မြိတ်မြို့၌ ဘတ္ထရီ လျှပ်စစ် စက်ဘီးများ အရောင်းသွက်

ဆိုင်ကယ်နှင့် ဓါတ်ဆီစျေးနှုန်းများ မြင့်တက်ပြီး နောက် မြိတ်မြို့၌ ဘတ္ထရီ လျှပ်စစ် (E-Bike) စက်ဘီးများ ဝယ်ယူ စီးနင်းသူ များပြားလာ၍ အရောင်းသွက်နေကြောင်း အရောင်းဆိုင်ရှင်များထံက သိရသည်။
ဆိုင်ကယ် မြို့တော်ဟု တင်စားခံရသည့် မြိတ်မြို့တွင် အိမ်တိုင်း နီးပါး ထိုင်းနှင့် ဗီယမ်နမ်နိုင်ငံထုတ် ဆိုင်ကယ်များ ပိုင်ဆိုင်ကြသည်ဟု ဒေသခံများက ဆိုသည်။
“အများစုကတော့ မြိတ်မှာက ဆိုင်ကယ် ရှိကြပါတယ်။ မိသားစုများတဲ့ နေအိမ် တစ်လုံးမှာ ဆိုရင် ဆိုင်ကယ် တစ်စီးမှ နှစ်စီး အထိ ပိုင်ဆိုင်ကြတယ်” ဟု မြို့ခံက ပြောသည်။
လက်ရှိ ဆိုင်ကယ် စျေးနှုန်းနှင့် ဓါတ်ဆီစျေး မြင့်တက်မှုနှင့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဆိုင်ကယ် စီးနင်းသူများကို မတရား ဖမ်းဆီမှုများ ပြုလုပ်လာပြီး နောက် ဘတ္ထရီ လျှပ်စစ် (E-Bike) စက်ဘီး ဝယ်ယူ စီးနင်းသူ များပြားလာခြင်း ဖြစ်သည်။
အဆိုပါ E-Bike များ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်ခြင်း ဖြစ်ပြီး မော်ဒယ် အမျိုးအစား အလိုက် တစ်စီးလျှင် ကျပ်ငါးသိန်းကျော်မှ ကျပ်ရှစ်သိန်းကျော် အထိ စျေးရှိကြောင်း အရောင်းဆိုင်များက ဆိုသည်။
“ဆိုင်ကယ်တွေက အခုဆိုရင် စျေးတွေ အရမ်းမြင့်နေတယ် ။ သာမန် လူလတ်တန်းစား အနေနဲ့တော့ စျေးခေါင်နေလို့ မဝယ်နိုင်တော့ဘူး ။ လျှပ်စစ် (E-Bike) စက်ဘီးက ဆီမဖြည့်ရဘူး ဆိုတော့ ဝယ်စီးဖြစ်တယ်” ဟု မြိတ်ဒေသခံ က ပြောသည်။
ငါးနာရီခန့် အားသွင်းရပြီး တစ်နာရီလျှင် ၃၅ ကီလို မီတာဖြင့် မိုင်၄၀ နီးပါး အထိ မောင်းနင်းနိုင်ကာ အားကုန်သွားပါက စက်ဘီးကဲ့သို့ စီးနင်းနိုင်ကြောင်း အသုံးပြုသူများထံက သိရသည်။
မော်ဒယ်မြင့် ဗီယမ်နမ်ထုတ် Wave 100 ဆိုင်ကယ် တစ်စီး၏ တန်ဖိုးသည် E-Bike လေးစီးနှင့် ညီမျှကြောင်း အရောင်းဆိုင်က သိရသည်။mizzima