Monthly Archives: Apr 2022

ကန့်ဘလူမြို့နယ်က ပျူစောထီးဟု နာမည် ကြီးသူ ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ ကားဘိုးတိုက်နယ်၊ အိုင်ပေါင်းချောင်ကျေးရွာက ပျူစောထီးဟု နာ မည်ကြီးသူ ဦးမောင်ကြီး ဆိုသူ ဧပြီလ ၂၇ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

၎င်းကို သေနတ်နှစ်ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Kanbalu Underground Warriors အဖွဲ့၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ရှိသူ ထံမှသိရသည်။

ဦးမောင်ကြီးသည် ပျူစောထီး သင်တန်းဆင်း ဖြစ်ပြီး CDM ဝန်ထမ်း များနှင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တွင် ပါဝင်လှုပ်ရှားနေသည့် ပြည်သူများကို လိုက်လံ ဖမ်းဆီး သတင်းပေးနေသူ ဖြစ်ကြောင်း Kanbalu Underground Warriors အဖွဲ့၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ရှိသူ က မဇ္ဈိမကို ပြောသည်။

”ကန့်ဘလူ မြို့နယ် မှာ တော်လှန်ရေး လုပ်နေတဲ့သူတွေ ၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ပြည်သူတော်တော်များများက ကိုယ့်အိမ်ကိုယ့်ရွာ မှာ ကောင်းကောင်း မွန်မွန် မနေရကြဘူး ၊ တစ်ချို့ ကျေးရွာ တွေမှာ ပျူဒလန် တွေက ကြီးစိုးနေကြတယ်ဗျ ၊ ပျူဒလန် မောင်ကြီးကိုတော့ အိုင်ပေါင်းချောင်ရွာက အထွက် ကျောက်တိုင်ရွာ ညောင်ပင်ကြီးအနီးမှာ 9mm နှုတ်ခမ်းနီ(ကျည်ဆံ) သုံးတောင့် ဆိုးပေးခဲ့တယ် ” ဟု Kanbalu underground Warriors အဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

Kanbalu Underground Warriors အဖွဲ့အနေဖြင့် ဒလန်ရှင်းရေး ပြုလုပ်ရာတွင် ပထဦးဆုံး အနေနှင့် ဒေသခံ ပြည်သူများ၏ သတင်းပေးခြင်း ဒုတိယအနေဖြင့် အဖွဲ့မှ ရဲဘော်များကိုယ်တိုင် သတင်းယူ၍ အမှားမရှိစေရန် လုပ်ကိုင်ဆောင် ရွက်နေကြောင်း ၎င်းအဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ mizzima

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အ လတ် ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်၊ မြို့ ပြပျောက်ကျားလူငယ်များ ဖြစ်ဖွယ်ရှိဟုဆို

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သွေးအလိမ်းလိမ်းဖြင့် မျက်နှာဖူးရောင်နေသော လူငယ်တစ်ဦးကို စစ်တပ် ခေါ်ဆောင်လာပြီး အလတ်ချောင်းရပ်ကွက်အတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လူငယ် ၁ ဦးမှာ ထွက်ပြေးသဖြင့် စစ်သားများက လိုက်လံဖမ်း ဆီးပြီး လဲကျသွားချိန်တွင် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

“မနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့မှာပါတဲ့ လူတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်ပြီး ခေါ်လာတယ်။ သူက လိုက်ပြရတဲ့သဘောထင်တယ်။ ဖမ်းမိထားတဲ့လူက မျက်နှာမှာ နှိပ်စက်ထားတာ ဖူးရောင်ကိုင်းပြီးတော့ သွေးတွေကျနေတယ်။ အဲဒါနဲ့ မိသွားတာက ၁၄ ယောက်လုံး။ တချို့တဝက် ဘောလုံးကစားနေတုန်းဝင်ဖမ်းတာ။ အဲဒီမှာ ပြေးရင်း လွှားရင်းနဲ့ ပစ်လဲတဲ့တစ်ယောက်ကို သေနတ်နဲ့ ချက်ချင်းပစ်သတ်လိုက်တယ်။ ပွဲချင်းပြီး သေတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် မည်သည့်အဖွဲ့မှ ဖြစ်သည်ကို မသိရှိရသေးဘဲ လက်ရှိတွင် Dark Shadow အဖွဲ့မှ အဖွဲ့သားများအားလုံး အဖမ်းခံရကြောင်း၊ သေဆုံးသူများလည်း ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ khit thit

နိုင်ငံရေးအမှုများ ထောင်ပြောင်းရွှေ့မှု အင်းစိန် အကျဉ်းထောင်တွင်လုပ်

အင်းစိန် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား အများစု ပါဝင်သော အကျဉ်းသား ၂၃၀ ကျော်ကို ထောင်ပြောင်းရွှေ့မှု လုပ်ခဲ့သည်ဟု ထောင်နှင့်နီးစပ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဧပြီ ၂၂၊ ၂၃ နှင့် ၂၄ ရက်များက အင်းစိန် အကျဉ်းထောင်မှ အစုလိုက် အပြုံလိုက် ထောင်ပြောင်းရာတွင် အမျိုးသား ထောင်ကျဆောင်ဘက်မှ ၂၀၀ ကျော်နှင့် အမျိုးသမီး ထောင်ကျဆောင်ဘက်မှ ၃၀ ပါဝင်သည်။

နိုင်ငံရေး အကျဉ်းသား အများစု ပါဝင်သော ထောင်ပြောင်းရွှေ့မှုကို နံနက် ၄ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး ကျိုက်မရော၊ ဒိုက်ဦး၊ ပုသိမ်၊ သာယာဝတီနှင့် မြောင်းမြ ထောင်များသို့ ပို့လိုက်ကြသည်ဟု စုံစမ်း သိရှိရသည်။

” အဓိက က သူတို့ကို ထောင်ထဲမှာ ဘာတင်ပြလိုသလဲလို့ ထောင်ပိုင်တွေ ညွှန်မှူးတွေ မေးတဲ့အခါ ဖြေတဲ့ သူတွေကို အနောက်က ထောင်ဝင်ထမ်းတွေက မှတ်ထားတယ်။ မှင်နီတား ထားတယ်။ အဲဒီ မှင်နီ တားတဲ့ သူတွေကို ပို့ကြတာ များတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ထောင်ပြောင်း ခံရသူများထဲတွင် တိုက်ပိတ် ခံထားရသော အမျိုးသမီး အကျဉ်းသား တစ်ဦး ပါဝင်သည်။

” သူက တစ်ပွင့်နဲ့ ထောင်ဝင်ထမ်း တစ်ယောက်ကို တိုက်မိလို့ မမလေးကို တိုက်မိလို့ ဆိုပြီး အကုန်လုံးက သူ့ကိုခေါင်းကို အဝတ်စနဲ့ စွပ်ပြီး ဝိုင်း လိုက်တယ်” ဟု တိုက်ပိတ်ခံရမှု ဖြစ်ပွားပုံကို ပြန်လည်ပြောပြသည်။ mizzima

မင်းတုန်းမြို့ရှိ PDF စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ

မကွေးတိုင်း၊ မင်းတုန်းမြို့မှာ စခန်းချနေတဲ့ PDF အဖွဲ့ကို စစ်ကောင်စီတပ်က  တိုက်ရိုက်စစ်ကြောင်းမထိုးဘဲ  လက်နက်ကြီးတွေနဲ့ပဲ  ၂ ရက် ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံ ကျေးရွာတွေမှာ နေအိမ်တွေမီးလောင်ပြီး ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

ဧပြီ ၂၇ ရက်နဲ့  ၂၈ ရက်နေ့တွေမှာ  စစ်ကောင်စီတပ်က PDF အဖွဲ့တဖွဲ့ ရှိနေတဲ့ နေရာကို လက်နက်ကြီးတွေနဲ့  တနေကုန်ထိုင်ပစ်နေတာလို့ မင်းတုန်းမြို့ခံတယောက်က ပြောပါတယ်။

“မနေ့ကတည်းက စပြီးတောက်လျှောက် ပစ်လိုက်နားလိုက်နဲ့ ပစ်နေတာ။ အသံတွေက  ကြောက်ခမန်းလိလိပဲကြားနေရတာ။ တမြို့လုံးလည်း လန့်နေကြတယ်။ စစ်တပ်က သရက်မြို့ဘက်ကလာတဲ့ ကပစတပ်တွေ။ မင်းတုန်းမှာလာပြီး စခန်းချနေတာ။ မနေ့က တရက်တည်း လက် နက်ကြီးနဲ့ပစ်နေတာ  တရက်တည်းကို  အချက် ၄၀ လောက်ပစ်နေတာ။ သူတို့ကတော့ PDF တွေ စခန်းချနေတဲ့  နေရာတောင်ပေါ်ကို လှမ်းထုတော့ တက်တော့မတက်ရဲကြဘူးထင်တယ်။ သူတို့မှာလည်း  အင်အားရှိမယ့်ပုံ မပေါ်ဘူး။ မနေ့ ဧပြီ ၂၇ ရက်ညက  မင်းတုန်းမြို့ထဲက အမှတ် (၄)ရပ်ကွက်မှာ ဗုံးဖေါက်ခံလိုက်ရတာကို မဲပြီး ရဲစခန်းထဲကနေ သေနတ်တွေနဲ့ လျှောက်ပစ်ပြီး အဲ့ဒီကနေ ဆက်ပြီး တောင်ပေါ်က PDF တွေရှိတဲ့နေရာကို ဆက်တိုက်ပစ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်ပွကျေးရွာ၊ မှိုက်ရွာ၊ ရွှေတောင်နဲ့ လယ်ကိုင်ရွာတွေ ထိခိုက်ပြီး အိမ်တွေမီးလောင်သွားကာ နွားတွေလည်းသေဆုံးပြီး မှိုက်ရွာ တရွာတည်းမှာပဲ နွား  ၅ ကောင်သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ဒေသခံ Mindon People Revolution Force က “အကုန်လုံးရွာကိုစွန့်ပြီး ထွက်ပြေးနေရတယ်၊၊ ရွာခံတွေတောထဲနဲ့ တောင်ပေါ်တွေကို ထွက် ပြေးတိမ်းရှောင်နေရတယ်။ PDF စခန်းကတော့ ရိက္ခာဂိုထောင် မီးလောင်သွားလို့ ဘာမှမရလိုက်ဘူး အရင်က စခန်းက ထွက်သွားတဲ့ တယောက်ကမိသွားတယ်။ အဲဒိ မိသွားတဲ့လူကို နှိပ်စက်တယ်လို့ထင်တယ်။  သူကဖေါ်လိုက်တော့ စခန်းနေရာကိုသိသွားတာထင်တယ်”လို့ တာ ဝန်ရှိသူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အလွန်ကလည်း  မင်းတုန်းမြို့မှာစခန်းချနေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ် တယောက်က မူးပြီး အသက်မပြည့်သေးတဲ့ ကလေးစစ်သားတယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး  သေနတ်နဲ့ ပစ်သတ်ခဲ့ပေမဲ့  အဲ့ဒိတပ်ကြပ်ကို အခုထိ အရေးယူမှုမရှိပဲ ဆက်လက် တာ ဝန် ထမ်းဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ DVB

မတူပီမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်မှ ၇ ဉီးသေဆုံးကြောင်း ကာ ကွယ်ရေးတပ်ဖွဲ့ဆို

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-မင်းတပ်လမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ခုနစ်ဉီး သေဆုံးသွားပြီး အများအပြားဒဏ်ရာရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ (မတူပီ) CDF – Matupi မှ ထုတ်ပြန်သည်။

ဧပြီလ ၂၈ ရက် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မတူပီမြို့မှ ကျောက်ထုမြို့သို့ထွက်ခွာလာသော စစ်ယာဉ်တန်း အစီး (၇၀) စစ်သည်အင်အား ၃၀၀ ခန့်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ (မတူပီ) CDF – Matupi တို့ မတူပီမြို့နှင့် ၁၆ မိုင် အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆို သည်။

ယင်းတိုက်ပွဲတွင် CDF – Matupi မှ အထိအခိုက် အကျအဆုံး မရှိကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေ ၄ နာရီ ၃၈ မိနစ်ကလည်း မတူပီမြို့နှင့် ရှစ်မိုင်အကွာတွင် ၎င်းစစ်ကြောင်းနှင့် CDF – Matupi တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ရှစ်ဉီးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွား ကြောင်း CDF မတူပီထံမှ သိရသည်။

မတူပီမြို့နယ် CDF – Matupi နယ်မြေအတွင်း စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေသဖြင့် တိုက်ပွဲများဆက်လက် ပြင်း ထန်လာဖွယ်ရှိသည့်အတွက် သတိရဆုတောင်းပေးကြရန် တိုက်တွန်းကြောင်း ထုတ် ပြန်ကြေညာချက်တွင် ဖော်ပြသည်။ mizzima

KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ဝင်းတာပန်စခန်း တိုက်ခိုက်ခံရပြီး မီးလောင်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ဝင်းတာပန်စခန်းကို KNDO ၊ KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ ယနေ့ညနေပိုင်းတွင် မီးလောင်နေကြောင်း KNU သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါစခန်းကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် ပြောဆိုထားသည့်ကြားမှ မထွက်ခွာသည့်အတွက် ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်များ ထွက်မရအောင် ပိတ်ဆို့တိုက်ခိုက်ထားကြောင်း၊ စစ်ကောင်စီတပ်က ၁၂၀မမ ဖြင့် ကျေး ရွာများကို ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။ khit thit

ယင်းမာပင်မြို့နယ်နှင့် ကလေးမြို့နယ်၌ စစ်​ကောင်စီတပ်က ပြည်သူ​တွေကို ပစ်သတ်၊ ရွာမီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၂၈ ရက်​က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတယောက် ကျည်ထိမှန်​သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ ည​နေ ၃ နာရီခွဲခန့်​လောက်က ယင်းမာပင်မြို့ဘက်က​နေ ကျားတက်​ကျေးရွာဘက်ကို စစ်ကူသွားတဲ့ စစ်​ကောင်စီတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာပြည်သူတချို့ကို ​သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မန်းကျည်းကန်​ကျေးရွာက ပြည်သူတယောက် ကျည်ထိမှန်​သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သရက်ကန်​ကျေးရွာပြည်သူတယောက်ကတော့ ​ပေါင်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံတယောက်က ​ပြောပါတယ်။

ဒီနေ့လယ် ၂ နာရီလောက်က စစ်​ကောင်စီတပ်နဲ့ ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့တို့ မင်းကံကြီးအုပ်စု တမာပင်ခွ​ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တမာပင်ခွ​ကျေးရွာ ကံစွယ်​ကျောင်းတိုက်အတွင်း တပ်စွဲ​နေထိုင်တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲက ထွက်ခွာလာစဥ် လမ်းခုလပ်တနေရာအ​ရောက် PDF အဖွဲ့​တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှု ကြာမြင့်ချိန် ၁ နာရီဝန်းကျင်ခန့်ရှိကာ နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရ​သေးဘူးလို့ ​ဒေါင်းမင်း PDF ​ခေါင်း​ဆောင် ဗိုလ်စက္ကက ​ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့တွေဟာ သီးကုန်း​ကျေးရွာက ​ပြည်သူ​တွေရဲ့​နေအိမ်​တွေ မီးရှို့ခဲ့ကြပြီး  ​မီး​လောင်ဆုံးရှုံးမှုများနိုင်​ပေမယ့် အ​ရေအတွက်မသိရ​သေးဘူးလို့ ဒေသခံတယောက်က ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ  အင်အား ၈၀ လောက်နဲ့ ဧပြီ ၂၆ ရက်​က တမာပင်ခွ​ကျေးရွာ ကံစွယ်​ကျောင်းတိုက်အတွင်းကို တပ်စွဲ​နေထိုင်ခဲ့တာဖြစ်ပြီး အဲဒီ​နေ့ ည​​နေပိုင်း​ကလည်း တမာပင်ခွ​ကျေးရွာက ​နေအိမ် ၁ လုံးကို စစ်​ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြ​သေးတယ်လို့ ​​​ဒေသခံ​​တွေက ​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ‌နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေပါတယ်။

မနေ့ကလည်း ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ကိုကျင့်ဆုမ်းကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။  

လက်ရှိ ကလေးမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျ ဆုံးမှုများတယ်လို့ ကလေး PDF တပ်ဖွဲ့ဝင် တယောာက်က ပြောပါတယ်။

လတ်တလော ကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေဖြစ်နိုင်တာကြောင့်  ဒေသခံတွေအနေနဲ့  က လေး-ဂန့်ဂေါလမ်းပိုင်းကို ခရီးသွားလာတာမလုပ်ဖို့  ကလေး PDF က အသိပေးထုတ်ပြန်ထားပါတယ်။

ခရီးသွားလာတာကြောင့်  ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကလေး PDF က တာဝန်ယူ ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း အ သိပေးထားပါတယ်။DVB

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျဆုံးသူရဲကောင်း ရဲဘော်မင်းခန့်ဇော်၏ ဈာပနပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်မင်းခန့်ဇော်၏ ဈာပနအခမ်းအနားကို သူကျဆုံးခဲ့သည့် ဧပြီလ ၂၄ ရက် နေ့တွင်ပင် လူအင်အား ၁၀၀ ဝန်းကျင်ဖြင့်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အင်တာနက်အခက်အခဲကြောင့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ ၂၈ ရက်တွင်မှ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့နေ့မှာပဲ ဈာပနကို ကျွန်တော်တို့ အဆင်ပြေတဲ့နေရာတစ်နေရာမှာလုပ်ခဲ့တယ်။ အဲ့နားကရှိတဲ့ပြည်သူတွေပါတက်ရောက်ပြီးသူ့ကိုအလေး ပြုခဲ့ကြတယ်။ ကျွန်တော်ထင်တယ် အင်အား ၁၀၀ လောက်ရှိမယ်” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်တတိယနှစ်ကျောင်းသား ရဲဘော်မင်းခန့်ဇော်မှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) စတင်ချိန်ကတည်းက တက်ကြွစွာပူးပေါင်းပါဝင်ခဲ့သူဖြစ်ပြီး အဖွဲ့၌ မိုင်းဆရာအပြင် ကျေးရွာကင်းအဖွဲ့ဦးဆောင်သူတာဝန်ကိုပါ ယူခဲ့သူဖြစ် သည်။

အာဇာနည်သူရဲကောင်း ရဲဘော်မင်းခန့်ဇော် ကျဆုံးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ဖြစ်စဉ်ကို ၎င်း၏ရဲဘော်ရဲဘက်တစ်ဦးက “သူကျတဲ့ကင်းက ကျေးရွာကာကွယ်ရေးအဖွဲ့အစည်းက ရဲဘော်လေးတွေနဲ့ကျတာ။ ကင်းပုန်းသဘောမျိုးပေါ့၊ စုစုပေါင်း ခုနစ်ယောက်လောက်ရှိမယ်။ ကင်း စောင့်နေတုန်း ကင်းမွန်းတော်ရွာက ပျူစောထီးတွေနဲ့ စခ (စစ်ကောင်စီတပ်သား) တွေ အင်အား ၄၀ လောက်ထွက်လာတယ်။ သူတို့ကင်းဘက်ရောက်တဲ့အချိန်မှာ သူတို့ကိုတွေ့ပြီးဝိုင်းတယ်ပေါ့။ ဝိုင်းပြီးတော့မှ တိုက်ပွဲဖြစ်တဲ့အချိန်မှာ အင်အားမမျှတော့ ရွာခံကင်းစောင့်တဲ့သူ (ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်) တွေကို ဆုတ်ခိုင်းတယ်။ အဲ့လူတွေဆုတ်တာကို သူကခံပစ်ရင်းနဲ့ တစ်ယောက်တည်းပဲကျန်ခဲ့ပြီး ကျသွားတာ” ဟု ၎င်းကဆိုသည်။

ကင်မွန်းတော်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၄၀ ခန့် ချောင်းဦးမြို့သို့ထွက်ခွာလာရာ လမ်းခုလတ်တစ်နေရာတွင် ယခုကဲ့သို့ထိပ်တိုက်ဆုံမိကာ အပြန်အလှန်ပစ်ခတ်ကြရင်း ဧပြီလ ၂၄ ရက်တွင် ရဲဘော်မင်းခန့်ဇော်ကျဆုံးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အတွက်တော့ အရင်ကတည်းက တူတူလက်တွဲလာတဲ့ ရဲဘော်တစ်ယောက်ကျသွားတာဆိုတော့ အဖွဲ့အစည်းအတွက်ရော၊ မြို့အတွက်ရော၊ တော်လှန်ရေးအတွက်ရော ကျွန်တော်တို့လျှောက်နေတဲ့လမ်းကြောင်းမှာ အများကြီးအားလျော့ရပါတယ်။ ကျွန်တော်တို့အတွက်ကတော့ တကယ်ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ” ဟု အဖွဲ့ဝင်ရဲဘော်တစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ပြီးနောက် စစ်ကောင်စီအဖွဲ့အား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

CHUPDF အဖွဲ့တွင် လက်ရှိအချိန်ထိ စစ်အာဏာရှင်တော်လှန်တိုက်ထုတ်ရင်း အသက်ပေးဆပ်ကာ ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း ၁၄ ဦးအထိ ရှိခဲ့ပြီဖြစ်သည်ဟု သိရသည်။mizzima

မတူပီ-မင်းတပ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို CDF-မတူပီ ထပ်မံတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီက ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CDF-မတူပီ က သတင်းထုတ် ပြန်သည်။

အဆိုပါ ယာဉ်တန်းသည် စစ်ကား အစီးရေ ၇၀၊ စစ်သား အင်အား ၃၀၀ ခန့်ဖြင့် မတူပီမြို့မှ မင်းတပ်ဘက်သို့ ပြန်လည်ထွက်ခွာလာသော ယာဉ် တန်းဖြစ်ပြီး မတူပီမြို့နှင့် ၁၆ မိုင်အကွာတွင် ဖြစ်ပွားသော ယနေ့ တိုက်ပွဲတွင် CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း မတူပီမြို့မှ ၈ မိုင်အကွာသို့ရောက်စဉ် ယမန်‌နေ့ ဧပြီလ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် CDF-မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။

မတူပီ-မင်းတပ် ကားလမ်းသည် ၁၀၈ မိုင်ခန့်ကွာဝေးပြီး အဆိုပါစစ်ယာဉ်တန်းသည် မတူပီမြို့သို့ ထွက်ခွာလာစဉ် လမ်းတလျှောက် CDF-မင်းတပ်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား သေဆုံးခဲ့သည်။khit thit

ပြည်သူများ မကြာမီ စားနပ်ရိက္ခာရှားပါးမှုဒဏ် ခံရနိုင်ဟု နိုင်ငံရေးကျွမ်းကျင်သူများ သုံးသပ်

ပြည်တွင်းစိုက်ပျိုးရေးထွက်ကုန်တွေ မထုတ်နိုင်တော့သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် မကြာမီ ပြည်သူတွေ စားနပ်ရိက္ခာရှားပါးမှုဒဏ်ကို အပြင်းအထန်ခံရနိုင်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ချောအဖြစ် မပြောင်းနိုင်တော့သလို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေလည်း ကုန်စည်စီးဆင်းမှုရပ်ဆိုင်းနေတာပါ။ 

အခြေခံလူတန်းစားတွေ အဓိကစားသုံးတဲ့ စားအုန်းဆီကို အဓိကထုတ်လုပ်ရာ အင်ဒိုနီးရှားနိုင်ငံကလည်း ဈေးကွက်ကမောက်ကမဖြစ်တာတွေကြောင့် ဧပြီ ၂၂ရက်နေ့မှာ ပြည်ပတင်ပို့မှုရပ်ဆိုင်းထားပါတယ်။ 

ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လောင်စာဆီဈေးတွေ အဆမတန်တက်နေသလို စစ်ကောင်စီဆီမှာ နိုင်ငံတကာငွေကြေးပုံမှန်မလည်ပတ်တော့တာကြောင့် ပြည်ပသွင်းကုန်တွေကို တင်သွင်းတဲ့နေရာမှာလည်း လုပ်ငန်းရှင်တွေဟာ အကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးစာရေးဆရာတဦးက “စားအုန်းဆီကိစ္စ၊ နယ်စပ်လမ်းကြောင်းတွေပိတ်တဲ့ကိစ္စ၊ စွမ်းအင်ဓာတ်ဆီပြဿနာတွေ၊ ဒေါ်လာငွေနဲ့ပတ်သက်ပြီး စကစ က အကျပ်အတည်းမျိုးစုံတွေ့နေရတယ်။ မြန်မာပြည်ရဲ့အခြေအနေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်စုံကနေ ချုံးချုံးကျဖြစ်လာနေတဲ့အခြေအနေရဲ့ အစဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်သူ ၁၄ သန်းလောက် အစာငတ်ဒုက္ခဖြစ်နိုင်စရာရှိပါတယ်။ သွားရေးလာရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် ဒုက္ခသည်ပေါင်း မူလက ၅ သိန်းလောက်ရှိတာကနေ အခု ၉ သိန်းအထိဖြစ်လာပါတယ်။ မကြာခင် အစာငတ် ဆေးပြတ် ဒုက္ခရောက်မယ့် အခြေအနေဖြစ်လာပါတယ်။”

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ်စိုက်ပျိုးရာသီအတွက် မစိုက်ပျိုးနိုင်တော့သလို အရင်နှစ်ထွက်ကုန်တွေဟာလည်း ဖျက်ဆီးခံရတာ၊ မတန်တဆဈေးနဲ့ ရောင်းချခဲ့ရတာတွေနဲ့ ပြည်သူတွေကြုံတွေ့ခဲ့ရပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့အဓိကထွက်ကုန် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့ ဆန်စပါးတို့ကို လာမယ့်နှစ်ကြရင် ဒေသတွင်း ပြည်သူတွေအတွက်တောင် လုံလောက်အောင်ထုတ်လုပ်နိုင်ဖို့ မရှိတော့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် စိုက်ပျိုးလို့မရသလို စိုက်ထားတဲ့ ပျိုးခင်းတွေကလည်း မစောင့်ရှောက်နိုင်ဘဲ ပျက်စီးကုန်တာကြောင့် အခုလိုအခြေအနေဖြစ်လာတာလို့ စစ်ကိုင်းဒေသခံတဦးက ပြောပါတယ်။

“စားသုံးဆီဈေးတွေ၊ ဆန်ဈေးတွေက အကုန်တက်တယ်။ ပုံမှန်ထက် ၂ ဆလောက်တော့မဟုတ်ဘူး။ တက်တာတော့တက်တယ်။ တခြားမြို့တွေထက်တော့ပိုတက်တယ်။ ဓာတ်ဆီဈေးပဲဆိုပါတော့ သူများမြို့တွေမှာ ၁၀,၀၀၀ လောက်ပဲထားပါတယ်။ ဒီမှာ ၁၅,၀၀၀ လောက်အထိတက်တယ်။ မြေပဲခင်းတွေက စိုက်တာတော့စိုက်တယ်။ ဒါပေမယ့်ပြေးရင်းလွှားရင်းနဲ့ နင်းခြေကြတာတွေလည်းရှိမှာပဲလေ။ အဲ့ဒီတော့ပျက်စီးမှာပေါ့။ စပါးတွေဆိုလည်း မီးရှို့မှာကြောက်တော့ ရောင်းရတာလေ။ အရင်ကလို ဖောဖောသီသီ မရှိတော့ဘူး။ တချို့ဆို ဝယ်စားရတာမျိုးရှိတယ်။ စပါးတွေလည်း အိမ်မှာမထားရဲတော့ဘူး။ စားလောက်ရုံတောင်မရှိတော့ဘူး။”

အင်ဒိုနီးရှား နဲ့ မလေးရှားကထွက်တဲ့ စားအုန်းဆီတွေကို မြဝတီ- မဲဆောက် ထိုင်းနယ်စပ်ဂိတ်တွေကနေ မြန်မာပြည်ထဲကို ကုန်သည်တွေက တင်သွင်းနေတာဖြစ်ပြီး မြန်မာပြည်တွင်းရေး မတည်ငြိမ်တာနဲ့ ကိုဗစ်ပြဿနာတွေကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်လို့ မဲဆောက်မြို့ခံတွေက ပြောပါတယ်။ 

၂၀၂၀ ဧပြီလကတည်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်ဘက်က ပိတ်လိုက်ဖွင့်လိုက်လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် မှာ ဂိတ်ပေါက်တခုတည်းကိုပဲ ဖွင့်ပေးခဲ့ပါတယ်။ 

မြန်မာဘက်က ပို့ကုန် ၇ မျိုးကို မတ်လ ၁၅ ရက်နေ့မှာ ထပ်မံပိတ်ပင်ခဲ့ပြီး ကိုဗစ်ရောဂါကြောင့်ပိတ်တာလို့ တရုတ်အစိုးရက အကြောင်းပြပါတယ်။ မူဆယ်လမ်းကြောင်းဟာ မြန်မာပြည်ဘက်ကဆန်တွေကို အဓိကတင်ပို့ခဲ့တဲ့ လမ်းကြောင်းလည်းဖြစ်ပါတယ်။ တရုတ်ပြည်မှာနေထိုင်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ယောက်ကတော့ တရုတ်ပြည်မှာ ကိုဗစ်ပြဿနာဟာ အမှန်တကယ်ဆိုးရွားနေတာလို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက “တရုတ်ပြည်မှာ သူ့ရောဂါအခြေအနေတွေ ကောင်းရင် တဖြည်းဖြည်းပြန်လျှော့မယ်ထင်တယ်။ ရွှေလီကိုတောင်နည်းနည်းလျှော့နေပြီ။ ပြည်တွင်းမှာ အခြေအနေတော်တော်ပြန်ထလာတယ်လေ။ ရှန်ဟိုင်းတို့ မနေ့ကဆို ပေကျင်းမှာလည်း ပြန်ထနေတော့ ဒီဘက်ကို နည်းနည်းအာရုံစိုက်ပြီးတော့ ရွှေလီတို့ဘက်ကို ပြန်ဖွင့်ပေးမယ်ထင်တယ်။ ရှန်ဟိုင်းဆို တော်တော်ပြဿနာတက်တယ်လေ။ ရှန်ဟိုင်း မြို့ကြီးဖြစ်တာကိုး။ လူပေါင်းက ၂၃ သန်းလောက်ရှိတယ်။ ပြည်တွင်းမှာကို သူတို့တော်တော်ပြဿနာတက်နေတာ။ ရွှေလီကဖြစ်တာနည်းလာတော့ တဖြည်းဖြည်း လျှော့ပေးနေတယ်ထင်တယ်။ ဒီဘက်ကသွားတဲ့သူတွေကို ဖွင့်ပေးနေတယ်။ ကာကွယ်ဆေးတွေ ဘာတွေထိုးထားရင်တော့ ဖွင့်ပေးတယ်။ ရွှေလီတို့ မန်စီတို့ကို သွားလို့လာလို့ရတယ်။” 

မြန်မာနိုင်ငံမှာ အခြေခံပြည်သူတွေ အဓိကထားစားသုံးတဲ့ စားအုန်းဆီကို အရင်က တနှစ်ကို တန်ချိန် ၈ သိန်းနီးပါး တင်သွင်းခဲ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ရေနံဈေးတက်လာတာကြောင့် ကမ္ဘာ့ရွှေနဲ့ ဒေါ်လာဈေးကွက်လည်းကမောက်ကမဖြစ်ကုန်ပြီး အခန့်မသင့်ရင် တကမ္ဘာလုံးအတိုင်းအတာ နဲ့ စီးပွားရေးကျပ်တည်းမှုတွေဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းရှိတဲ့အထဲက ၂၅ သန်းလောက်ဟာ ဒီနှစ်အစပိုင်းကစလို့ ဆင်းရဲငတ်မွတ်တဲ့ဘေးကို ကြုံရလိမ့်မယ်လို့ ကုလသ မဂ္ဂဖွံဖြိုးရေးအစီအစဉ် (UNDP)က သတိပေးထားပါတယ်။ DVB

« Older Entries