Monthly Archives: May 2022

ထီးလင်း ရေမျက်နီ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၁ဦးသေဆုံး၊ ပုလောတွင်လည်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွား ကာ စစ်သား ၂ဦးသေဆုံးခဲ့ပြီး၊ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီး ရှို့၊ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းကို YDF (Htilin) တပ်ဖွဲ့က မေလ ၂ ရက်နေ့ နံနက် ၅နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦး သေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yaw Defence Force Htilin ထံမှ သိရသည်။

ရေမျက်နီ ရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် YDF (Htilin)ကို တယ်လီဖုန်းဖြင့် ဆဲဆို စိန်ခေါ် ခဲ့ခြင်းကြောင့် YDF (Htilin) အထူး ကွန်မန်ဒို တပ်ဖွဲ့မှ သတိပေး သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ် တိုက်ခိုက်ချိန် မိနစ် ၃ဝ ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြာင်း YDF (Htilin) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း ပုလောမြို့ ကျောင်းနိမ့် ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယနေ့ မေလ ၁ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း Palaw Regional Defense FORCE – PRDFမှ ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲသည် မွန်းလွဲပိုင်းမှ စတင်ကာ ညနေ ၃နာရီ ၃ဝမိနစ်ထိ ဖြစ်ပွား ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကာ တိုက်ပွဲဖြစ်ပွားပြီးနောက် အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၄လုံးကို မီးရှို့ ဖျက်ဆီး ခဲ့ပြီး ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဆားခဲ ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေး ကော်မတီ (IDPCMC) နှင့် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများမှ ရဲဘော်များ အကူအညီဖြင့် စစ်ဘေးရှောင် ပြည်သူများကို ဘေးကင်း လုံခြုံရာသို့ ပြောင်းရွေ့နေရာ ချထားပေးကြောင်း Palaw Regional Defense FORCE – PRDFမှ ထုတ်ပြန်ထားသည်။khit thit

မြိတ်မြို့၌ ဘတ္ထရီ လျှပ်စစ် စက်ဘီးများ အရောင်းသွက်

ဆိုင်ကယ်နှင့် ဓါတ်ဆီစျေးနှုန်းများ မြင့်တက်ပြီး နောက် မြိတ်မြို့၌ ဘတ္ထရီ လျှပ်စစ် (E-Bike) စက်ဘီးများ ဝယ်ယူ စီးနင်းသူ များပြားလာ၍ အရောင်းသွက်နေကြောင်း အရောင်းဆိုင်ရှင်များထံက သိရသည်။

ဆိုင်ကယ် မြို့တော်ဟု တင်စားခံရသည့် မြိတ်မြို့တွင် အိမ်တိုင်း နီးပါး ထိုင်းနှင့် ဗီယမ်နမ်နိုင်ငံထုတ် ဆိုင်ကယ်များ ပိုင်ဆိုင်ကြသည်ဟု ဒေသခံများက ဆိုသည်။

“အများစုကတော့ မြိတ်မှာက ဆိုင်ကယ် ရှိကြပါတယ်။ မိသားစုများတဲ့ နေအိမ် တစ်လုံးမှာ ဆိုရင် ဆိုင်ကယ် တစ်စီးမှ နှစ်စီး အထိ ပိုင်ဆိုင်ကြတယ်” ဟု မြို့ခံက ပြောသည်။

လက်ရှိ ဆိုင်ကယ် စျေးနှုန်းနှင့် ဓါတ်ဆီစျေး မြင့်တက်မှုနှင့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဆိုင်ကယ် စီးနင်းသူများကို မတရား ဖမ်းဆီမှုများ ပြုလုပ်လာပြီး နောက် ဘတ္ထရီ လျှပ်စစ် (E-Bike) စက်ဘီး ဝယ်ယူ စီးနင်းသူ များပြားလာခြင်း ဖြစ်သည်။

အဆိုပါ E-Bike များ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်ခြင်း ဖြစ်ပြီး မော်ဒယ် အမျိုးအစား အလိုက် တစ်စီးလျှင် ကျပ်ငါးသိန်းကျော်မှ ကျပ်ရှစ်သိန်းကျော် အထိ စျေးရှိကြောင်း အရောင်းဆိုင်များက ဆိုသည်။

“ဆိုင်ကယ်တွေက အခုဆိုရင် စျေးတွေ အရမ်းမြင့်နေတယ် ။ သာမန် လူလတ်တန်းစား အနေနဲ့တော့ စျေးခေါင်နေလို့ မဝယ်နိုင်တော့ဘူး ။ လျှပ်စစ် (E-Bike) စက်ဘီးက ဆီမဖြည့်ရဘူး ဆိုတော့ ဝယ်စီးဖြစ်တယ်” ဟု မြိတ်ဒေသခံ က ပြောသည်။

ငါးနာရီခန့် အားသွင်းရပြီး တစ်နာရီလျှင် ၃၅ ကီလို မီတာဖြင့် မိုင်၄၀ နီးပါး အထိ မောင်းနင်းနိုင်ကာ အားကုန်သွားပါက စက်ဘီးကဲ့သို့ စီးနင်းနိုင်ကြောင်း အသုံးပြုသူများထံက သိရသည်။

မော်ဒယ်မြင့် ဗီယမ်နမ်ထုတ် Wave 100 ဆိုင်ကယ် တစ်စီး၏ တန်ဖိုးသည် E-Bike လေးစီးနှင့် ညီမျှကြောင်း အရောင်းဆိုင်က သိရသည်။mizzima

သိန်းထောင်ချီ ကုန်ကျခံဆောက်ထားသည့် စစ်တွေယာယီပျံကျစျေး တနှစ်မပြည့်မီ ခေါင်မိုးများ ပျက်စီးမိုးယို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း (BXT) အနီးမှာ သိန်းပေါင်းထောင်ချီ အကုန်ကျခံ အသစ်တည်ဆောက်ထားတဲ့ ယာယီပျံကျစျေးကြီးမှာ တနှစ်မပြည့်မီ ခေါင်မိုးအဆက်တွေ ပျက်စီးမိုးယိုလာတယ်လို့ စျေးသူစျေးသားတွေက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ မနက်က မိုးရွာလာတော အခေါက်မိုး အဆက်တွေက ရေတွေ တရဟော ဆင်းလာပြီး စျေးဆိုင်အောက်က အထည်တွေထားတဲ့နေရာတွေပါ ရေနစ်မြုပ်သွားတာ။ အသစ်ဆောက်ထားတာ တနှစ်တောင် မပြည့်သေးဘူး။ ဆောက်လုပ်တာ ခိုင်ခံ့မှုမရှိလို့ပါ” လို့ အ ထည်ဆိုင်သည်တဦးက ပြောပါတယ်။

မိုးရေတွေ ဆိုင်ခန်းအောက် ပစ္စည်းသိုလှောင်ခန်းတွေကို ဝင်ရောက်တာကြောင့် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပြီး ဈေးရောင်းချသူတွေ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါယာယီပျံကျစျေးမှာ စစ်တွေ မြို့မစျေးကြီးပတ်လည်ရှိ ယာယိမ်တည်ဆောက် ရောင်းချထားတဲ့ စျေးဆိုင်ဆိုင်ခန်းတွေကို ၂၀၂၁ ခုနှစ် ဇူလိုင်မှာ ပြောင်းရွှေ့နေရာချထားခဲ့တာလည်း ဖြစ်ပါတယ်။

“ကျမတို့က အရင်စျေးကြီးနဲ့ တွဲပြီးရောင်းချနေခဲ့တဲ့ ဆိုင်ခန်းတွေက စည်ပင်ကနေ သိန်း ၄၀ ပေး ဝယ်ယူခဲ့ကြရတာ။ အခု ပျံကျစျေးက စျေးဆိုင်ခန်းအတွက်လည်း ဆိုင်ခန်းတခန်းကို သိန်း ၂၀ ပေးသွင်းခဲ့ကြရတယ်” လို့ ယာယီပျံကျစျေးဆိုင်သည်တဦးက ပြောပါတယ်။

မိုးရေယိုစိမ့်နေတာကို လက်ရှိအချိန်အထိ ပြုပြင်ပေးခြင်းမရှိသေးဘဲ့ ခေါင်မိုးအပေါက်တွေ ဖြစ်နေတာကိုတော့ ဓာတ်ပုံမှတ်တမ်း ရိုက်ယူသွားတယ်လို့ ဈေးသည်တွေ ပြောပါတယ်။

အခုလို မိုးယိုနေတာနဲ့ပတ်သက်ပြီး ဈေစည်ပင်သာယာရေးအဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ယာယီပျံကျစျေးကို အဆောင်အတွဲ ၆ တွဲနဲ့ တည်ဆောက်ထားပြီး  ၆ ပေပတ်လည်ဆိုင်ခန်း ၂၂၀ ကျော်ရှိတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။DVB

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနက်ဖြင့်ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၊စံပြရပ်ကွက်၊စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ဦးနေဝင်းအား ယနေ့မေလ၂ရက်နေ့နေ့လည် ၁၂နာရီ၃၀မိနစ်အချိန်တွင်Kyaukpadaung Defence Force-KDF အဖွဲ့မှ သေနက်ဖြင့်၈ချက်ပစ်ခဲ့တယ်လို့သိရသည်။

အုပ်ချုပ်ရေးမှုးဦးနေဝင်းအား စစ်ကောင်စီတပ်ဆွဲထားသော လေးရွာ အ.ထ.က(၃) ကျောင်းနားတွင် သေနက်ဖြင့်၈ချက်ပစ်ခဲ့ပြီး ၆ချက်ထိမှန်ခဲ့တယ်လို့သိရသည်။

“သူကပျူစောထီးအဖွဲ့ရဲ့ခေါင်းဆောင်လဲလုပ်တယ်၊အရင်ဂျာကင်ဝတ်ပြီးအပြင်ထွက်ရင် အတိုတစ်လက်ပါတယ်၊အခုကတော့မပါလာဘူး၊မြို့ပေါ်မှာလိုက်လံဖမ်းဆီးမှုတွေကိုစစ်ကောင်စီကို သူကလိုက်ပြပေးတယ်ဗျ”ဟု Kyaukpadaung Defence Force-KDF အဖွဲ့ကပြောသည်။

အုပ်ချုပ်ရေးမှုးဦးနေဝင်းမှာ အသက်၆၀နီးပါးရှိပီဖြစ်ပြီး သေနက်ဒဏ်ရာဖြင့် ထီလာဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သေဆုံးမှုကိုအတည်မပြုနိုင်သေးပေ။

ဧပြီလ ၂၈ရက်နေ့ကလည်း မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၊မြို့မစျေးအနီးရှိ အင်းဝဘဏ်အား ဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။mizzima

နေအိမ်များကိုချိပ်ပိတ်ပြီး‌ ရောင်းစားရန် စစ်ကောင်စီပြင်ဆင်မှု တည်ဆဲဥပဒေနှင့်မညီဟု ဥပဒေပညာရှင်များ ပြော

အန်အယ်လ်ဒီအမတ်တွေ၊ ပါတီဝင်တွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်ရုံတင်မက ရောင်းစားဖို့အထိ ပြင်ဆင်လာတာဟာ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့  ဥပဒေပညာရှင်တွေက ပြောပါတယ်။ 

စစ်ကောင်စီက ၂၀၂၂ မတ် ၁၈ ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်နဲ့လုပ်ငန်းအဆောက်အဦ စုစုပေါင်း ၂၈၀ ကျော်ကို ချိပ်ပိတ်ခဲ့တယ်လို့ NLD က မတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

NLD လွှတ်တော်ကိုယ်စားလှယ် ၉၅ ယောက်နဲ့ ပါတီဝင် ၆၀ တို့ရဲ့ နေအိမ် ၁၆၂ လုံး၊ လုပ်ငန်းအဆောက်အဦ ၂၄ လုံးနဲ့ ယာဉ် ၄ စီး သိမ်းဆည်းချိပိတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

အဲ့ဒီနောက်ပိုင်းမှာ ထပ်မံချိပ်ပိတ်တာတွေ သိမ်းဆည်းတာတွေကို စစ်ကောင်စီက ဆက်လက်ပြုလုပ်ခဲ့ပြီး ဧပြီလကုန်မှာ ချိပ်ပိတ်ထားတဲ့အိမ်တွေကို ရောင်းစားဖို့ စစ်ကောင်စီက ပြင်ဆင်လာပါတယ်။ တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေ၊ နာမည်ကျော်အနုပညာရှင်တွေရဲ့အိမ်တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ရဲ့ပြဋ္ဌာန်းချက်တွေအရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အဲ့ဒီပြစ်မှုနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းရမည်လို့ ဖော်ပြထားတာကို စစ်ကောင်စီက အသုံးချနေတာဖြစ်ပါတယ်။ 

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က  “မြန်မာနိုင်ငံတည်ဆဲဥပဒေတွေထဲမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့မှာ ဘာပါလဲဆိုတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အဲ့ဒီပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါတယ်။ တကယ့်လုပ်ထုံးလုပ်နည်းကတော့ အဲ့ဒီအိမ်ကို သိမ်းတော့မယ်ဆိုရင် တရားရုံးကနေမှ ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့အညီ တရားဝင်ဝရမ်းကပ်ရတယ်၊ အိမ်ကို တရားရုံးရဲ့ထိန်းသိမ်းမှုအောက်မှာ ထားရတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အိမ်ကိုချိပ်ပိတ်ခွင့်ရှိတယ်ပေါ့။ အမှုကို အပြီးသတ်အမိန့်တရားရုံးက ကျပြီဆိုတော့မှ ချက်ချင်းသိမ်းလို့မရသေးဘူး။ သီးခြားအမှုတခု ရာဇဝတ်အထွေထွေမှု ထပ်ဖွင့်ရတယ်။ ဒါကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသည် ဆိုတဲ့အမိန့်ကို ထပ်ချပေးရတယ်။ ရာဇဝတ်အထွေထွေအမှုဖွင့်ပြီးတော့ နိုင်ငံပိုင်အဖြစ်သိမ်းဆည်းလိုက်တဲ့ ပစ္စည်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တရားဝင်လွှဲပြောင်းပြီးမှ ကော်မရှင်က တင်ဒါစနစ်နဲ့ (သို့မဟုတ်) လေလံစနစ်နဲ့ပြန်ပြီးရောင်းချပေးတာပေါ့။ အခုကတော့ အမှုဖွင့်လိုက်တာနဲ့ အိမ်တွေကို စစ်ဆေးစီရင်မှု အပြီးသတ်အမိန့်လည်း မချရသေးဘဲ ရောင်းချမယ်ဆိုတာကတော့ ဥပဒေနဲ့ညီညွတ်မှုမရှိပါဘူး။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ထင်ရှားကျော်ကြားသူတွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဆက်တိုက်ချိပ်ပိတ်နေတဲ့လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ရှုတ်ချပြီး ချိပ်ပိတ်ခံရသူတွေဟာ သူတို့ဆီမှာ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ မတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ အိမ်တွေကို ချိပ်ပိတ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ ပြန်ရောင်းစား ဖို့ ကြံစည်နေတာဟာ မတရားမှုဖြစ်တယ်လို့ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေကို ဥပဒေမဲ့ သိမ်းဆည်းပြီးရုံတင်မကဘဲ ပြန်လည်ရောင်းချတယ်ဆိုတာ ဥပဒေနဲ့ညီရဲ့လားပေါ့နော်။ ဥပဒေနဲ့မညီဘဲ အခုလိုလုပ်တာဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်လားပေါ့နော်။ ဒါတွေကို ကျနော်တို့ စိတ်မကောင်းဘူး။ မတရားမှုတွေကို တနိုင်ငံလုံးက ပြည်သူတွေ ခါးစည်းခံနေရတာ။ အပြင်းအထန်ကန့်ကွက်ပါတယ်။ ပြည်သူတွေအားလုံးက ဒီဟာ မတရားမှုမှန်း သိရှိခံစားနားလည်နိုင်ကြမှာပါ။ နောက်ထပ် ဒီလိုသိမ်းဆည်းမှုတွေ ဖြစ်မလာပါစေနဲ့လို့ပဲ ကျနော် ဆုတောင်းပါတယ်။”

အရင်အခြေအနေတွေတုန်းက ချိပ်ပိတ်ခံထားရတဲ့ အိမ်တွေနဲ့ပတ်သက်ပြီး ရောင်းချတဲ့အဆင့်အထိရောက်ဖို့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီက လုပ်ထုံးလုပ်နည်းတွေကိုကျော်ပြီး အိမ်တွေကိုရောင်းချဖို့ ကြံစည်နေတာဖြစ်ပါတယ်။ ချိပ်ပိတ်ခံထားရတဲ့ အိမ်ကိုရောင်းချပြီးရင် အစိုးရက အကုန်လုံးသိမ်းယူခွင့်မရှိဘဲ မူလအိမ်ပိုင်ရှင်ကို သတ်မှတ်ထားတဲ့အချိုးတခု ပြန်ပေးရတဲ့ သတ်မှတ်ချက်တွေလည်းရှိပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “တရားရုံးလုပ်ဆောင်မှုက သူ့ပုံမှန်အတိုင်းဆိုရင်တော့ ချိပ်ပိတ်ထားတဲ့အချိန်မှာတော့ ရောင်းခွင့်မရှိသေးဘူး။ တ ရား ရုံးက ဆုံးဖြတ်ချက်ချပြီးပြီဆိုတဲ့ အချိန်မှာတော့ ပုံစံတမျိုးရှိတာပေါ့လေ။ ပြောချင်တာကတော့ အကြပ်ကိုင်တာပေါ့။ တရားဝင်လုပ်ထုံး လုပ်နည်းအရဆိုရင် လေလံပစ်ရတယ်။ လေလံပစ်ပြီးမှ လာဆွဲ အဲ့ဒါမျိုးတွေ လုပ်ရတယ်။ ငွေဘယ်လိုသွင်းရတယ်။ ပိုင်ရှင်ကိုဘယ်လိုပြန်ခွဲပေးမလဲဆိုတာရှိရတယ်။ အစိုးရက အကုန်လုံးယူလို့မရဘူး။ ပြန်ပေးရသေးတယ်။ ပိုင်ရှင်ကို ပြန်ပေးရသေးတယ်။ အစိုးရက သူချည်းယူလို့ မရဘူးလေ။ ဥပမာ အိမ်က သိန်း ၁၀၀၀ တန်တယ်ကွာ။ လေလံဆွဲတဲ့သူက သိန်း ၄၀၀ လောက်ပဲပေးမယ့်သူရှိတယ်ဆိုရင် ၄၀၀ ပဲပေါ့။ အဲ့ဒီမှာမှ နိုင်ငံတော်ကိုဘယ်လိုသွင်းမလဲ။ ပိုင်ရှင်ကို ဘယ်လိုပြန်ပေးမလဲရှိရတယ်။ နောက်တခု သိန်း ၁၀၀၀ တန်ကို အပြိုင်အဆိုင်ဆွဲပြီး သိန်း ၂၀၀၀ လောက်ရတယ်ဆိုရင် ပိုတာတွေကို ပိုင်ရှင်ကိုပေးရမယ်။ အဲ့ဒါလုပ်ထုံးလုပ်နည်းတွေ အများကြီးပဲ။ နောက်ပြီးတော့ အိမ်ကပစ္စည်းတွေကို ယူခွင့်မရှိဘူး။ အိမ်အပြင်ထုတ်ထားပေးရတယ်။ ပိုင်ရှင်ကလာယူချင်ယူပေါ့။ အိမ်ကိုလာချိပ်ပိတ်တဲ့သူက ပစ္စည်းတွေ ယူသွားတယ်ဆိုရင် ဥပဒေနဲ့မညီဘူး။ ဒါ တမင်သက်သက် ဥပဒေကို ချိုးဖောက်နေတာပဲ။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တရားစီရင်ရေးမဏ္ဍိုင်ဟာ ပျက်စီးပြိုလဲခဲ့ပြီး ပြည်သူတွေဟာ ဥပဒေရဲ့အကာအကွယ်ကိုမရဘဲ စစ်ကောင်စီက စိတ်ထင်သလိုပြုမူနေတာတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ် အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုတောင် စစ်ကောင်စီက ဥပဒေမဲ့ကျူးလွန်ခဲ့ပြီး အခု အိမ်တွေကို ချိပ်ပိတ်ပြီး ရောင်းစားဖို့ပြင်ဆင်နေတာဟာ တော်လှန်ရေးမှာပါဝင်သူတွေကို စိတ်ပိုင်းဆိုင်ရာအရ  ထိခိုက်အောင်လုပ်နေတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။DVB

ဖမ်းဆီးမည့်သူကို မတွေ့သဖြင့် ၁၀ နှစ်အရွယ်ကလေးအပါအဝင် မိသားစုအားလုံးကို ဓားစာ ခံအဖြစ် စစ်ကောင်စီဖမ်းဆီး

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းထက်အား မေလ ၁ ရက်နေ့ ညက စစ်ကောင်စီမှ လာရောက်ရှာဖွေရာ တွင် မတွေ့သဖြင့် မိသားစုတစ်စုလုံးကို ဖမ်းဆီးသွားကြောင်း သိရ သည်။

စိတ်ပညာ ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်၏ ဒေါပုံမြို့နယ်ရှိနေအိမ်သို့ စစ်ကောင်စီကလာ ရောက်ရှာဖွေရာတွင် မတွေ့သဖြင့် မိဘနှစ်ပါးအပါအဝင် အိမ်သား ၇ ယောက်လုံးကို ဓားစာခံအဖြစ် ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မဇ္ဈိမကိုပြောသည်။

“မနေ့က ည ၁၁ နာရီလောက်မှာ ကိုဉာဏ်ဝင်းထက်ကို လာရှာတာ မတွေတဲ့အတွက် သူ့မိသားစုတွေကို ဖမ်းသွားတယ်” ဟု သမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပြီး ၎င်းတို့ကို ဒေါပုံမြို့နယ် ရဲစခန်းအတွင်း ဖမ်းဆီးထားကြောင်း သ မဂ္ဂထံမှ သိရသည်။ ယခုတစ်ကြိမ် လာရောက်ဖမ်းဆီးခြင်းသည် ကိုဉာဏ်ဝင်းထက်ကို ဒုတိယအကြိမ် လာရောက်ရှာဖွေခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်ကို ကျောင်းသားများသမဂ္ဂနေဖြင့် လက်သင့်ခံနိုင်ခြင်းမရှိဘဲ နိုင်ငံတကာသံရုံးများ၊ အဖွဲ့ အစည်းများကို အကြောင်းကြားသွားမည်ဖြစ်ပြီး မိသားစုများ၏အခြေအနေကို အဆက်မပြတ် စောင့် ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။mizzima

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့နေ

စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်က အင်းပတ်ရွာနဲ့ အရာတော်မြိုနယ်က မလဲသာရွာတွေကို စစ်ကောင်စီတပ်က မေလ ၂ ရက်မှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းပတ်ရွာကို မေ ၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်အချိန်မှာ ကျေးရွာကို စတင် မီးရှို့ဖျက် ဆီးတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အရာတော်မြို့နယ် မလဲသာကျေးရွာကိုလည်း မေ ၂ ရက် မနက် ၁၁ နာရီလောက်မှာ မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“သူတို့လာတော့ ရွာလုံးကျွတ်ထွက်ပြေးကြရတာ။ အခု မီးလောင်နေတာတောင် ဘယ်သူမှ ပြန်မငြှိမ်းရဲဘူး။”

မီးရှို့ခံရတဲ့ မလဲသာကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး အင်းပတ်ကျေးရွာကတော့ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုစစ်ကောင်စီက မီးရှို့ခဲ့တဲ့ မလဲသာကျေးရွာ နဲ့ အင်းပတ်ကျေးရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အရေအတွက်ကိုတော့ သီးခြားအ တည်ပြုလို့ မရသေးပါဘူး။

ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်ကတော့ သူတို့တပ်ဖွဲ့တွေ လုပ်တာမဟုတ်ဘူးလို့ အမြဲငြင်းဆိုလေ့ရှိပါတယ်။ DVB

ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာပိုင် နိုင်ငံခြားကုမ္ပဏီ အားလုံး နုတ်ထွက်

မြန်မာ့ကမ်းလွန် ပင်လယ်ပြင်၌ ရှိသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို ရင်းနှီးမြှုပ်နှံ တူးဖော်နေသည့် နိုင်ငံခြား ကုမ္ပဏီ သုံးခုလုံး လုပ်ငန်းမှ နုတ်ထွက်ရန် ဆုံးဖြတ် လိုက်ကြပြီ ဖြစ်သည်။

ရဲတံခွန် စီမံကိန်း ဖြစ်သည့် M12၊ M13 နှင့် M14 လုပ်ကွက် သုံးခုကို မလေးရှား ကုမ္ပဏီ PETRONAS က ၄၀.၉ ရာခိုင်နှုန်း ၊ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ၁၉.၃ ရာခိုင်နှုန်း ၊ ဂျပန် ENEOS ကုမ္ပဏီ လုပ်ငန်းခွဲ Nippon Oil Exploration (Myanmar) Ltd က ရှယ်ယာ ၁၉.၃ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် ဘဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) က ၂၀.၅ ရာခိုင်နှုန်းရှယ်ယာ ပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။

PETRONAS ကုမ္ပဏီနှင့် PTTEP တို့က ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရဲတံခွန် လုပ်ကွက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဂျပန် ENEOS ကုမ္ပဏီကမှု ယနေ့ မေလ ၂ ရက် တနင်္လာနေ့တွင် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများ ၊ လူမှုရေး ပြသာနာများနှင့် ဓာတ်ငွေ့လုပ်ကွက် အပေါ် နည်းပညာပိုင်းဆိုင်ရာ အကဲ ဖြတ်ချက်များ လုပ်ဆောင်အပြီး နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ENEOS က ဆိုထားသည့် အချက်ကို ကိုးကား၍ နိုင်ငံတကာ သ တင်းများက ယနေ့ ဖော်ပြ ရေးသားကြသည်။

စတုရန်း ကီလိုမီတာ ၂၄,၁၃၀ ကျယ်ဝန်းသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ထုတ်လုပ်မှုလုပ် ငန်း စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးသည့်နောက် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron နှင့် ပြင်သစ် Total ကုမ္ပဏီများလည်း ၎င်းတို့ လုပ်ကိုင်နေသည့် ရတနာ စီမံကိန်းမှ နုတ်ထွက်ရန် ၂၀၂၂ ခုနှစ် နှစ်ဦး ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။

အလားတူ အဆိုပါ ကုမ္ပဏီများ နုတ်ထွက်မှုများအပြီး မြန်မာ့ကမ်းလွန် လုပ်ကွက်များ ဖြစ်သည့် A-6၊ AD-1 နှင့် AD-8 တို့တွင် ရင်းနှီးမြှုပ်နှံထားသော သြစတြေးလျ စွမ်းအင် ကုမ္ပဏီ Woodside ကလည်း ဇန်နဝါရီ ၂၇ ရက်နေ့တွင် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းမှု တစ်နှစ်ကျော် ကြာလာသည့် အချိန်တွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခုလည်း ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံ နေသည့် နိုင်ငံခြား ကုမ္ပဏီ အားလုံး ထွက်ခွာ သွားကြပြီ ဖြစ်သည်။mizzima

မြန်မာ့ရွှေစျေးကွက် မတည်မငြိမ် ကမောက် ကမ ဖြစ်နေဆဲ

ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို  မြန်မာငွေ ၁၈၅၃ ကျပ် စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ သတ်မှတ်ပြီးနောက် အဲဒီနှုန်းထားနဲ့အညီ ပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့  စစ်ကောင်စီက လုပ်ဆောင်လာခဲ့ပါတယ်။ 

ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ စျေးကွက်အရ ဖြစ်ပေါ်တဲ့ ပေါက်စျေးနဲ့ ဗဟိုဘဏ်သတ်မှတ်စျေးကွာဟ ချက် ကြီးမားနေတာကြောင့် အခုအချိန်ထိ အဲဒီသတ်မှတ် ဈေးနဲ့ ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လုပ်ငန်းရှင်တစ်ဦးက “စျေးကွက်အဖွင့်စျေးကို သူတို့ ဖြစ်စေချင်တဲ့အတိုင်း သတ်မှတ်ကြတယ်လေ။ ကုန်သည်တွေကကျ အဲဒီစျေးနဲ့ အရောင်းအ၀ယ် မလုပ်နိုင်ကျဘူး။ အခုဆိုရင် စျေးကွက်မှာ အရောင်းအ၀ယ် မရှိသလောက် ဖြစ်နေတာ တစ်ပတ် ကျော်ပြီ”လို့ ပြောပါတယ်။

ဧပြီ ၈ ၇က်က ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းနဲ့ တွက်ချက်ပြီ ရွှေအရောင်းအ၀ယ် ပြုလုပ်မယ်လို့ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ပြီးနောက် မြန်မာ့ရွှေစျေးကွက် ကမောက်ကမ  ဖြစ်နေခဲ့တာ အခုချိန်ထိပါ။

ရွှေစျေးအတက်အကျ မတည်ငြိမ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ပြင်ပရွှေဆိုင်တွေအနေနဲ့ စျေးသတ်မှတ်ဖို့ ခက်ခဲလာသလို အခေါက်ရွှေ အရောင်း အဝယ်လဲ ကျဆင်းသွားခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးက “တချို့ဆိုင်တွေ အခေါက်မရောင်းရဲကြဘူး။ စောင့်ကြည့်ခံနေရတာ ဆိုတော့လေ၊ တချို့လည်း ရောင်းတော့ရောင်းကြတယ်။ စျေးကတော့ အတိအကျမရှိတော့ဘူးပေါ့။ ကိုယ်စျေးနဲ့ကိုယ်ချိန်ပြီး ရောင်းကြတဲ့ သဘောပဲ။ အထည်ပိုင်း အရောင်းအ၀ယ်က တော့ ရှိတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဗဟိုဘဏ် သတ်မှတ်ဒေါ်လာနှုန်းထားနဲ့ တွက်ချက်ပြီး အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၂၀၁၈၀၀၀ သတ်မှတ်ပေမဲ့  အမှန်တကယ် ပြင်ပပေါက်ဈေးမှာ ကျပ် ၂၀ သိန်း ၅ သောင်း ဝန်းကျင်ရှိပြီး စျေးကွက်  ကမောက်ကမ ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း တာ၀န်ရှိသူကတော့ ပြည်တွင်းမှာ ရွှေစျေးတည်ငြိမ်စေဖို့၊ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ပြည်ပကနေ ရွှေတင်သွင်းဖို့ စီစဥ်နေတယ်လို့ ပြောပါတယ်။

ဒီနေ့မှာ ရန်ကုန်တိုင်းရွှေအသင်းရဲ့ အဖွင့်စျေးက တကျပ်သားကို ကျပ်သိန်း ၂၀၂၄၀၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးအကျကြောင့် စျေးအနည်းငယ်ပြန်ဆင်းခဲ့ပေမဲ့  ပြင်ပရွှေဆိုင်စျေးကွက်မှာတော့  ကျပ်သိန်း ၂၀၃၀၀၀၀ ကနေ ၂၀၅၀၀၀၀ ၀န်းကျင်မှာ အရောင်းအ၀ယ် ဖြစ်ပေါ်နေပါတယ်။ 

မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းကလည်း ပြင်ပစျေးကွက်မှာ ၁ ဒေါ်လာကို ကျပ် ၂၀၁၀ ကနေ ၂၀၃၀ ၀န်းကျင်မှာပဲ ဆက်ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာ့အခေါက်ရွှေစျေးကလည်း  စံချိန်တင်စျေး ၂၂၂၀၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။DVB

ပွင့်လင်းအေးမြိုင်ကျေးရွာက ပြည်သူတဦး မြေမြှုပ်မိုင်းနင်းမိ

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ပွင့်လင်းအေးမြိုင်ကျေးရွာမှာ မေ လ၂ ရက်နေ့ နေ့လယ်ပိုင်းက တောင်ယာသွားတဲ့ ပြည်သူတဦး မြေမြှုပ်မိုင်းနင်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငှက်ပျောတောင်သူ ဦးဖြိုးမောင်ဟာ တောင်ယာကိုသွားစဉ် ပွင့်လင်းအေးမြိုင်ကျေးရွာ ပြည်သာယာကျောင်းအနီးမှာ  မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေတောက်တဖက် ပျက်စီးသွားပြီး တဖက်က အနည်းငယ် ဒဏ်ရာရခဲ့ကာ ပြည်သာယာကယ်ဆယ်ရေးအဖွဲ့က မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းကို ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

ဧပြီ ၃၀ ရက်နေ့ ည ၆ နာရီကျော်လောက်ကလည်း ပွင့်လင်းအေးမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲကို စစ်ကောင်စီတပ် ခမရ ၂၇၅ က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာရရှိသွားပါတယ်။

မြဝတီမြို့ ပွင့်လင်းအေးမြိုင်ကျေးရွာဘက်တွေမှာ ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်တွေက BGF၊ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။DVB

« Older Entries