Monthly Archives: May 2022

တနှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်၌ တိုက်ပွဲပေါင်း ၂၇၄ ကြိမ် ဖြစ်ပွား

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အနှစ် ၂၀၂၂ ခု ဧပြီ ၃၀ ရက်နေ့အထိ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ  ၂၇၄  ကြိမ် စစ်ကောင်စီတပ်သား ၁၀၆၅ သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၁၁၆ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ယာဉ် ၃၁ စီး ပျက်စီးခဲ့ပြီး ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်မှု ၁၁၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲနဲ့လေကြောင်း တိုက်ခိုက်မှုနောက်ဆက်တွဲကြောင့် အရပ်သား လူနေအိမ် ၁၀၁၀ ပျက်စီးသွားပြီး ဘာသာရေးအဆောက်အဦ ၁၇ လည်းပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူ ၂၆၂ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၂၃၁ ဦးလည်း မရားဖမ်းဆီးခံထားရကြောင်းလည်း PKPF စားရင်းမှာ ဖော်ပြထားပါတယ်။

 Data for Myanmar ရဲ့ထုတ်ပြန်ချက်အရ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိကြောင်း ဖော်ပြထားပါတယ်။


မကွေးတိုင်းမှာတော့ ၂၁၃၁ လုံး၊ ချင်းပြည်နယ်မှာ ၁၁၄၇ လုံး၊ ကယားပြည်နယ်မှာ ၄၀၇ လုံး  မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးတဲ့စာရင်းကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။DVB

တနင်္သာရီတိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော တရားမဲ့သတ်ဖြတ်မှုများ

ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ညိုမဲစွဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့် ရုပ်အလောင်း လက်ထိပ်ခတ်ခံထားရသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသူကို တစ်ရက်အကြာတွင် မျက်စိပွင့်လျက်အနေအထားဖြင့် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ်သာ ဥယျာဉ်ခြံတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ ဒေါက်တာလင်းမောင်  (ခေါ်)  ဦးလင်းမောင်ဖြစ်ပြီး ၂၀၂၂  ဧပြီ ၁ ရက်နေ့က တောင်ပျောက်တိုက်နယ် အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။ 

“လက်ထိပ်လည်း ခတ်ထားတယ်။ ပြီးရင်ကြိုးနဲ့လည်း ချည်ထားတယ်” ဟု ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်  ရဲဘော်ကျောက်ခဲက ဆိုသည်။

ဦးလင်းမောင်မှာ ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျောင်းသားတပ်မတော် (ABSDF)  ၏ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကျောက်အိုင်ရွာတွင် ဥယျာဉ်ခြံလုပ်ကိုင်စဉ် ကျေးရွာများတွင် ဆေးကုသပေးနေသူ တောင်ပျောက်တိုက်နယ်ဇာတိ ၅၆ နှစ်အရွယ်  ဦးလင်းမောင် သေဆုံးမှုမှာ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် တရားမဲ့ သတ်ဖြတ်မှုများထဲမှ သာဓကတစ်ခုဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုဖြစ်ရပ်များကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကလည်း စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးသူ ၁၈၀၃ ဦးထက်မနည်း ရှိနေပြီဖြစ်သည်ဟု ဧပြီ ၂၉ တွင် ထုတ်ပြန်ကြေညာထားသည်။ 

တရားမဲ့သတ်ဖြတ်မှုများ  

ဧပြီ ၁၇ တွင် သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီး စစ်တပ်မော်တော်ယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုကာ ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားကြောင်း၊ ထိုအထဲမှ ၂ ဦးကို စစ်တပ်က အလောင်းဖျောက် မီးရှို့သတ်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

မီးရှို့အသတ်ခံရသူနှစ်ဦးမှာ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ဦးတင်လတ် ရော်ဘာခြံတွင် အလုပ်လာလုပ်နေသည့် မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်မှ အသက် ၃၄ နှစ်ခန့်ရှိ အလုပ်သမား ကိုကျော်သူစိုးနှင့် သရက်ချောင်းဇာတိ ပိတောက်ငယ်ရွာမှ ကိုဝင်းကျော် တို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကိုဝင်းကျော်မှာ မိဘများကိုကန်တော့ရန် ညီမဖြစ်သူကို သွားကြိုရာ ရငဲရွာအထွက် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး စစ်တပ်က  သတ်ဖြတ်နှင့် အလောင်းဖျောက် မီးရှို့ကြောင်း ဒေသခံအချို့က ပြောသည်။

“ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာစောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ ပြောတယ်၊ ၁၀၄ တပ်ရင်းလား ၁၀၃ တပ်ရင်းလားမသိဘူး” ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။

ယင်းသို့ပင် သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ဧပြီလ ၂၂ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က ညောင်ဇင်ရွာဘက်မှ ဆိုင်ကယ်စီးလာသည့် အသက် ၃၀ ခန့်ရှိ ကိုစိုင်းမောင်ဆိုသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က နောက်မှကားဖြင့် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကားပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်း သွေးယိုစီးနေသည်ကိုတွေ့ရကြောင်း ဒေသခံအမျိုးသားက ပြောသည်။

ကားဟွန်းတီးသံ ကြားရပြီးသည်နှင့် တပြိုင်နက်   ပစ်ခတ်ခံရသည့် ကိုစိုင်းမောင် သေဆုံးပြီးသည့်နောက် စစ်ကောင်စီတပ်က လူမှားပြီးပစ်မိသည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။

ဧပြီ ၂၃  နေ့လယ် ၁၁ နာရီတွင် ကိုစိုင်းမောင် အလောင်းကို စစ်ကောင်စီတပ်က ပြန်လာပို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဧပြီ ၂၂  နံနက် ၄ နာရီခန့်က ဦးသိန်းယားဆိုသူ  ကို စစ်တပ်ကပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က‌ ပြောသည်။

အသက် ၄၀ ခန့်ရှိ ဦးသိန်းယားမှာ  အရက်မူးလာလျှင် အော်ဆဲနေတတ်သူဖြစ်သည်ဟု စော်ဖျားကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

ဦးသိန်းယား၏ အလောင်းကို စစ်တပ်က ယင်းနေ့နံနက်တွင်ပင် သယ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆယ်ကျော်သက်များ ပစ်သတ်ခံရခြင်း

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ပန်းရံလုပ်နေသည့်  ၁၆ နှစ်အရွယ် မောင်ခန့်ဇင်ထွေး၊ ၁၇ နှစ်အရွယ် မောင်ရဲဇော်ထိုက်နှင့် ၁၈ နှစ်အရွယ် မောင်အောင်သက်ဖြိုးတို့ကို ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

ကင်းရှေ့ရွာမှာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ထားဝယ်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆေးဖြတ်ကုန်းရွာနှင့် ကင်းရှေ့ရွာကြား ကင်းရှေ့ရွာထိပ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကား ၃ စီး ထပ်မံမိုင်းဆွဲခံခဲ့ရသည်။

မိုင်းထိသည့် စစ်ကောင်စီတပ်ဖွဲ့ ကင်းရှေ့ရွာထဲသို့ ပစ်ခတ်ဝင်‌‌ရောက်လာမှုကြောင့် ပန်းရံလုပ်ကွက်တွင် လုပ်နေသည့်အလုပ်သမား ၁၁ ဦး ထွက်ပြေးကြကြောင်း၊ လယ်ကွင်းထဲအထိ လိုက်လံ ပစ်ခတ်သဖြင့် အလုပ်သမား ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သည့် အလုပ်သမားတစ်ဦးက ပြောသည်။

“သုံးယောက်ကတော့ အနီးကပ်အပစ်ခံရတယ်၊ အဝေးကနေ လှမ်းပစ်ပြီး မသေသေးလို့ သေနတ်ဒင်နဲ့ ဆောင့်ပြီးမှ အနီးကပ် ပြန်ပြီးပစ်သတ်တာ။ ခန့်ဇင်ထွေးလည်း တင်ပါးမှာ ထိတာကို မသေသေးလို့ သေနတ်ဒင်နဲ့ထောင်းတာမှာ ဦးနှောက်တွေ ထွက်ကုန်တယ်၊ ပြီးမှ သေနတ်နဲ့ ထပ်ပစ်တာ” ဟု၎င်းကဆိုသည်။

၁၆ နှစ်အရွယ် မောင်ခန့်ဇင်ထွေးမှာ သာမဏေလူထွက်ပြီး တစ်ရက် ၆၀၀၀ ကျပ်ဖြင့် ပန်းရံဝင်လုပ်နေသည်မှာ တစ်လကျော်သာ ရှိသေးသည်ဟု သိရသည်။

မောင်အောင်သက်ဖြိုးနှင့် ရဲဇော်ထိုက်တို့မှာလည်း ဆယ်တန်းကျောင်းသားများဖြစ်ပြီး ပန်းရံဝင်လုပ်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ယင်းအပြင်ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းတန်းရပ်ကွက်၊ ရတနာလမ်းတွင် စစ်ကောင်စီတပ်နှင့် ပက်ပင်းတိုးသည့် အသက် ၂၀ ဝန်း ကျင်လူငယ်နှစ်ဦးမှာလည်း စစ်ဆေးမခံဘဲ ဆိုင်ကယ်မောင်းပြေးရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကိုခံခဲ့ရပြီး အသက် ၁၉ နှစ်အရွယ် ကိုဟိန်းဟိန်း သေဆုံးကာ အဖော်လိုက်ပါလာသူမှာလည်း ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ် ဧပြီလ ၄ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။ 

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်များက   စစ်ဘေးရှောင်များကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်း၊ ထွက်ပြေးသူများကို ပစ် ခတ်သတ်ဖြတ်ခြင်း၊ ရွားများကို ဝင်ရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများလုယက်ယူဆောင်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေ သည်ဟု ဒေသခံတို့က ဆိုသည်။

ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဝင်းကဖော်ကျေးရွာမှ နေအိမ် ၁၀ လုံး၊ ကျောက်အိုင် ကျေးရွာမှ နေအိမ် ၂ လုံး ၊ တဲတစ်လုံး၊ မယ်ကဲကျေး ရွာမှ နေအိမ် ၂ လုံး စုစုပေါင်း နေအိမ် ၁၅ လုံးခန့်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၁၄ စီး၊ ကား၁ စီး၊ စပါးကျီ ၁ ခု၊ ငွေသား သိန်း ၂၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က‌ဆိုသည်။

တနင်္သာရီတိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှာ သရက်ချောင်းမြို့နယ်အခြေစိုက် ခ.မ.ရ ၄၀၃၊ ၄၀၄၊ ၄၀၅ ခြေမြန်တပ်ရင်းများနှင့် ထားဝယ်အခြေစိုက် ခ.လ.ရ ၂၅ တပ်ရင်းတို့ဖြစ်သည်ဟု သိရကြောင်း ရဲဘော်ကျောက်ခဲက ဆိုသည်။

ဒေသခံတို့အတွက် လုံခြုံမှု

ပြည်သူများအပေါ် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုတို့ကို စစ်ကောင်စီက စစ်ရေးဗျူဟာအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ် ၁၆ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု မြောက်သည်ဟု ကောက် ချက်ချနိုင်ကြောင်း ၎င်းက ဆိုသည်။

မတ် ၂၁ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Tom Andrews က လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာတွင်လည်း စစ်ကောင်စီ၏ လုပ်ရပ်များမှာ  လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇဝတ်မှု နှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်သည်ဟု ပြောဆိုထားသည်။ 

စစ်ကောင်စီကမူ Tom Andrews သည်  “၎င်း၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့”သည်ဟု  တုံ့ပြန်ခဲ့သည်။

“အထူးအစီရင်ခံစာ တင်သွင်းသူ၏ ဆန်းစစ်လေ့လာမှုများသည် မျှတမှုမရှိ ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာ တွေ့ရသည်” ဟု ဧပြီ ၄ ရက်နေ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင်  ဖော်ပြသည့်နည်းနှင့် တုံ့ပြန်လိုက်သည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာလူ့အခွင့်အရေး အခြေအနေကို နာရီပေါင်းများစွာ အချိန်ဖြုန်း ဆွေးနွေးကြခြင်းမှာ  နိုင်ငံရေးအရ ဖိအားပေးလိုသည့် ဆောင်ရွက်ချက်သာ ဖြစ်သည်ဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာက မည်မျှပင် စောင့်ကြည့်ထောက်ပြလင့်ကစား မြန်မာပြည်တောင်ပိုင်းမှ  ဒေါက်တာလင်းမောင်ကဲ့သို့ လူမဆန်စွာ နှိပ်စက်သတ် ဖြတ်ခံရမှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။ 

ဤအခြေအနေတွင် သရက်ချောင်းမြို့နယ်၊ အလယ်စုရွာမှ တိုက်ပွဲရှောင်ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦးက   ပြည်သူ အများအပြားမှာ ခိုကိုးရာမဲ့ပြီး လုံခြုံမှုကင်းမဲ့သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။

“ကျွန်မတို့လည်း စဉ်းစားနေတာပဲ၊ ဘယ်မှာနေရင်ကောင်းမလဲလို့၊ ဘယ်နားမှလဲ နေလို့မလုံခြုံတော့ဘူး” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။  myanmar now

ကြားကာလပညာရေး FOEIM School လွတ် မြောက်နယ်မြေတခုတွင် စတင်ဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် ဖွင့်လှစ်နေ တဲ့ အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က တော်လှန်ရေးကျောင်းတကျောင်းကို လွတ်မြောက်နယ်မြေ ဒေသတခုမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

FOEIM နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ FOEIM School လို့ခေါ်တဲ့ ဒေသခံပြည်သူတွေ ကိုယ်ပိုင် လွတ်လပ်စွာ အုပ်ချုပ်တဲ့ (ဖက်ဒရယ်လမ်းစဉ်နဲ့အညီ) ပြည်သူ့ကျောင်းကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး ကျောင်းသားဦးရေ ၁၀၀ နီးပါးကို စတင်ကာ အခမဲ့ စဉ်ဆက်မပြတ်ပညာရေးပေးနေပြီး သင်ကြားရေးမှာ လိုအပ်တဲ့ စာအုပ်တွေ၊ ဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း အခမဲ့ ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

FOEIM  ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပ ညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ FOEIM ကနေ အခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသားသစ်တွေ ခေါ်ယူသွားမှာဖြစ်ကာ ကျောင်းအပ်လက်ခံသွားမယ့် ရက်တွေနဲ့ စတင်တက်ရောက်ရမယ့် ရက်တွေကို ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေ ပြင် မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ ၂ မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင် ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။DVB

ချောင်းဦးမြို့နယ်တွင် ပျူစောထီးဟုဆိုသူ ၁၂ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကင်းမွန်တော်ကျေးရွာတွင် ပျူစောထီးဟု ဆိုသူ ၁၂ ဦး မေလ ၁ ရက် မနက်ပိုင်းက အသတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပျူစောထီးဟု ဆိုသူများသည် ကင်မွန်းတော်ကျေးရွာမှ အမျိုးသမီး ငါးဦးနှင့် အမျိုးသား ခုနစ်ဦးတို့ ဖြစ်ကြောင်း သတ်ခဲ့သည့် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

“ကင်မွန်းတော်ရွာက ပျူစောထီး ၁၂ ဦးကို သုတ်သင်ခဲ့တာ မှန်ပါတယ်” ဟု ၎င်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။

အသတ်ခံရသူ များမှာ ဒေါ်ယဉ်မာဌေး၊ ဒေါ်သွယ်ဇင်ဝင်း၊ ဒေါ်တင်တင်မော်၊ ဒေါ်စန်းညွန့်စိန်၊ ဒေါ်သက်နှင်းဝေ၊ ဦးကျော်ဆွေ၊ ဦးစိုးသန်း၊ ဦးသန့်ဇင်မင်း၊ ဦးဗျားကြီး၊ ဦးလှိုင်မျိုးထွန်း၊ ဦးဖိုးဇော်၊ ဦးငမင်း တို့ဖြစ်သည်ဟု သိရသည်။

အဆိုပါ သတ်ဖြတ်မှုအား တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် ချောင်းဦး မဟာမိတ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

အသတ်ခံရသူများသည် စစ်ကောင်စီတပ် လက်ဝေခံ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြောင်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပျူစောထီးများနှင့် ဒလန် သတင်းပေးများကို တစ်ရှိန်ထိုး ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြောက်ကျားတပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။mizzima

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ် ငွေလှူဒါန်းမှုဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲထားသည့် အမှု စတင်စစ်ဆေး

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုကို မေ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိ အထူးတရားရုံးမှာ စတင်ကြားနာစစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ဒီအမှုမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်ကို အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ဦးမောင်ဝိတ်ကတော့ နောက်ရုံးချိန်းကျမှ ထွက်ဆိုရမှာ ဖြစ်ပါတယ်။

တရားရုံးနဲ့ နီးစပ်သူတစ်ယောက်က  “ဦးမောင်ဝိတ် လှူတယ်ဆိုတဲ့ကိစ္စတွေကို စစ်တာ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မောင်ဝိတ် လှူတဲ့ကိစ္စလေ။ ဦးမောင်ဝိတ်ကို မစစ်ရသေးဘူး။ တရားလို ဦးရဲထက်ကိုပဲ စစ်နေတာ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ NLD နဲ့ နီးစပ်သူတဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်း ပါဝင်ခဲ့ပြီး အာဏာသိမ်းခံရပြီးနောက် ၁ လအကြာမှာ ဦးမောင်ဝိတ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တခုကို စစ်ကောင်စီဝါဒဖြန့် ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီရုပ်သံဖိုင်ထဲမှာ ဦးမောင်ဝိတ်က  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အလှူငွေလှူဒါန်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပထမအကြိမ် သူ လှူဒါန်းတုန်းက ဘေးမှာ အသိသက်သေလုပ်ငန်းရှင်အချို့ ရှိခဲ့တယ်လို့ ဦးမောင်ဝိတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အဂ တိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကို ခံခဲ့ရပါတယ်။

ဦးမောင်ဝိတ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ပတ်သက်တဲ့ အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။DVB

ခင်ဦး အင်းပတ်ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ၊ အရာတော် မလဲသာရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် စစ်သား ၄၀ခန့်ပါဝင်ပြီး ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် မွန်းလွဲ ၁၂နာရီ ၃၀မိနစ်တွင် စတင် မီး ရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသိရသည်။

” ဒီနေ့ ၁၂နာရီ ၃၀ မိနစ်မှာ စစ်ခွေးတွေက အင်းပတ်ရွာကို စတင်မီးရှို့တယ်။ ၁နာရီ ၃၀ မိနစ်မှာ မီးခိုးပိုကြီး လာတာပဲရှိပါတယ်။ ငြိမ်းမဲ့သူမရှိရင် ရွာလုံးကျွတ်ပါပဲ။ အနီးအနားမှာ ရှိတဲ့ အင်တိုင်လေးရွာက စစ်ခွေးအဖွဲ့ခွဲလည်း ထပ်ရောက်နေတယ်။ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့သိတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာ တောင်ပိုင်းနှင့် မြောက်ပိုင်းကို မီးရှို့နေကာ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသောကြောင့် ရွာလုံး ကျွတ် ထွက်ပြေးလတိမ်းရှောင် နေရကြောင်း သိရသည်။

” အရာတော်မြို့နယ် မလဲသာ ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်တွေ မီးရှို့နေပြီ နံနက် ၁၁နာရီ လောက်က မီးရှို့နေတာ အခုတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အင်အားများတယ် စစ်ခွေးတွေ ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပတ်ရှို့နေတာ လက်နက်ကြီးနဲ့လည်း ပစ်တယ်လို့ သိရပါတယ်။ ရွာသားတွေက အဝေးကနေ ကိုယ့်ရွာ မီးရှို့နေတာကိုကြည့်နေရတယ်”ဟု ဒေသခံ ပြည်သူများက ပြောဆိုသည်။khit thit

စစ်ကောင်စီက ကျောက်ဆည်ခရိုင်၌ ရွာတရွာကို လူ ၂၀ နှုန်း လုံခြုံရေးသင်တန်းတက်ခိုင်း‌နေ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးသင်တန်းပေးဖို့ ရွာတရွာကို လူဦးရေ ၂၀ ပေးရမယ်ဆိုပြီး ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရပ်ရွာလုံခြုံရေးအတွက် တရွာကို လူဦးရေ ၂၀ နှုန်း သင်တန်း တက်ရောက်ရမှာဖြစ်ပြီး လစာပေးမယ်၊ လက်နက်ပေးမယ်၊ သူတို့ လိုအပ်ရင် ရှေတန်း ခေါ်မယ်ဆိုပြီး ပြောသွားတယ်လို့  ဆိုပါတယ်။

ဒေသခံတဦးက “ရိုးသားတဲ့ပြည်သူတွေကို အသုံးချပြီး နားလည်ပါးရိုက်လုပ်တာလို့ထင်တယ်။ ပထမတော့ စာရင်းပါသွားရင် ရပ်ရွာလုံခြုံရေးအတွက် သင်တန်းပေးမယ်၊ ပြီးရင်လိုအပ်တဲ့ နေရာခေါ်သုံးမယ်ဆိုတော့ ရိုးသားတဲ့ သူတွေရဲ့အသက်တွေနစ်နာတယ်” လို့ ​ပြောပါတယ်။

ကျေးရွာအတွင်းက လူဦးရေကို စာရင်းကောက်ခိုင်းထားပြီး မေ ၅ ရက်မှာ စာရင်းအပြီးတင်ဖို့ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်က လူတွေ​ခေါ်တယ်ဆိုတော့ ဒေသခံတွေကတော့ နှစ်ဖက်စလုံး ကြောက်နေေတာပေါ့။ မသိနားမလည်တဲ့ ပြည်သူတွေကို မထိခိုက်စေချင်ဘူး” လို့ ပြောပါတယ်။ 

စစ်ကောင်စီက ပေးအပ်မယ့် သင်တန်းကို တက်ရောက်ဖို့ လှုံ့ဆော်တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့ မိသားစုဝင်တွေရဲ့ အသက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က မေ ၂ ရက်မှာထုတ်ပြန်ပါတယ်။DVB

ချောင်းဦးမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်း ချသူကို ဒေသကာကွယ်ရေးတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး ရောင်းချနေသူ အမျိုးသားတစ်ဦးကို ဒေသကာကွယ်ရေး မဟုတ်မခံ တပ်ဖွဲ့က ဧပြီလ ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ကိုကျော်ဇင်လင်း (ခ) ဝတုတ်ကို ဆိုင်ကယ်တစ်စီး စိတ်ကြွ မူးယစ်ဆေးဝါး ၁၉၈ ပြားနှင့် အတူ နွယ်ခွေကျေးရွာ အ နောက်ဘက် နွယ်ခွေဆည် အနီးတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

“အပြားက ၂၀၀ ပါတာ ။ နှစ်ပြားက အမှုန့်ဖြစ်နေတော့ ၁၉၈ ပြားပါ။ ကာလတန်ဖိုး လေးသိန်းလောက်ရှိမယ်။ နွယ်ခွေကျေးရွာကို လာရောင်းတာ။ သူက ချောင်းဦးမြို့ ပေါ်ကပဲ။ ဒေသခံ ပြည်သူက တိုင်လို့ ဖမ်းလိုက်တာပါ။ နွယ်ခွေဆည် နားမှာ သူက ကျွန်တော်တို့ အဖွဲ့ကို တွေ့တော့ ကြွပ်ကြွပ်အိတ်ကိုပစ်ပြီး ဆိုင်ကယ်နဲ့ နောက်ပြန် ပြေးတာ ဖမ်းမိတော့မှာ လွှင့်ပစ်လိုက်တာ မေးပြီး သူကို ပြန်ရှာခိုင်းရတာ၊ သူက သုံးလည်းသုံးတယ်။ ရောင်းလည်းရောင်းတယ် “ ဟု ဒေသကာကွယ်ရေး မဟုတ်မခံ အဖွဲ့ ခေါင်းဆောင် ကိုKP က ပြောသည်။

၄င်းကို ဧပြီလ ၂၈ ရက် ညပိုင်းက ချောင်းဦးမြို့နယ် ပကဖ အဖွဲ့ သို့ အပ်နှံလိုက်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၊ ရောင်းဝယ်သူ အများအပြားရှိ​ကြောင်း လောင်းကစား ပြုလုပ်သူ များပြားနေကြာင်း ဒေသခံများက ပြောသည်။

“ပထမဆုံး သတိပေးတာ တို့ လုပ်ဆောင်ပါတယ်။ NUG လက်အောက်ကို အပ်လိုက်တယ်။ နောက်ထပ် မိရင်တော့ အပြစ်ပေးအရေးယူမူတွေ ဆက်လက် လုပ်ဆောင်ပါမယ် “ ဟု ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူက သတိပေးထားသည်။mizzima

မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ် တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး၊ ၆ ရက်အတွင်း ချင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သား ၂၄ ဦး သေဆုံး

မတူပီမြို့မှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မင်းတပ်-မတူပီလမ်း တနေရာတွင် ယနေ့ မေလ ၂ ရက် နံနက်ပိုင်း၌ CDF မင်းတပ်က တိုက်ခိကိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရိသည်။

စစ်ကား ၇၇ စီးပါ အဆိုပါစစ်ကောင်စီယာဉ်တန်းကို ယနေ့ နံနက် ၇ နာရီနှင့် ၉ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF မင်းတပ်ထံမှ သိရှိရဿည်။

စစ်သား ၃၀၀ ဦးဝန်းကျင် လိုက်ပါလာသော စစ်ယာဉ်တန်းကို ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်နေ့တွင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၀ နှင့် မိုင်တိုင် ၆၈ ၌ CDF မင်းတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မတူပီဗျူဟာမှ ပြန်လည်ထွက်ခွာလာခဲ့သော အဆိုပါ ယာဉ်တန်းကို မတူပီမြို့နယ်အတွင်း၌ CDF မတူပီ က ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့သေးပြီး စစ်သား ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။khit thit

« Older Entries Recent Entries »