ရဲစခန်းများတွင် မိသားစုဝင်များ မနေထိုင်ရန် စစ်ကောင်စီလက်အောက်ခံ ရဲဌာနချုပ် ညွှန်ကြား

နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ရဲစခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ရဲစခန်း လိုင်းခန်းတွေမှာ ဇနီးနဲ့ မိသားစုဝင်တွေ နေထိုင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားတယ်လို့ ရဲအရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ရဲစခန်းတွေကို PDF တွေက မကြာခဏ စီးနင်းတိုက်ခိုက်နေပြီး ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရတာတွေ ရှိသလို လက်နက်ခဲယမ်းတွေ ဆုံးရှုံးပြီး စခန်းစွန့်ခွာရတာတွေ ရှိနေလို့ ဌာနချုပ်ကနေ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေနဲ့ မိသားစုဝင်တွေကို ရဲစခန်းဝင်းထဲမှာ မနေထိုင်ကြဖို့ ညွှန်ကြား ချက် ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။
ရဲအရာရှိက “ဘယ်ရက်က ညွှန်ကြားတယ် ဆိုတာကိုတော့ ကျနော်လည်း ရက်အတိအကျ မမှတ်မိတော့ဘူး။ လက်ရှိ နယ်မြေရဲစခန်းတွေမှာတော့ ဇနီးနဲ့ မိသားစုဝင်တွေ တယောက်မှ မရှိတော့ဘူး။ မိဘဆွေမျိုးတွေရှိတဲ့ နေရာတွေကို ပြန်သွားကြပြ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ကျနော်လည်း အလုပ်ထွက်ချင်ပေမဲ့ ပြောပြလို့မရနိုင်တဲ့ အကြောင်းရာတွေကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေရတာ။ ကိုယ့်စခန်းကို ဘယ်နေ့ လာတိုက်ခိုက်ခံရမလဲ ဆိုတဲ့စိတ်နဲ့ တာဝန်ထမ်းဆောင်နေရတာ” လို့ ဆိုပါတယ်။
မြန်မှာနိုင်ငံအနှံ့မှာရှိတဲ့ ရဲကင်း ရဲစခန်းတွေကို PDF တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေ ရှိသလို စစ်သုံ့ပန်းတွေ အများအပြား ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
NUG အစိုးရနဲ့ PDF/CDF ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာရင် ထိုက်သင့်တဲ့ ဆုကြေးငွေ ဂုဏ်ပြုချီးမြှင့်ကာ လွတ်မြောက်နယ်မြေနဲ့ ပြည်ပနိုင်ငံတွေကို ပို့ဆောင်ပေးမယ်လို့ အကြိမ်ကြိမ် ထုတ်ပြန်ထားပါတယ်။DVB