Monthly Archives: May 2022

မြန်မာ့ရွှေစျေး ကျပ်သိန်း ၂၀ အောက် ပြန်ကျဆင်း

ဧပြီလအတွင်း အမြင့်ဆုံးစျေး  တကျပ်သားကို ကျပ် ၂၁ သိန်းနီးပါး ထိရောက်ရှိခဲ့တဲ့ မြန်မာရွှေစျေးက ဒီနေ့ မေလ ၃ ရက်နေ့မှာ ကျပ်သိန်း ၂၀ အောက်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်း  တဒေါ်လာကို ကျပ် ၁၈၅၀ နဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်မယ်လို့  ဧပြီ ၈ ရက်မှာ  ရန်ကုန်ရွှေကုန်သည်အသင်းက ကြေညာပြီးတဲ့နောက် ပြည်တွင်းရွှေစျေး အတက်အကျ မတည်မငြိမ် ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၁ ရက်မှာတော့  အခေါက်ရွှေ တကျပ်သားကို  ကျပ် ၂၀၈၆၀၀၀ ထိမြင့်တက်ခဲ့ပါတယ်။

ဒီကနေ့မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်တဲ့ ရွှေစျေးနှုန်းက တကျပ်သားကို ၁၉၉၃၅၀၀ ကျပ်ဖြစ်ပြီး  မနေ့က စျေးနဲ့ယှဥ်ရင် ကျပ် ၃၀၀၀၀ကျော် ပြန်လည်ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က စတင်ပြီး ပြည်တွင်းရွှေစျေးကွက် အတွင်းမှာ အခေါက်ရွှေအရောင်းအဝယ် ကျဆင်းသွားခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကသိရပြီး၊ တည်ငြိမ်မှုမရှိ စျေးကွက် ကမောက်ကမ ဖြစ်နေတာကြောင့် ပြင်ပရွှေဆိုင်တွေ အနေနဲ့လည်း တိကျတဲ့စျေးနှုန်းနဲ့ စျေးဖွင့်ရောင်း ချနိုင်ဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ရွှေစျေးကိုထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ကုန်သည် လုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ်ဆေးမှုတွေလည်း ရှိနေပါတယ်။

“သူတို့က ရွှေစျေးကို ထိန်းချုပ်ချင်နေတာ၊ သူတို့ဖြစ်စေချင်တဲ့စျေးနဲ့ စျေးကွက်စျေးနဲ့က ကွာနေတော့  ကုန်သည်တွေကလည်း အဲစျေးနဲ့အရောင်းအ၀ယ်မလုပ်နိုင်ကြသေးဘူး”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း ရွှေစျေးတည်ငြိမ်ဖို့အတွက် ရွှေကုန်ကြမ်းပြတ်လတ်မှု မရှိအောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ကိုလည်း စီစဥ်နေတယ်လို့လည်း ရန်ကုန်ရွှေအသင်းကနေ သိရပါတယ်။ DVB

ချင်းမြေယာမူဝါဒ ညီလာခံတွင် ချင်းမြေယာမူဝါဒမူကြမ်း ချမှတ်နိုင်ကြောင်း ထုတ်ပြန်

ချင်းပြည်နယ် လွတ်မြောက်နယ်မြေတစ်ခုတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ချင်းမြေယာမူဝါဒရေးဆွဲခြင်း ညီလာခံကို ဧပြီ ၂၇ မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည်။

ချင်းမြေယာမူဝါဒညီလာခံ အပြီးတွင် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ချင်းမြေယာမူဝါဒမူကြမ်း ချမှတ်နိုင်ကြောင်း Network for Chin Community Development က ဧပြီလ ၃၀ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

“ကျနော်တို့ ချင်းမြေယာမူဝါဒက UDHR (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း) အခွင့်အရေးများနဲ့ တန်းတူညီမျှမှု ၊ ဌာနေတိုင်းရင်းသားတွေရဲ့ သဘာဝ သယံဇာတတွေအပေါ် အကျိုးခံစားခွင့်ကို အာမခံနိုင်မှု အရင်းရှင်များရဲ့ လက်ဝါးကြီး အုပ်မှုတွေ မဖြစ်ပေါ်အောင် အခြေခံထားပါတယ်” ဟု ဇာညှပ်ကွန်မြူနတီ (မီဇိုရမ်) ကိုယ်စားပြုတက်ရောက်ခဲ့သူ ဂျေ – ရမ်လျန်မွဲအာ J . Ramlianmawia က မဇ္ဈိမ ကိုပြောသည်။

ချင်းပြည်နယ်အတွင်း နေရာ ဒေသအသီးသီးသို့ ကွင်းဆင်း လေ့လာမှုများပြု လုပ်ခဲ့ ကြပြီး ရွာအချင်းချင်းကြား နယ်နမိတ်ပြဿနာများ ၊ တောင်ယာသုံးစွဲမှုမူဝါဒ ၊ မြေရှင် ပဒေရာဇ်ခေတ် လက်ထက်က တောင်ပိုင်ယာပိုင် တိုက်ပိုင် ပုံစံမျိုး များမှ ခေတ်နဲ့လျော်ညီစွာ တိုးတက်ပြောင်းလဲရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပထမအကြိမ် ညီလာခံအား ကလေးမြို့တွင် ကျင်းပခဲ့ပြီး ဒုတိယနှင့် တတိယအကြိမ် များတွင်လွတ်မြောက်နယ်မြေတွင် ကျင်းပနိုင်ခဲ့ခြင်းဖြစ် ကြောင်း အစောပိုင်းတွင် အမျိုးသားမြေယာအသုံးချမှုစနစ် ဓလေ့ထုံးတမ်းအစဉ်အလာအား အခြေခံပြီး ရေးဆွဲ ခဲ့ကြကာ ၎င်းမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မလွဲချော်အောင်ထိမ်းသိမ်း ရေးဆွဲခဲ့ရကာ ယခုတွင် အားလုံးတန်းတူညီမျှမှုဖြစ်စေရန် ရေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ်မှ စတင်လာခဲ့သည့် မြေယာအသုံးချမှုအလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာ သော ချင်းမြေယာမူဝါဒမူကြမ်းများကို ညီလာခံတွင် ဖြည့် စွက်ချက်များနှင့်အတူ အတည်ပြုနိုင်ခဲ့ပြီး ထွက်ပေါ်လာမည့် ချင်းမြေယာဥပဒေအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

“နေပြည်တော်ကနေ မြေပုံကြည့်ပြီး ဧက ၃၀,၀၀၀ (သုံးသောင်း) ၅၀,၀၀၀ (ငါးသောင်း) ချပေးတာတွေဒေသခံတွေရဲ့သဘောထားတွေကို အ ခြေ မခံဘဲ မြေမဲ့ယာမဲ့များ အတွက် ပိုင်ဆိုင်မှု တရားမျှတမှု အကျိုးခံစားခွင့်တွေ ဆုံးရှုံးမှုတွေကနေ ကာကွယ်လာနိုင်ဘို့ မျှော်လင့်တယ်” ဟု ဂျေ – ရမ်လျန်မွဲအာထံကပြောသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ခေတ်အဆက်ဆက် ဗဟိုအစိုးရ၏ တရားမျှတမှု မရှိသော စနစ်ဆိုးများကြောင့် ချင်းပြည်နယ်အတွင်း ရှိ လူမျိုးတို့၏ မြေယာဆုံးရှုံး မှုများ ယိုယွင်းပျက်စီးလာပြီး ကျေးရွာနယ်နိမိတ်ပြဿနာများ ၊ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများအတွက် မြေယာဆုံးရှုံးမှုများ ၊ စစ်တပ်စခန်းအများအတွက် မြေယာ သိမ်းဆည်းမှုများနှင့် အခြားသော မြေယာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ညီ လာခံတွင် အလေးထားဆွေးနွေးခဲ့ကြောင်းသိရသည်။

ယခုညီလာခံမှ ရရှိလာသော မူဝါဒများအား ခေတ်နဲ့လျော်ညီစွာပြုပြင်ပြီး ချင်းအမျိုးသားများမျှော်မှန်းထားသော ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု မြန်မာ နိုင်ငံတည်ဆောက်ရေးနှင့် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီ ဆီလျှော်သော ချင်းမြေယာမူဝါဒကောင်းတစ်ခုဖြစ်ပေါ် လာစေရန်ကြိုးစားသွားပြီး ဖက်ဒရယ်အစိုးရ လွှတ်တော်များ ပေါ်ပေါက်လာပါက တင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယခု တတိယအကြိမ်မြောက် ချင်းမြေယာမူဝါဒ ညီလာခံအား ဧပြီလ ၂၇ရက်နေ့မှ ၂၉ရက် နေ့အထိ အဖွဲ့အစည်း (၂၆)ဖွဲ့မှ ကိုယ်စားလှယ် (၉၃) ဦး တက်ရောက်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ mizzima

ဘုတလင်မြို့ အုတ်ဖိုရွာတွင် စစ်တပ်က နယ် မြေရှင်းလင်းရေးဟုဆိုကာ ဝင်စီးပြီး ပြည်သူ ၁၀ ဦးကို ပစ်သတ်၊ ဓားစာခံ လူငယ် ၂ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုးကျေးရွာကို တွင် စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မေလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်း ကျင်တွင် ဝင်စီးပြီး သက်ကြီးရွယ်အို၊ ကလေးမိခင် အပါအဝင် ပြည်သူ ၁၀ ဦးကို ပစ်သတ်ကာ လူငယ် ၂ ဦးကို ဓားစာခံဖမ်းဆီးသွားကြောင်း သိရှိရသည်။

ယမန်နေ့က စစ်ကိုင်းတိုင်း ဘုတလင်မြို့ အုတ်ဖိုရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် မပြေးနိုင်သဖြင့် ဘုရားကုန်းပေါ်တွင် ခိုလှုံနေသော သက်ကြီးရွယ်အိုများ၊ လူကြီးသူမများကို လိုက်ပို့သော ထော်လာဂျီသမား နှစ်ဦးအပါအဝင် စုစုပေါင်းဥ၁၀ ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

“သက်ကြီးရွယ်အိုတွေကိုတော့ မသတ်လောက်ဘူးထင်လို့ ကျွန်တော်တို့က လူကြီးတွေကို ဘုရားကုန်းပေါ်ပို့ ပြီး ရှောင်ကြတာပါ။ ပြန်ထွက်သွားလို့ ရွာကို ပြန်လာကြည့်တော့ အားလုံးကို သတ်သွားပါတယ်” ဟု ရွာခံ လူငယ်တစ်ဦးက ပြောကြားသည်။

ဘုရားကုန်းပေါ် သီတင်းသုံးနေသော သီလရှင်ဆရာလေးကိုလည်း စစ်တပ်က ပစ်ခဲ့ကြောင်း၊ သို့သော် ဆရာလေးနားတွင် ရှိနေသော ရွာခံ မမိုးမိုး ဆိုသူ အမျိုး သမီးက ဝင်ရောက်ကာခဲ့သဖြင့် ဆရာလေး မသေခဲ့ဘဲ မမိုးမိုး သေဆုံးသွားကြောင်း၊ သက်ကြီးရွယ်အိုများကိုပါ ခေါင်းကို တေ့ပစ်သွားသဖြင့် ရွံရှာစက်ဆုပ်မိကြောင်း နောက်ထပ် ရွာခံတစ်ဦးအဆိုအရ သိရှိရသည်။ khit thit

ကမ္ဘာ့နိုင်ငံများတွင် တရုတ်နှင့် မြန်မာက သ တင်းသမားများကို ဖမ်းဆီးထောင်ချမှု အမြင့်ဆုံးဖြစ်

တရုတ်နဲ့ မြန်မာနိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုအများဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ဒီကနေ့ မတ် ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ချက်ကို ကိုးကားပြီး ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၇၆ နေရာမှာ ရှိနေပါတယ်။

မနှစ်ကတော့ မြန်မာနိုင်ငံက အဆင့် ၁၄၀ မှာ ရပ်တည်နေတာမို့ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆယ်စုနှစ်တစုခန့် နောက်ပြန်ဆုတ်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံတွင်းက သတင်းမီဒီယာတွေ၊ သတင်းသမားတွေနဲ့ လူထုသတင်းသမားတွေအပေါ် အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေမှုတွေကို ဖိအားပေးအရေးယူဖို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဖိနှိပ်ရန်ပြုမှုတွေ ရှိနေတဲ့ကြားက သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကြတဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ၊ လူထုသတင်းသမားတွေနဲ့ သတင်းရင်းမြစ်တွေဟာ အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်ပေါင်းများစွာကြားက လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကြိုးစားဆောင်ရွက်နေတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သ တင်း မီဒီယာတိုက်ပွဲမှာ ကြီးစွာ ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အာဏာသိမ်းပြီးချိန်ကတည်းက သတင်းမီဒီယာသမားတွေအပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေပါမချန် မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်စစ်ကောင်စီက ဒီဗွီဘီသတင်းဌာနအပါအဝင် ပြည်တွင်းသတင်းမီဒီယာ ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး တချို့မီဒီယာတွေဟာ ရပ်နားခဲ့ရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ခဲ့ပြီး ဒီထဲက အယောက် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

သတင်းသမား ၃ ယောက်ကတော့ စစ်မြေပြင်နဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၁,၈၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၅၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။DVB

မြိတ်မြို့၌ စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန် ကြီးချုပ် အစည်းအဝေး လုပ်နေစဉ် ဗုံးပေါက်

မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် မြိတ်ကမ်းနားလမ်းရှိ We Love Myeik ဆိုင်းဘုတ် အနီး၌ ယနေ့ မေလ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဗုံးပေါက်ကွဲကြောင်း မြို့ခံများထံက သိရသည်။

ဗုံးပေါက်ကွဲသည့် အချိန်သည် စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာ ခန်းမ၌ ၎င်း၏ လက်အောက်ခံ အဖွဲ့စည်းများနှင့် အစည်းဝေးပွဲ ပြုလုပ်နေချိန်လည်း ဖြစ် သည်။

ပေါက်ကွဲမှုကြောင့် လုံခြုံရေး ယူထားသည့် စစ်သား အချို့နှင့် ဒူးရင်းသီး အရောင်းအဝယ် ပြုလုပ် နေသည့် အမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း အခင်းဖြစ်ပွားရာ နေရာ အနီးရှိ စျေးသည်များထံက သိရသည်။

“ဗုံးပေါက်တာကတော့ ဒီမနက်ကပါ။ စစ်သား တစ်ဦး အပြင်းထန် ဒဏ်ရာ ရတယ် ကြားတယ်။ နောက်ပြီး စျေးသည် အမျိုးသမီး တစ်ဦး ထိ ခိုက်ခဲ့တယ် ကြားတယ် ”ဟု မြိတ်မြို့ခံ တစ်ဦးက

ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်သား အချို့နှင့် စျေးသည် ပြည်သူ အမျိုးသမီး တစ်ဦး ထိခိုက်မှု ရှိမရှိကို မဇ္ဈိမက သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းသည် ကော့သောင်း ၊ ဘုတ်ပြင်းမှ တစ်ဆင့် မြိတ်မြို့သို့ ယမန်နေ့ ညနေပိုင်းတွင် ရောက်ရှိနေ သည်ဟုလည်း ဒေသခံများက ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် မြိတ်ကမ်းနား လမ်းနှင့် ဆိပ်ငယ်ရပ်ကွက်ရှိ နာရီစင် အနီး တစ်ဝိုက်၌ စစ်ကောင်စီ တပ်ဖွဲ့က လုံခြုံရေး ယူကာ ဗုံးရှာ ဖွေရေး ပြုလုပ်လျက်ရှိသည်။ ဆိပ်ငယ် စျေးကြီး အတွင်းရှိ လက်ဝတ် ရတနာ ရောင်းချနေသည့် ရွှေဆိုင် အများစုလည်း ပိတ်လိုက်ကြောင်း စျေးသူဈေးသားများထံက သိရ သည်။ mizzima

ကလေးမြို့တောင်ပိုင်းကို စစ်တပ်က Mi35 ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး လက်နက် ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များ အထိနာလျက်ရှိပြီး စစ်ကောင်စီတပ်များက ကလေးမြို့တောင်ပိုင်း Mi35 ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်လျက်ရှိသည့်အပြင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ညနေ ၃ နာရီလောက်စပြီး ပစ်နေတာ။ ပြန်သွားလိုက် လာပစ်လိုက်နဲ့ ပစ်နေတာ။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်နေတာ။ အခု ပစ်နေတာ ၂ နာရီကျော်လောက်ရှိနေပြီ ပစ်နေတုန်း” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်များသည် နေ့စဉ် အသေကြမ်းလျက်ရှိပြီး တိုက်ပွဲတိုင်းတွင် ဆုတ်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။ khit thit

ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်တချို့ကို ပစ်ခတ်ဖမ်းဆီး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၅၇ လမ်းနဲ့ ၅၈ လမ်း ၊ ၁၀၈ လမ်းနဲ့ ၁၀၉ လမ်းဝန်းကျင်မှာ မေလ ၃ ရက် နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီအဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးလို့ လူငယ်တချို့ သေဆုံး ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က “နေ့လယ်က အရပ်ဝတ်တွေရော ယူနီဖောင်းတွေရော ကားတွေနဲ့ ရောက်လာတယ်။ အဲဒီနောက် ပစ်ခတ်သံတွေကြားရတယ်။ မမြင်ရတော့ ဘယ်သူတွေ ထိလဲတော့ မသိဘူး။ နောက်ပြီး ၅၈ လမ်းဘက်မှာလည်း ပိတ်ဆို့ပြီး ကား ဆိုင်ကယ်တွေ ပြန်လှည့်ခိုင်းတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် လူငယ် ၃ ယောက် သေဆုံးကာ ၁ ယောက် ဖမ်းဆီးရမိထားတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြရေးသားတာတွေရှိနေပေမဲ့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို ဘာကြောင့် ပစ်ခတ်ဖမ်းဆီးတာလဲဆိုတာကိုလည်း မသိရသေးပါဘူး

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ်လက်နက်ကိုင်တွေဟာ လမ်းဆုံလမ်းခွ နေရာတိုင်းမှာ ဆိုင်ကယ်၊ ကားတွေ ရပ်တန့် စစ်ဆေးတာတွေ တိုးပြီးလုပ်ဆောင်နေပါတယ်။ DVB

ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်ပြောက် ကျားတော်လှန်ရေး မဟာမိတ်အင်အားစု ၁၄ ဖွဲ့ပူးပေါင်းကာ Yangon UG Association (YUG) အဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်ပြောက်ကျားတော်လှန်ရေးမဟာမိတ် အင်အားစု ၁၄ ဖွဲ့ ပူးပေါင်းကာ Yangon UG Association (YUG) အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေဒေါက်တိုင်များကို အမြစ်ပြတ်တွန်းလှန် ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ် ပေါက်လာရေး၊ ပြည်သူလူထုနှင့် CDM ဝန်ထမ်းများ၏ အသက်အိုး အိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် Yangon UG Association ( YUA ) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“စုပေါင်းအားနဲ့တိုက်ရင် အချိန်တိုအတွင်းထိရောက်တဲ့ အောင်မြင်မှုတွေရမယ်” ဟု YUG အဖွဲ့ ဖွဲ့စည်းမှု အပေါ် မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက သုံးသပ်ပြောသည်။

Yangon UG Association ( YUA ) အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် မြေအောက်ပြောက်ကျား တော်လှန်ရေးအင်အားစုများမှာ Wolf Warriors STF (WWSTF) ၊ God’s Hand Forces (GHF) ၊ Thongwa Youth Force (TYF) ၊ Kyauktan PDF (K-PDF)၊ Thanlyin Dragon Force (TL Dragon)၊ Scorpion Forces Underground (SFU)၊ Bahan’s Guerrilla Force (B-PDF)၊ Secret Underground Force (S.U.F – Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force & Supply Army (GZDF)၊ Burma Final Revolution Army Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)၊ Special Nway Oo (SNO)နှင့် Thaketa’s Urban Guerrilla Force (TUGF) တို့ဖြစ်သည်။

မြေအောက်ပြောက်ကျားတော်လှန်ရေး မဟာမိတ်အင်အားစု ၁၄ ဖွဲ့အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမူန်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Yangon UG Association ( YUA ) ဖွဲ့စည်းတည်ထောင်ခြင်းဖြစ် ကြောင်းလည်း တော်လှန်ရေး မဟာမိတ် အဖွဲ့များက ပြောကြားထားသည်။ mizzima

ရွှေဘို ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်စီး ကျေးရွာသား ကိုရှိုင်း အပါအဝင် ပြည်သူ ၆ဦးကိုပစ်သတ်ရုပ်အလောင်းများ ကောက် မရသေး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမးဖက် စစ်တပ်က မေလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုရှိုင်း အပါအ ဝင် ပြည်သူ ၆ဦး ပစ်ခတ် သတ်ဖြတ်ခံရပြီး ကျေးရွာအနီးအနားတွင် ပျူစောထီး အဖွဲ့များ လှည့်လည် သွားလာနေသောကြောင့် ရုပ်အလောင်းများ ကောက်မရ သေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မေလ ၂ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ဆိပ်ခွန် မူးဘောင်ဘေးတွင် ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၂ နှစ်အ ရွယ် ကိုရှိုင်းကို ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို မီးရှို့ခဲ့ပြီးနောက် ဆိပ်ခွန်-နံ့သာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မိသားစုဝင် ၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

” မနေ့က အသတ်ခံရတဲ့ ကောင်လေးက အသက် ၂၂ နှစ်ပါ အမည်က ကိုရှိုင်း ဆိပ်ခွန်ရွာသား အသတ်ခံရတဲ့ နေရာက ဆိပ်ခွန် မူးဘောင်ဘေးမှာပါ။ အကြမ်းဖက် စစ်တပ်က စစ်ကား ၉စီးနဲ့ လာတာ သူနဲ့ ထိပ်တိုက်တိုးပြီး ဆိုင်ကယ် ရပ်ခိုင်းတာ မရပ်ပေးလို့ ပစ်သတ်ပြီး မီးရှို့ခံလိုက်ရတာပါ။ ဆိပ်ခွန်-နံ့သာရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ အဲမှာ အိမ်ဆောက်နေတဲ့ မိသားစုကို ထိမှန်ပြီး မိသားစုဝင် ၅ဦးလုံးသေသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော ဆိပ်ခွန်-နံ့သာရွာသည် ဆိပ်ခွန် အနောက်ဘက်ခြမ်းရှိ ဇီးဖြူကုန်းရွာနှင့် အစပ်ကြား ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် မိသားစုဝင်များသည် ရွာခံများ မဟုတ်ဘဲ ပြောင်းရွေ့လာသူများ ဖြစ်ကြောင်း သိရသည်။ khit thit

« Older Entries