စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ်သန်းလှိုင်ကို စစ်ဘက်တာဝန် ပြန်ပေးပြီး လျှပ် စစ်စွမ်းအင်ဝန်ကြီးကို အနားပေး

စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်ထားသည့် ဒုတိယဗိုလ် ချုပ်ကြီး သန်းလှိုင်ကို စစ်ဘက်မူလ တာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း ယနေ့ည ၈ နာရီက စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံသတင်းတွင် ကြေညာသည်။
လစ်လပ်သွားသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နေရာတွင် ဗိုလ်ချုပ်ဇင်မင်းထက်ကို ခန့်အပ်လိုက်ကြောင်း ကြေညာသည်။
ဗိုလ်ချုပ်ဇင်မင်းထက်သည် တွဲဖက် စစ်ရေးချုပ် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက ဝန်ကြီး ၊ ဒုဝန်ကြီးအချို့ကိုအပြောင်းအလဲပြုလုပ်လိုက်သည်။
စစ်ကောင်စီခန့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကို တာဝန်မှ အနားပေးပြီး ဝန်ကြီးဌာနကိုလည်း လျှပ် စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဟူ၍ ပြန်လည်ဖွဲ့စည်းလိုက်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းဟန်ကို ခန့်အပ်လိုက်ပြီး စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်စေလိုက်သည်။
ထို့အတူ စစ်ကောင်စီခန့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးကိုပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ပြီး ၎င်းနေရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံကို တာဝန်ပေးခဲ့သည်။
ထို့အပြင် ဒေါက်တာမိုးဇော်ထွန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးမင်းသူကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း ဒေါက်တာအောင်ဇေယျကို လျှပ်စစ်စွမ်းအား ဒုဝန်ကြီးအဖြစ်လည်းကောင်း ဦးသန့်စင်ကို စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း အသီးသီးခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ mizzima