စတင်ထွက်ခွာလာသော စစ်ကောင်စီတပ်များနှင့် CDF Matupi သည် ၁၀ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်များသည် ဧပြီ ၁၁ရက်နေ့တွင် တွီရှစ်ကျေးရွာ ၊ ၁၂ရက်နေ့တွင် ဝလံပီကျေးရွာ ၊ ၁၃ရက်တွင် ကုလားကျေးရွာ ၊ ၁၄ရက်နေ့တွင် ဝလံသဲ ကျေးရွာများသို့ ရောက်ရှိလာပြီး စစ်ကြောင်းဖြတ်သန်းရာ လမ်းတစ်လျောက်တွင် ကျေးရွာပြည်သူပိုင် ကြက် ၊ ဝက် ၊ ဆိတ်များအား ယူဆောင်သွားကြသည့်အပြင် ဝလံပီးကျေးရွာတွင် တစ်ရွာလုံးအတွက် စုဆောင်းသိမ်းဆည်းထားသည့် ပြည်သူပိုင် စပါးကျီများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတူပီ – ပလက်ဝလမ်းပေါ်ရှိ ကျေးရွာများမှ ပြည်သူ အယောက် ၁,၀၀၀ ခန့်သည် တောထဲ တွင် စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်မှ မတူပီမြို့နယ်အတွင်း နေရာအနှံ့ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိနေသောကြောင့် ဆုတောင်းသတိရပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

CDF – Matupi စတင်ဖွဲ့စည်း ခဲ့သည့် ဧပြီလ ၁၀ရက် ၂၀၂၁ ခုနှစ်မှ စတင်ပြီး ဧပြီလ ၁၆ရက် ၂၀၂၂ ခုနှစ် အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း‌ ၆၄ကြိမ်ဖြစ်ပွားခဲ့ပြီး အာဇာနည်ရဲဘော် ၁၅ ဦး အသက်ပေးခဲ့ပြီး ဒဏ်ရာရ သူရဲကောင်း ၂၁ ဦးရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်နေ့ကလည်း CDF – Matupi ရဲဘော်တစ်ဦး ရှေ့တန်းတွင် မိုင်းရှင်းလင်းစဉ် ကျဆုံးခဲ့ပြီး ရဲဘော်၏ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ပေးဆပ်မှု အပေါ်လေးစားဂုဏ်ယူ မှတ်တမ်းတင်အပ်ပါ ကြောင်း ထုတ်ပြန်ထားသည်။mizzima

« Older Entries