Monthly Archives: Apr 2022

ဖောင်းပြင်မြို့နယ်တွင် ရှမ်းနီတပ် ဆက်ကြေးလာမကောက်ရန် ဒေသခံ PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဟာ လက်နက်အပြည့်စုံနဲ့ ဆက်ကြေးလာရောက်ကောက်ခံနေတာတွေရှိနေတဲ့အတွက် လက်သင့်မခံနိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Paungbyin People Defence Force က ဧပြီ ၂၆ ရက်က ထုတ်ပြန်လိုက်ပါတယ်။

SNA ကအခွန်ကောက်တယ်လို့ဆိုပေမဲ့ အခွန်ကောက်ခံတဲ့ သဘောတရားနဲ့ သက်ဆိုင်ခြင်းမရှိပဲ ဆက်ကြေးလို့ပဲသတ်မှတ်တယ်လို့  ဖောင်းပြင်  PDF  က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖောင်းပြင်မြို့နယ်ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ  NUG  ရဲ့ ဥပဒေနဲ့အညီ အခွန်ကောက်‌နယ်မြေဖြစ်ပြီး ဒေသခံပြည်သူတွေကလည်း  SNA ကို ဆက်ကြေး မပေး ဆောင်လိုကြဘူးလို့ ဆိုပါတယ်။

ဖောင်းပြင် PDF အဖွဲ့ဝင်တစ်ဦးက “သူတို့မှာ အခွန်ဆိုတာ ကောက်ပိုင်ခွင့်မရှိဘူး။ လက်နက်ကိုင်ပြီး ဆက်ကြေးတောင်းတာလို့ သတ်မှတ်ထားတယ်။ အခု လုပ်ငန်းတွေကို အခွန်ဆောင်ရမယ်ဆိုပြီး လိုက်ခြိမ်းခြောက်နေတာ။ ဥပဒေအရ အခွန်ကောက်မယ်ဆိုရင်ပြည်သူ့ဆန္ဒနဲ့အညီ ဖွဲ့ စည်း ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရကပဲ ကောက်ခံပိုင်ခွင့်ရှိတယ်။ အခု သူတို့လုပ်ရပ်က အဓိပ္ပာယ်မှ မရှိတာ ၊ ပြောရရင် ဒီ ဘက်ကို နယ်ချဲ့ဆက်ကြေးတောင်းတဲ့ သဘောပဲ” လို့ ပြောပါတယ်။

အခွန်ရဲ့သဘောသဘာဝဟာ အခွန်ကောက်ခံသူနဲ့ အခွန်ပေးဆောင်သူတို့ နှစ်ဦး နှစ်ဘက်သဟဇာတ ဖြစ်ဖို့ လိုအပ်ပြီး ဖောင်းပြင် PDF  အနေနဲ့ ပြည်သူလူထုနဲ့ သဟဇာတမဖြစ်တဲ့ ဘယ်လို့ ကောက်ခံမှုမျိုးကိမဆို ပြည်သူ့အကျိုးစီးပွားအတွက်အကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းနီ အမျိုးသားများတပ်မတော် SNA  ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်တချို့အပါဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်စတဲ့ နေရာတချို့မှာပါ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး အခွန်ကောက်တဲ့ကိစ္စ တားမြစ်မှုကို ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။DVB

မုံရွာ – အရာတော်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၃ ဉီး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပေါ်ရှိ ဆူးလေကုန်းချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဉီးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားပြီး အသေအပျောက်ရှိနိုင်ကြောင်း မုံရွာခရိုင်တပ်ရင်း ၂ ၊ ၃ ၊ ၄ (Chindwin Attack Force) မှ ထုတ်ပြန်ကြေညာသည်။

ဧပြီလ ၂၆ ရက် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာ – အရာတော်လမ်းပေါ် ဆူးလေကုန်းချောင်း အနီး ကျွန်းပင်ဖိုမှထွက်လာသော အင် အား ၃၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား ပဒေသာမိုင်းငါးလုံး၊ တူမီးရှေ့ထွက်ကြီးနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆို သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များမှ သေနတ်များပစ်ဖောက်ခဲ့ပြီး အနီးနားရှိ ဆူးလေကုန်းဇရပ်အား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား မုံရွာခရိုင်တပ်ရင်း (၄) (Chindwin Attack Force) ၏တပ်ခွဲ (၁) သပြေညို ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲမဟာမိတ်ဖြစ်သော Knights Of The Red Land (KORL) ပြောက်ကျား တပ်ဖွဲ့ ၊ Ayardaw Bone Naing PDF (A.B.N. PDF) ၊ Ayardaw Falcon Force (AF2) ၊ Excellent Flag တပ်ဖွဲ့ ၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ ၊ MRTF တပ်ဖွဲ့ ၊ The Guys of Burma Revolution တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း အရာတော်မြို့ အ.ထ.ကကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား မုံရွာခရိုင်တပ်ရင်း (၄) (Chindwin Attack Force) ၏တပ်ခွဲ (၁) သပြေညို ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ခွဲ မဟာမိတ်ဖြစ်သော Ayardaw Bone Naing PDF (A.B.N. PDF) ၊ Ayardaw Falcon Force (AF2) ၊ Excellent Flag တပ်ဖွဲ့ နှင့် အရာတော်မြို့နယ် ပကဖ တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဉီးသေဆုံးခဲ့ကြောင်း သိရသည်။mizzima

သထုံမြို့နယ်က စစ်ကောင်စီတပ်စခန်း တိုက် ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ  စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက် ညနေ ၃ နာရီခွဲလောက်မှာ  KNLA ၊ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ 

အဲဒီစစ်ကောင်စီတပ်စခန်းကို KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ PDF တပ်ရင်း(၂) နဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)တို့က ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်စခန်းကို သွားရောက် တိုက်ခိုက်ပြီးနောက် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ‌ဆုတ် ခွာနိုင်ခဲ့‌ကြောင်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အ‌သေးစိတ်ကို မသိရသေးဘူးလို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ 

ဒေသခံတွေအဆိုအရ ပိန္နဲတောကျေးရွာက စစ်ကောင်စီ ရှေ့တန်းတပ်စခန်းမှာ တပ်အင်အား ၁၀၀ လောက်ရှိပြီး ကျေးရွာတွေထဲကို လက်နက် ကြီး‌‌တွေ မကြာခဏ ပစ်ခတ်နေတဲ့ တပ်စခန်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်‌ကလည်း သထုံမြို့နယ် ဝီယော်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၄ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ 

ကေအန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းတွေကို KNL A ပူးပေါင်းအဖွဲ့က မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများပြီး  အထိနာနေတာ ဖြစ်ပါတယ်။DVB

စစ်တပ်ပိုင် အဆောက်အဦး များစွာကို ဆောက်လုပ်ခဲ့သည့် ဧဒင်အုပ်စုကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်အား စစ်ကောင်စီဖမ်းဆီး

၁၉၉၁ ခုနှစ်တွင် ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ကိုထူထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဦးချစ်ခိုင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတရားစွဲခံရသော ဒုတိယမြောက်ခရိုနီတစ်ဦးဖြစ်လာသည်။

ဦးချစ်ခိုင်နှင့်အတူ ၎င်း၏ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်၊ ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့် ညွှန်ကြားရေးမှူးချုပ်နှစ်ဦးကို အဂတိ လိုက်စားမှုဖြင့်စွပ်စွဲအမှုဖွင့်ထားသည်ဟု သိရသည်။

အရပ်သားအစိုးရလက်ထက် ရှမ်းပြည်နယ်တီကျစ်မြို့တွင် ဆောင်ရွက်ခဲ့သည့် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေးထုတ်လုပ်ထုတ်လုပ် ရောင်းချမှုများတွင် အဂတိလိုက်စားမှုပတ်သက်ခဲ့ပြီး နိုင်ငံသို့ပေးဆောင်ရမည့် သတ္တုခွန်ကိစ္စရပ်များလည်းရှိသည်ဟု စစ်ကောင်စီ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။

သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုဝန်ကြီး ဒေါက် တာ ထွန်းနိုင်၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဥိီးသန်းနိုင်ဦးတို့လည်း အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

နှစ်အလိုက်သတ်မှတ်ထားသည့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ဓာတ်သတ္တုထုတ်လုပ်မှု တစ်တန်ရောင်းစျေးကို ငွေကျပ် ၄၈,၁၀၀ ၊ ၂၀၁၉-၂၀၂၀ ခုနှစ်အထိအတွက် တစ်တန်လျှင် ၅၆,၅၀၀ ကျပ်ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ ဝန်ကြီးဌာနအစည်း အဝေးဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေးထုတ်လုပ်မှုတစ်တန်ရောင်းစျေး ကျပ် ၁၂,၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့သော ကြောင့် ၂၀၁၈ ခုနှစ်မှသည် ၂၀၂၁ ခုနှစ်အထိ နှစ်အလိုက်ထုတ်လုပ်သည့် ကျောက်မီးသွေးတန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ် သိန်း ၁၉,၀၀၀ ကျော်နှင့် နိုင်ငံတော်ကရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သိန်း ၁၄၀,၀၀၀ ကျော်လျော့နည်းရရှိခဲ့သောကြောင့် စုစုပေါင်း ငွေကျပ်သိန်း ၁၅၉,၀၀၀ ကျော်နစ်နာမှုဖြစ်ခဲ့သည်ဟု အဂတိကော်မရှင်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဦးချစ်ခိုင်သည် ၁၉၆၉ ခုနှစ်တွင် တပ်မတော်ဘိလပ်မြေစက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့ပြီး ၁၉၇၄ အလုပ်သမားအရေးအခင်းဖြစ်ပြီးနောက် အ လုပ် ထွက်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပြီး ပေါ်ပေါက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင်ဖြစ်ခဲ့သေးကာ ထောင်ဒဏ်ခြောက်လခန့်ကျခံရဖူးသည်။

နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုမရှိတော့သည့်နောက်ပိုင်း ၁၉၉၁ ခုနှစ်တွင် ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်ကို ထူထောင်၍ စစ်တပ်နှင့် ပတ်သက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ အများအပြား လုပ်ဆောင်ခဲ့သည့် ဦးချစ်ခိုင်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(အငြိမ်းစား) ၏ အလေးပေးမှု ခံခဲ့ရသူဖြစ်သည်။

ဦးချစ်ခိုင်၏ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်သည် ရဲမွန်တပ်မြို့သစ်တည်ချိန် လက်မှုပညာ သင်ကျောင်း အဆောက်အဦး ကန်ထရိုက်ရရှိခဲ့ရာမှ နယ်စပ်ဒေသကွပ်ကဲရေး စခန်းတွေအထိ ဆောက်လုပ်ခွင့်ရခဲ့သည့် စစ်တပ်၏ လက်စွဲ ကန်ထရိုက်တာ ဖြစ်လာသူတစ်ဦးဖြစ်သည်။

ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်သည် မြစ်ကြီးနား၊ စစ်တွေ စစ်တိုင်းရုံး နှစ်ခုကို ဆောက်လုပ်ခွင့် ရရှိရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အသိအ မှတ်ပြုခြင်းခံခဲ့ရပြီး ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်၏ လမ်းညွှန်မှုဖြင့် ပင်လုံတက္ကသိုလ်ကို ခုနစ်လအတွင်း အပြီးတည် ဆောက်ခဲ့သူဖြစ်သည်။

ဦးချစ်ခိုင်၏ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်သည် ၂၀၀၇ ခုနှစ်တွင် နေပြည်တော်တွင်ရှိသည့် စစ်တပ်၏ ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ် ကိုင်ခဲ့ပြီး သမ္မတအိမ်တော်၊ ဇေယျာသီရိဗိမ္မာန် ၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် နိုင်ငံတော်ဧည့်ဂေဟာ စသည်တို့ကို ဆောက်လုပ်ပေးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း အေးသာယာဂေါက်ကွင်းအား အငှားရ၍ ဂေါက်ကွင်း resort လုပ်ဆောင်ရာမှာ ဟိုတယ်လုပ်ငန်းလုပ် ငန်းတွင် ပါဝင်လာပြီး စစ်တပ်၏ စေခိုင်းမှုဖြင့် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်ကို တာဝန်ယူဆောက်လုပ်၍ ဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်များ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

ဦးချစ်ခိုင်သည် ၂၀၀၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များ၏ တာဝန်ပေးမှုကြောင့် မြန်မာ့လယ်ယာကဏ္ဍ တွင် တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association-MRIA) ကို ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဦးချစ်ခိုင်သည် MRIA ဥက္ကဋ္ဌဖြစ်လာသည်။

ထို့အပြင် ၂၀၀၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များထံသို့ ဘဏ်လုပ်ငန်း လုပ်ဆောင်ခွင့်ပြုရန်အကူအညီတောင်းခဲ့ပြီး ပထမဆုံး ဘဏ်လုပ်ငန်း လုပ် ဆောင်ခွင့် ရသည့် ဘဏ်လေးခုတွင် ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex Bank)ပါဝင်သည်။

စစ်ခေါင်းဆောင်များ အာဏာလွှဲပေးပြီး နောက်ပိုင်းတွင် ဦးချစ်ခိုင်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီဆိုင်များနှင့် ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီသိုလှောင်ရုံများ လည်ပတ်သည့် နှင့် Denko Trading တို့ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်စစ်အစိုးရနှင့်ပုလဲနံပသင့်ကာအရပ်သားအစိုးရကတိုင်ကွန်းဟုပြောင်း လဲခေါ်ဝေါ်ခဲ့သော လုပ်ငန်းရှင်တစ်ဒါဇင်ခန့်ကို ခေတ္တထိန်းသိမ်းစစ်မေးခဲ့သေးသော်လည်း ဖမ်းဆီးတရားစွဲခံရသူ ပထမဆုံးဖြစ်လာသူမှာ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ဖြစ်သည်။mizzima

ဒီးမော့ဆို၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် NUG လုပ်ဆောင်ချက် ကရင်နီပြည်အ စိုးရကန့်ကွက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်‌ရေးဦး စီးဌာနမှ ထုတ်ပြန်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း ကရင်နီပြည်အစိုးရ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကြားကာလ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ  ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက  ဧပြီ ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဧပြီ ၂၄ ရက် ရက်စွဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ CDM  ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ကြေညာလိုက်တာကို  ကန့်ကွက်ကြောင်း ကရင်နီပြည်အစိုးရက ဒီကနေ့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တာဟာ ဖယ်ဒယ်ပြည်ထောင်စု တည်ဆောက်ဖို့ ပြည်သူ့ညီလာခံက အတည်ပြုထားတဲ့ ဖယ်ဒရယ်ဒီမိုကစီပဋိညာဉ်နဲ့ ဆန့်ကျင်နေတာကြောင့် ကန့်ကွက်တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ဖယ်ဒရယ် ဒီမိုကရေစီပဋိညာဉ်မှာ ကြားကာလ ပြည်နယ်တွေရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ပြည်နယ်တွေက လိုအပ်သလို ဖွဲ့စည်းတည်ဆောက်သွားမယ်ဆိုတာ သူက အတိအလင်း ပြောထားပြီးသားဖြစ်တယ်။ ဆိုတော့ ဒီနေ့က အုပ်ချုပ်ရေးအဖွဲ့တွေပေါ့နော် CRPH ကနေသော်လည်းကောင်း၊ NUG ကသော်လည်းကောင်း အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာရှိတယ်။ ဒါ့အပြင်ကို ကျနော်တို့ ပညာရေး၊ ကျန်းမာ ရေး အစုံပဲ အများကြီးရှိတယ်၊ ဟိုကနေ တိုက်ရိုက်လာဖွဲ့စည်းတာတွေပေါ့လေ။ ရှိတော့ တကယ်လို့ ဖွဲ့စည်းမယ်၊ ဒီလို ပြည်နယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျေကျေလည်လည် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သင့်တာပေါ့။ အခုဟာက ပြည်နယ်ထဲမှာ တစုံတရာ ညှိနှိုင်းဆောင်ရွက်မှုတွေ မလုပ်တဲ့အခါကျတော့ ပြဿနာတွေရှိလာတောပေါ့။ အဲဒါပဲ။”

CRPH နဲ့ NUG အစိုးရက ဒီလို အုပ်ချုပ်ရေးပိုင်းမှာ တိုက်ရိုက် အကောင်အထည်ဖော် လုပ်ဆောင်မှုတွေဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင် ခံကောင်စီ (NUCC)ကနေ ရေးဆွဲပြီး ပြည်သူ့ညီလာခံမှာ အတည်ပြုထားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း ၂၊ အခန်း ၈ ပါ ပုဒ်မ ၅၂ ၊ ၅၃ အရ ကြားကာလ ပြည်နယ်/ ဖယ်ဒရယ် ယူနစ်တွေရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍမှာ ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်တဲ့ ဆန့်ကျင်နေကြောင်းလည်း ထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှာ ပါဝင်တဲ့ အဖွဲ့အစည်းတိုင်းဟာ Chapter အတိုင်း လိုက်နာကျင့်သုံးပါမယ်လို့  ကတိကဝတ်ပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်အတွင်း အရင်က ဖွဲ့စည်းတည်ဆောက်ထားတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းနဲ့သော်လည်းကောင်း၊ က ရင် နီပြည်နယ် အတိုင်ပင်ခံကောင်စီနဲ့သော် လည်းကောင်း တစုံတရာ ကျေလည်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ ဖွဲ့စည်းတည် ဆောက် ထားတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမဆို လက်ခံမှာ မဟုတ်ကြောင်းနဲ့ သက်ဆိုင်ရာကနေ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းဖို့လည်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဘာကြောင့် ညှိနှိုင်းဆောင်ရွက်တာမရှိဘဲ အခုလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းဖို့ လုပ်ဆောင်တာလဲ ဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ရှင်းလင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

တမူးမြို့နယ်၌ အပြစ်မဲ့ လူငယ် ၂ ဦး အသတ်ခံရမှု KWHRO ကန့်ကွက် ရှုတ်ချ

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ကျွန်းပင်သာ (Teijang) ကျေးရွာရှိ လူငယ် နှစ်ဦး လက်နက်အားကိုးဖြင့် သတ်ဖြတ် ခံရမှုကို ကူကီး အမျိုးသမီးဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး (KWHRO) က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်သည်။

GI . Sonminthang (အသက် ၂၄) နှင့် GI. Thanggougin (အသက် ၂၀) နှစ် တို့ကို ဧပြီလ ၂၃ ရက် ညနေ ၃ နာရီတွင် သနန် နှင့် မြို့သစ်ကျေး ရွာ အကြား လမ်းဘေးချောက်ထဲ၌ သေနတ်ဒဏ်ရာ နှိပ်စက် ညှဉ်းပန်း ဒဏ်ရာများနှင့် သေဆုံးလျက် တွေ့ရှိရခြင်းကို လွန်စွာ စိတ်မကောင်း ဖြစ်ပြီး မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြောင်း ဆိုထားသည်။

ဧပြီလ ၂၃ ရက်နေ့တွင် တုံးကျော် ကျေးရွာ၌ ပြုလုပ် ကျင်းပသော ဘောလုံးပွဲတွင် သွားရောက် ကစားကြပြီး ဘောလုံးပွဲ ပြီးချိန်တွင် ကျေးရွာသို့ မပြန်ဘဲ အနီးအနားရှိ ဖိုင်းလင်း ကျေးရွာသို့ သွားရောက်လည်ပတ်ရာ ထိုညမှစ၍ မိသားစု နှင့် အဆက်အသွယ် မရရှိတော့ဘဲ အလောင်းသာ ပြန်လည် တွေ့ရှိရခြင်း ဖြစ်သည်။

“အဲဒီနားက ပျူစောထီးတွေနဲ့ ကသည်း လက်နက်ကိုင်တွေ စခန်းချတဲ့ နေရာနဲ့ နီးတယ်။ နောက်ပြီး အဲဒီညက သူတို့ စခန်းဘက်ကနေ သေနတ် ဖောက်သံတွေ အောင်ပွဲ ခံသလို အော်ဟစ် နေတာတွေလည်း ကြားရတယ်။ အဲဒီတော့ သူတို့ လက်ချက်လို့ပဲ ပြောချင်တယ်” ဟု KWHRO မှ တာဝန်ရှိသူ တစ်ဦးက မဇ္စျိမ ကို ပြောသည်။

ယခုကဲ့သို့ ကျူးလွန်နေသည့် စစ်ကောင်စီ အသုံးတော်ခံ ပျူစောထီးနှင့် ကသည်း လက်နက်ကိုင်များ အနေဖြင့် အပြစ်မဲ့ ကျေးရွာနေ ပြည်သူ များကို လက်နက်အားကိုးပြီး ခြိမ်းခြောက် သတ်ဖြတ်မှုကို KWHRO ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။

အဆိုပါ လူငယ်နှစ်ဦးသည် သာမန် အရပ်သားများသာ ဖြစ်ပြီး ကျေးရွာတွင် နေထိုင်ကာ မိဘများကို ကူညီ အလုပ်ကြွေး ပြုနေသည့် လူငယ်များ ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။mizzima

ရွှေပြည်သာတွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်၊ ဒဂုံမြောက်ပိုင်းတွင် ဗုံး ၅ လုံး ပေါက်ကွဲ၊ ဒဂုံဆိပ်ကမ်းအုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၊ ဗ ဟန်းရေတပ်အိမ်ရာ မိုင်းခွဲခံရမှု စစ်သား ၃ ဦး ထိမှန်၊ လှိုင်သာယာတွင် ဆိုင်ကယ်ဖမ်းနေသော စစ်အုပ်စု ဗုံးပစ်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းတို့တွင် ယနေ့ညပိုင်း ဗုံး ၁၀ လုံးနီးပါးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပြင်းအားအလွန်ကြီးသော ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားပြီး အရှေ့ဒဂုံနှင့်မြောက်ဒဂုံမြို့နယ်များမှ ပြည်သူများ ကြားသိရကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲတာ ဆက်တိုက်ပဲ။ အရမ်းကျယ်တာ။ ပြီးတော့ လူနာတင်ကားတချို့သွားတာတွေ့ရတယ်။ အခုက ဗုံးကွဲရင် စစ်တပ်က ရမ်းသမ်းပစ်လို့ အပြင်မထွက်ရဲဘူး။ အိမ်ထဲကနေပဲ နားစွင့်ချောင်းကြည့်နိုင်တယ်” ဟု မ၀တလမ်းဆုံအနီး လမ်းမကြီးဘေးရှိ နေအိမ်တစ်ခုတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာတွင် ယနေ့ ည ဗုံး ၄ လုံးပေါက်ကွဲကြောင်း ၊ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် နန်းထိုက်အောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရွှေပြည်သာမြို့နယ် ဧရာဝတီပတ်လမ်းရှိ ယာဉ်ထိန်းရုံးအတွင်းရှိ ရဲများကို YUGA(MO-7 Eagle) နှင့် Shwepyithar Defense Force ပူး‌ပေါင်းအဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး သေနတ် ၁၀ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ချန်မိုင်းတစ်လုံး ထပ်မံဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ည၇နာရီ၁၅မိနစ်ခန့်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်၈၈ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက် ဥက္ကဌ ဥာဏ်၀င်းအိမ် ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သိရှိရသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ မဟာစည်ရိပ်သာလမ်းအတွင်းရှိ ရေတပ်အိမ်ရာဝင်းအတွင်းတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လာရောက် စစ်ဆေးသော စစ်တပ်လည်း မိုင်းခွဲခံရသဖြင့် စစ်သား ၃ ဦး မလှုပ်မယှက် လဲကျသွားမှု မြင်တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့ည ၉ နာရီ ၁၀ မိနစ်လောက် ဗဟန်းမဟာစည်ရိပ်သာလမ်းမှာ ဗုံးတလုံးပေါက်သွားပါတယ်။

၁၀ မိနစ်လောက်မှာ DC ၃စီးဝင်လာပါတယ်။ အဲဒါ ထပ်ပြီး ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာနဲ့တော့ သူတို့ကပ်မရပ်ထားဘူး။ DC ကားတွေ။ ရေတပ်အိမ်ရာဝန်းအရှေ့နားရပ်ထားတာပါ။ သူတို့စစ်နေတဲ့အချိန် ည ၉ခွဲလောက်မှာ မိုင်းနှစ်လုံး အကြီးအကျယ်ထပေါက်တယ်။ စစ်သား ၃ ယောက် ​လဲကျသွားတာကိုယ်တိုင်တွေ့လိုက်ပါတယ်။ သိပ်မကြာခင်အရေးပေါ်ကားတွေဝင်လာပြီး။ စစ်သား ၃ ယောက်ကို ထမ်းတင်သွားတာတွေ့လိုက်တယ်။ သေ၊ မသေ မသိပေမယ့် သေမယ်လို့ ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်တိုင်းဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ရေတပ်အိမ်ရာဝင်းနှင့်ကင်းလှည့်စစ်တပ်ကို ယနေ့ညပိုင်းတွင် Dark shadow အဖွဲ့က ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၁ မိနစ် အချိန်တွင် ဗဟန်းမြို့နယ်၊မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ ရေတပ်မိသားစုအိမ်ရာကို ဖောက်ခွဲကြောင်း၊ ယင်းနောက် လာရောက်ရှာဖွေစစ်ဆေးသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ည ၉ နာရီ ၃၀မိနစ်နှင့် ည ၉ နာရီ ၃၅ မိနစ်တွင်မြို့ပြပျောက်ကြား Dark shadow တပ်ဖွဲ့က ထပ်မံ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ည ၉ နာရီ ၁၂ မိနစ်အချိန် တောင်ဥက္ကလာပမြို့နယ်အပါအဝင် သင်္ဃန်းကျွန်း ၊ ရန်ကင်း ၊ တာမွေ ၊ ဗဟန်း ၊ မြောက်ဒဂုံ နှင့် တောင်ဒဂုံမြို့နယ်များတွင် ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ် ၅ ရပ်ကွက်ရှိ ဗိုလ်ချုပ်စျေးဂုံးကျော်တံတားပေါ်တွင် ဧပြီ ၂၅ ရက်နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၅ ရက်နေ့ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်နှင့်ဗိုလ်ချုပ်မှတ်တိုင်တွင် ပြည်သူများမောင်းနှင်နေသော ဆိုင်ကယ်များကို အတင်းလုယက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ကို နံနက်၉ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံး(၁)လုံးဖောက်ခွဲတိုက်ခိုက်ကြောင်း၊ ရွှေပြည်သာတံတားအဆင်းတွင်လည်းဆိုင်ကယ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ကို မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင်ဗုံး(၁)လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည် khit thit

မန္တလေး၌ သူရိယ ဆေးခန်းပိုင်ရှင်နှင့် မိသားစုဝင်များကို စစ်ကောင်စီတပ် ဖမ်းဆီး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သူရိယ ဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်းနှင့် မိသားစုဝင်များကို စစ်တပ်က ရိုက်နှက် ဖမ်း ဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သူများ ထံက သိရသည်။

ဒေါက်တာ အောင်အောင်ထွန်းသည် အသက် ၂၈ နှစ် ဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ဆေးခန်း၌ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သည့် ဆရာဝန်များကို လက်ခံ ဆေးကုသ ခိုင်းသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်တပ်က ယနေ့ ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဖမ်း ဆီး သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဒေါက်တာအောင်အောင်ထွန်း၏ ဖခင်၊ အမနှင့် ရည်းစား တော်စပ်သူ ဒေါက်တာ ဝင်းရွှေရည်တို့ ဖြစ်သည်။

“ဆေးခန်းကို ဝင်ဖမ်းတာ။ တစ်မိသားစုလုံးမှာ မိခင်ဖြစ်သူက ဒီမှာ မရှိလို့ အဖမ်း မခံလိုက်ရတာ။ သူ့မိခင်ကိုပါ ဖမ်းဖို့ စောင့်နေကြသေးတယ် ” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထို့အပြင် ဒေါက်တာ အောင်အောင်ထွန်းနှင့် မိသားစု ပိုင်ဆိုင်သည့် မန္တလေးမြို့မှ နေအိမ် အပါဝင် ဆေးခန်းသုံးခုကို စစ်ကောင်စီက သော့ခတ် သွားသည်ဟု ဆိုသည်။mizzima

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဗုံး ၅ လုံးဆက် တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ  ဧပြီ ၂၆ ရက် ဒီညပိုင်းက ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။

မဝတရုံးနားက စစ်ဆေးရေးဂိတ်နားမှာ ည ၇ နာရီခွဲလောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး အားပြင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “အသံကြားတာတော့ မဝတရုံးဘက်က အဲ့ဘက်က စစ်ဆေးရေး ဂိတ်ဘက်မှာဖြစ်ဖို့များတယ်။ ပြင်းအားကတော့ တော်တော်များတယ်။ ထိခိုက်မှုရှိပုံပဲ ဆေးရုံကားတွေလည်း သွားတယ်”လို့ ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မီးတွေပြတ်သွားပြီး လူနာတင်ကားတွေ ဖြတ်သွားတာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ သတင်းမထုတ်ပြန်သေးသလို ထိခိုက်သေဆုံးမှုအခြေအနေတွေကိုလည်း အတည်ကျမသိရသေးပါဘူး။

ရန်ကုန်မှာ မနေ့ကလည်း ဗိုလ်ချုပ်ဈေး အနောက်နဲ့ ဗဟန်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ DVB

နတ်ချောင်းနှင့် ချောင်းခွရွာ တိုက်ပွဲများတွင် ကလေး PDF ရဲဘော် ကျဆုံး

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ တောင်ပိုင်းရှိ နတ်ချောင်းရွာနှင့် ချောင်းခွရာတို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကလေး ပြည်သူ့ ကာကွယ်တပ်ဖွဲ့ (တပ်ရင်း-၂) မှ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးသည်။

ကျဆုံးရဲဘော်မှာ အသက် ၂၈ နှစ်အရွယ် ကိုပြည့်ဖြိုးအောင် (ခ)သီဟ ဖြစ်ပြီး ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲ၌ ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ကလေး ပြည်သူ့ကာကွယ်တပ်ဖွဲ့ (တပ်ရင်း-၂) က အတည် ပြုထားသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် နတ်ချောင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်များ နတ်ချောင်းရွာ တောင်ပိုင်းသို့ ထွက်ခွာလာစဉ် PDF(Kalay) ၊ CNDF၊ RKDF နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်း တိုက်ခိုက် ခဲ့ကြရာ နေ့လယ် ၃ နာရီ အထိ တိုက်ပွဲများ အပြင်းအ ထန် ဖြစ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ရှစ်ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်ဖြစ်သူ ကိုပြည့်ဖြိုးအောင် ကျဆုံးကာ အခြား ရဲဘော် နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။mizzima

« Older Entries