Monthly Archives: Apr 2022

မိုးသက်လေပြင်းကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းက နေအိမ် ၁၈၀ ကျော် ပျက်စီး

ရခိုင်ပြည်နယ်ရှိ၊ မြို့နယ်တချို့မှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းက နေအိမ်တွေ ပျက်စီးသွားတာကြောင့် နေထိုင်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းမှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ လူနေအိမ် ၈၀ နီးပါး ပျက်စီးသွားပြီး လက်ရှိမှာ ပျက်စီးသွားတဲ့ အိမ်တွေက စစ်ဘေးရှောင်တွေကို ကျေးရွာကွာရန်တင်းစင်တာတွေကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်က ပြောပါတယ်။

“ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်လို့ စခန်းထဲက လူနေအိမ် ၈၀ လောက် ပျက်စီးသွားပါတယ်။ ကြိုတင် အသိပေးထားတာလည်း မရှိတော့ ကျနော်တို့မှာ ဘာပြင်ဆင်မှုမှ မရှိဘူး။ ပျက်စီးသွားတဲ့ အိမ်တွေက လူဦးရေ ၂၀၀ ကျော်လောက်ကို လက်ရှိမှာ ကျေးရွာ ကွာရန်တင်းစင်တာကို အရေးပေါ် ပို့ဆောင်ထားရတယ်။”

ကျောက်တော်မြို့ မဟာမုနိ စစ်ဘေးရှောင်စခန်းမှာလည်း အိမ်ခြေ ၄၃၂ အိမ်ရှိတဲ့အနက် နေအိမ် ၂၀ ခန့် လုံးဝပြိုပျက်သွားပြီး စာသင်ကျောင်းအဆောင်ပါ ပြိုပျက်သွားတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

မဟာမုနိစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တစ်ဦးက “ကျနော်တို့ ကျောက်တော် မဟာမုနိဒုက္ခသည်စခန်းက လေမတိုက်ရင်လည်း ပြိုပျက်နေတာပါ။ ဘယ်သူမှလည်း လာရောက်ပြီး ပြုပြင်နိုင်ဖို့ မဆောင်ရွက်ပေးပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှာလည်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးသွားတယ်လို့ ညောင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးသန်းအေးက ပြောပါတယ်။

“ကျနော်တို့ကျေးရွာက စစ်ဘေးရှောင်စခန်းမှာတော့ လူနေအိမ် ၁၀၀ ကျော်လောက် ပျက်စီးသွားတယ်။ လောလောဆယ် စာရင်းကောက်တုန်း ရှိသေးတယ်။ ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။”

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ မိုးသက်လေပြင်း တိုက်ခတ်တာ မိနစ် ၄၀ လောက် ကြာခဲ့ပြီး စစ်ဘေးရှောင် နေအိမ်တချို့ အပါအဝင် အ ဆောက်အဦတချို့ပါ ပျက်စီးခဲ့ပြီး အရေးပေါ် နေထိုင်စရာ အခက်အခဲ ဖြစ်နေကြတာပါ။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ရဲ့ ၂ နှစ်ကျော် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်အထိ ရှိခဲ့ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်လောက် ရှိနေသေးတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။DVB

ကျောက်မျက်ပြပွဲ ကျင်းပမည့် မဏိရတနာ ကျောက်စိမ်းခန်းမ အနီးတစ်ဝိုက် စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်

ကျောက်မျက်ရတနာ ပြပွဲ ကျင်းပမည့် နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ အနီးတစ်ဝိုက်တွင် ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေပိုင်းမှ စပြီး စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

(၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဧပြီလ ၂၂ရက်နေ့မှ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း စစ်ကောင်စီ လက် အောက် ခံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားသည်။

လက်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ဝင်ပေါက်များ အနီးတစ်ဝိုက်၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အချို့ စောင့်ကြပ်နေပြီး ခန်းမ အနောက်ဘက် လမ်းတစ်လျှောက်တွင် ဆိုင်ကယ်၊ ကားအဝင် အထွက် ပိတ်ထားပြီး စောင့်ကြပ်နေကြောင်း သိရသည်။

ကျောက်မျက်ပြပွဲ တက်ရောက်မည့်သူများ အနီးအနားရှိ ရပ်ကွက်အတွင်း အခန်းများ ငှားရမ်း ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သပြေကုန်းရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။

ရတနာပြပွဲတွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲ အတွဲများကို ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကို စစ်ကောင်စီ လက်ထက် ပထမဆုံး အကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်စွာ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပုလဲ အတွဲများနှင့် ကျောက်စိမ်း အတွဲများ ပြပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။mizzima

တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတို့တွင် စစ်ကားများ၊ စစ်ကြောင်းများနှင့် စစ်တပ် ထောက်တိုင် KBZ ဘဏ်ပါ ဗုံးခွဲ ပစ်ခတ် တိုက် ခိုက်ခံရ စစ်သား ၁၁ဦး သေဆုံး

တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စစ်ကားများ၊ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ၊ ကင်းစောင့် စစ်သားများနှင့် စစ်တပ် ထောက်တိုင် KBZ ဘဏ်တို့ ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်ခံရ စစ်သား ၁၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦး

=============

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦး လမ်းပိုင်း၌ ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းများ မိုင်းရှာဖွေနေစဉ် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CHUPDF)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦး သေဆုံးခဲ့ကြောင်း CHUPDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CHUPDF) တပ်ခွဲ(၂) မှ ရဲဘော်များက ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်

==============

တနင်္သရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ လှေဆိပ်တစ်ခု၌ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃ဝမိနစ်ခန့်တွင် ဆက်ကြေး ကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက် ပြောက်ကျား တပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့

===============

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို‌့ မြောက်ဘက် ခွေးနတ်ချောင်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော Forland ကား ၁စီးကို ယ‌နေ့ ဧပြီ၂၀ရက် မွန်းလွဲ ၁နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို တန့်ဆည် PDFတပ်ရင်း(၇)မှ Phoenix၊ KPKတပ်ဖွဲ၊ TSR၊ မူးမြစ်ဝှမ်းလွင်ပြင်အဖွဲနှင့် ပလဖတို့က ပူးပေါင်း ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ထို Forland ကားသည် မိုင်းထိမှန် ပျက်စီးခဲ့ပြီး တန့်ဆည်ရဲစခန်းမှ ကားတစ်စီးဖြင့် သေဆုံး၊ဒဏ်ရာရ စစ်သားများကို လာရောက် တင်ဆောင်သွားကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။khit thit

မြန်မာ့ရွှေစျေး တကျပ်သားကို ကျပ် ၂၁ သိန်းနီးပါးအထိ မြင့်တက်

ဗဟိုဘဏ်ရဲ့ သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ ရန်ကုန်တိုင်းရွှေအသင်းက ဆုံးဖြတ်ထားပေမဲ့ သင်္ကြန်အပြီး ရွှေစျေးကွက် ပြန်ဖွင့်ချိန်မှာ ကျပ် နှစ်သောင်းကျော် ထပ်မံမြင့်တက်လာခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက် ရန်ကုန်ရွှေစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀၇၈၀၀၀ နဲ့အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

သင်္ကြန်ပိတ်ရက် မတိုင်ခင် ဧပြီ ၇ ရက်နေ့က တစ်ကျပ်သားကို ကျပ် ၂၀၅၀၀၀၀နဲ့ စျေးပိတ်ခဲ့တာပါ။ ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက်နှုန်းနဲ့ တွက်ချက်ပြီး  ရွှေစျေးနှုန်းသတ်မှတ်ရင် သင်္ကြန်အပြီး  အကျစျေးနဲ့  စျေးဖွင့်လာနိုင်မယ်လို့ စျေးကွက်လေ့လာသူတွေက ခန့်မှန်းထားကြပေမဲ့ စျေးကထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေစျေး တွက်ချက်ရာမှာ ဒေါ်လာစျေးနှုန်းအပြင် နယ်စပ်ငွေကြေးလဲလှယ်နှုန်းတွေပါ ထည့်သွင်း တွက်ချက်ရတာဖြစ်လို့ စျေးနှုန်းမကျဆင်းတာလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြည်တွင်း မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပက ဝင်ရောက်တဲ့ နိုင်ငံခြားငွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်း မြန်မာငွေလဲလှယ်ဖို့ ဧပြီ ၄  ရက်နေ့မှာ  ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနောက် ဗဟိုဘဏ်ရဲ့ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်ဖို့  ရန်ကုန်တိုင်းရွှေအသင်းက ဧပြီ ၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပေမဲ့ ပြည်တွင်းရွှေစျေးကတော့ ကျဆင်းသွားခြင်း မရှိဘဲ ပိုမြင့်တက်လာခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက် မတိုင်ခင်က ပြည်တွင်းရွှေစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်၂၀၄၀၀၀၀ အထက်မှာရှိခဲ့ပြီး  ဒီနေ့မှာ  ကျပ် ၂၀၇၃၈၀၀ ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။DVB

ဒေါက်တာဇော်မြင့်မောင် ထိုင်းတွင်ဆေးကုသမှု NLD ရန်ပုံငွေမှ အကုန်အကျခံသုံးစွဲခြင်းသာဖြစ်ဟု ဇနီးဖြစ်သူ ထွက်ဆို

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် ဆေးသွားရောက်ကုသစဉ် မည်သူ့ဆီကမှ ငွေလက်ခံရယူခြင်းမျိုးမရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရန်ပုံငွေမှ အကုန်အကျခံ သုံးစွဲခဲ့ခြင်းသာဖြစ်ကြောင်း ဇနီးဖြစ်သူဒေါက်တာဒေါ်ယုယုမေကထွက်ဆိုခဲ့သည်ဟု အိုးဘိုအကျဉ်း ထောင်တွင်း သတင်းအရင်းအမြစ်က ယနေ့တွင် မဇ္စျိမကိုပြောသည်။

ယမန်နေ့ ဧပြီ ၁၉ ရက်နေ့က ဝန်ကြီးချုပ်အား စွပ်စွဲထားသော အဂတိအမှု သုံးမှုဖြစ်သည့် ရာကြီးမှု အမှတ်(၆)၊ (၇)၊ နှင့်(၈) အမှုတို့အတွက် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း သီးသန့်တရားရုံးတွင် ရုံးထုတ် ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ ရုံးထုတ်စစ်ဆေးမှုတွင် ဒေါက်တာဇော်မြင့်မောင်၏ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေနှင့် ဦးကျော်စွာဦးဆိုသူတို့ ခံပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ကြသည်။

“ ဒေါက်တာဇော်မြင့်မောင် ထိုင်းမှာဆေးကုတဲ့အချိန်မှာ မောင်ဝိတ်ဆီကယူတယ်။ ဦးရဲမြင့်ဆီက ယူတယ် ဆိုတဲ့စွပ်စွဲမှုမှာ ဘယ်သူဆီကမှ မယူဘူးတဲ့။ ဒေါက်တာဇော်မြင့်မောင် ဆေးရုံတက်တဲ့အခါမှာ ထိုင်းကို ဒေါ်အောင်ဆန်းစုကြည်လိုက်လာပြီးတော့ ကုန်ကျခံပြီးကုပေးခဲ့တာ။ ဒါက ဒေါက်တာဇော်မြင့်မောင်တစ် ယောက်တည်းတင် မဟုတ်ဘူး။ NLD မှာ ကျန်းမာရေးချို့တဲ့သူတွေမှန်သမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေအတွက် NLD ရန်ပုံငွေထဲကနေ အကုန်အကျခံပေးတာမျိုးဆိုပြီး ထွက်ဆိုသွားတာပါ” ဟု သတင်းအရင်းအမြစ်က ရှင်းပြသည်။

ယင်းအမှု သုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းထိန်တို့ သက်သေထွက်ဆိုရန်ရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီက ဦးဝင်းထိန်သက်သေလာရောက်ထွက်ဆိုရန် ခွင့်ပြုထားပြီဖြစ်သော်လည်း ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မည်သို့ထွက်ဆိုရမည်ကို မသိရှိရသေးဟုဆိုသည်။

“ ဧပြီ ၂၉ ရက်နေ့(သောကြာနေ့)မှာ ဦးဝင်းထိန်ကို စစ်ဖို့ရှိတယ်။ စစ်တာတော့ စစ်မှာပါ။ ဘယ်လိုစစ်မယ် ဆိုတာ မသိသေးဘူး။ အခုအချိန်အထိတော့ သူတို့နှစ်ယောက်ကို သက်သေထွက်ဆိုခွင့် ဘယ်လိုလုပ်မလဲ ဆိုတာ မသိရသေးပါဘူး” ဟုဆိုသည်။

ယင်း အဂတိအမှု သုံးမှုအတွက် ဝန်ကြီးချုပ်ကအပြစ်မရှိကြောင်း ငြင်းဆိုထားခဲ့သလို စီးပွားရေးလုပ်ငန်း ရှင်မောင်ဝိတ်ကလည်း မိမိဆန္ဒဖြင့် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ရုံးချိန်းတစ်ခုတွင် ထွက်ဆိုထား သည်။

အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာခံစားနေရသော ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် အဂတိအမှု ငါးမှု၊ မဲမသမာမှုဖြင့်စွပ်စွဲထားသော အမှုနှစ်မှု စုစုပေါင်း အမှုခုနစ်မှုဖြင့် ဆက် လက် တရားရင်ဆိုင်နေရသည်။mizzima

လူရွှင်တော် ကောင်းကျော်ကို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဖမ်းဆီး

ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်ကို ရန်ကုန်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

သာကေတမြို့နယ်ရှိ သူ့ရဲ့နေအိမ်မှာ ဧပြီ ၁၉ ရက်ညက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇနီးဖြစ်သူကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆု တောင်းပေးရုံသာ တတ်နိုင်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို အသိပေးထားပါတယ်။

ဟာသသရုပ်ဆောင် လူရွှင်တော်ကောင်းကျော်ဟာ လူရွှင်တော် ငြိမ်းချမ်း၊ ရှဲဒိုး၊ ဝိုင်းချစ်၊ ထက်ထက်တို့နဲ့အတူ ဖွဲ့စည်းထားတဲ့ ရွှေညီကိုအငြိမ့်အဖွဲ့မှာ ပါဝင်သူတဦးဖြစ်ကာ ပရိသတ်အားပေးချစ်ခင်မှု အခိုင်အမာ ရှိသူ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။

ခုလိုဖမ်းဆီးခံရမှုဟာ စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးတဲ့ ဟန်ငြိမ်းဦး အမည်ရ အကောင့် လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေခဲ့အပြီးမှာ ၂ ရက်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဝေဖန်ပြောဆိုနေကြပါတယ်။ 

အဆိုပါ အကောင့်မှာတော့ လူရွှင်တော် ကောင်းကျော်ဟာ တော်လှန်ရေး လူရွှင်တော်အဖွဲ့အဖြစ် နာမည်ကြီးတဲ့ ဟားငါးကောင်အဖွဲ့နဲ့ အဆက် အသွယ်ရှိကြောင်း၊ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်နေကြောင်း စွပ်စွဲရေးသားထားတာ တွေ့ရပါတယ်။

လူရွှင်တော်ကောင်းကျော်ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းရေးသားထားပါတယ်။

“ကောင်းကျော်နဲ့ ဟားငါးကောင်က တဖွဲ့တည်းတွေတဲ့။ ဟုတ်ရဲ့လား ဟန်ငြိမ်းဦးရယ် သေချာလို့ လား။ အခုထိလည်း အဆက်သွယ်ရှိနေတုန်းတဲ့။ အဲ့ဒီအချက်ကတော့ ဝန်ခံတယ်၊ နဂိုကတည်းက fb မှာ fri တွေဖြစ်နေတော့ ဟားငါးကောင်နဲ့လဲအဆက်သွယ်ရှိတယ်။ ဖိုက်စတားနဲ့လဲရှိတယ်။ သီးလေးသီး နဲ့လဲရှိတယ်။ ခင်လှိုင်နဲ့လဲ ရှိတယ်။ ဒိန်းဒေါင်နဲ့လဲအဆက်သွယ်ရှိတယ်။ အုန်းသီးနဲ့လဲရှိတယ်။ လူရွှင်တော်အတော်များများနဲ့ သူတို့ဘက်က ဘလော့တာ မဟုတ်ခဲ့ရင်တော့ အကုန်အဆက် အသွယ်ရှိတယ်။ (ကိုကစပီးတော့ ဘယ်လူရွှင်တော်မှ မဘလော့ဘူး)။ ဘာတဲ့ ဟားငါးကောင်ကို နောက်ကွယ်ကနေ ပံ့ပိုးပီး ထောက်ပို့ လုပ်နေတယ် တဲ့(သေချာရဲ့လားဟန်ငြိမ်းဦးရယ်)။ အဲ့အချက်လောက်ရီစရာကောင်းတာတွေမရှိတော့ဘူး။”

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ၊ နာမည်ကြီးဆယ်လီတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ ပြည်သူတွေ ဘယ်သူ့ကိုမဆို ကြုံသလိုဖမ်းဆီး သတ်ဖြတ်မှုတွေကို တောက်လျှောက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဟာသလူရွှင်တော် သရုပ်ဆောင် ဆင်မကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပါတယ်။DVB

တောင်ဥက္ကလာတွင် Taxi တစ်စီးကို စစ်ကားဖြင့် တိုက်ပြီး ကားပေါ်ပါ လူငယ် ၃ ဦးကို စစ် တပ်က ရိုက်နှက်ဖမ်းဆီး၊ စစ်အာဏာရှင်ဆန့် ကျင်ရေးသပိတ်အပြီး ပြည်သူများ ဖမ်းဆီးခံရဟု စမ်းချောင်း သပိတ်စစ်ကြောင်းက ထုတ်ပြန်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ ၃၁ ကားဂိတ်အနီးတွင် ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်အချိန် Taxi တစ်စီးကို စစ်ကားဖြင့် တိုက်ပြီး ကားပေါ်ပါ လူငယ် ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အခု ညနေ ၄ခွဲလောက်က မြင်သာ ၃၁ ကားဂိတ်မှတ်တိုင်မှာ လူငယ် ၃ ယောက် အဖမ်းခံလိုက်ရတယ်။ Taxi ကားပေါ် တက်ပြေးတဲ့အချိန် ကားချင်းတိုက်ပြီး ဖမ်းလိုက်တာ။ မိသွားတယ်။ မိန်းကလေး ၂ယောက် ယောကျ်ားလေး ၁ ယောက်။ ၃ ဦးတော့ အဖမ်းခံရတာတွေ့တယ်”ဟု မျက်မြင်တွေ့ရှိရသူ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်ကင်းထောက်အဖွဲ့လည်း လူငယ် ၃ ဦး တောင်ဥက္ကလာ မြင်သာမှတ်တိုင်တွင် ကားချင်းတိုက်၍ ဖမ်းဆီးခံရကြောင်းကို အတည်ပြုပြီး စစ်သား ၆ ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အတည်ပြုသည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကမူ ယနေ့ညနေပိုင်း သပိတ်ရဲဘော်များပါဝင်သော သပိတ်ပွဲလုပ်နေသည့်နေရာကို စစ်တပ်က ကားဖြင့်တိုက်ပြီး ပိတ်ဆို့ ဖမ်းဆီးမှုများလုပ်ခဲ့ကြောင်း၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်များအားလုံး နှင့် အခြားအဖွဲ့မှရဲဘော်များအားလုံး ဘေးကင်းလုံခြုံသောနေ‌ရာတွင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ လမ်းပေါ်‌တွင်‌တွေ့သော သပိတ်နှင့် ပတ်သက်ခြင်းမရှိသော ပြည်သူများကို စစ် တပ်က ဖမ်းဆီးလျက်ရှိကြောင်း ယနေ့ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။khit thit

ကျောက်ဆည်မြို့နယ် သံရွာရဲစခန်းအား အီနာဂါဗုံးသီးဖြင့် KDDF တိုက်ခိုက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် အရှေ့ဘက်ခြမ်းရှိ သံရွာရဲစခန်းအား အီနာဂါ (ခေါ်) ရိုင်ဖယ်ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လိုင်းခန်း မီးလောင် ပျက်စီးမှုများ ရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ KDDF ဥက္ကဋ္ဌ ကိုရာဇာမင်း ကပြောသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက် နံနက် ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်သား လေးဦးက M16 သေနတ် နှစ်လက်ဖြင့် အီနာဂါဗုံးသီး လေးလုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“အီနာဂါ ဗုံးသီးဆိုတာက M16 ကိုမှ ကျွန်တော်တို့ ထိပ်ကနေပြီးတော့ ပြောင်းဝမှာ စွပ်ပြီး ပစ်ရတဲ့ ဗုံးသီးဗျ။ M 9 လို့လည်း ခေါ်တယ်ဗျ။ ပြင်းအားက လက်ပစ်ဗုံးတွေထက် သာတယ်။ လက်နက်ကြီး ပုံစံမျိုး အသေးစားပေါ့။ ကျွန်တော်တို့ နှစ်လုံးတွဲ တစ်ခါ၊ နှစ်လုံးတွဲ တစ်ခါပစ်တာ။ ရဲစခန်းဝင်းထဲပဲ ပစ်တာ လိုင်းခန်း အမိုး ပေါက်သွားတယ်။ ပြီးတော့ လိုင်းခန်း အနောက်ဘက်ပိုင်း မီးလောင်သွားတယ်ဗျ။ အနည်းငယ်ပဲ အဲလောက်တော့ မပြင်းဘူး။ လူထိခိုက်မှုတော့ ကျွန်တော်တို့ စုံစမ်းမရဘူး” ဟု ကိုရာဇာမင်းက ရှင်းပြသည်။

စစ်ကောင်စီတပ်နှင့် ရဲအင်အား ၃၀ ခန့်ရှိသည့် သံရွာရဲစခန်းအား ပစ်ခတ်ပြီးနောက် ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ရဲစခန်းတွင်း ထိခိုက်မှု အခြေအနေကိုမူ စုံစမ်း၍ မရသေးကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့ဘက်က အတွဲလိုက် ရမ်းသန်း ပြန်ပစ်တာဗျ။ သူတို့ အပြင်ထွက်လာတာမျိုးတော့ မရှိဘူး၊ အထဲမှာ ပြေးလွှား နေတာတွေတော့ ရှိတယ်။ မထွက်လာဘူး ဆိုတာကလည်း ကျွန်တော်တို့ ဘက်က ဒါနဲ့ပစ်ရင် ဒါပါ တယ်ဆိုတာ သူတို့ သိတယ်လေနော်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲစခန်း အနောက်ဘက်လမ်းအား ယနေ့ ဧပြီလ ၂၀ ရက်အထိ စစ်ကောင်စီတပ်က ပိတ်ထားပြီး စခန်းရှေ့လမ်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

၎င်းပစ်ခတ်မှုကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့- KDDF နှင့်အတူ LPDF (စဉ့်ကိုင်)၊ LPDF (မြစ်ငယ်) နှင့် LPDF (တပ်ကုန်း) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။mizzima

သံတောင်မြို့ ၁၁ မိုင်ကုန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံး

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၁ မိုင်ကုန်းအနီးမှာ ဧပြီ ၂၀ ရက် မနက် ၆ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းကြောင်းလုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ခြေကျင်လျှောက် ကင်းလှည့်နေစဉ် KNLA ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၂ ယောက်ကို သူတို့ကိုင်ဆောင်တဲ့ လက်နက် ၂ လက်နဲ့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အနီးနားက ဥယျာဉ်ခြံလုပ်ကိုင်နေသူတဦးက “ကျနော်ခြံထဲမှာ ရှိနေတုန်း မိုင်းကွဲတဲ့အသံက အကျယ်ကြီးပဲ။ စစ်သားနှစ်ယောက် လမ်းလုံခြုံ ရေးအတွက် ကင်းလှည့်နေတုန်း မိုင်းဆွဲခံရတာလို့ ကြားတယ်။ နှစ်ယောက်စလုံး သေတယ်။ ဒေသခံတယောက်တော့ ဆိုင်ကယ်နဲ့ ဖြတ်သွားတုန်း မိုင်းထကွဲတော့ အနည်းငယ်ထိသွားတယ် သိရတယ်” လို့ ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်က ဥယျာဉ်ခြံတွေအတွင်း လှည့်လည်စစ်ဆေးတာတွေ၊ လမ်းမကြီးကို ပိတ်ဆို့ပြီး သွားလာနေတဲ့ လူနဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် တပိုင်တနိုင် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်းတာ၊ တဲတွေကို မီးရှို့ဖျက်ဆီးမှာကို စိုးရိမ်နေရတယ်လို့ ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခဏ နှစ်ဖက်တိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။DVB

« Older Entries