ချင်းမြေယာမူဝါဒ ညီလာခံတွင် ချင်းမြေယာမူဝါဒမူကြမ်း ချမှတ်နိုင်ကြောင်း ထုတ်ပြန်

ချင်းပြည်နယ် လွတ်မြောက်နယ်မြေတစ်ခုတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ချင်းမြေယာမူဝါဒရေးဆွဲခြင်း ညီလာခံကို ဧပြီ ၂၇ မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည်။

ချင်းမြေယာမူဝါဒညီလာခံ အပြီးတွင် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ချင်းမြေယာမူဝါဒမူကြမ်း ချမှတ်နိုင်ကြောင်း Network for Chin Community Development က ဧပြီလ ၃၀ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

“ကျနော်တို့ ချင်းမြေယာမူဝါဒက UDHR (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း) အခွင့်အရေးများနဲ့ တန်းတူညီမျှမှု ၊ ဌာနေတိုင်းရင်းသားတွေရဲ့ သဘာဝ သယံဇာတတွေအပေါ် အကျိုးခံစားခွင့်ကို အာမခံနိုင်မှု အရင်းရှင်များရဲ့ လက်ဝါးကြီး အုပ်မှုတွေ မဖြစ်ပေါ်အောင် အခြေခံထားပါတယ်” ဟု ဇာညှပ်ကွန်မြူနတီ (မီဇိုရမ်) ကိုယ်စားပြုတက်ရောက်ခဲ့သူ ဂျေ – ရမ်လျန်မွဲအာ J . Ramlianmawia က မဇ္ဈိမ ကိုပြောသည်။

ချင်းပြည်နယ်အတွင်း နေရာ ဒေသအသီးသီးသို့ ကွင်းဆင်း လေ့လာမှုများပြု လုပ်ခဲ့ ကြပြီး ရွာအချင်းချင်းကြား နယ်နမိတ်ပြဿနာများ ၊ တောင်ယာသုံးစွဲမှုမူဝါဒ ၊ မြေရှင် ပဒေရာဇ်ခေတ် လက်ထက်က တောင်ပိုင်ယာပိုင် တိုက်ပိုင် ပုံစံမျိုး များမှ ခေတ်နဲ့လျော်ညီစွာ တိုးတက်ပြောင်းလဲရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပထမအကြိမ် ညီလာခံအား ကလေးမြို့တွင် ကျင်းပခဲ့ပြီး ဒုတိယနှင့် တတိယအကြိမ် များတွင်လွတ်မြောက်နယ်မြေတွင် ကျင်းပနိုင်ခဲ့ခြင်းဖြစ် ကြောင်း အစောပိုင်းတွင် အမျိုးသားမြေယာအသုံးချမှုစနစ် ဓလေ့ထုံးတမ်းအစဉ်အလာအား အခြေခံပြီး ရေးဆွဲ ခဲ့ကြကာ ၎င်းမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မလွဲချော်အောင်ထိမ်းသိမ်း ရေးဆွဲခဲ့ရကာ ယခုတွင် အားလုံးတန်းတူညီမျှမှုဖြစ်စေရန် ရေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ်မှ စတင်လာခဲ့သည့် မြေယာအသုံးချမှုအလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာ သော ချင်းမြေယာမူဝါဒမူကြမ်းများကို ညီလာခံတွင် ဖြည့် စွက်ချက်များနှင့်အတူ အတည်ပြုနိုင်ခဲ့ပြီး ထွက်ပေါ်လာမည့် ချင်းမြေယာဥပဒေအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

“နေပြည်တော်ကနေ မြေပုံကြည့်ပြီး ဧက ၃၀,၀၀၀ (သုံးသောင်း) ၅၀,၀၀၀ (ငါးသောင်း) ချပေးတာတွေဒေသခံတွေရဲ့သဘောထားတွေကို အ ခြေ မခံဘဲ မြေမဲ့ယာမဲ့များ အတွက် ပိုင်ဆိုင်မှု တရားမျှတမှု အကျိုးခံစားခွင့်တွေ ဆုံးရှုံးမှုတွေကနေ ကာကွယ်လာနိုင်ဘို့ မျှော်လင့်တယ်” ဟု ဂျေ – ရမ်လျန်မွဲအာထံကပြောသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ခေတ်အဆက်ဆက် ဗဟိုအစိုးရ၏ တရားမျှတမှု မရှိသော စနစ်ဆိုးများကြောင့် ချင်းပြည်နယ်အတွင်း ရှိ လူမျိုးတို့၏ မြေယာဆုံးရှုံး မှုများ ယိုယွင်းပျက်စီးလာပြီး ကျေးရွာနယ်နိမိတ်ပြဿနာများ ၊ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများအတွက် မြေယာဆုံးရှုံးမှုများ ၊ စစ်တပ်စခန်းအများအတွက် မြေယာ သိမ်းဆည်းမှုများနှင့် အခြားသော မြေယာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ညီ လာခံတွင် အလေးထားဆွေးနွေးခဲ့ကြောင်းသိရသည်။

ယခုညီလာခံမှ ရရှိလာသော မူဝါဒများအား ခေတ်နဲ့လျော်ညီစွာပြုပြင်ပြီး ချင်းအမျိုးသားများမျှော်မှန်းထားသော ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု မြန်မာ နိုင်ငံတည်ဆောက်ရေးနှင့် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီ ဆီလျှော်သော ချင်းမြေယာမူဝါဒကောင်းတစ်ခုဖြစ်ပေါ် လာစေရန်ကြိုးစားသွားပြီး ဖက်ဒရယ်အစိုးရ လွှတ်တော်များ ပေါ်ပေါက်လာပါက တင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယခု တတိယအကြိမ်မြောက် ချင်းမြေယာမူဝါဒ ညီလာခံအား ဧပြီလ ၂၇ရက်နေ့မှ ၂၉ရက် နေ့အထိ အဖွဲ့အစည်း (၂၆)ဖွဲ့မှ ကိုယ်စားလှယ် (၉၃) ဦး တက်ရောက်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s