တိုက်တိုင်းအောင် စစ်ဆင်ရေး၏ တိုက်ခိုက်မှုကြောင့် စလင်းမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ ရဲ ၆ ဦး ပွဲချင်းပြီးသေဆုံး

မကွေးတိုင်း၊ စလင်းမြို့၊ ဝက်သည်းကန်အနီးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီ ရဲများကို အပြင်းစား C4 ပါ တင့်ဖျက်မိုင်းအကြီးနှစ်လုံး အဝေးထိန်းစနစ်ဖြင့် မေလ ၁ ရက် ည ၁ဝ နာရီခန့်က တိုက်ခိုက်ခဲ့ရာ ရဲခြောက်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ် မတော်-အနောက်ပိုင်းတိုင်းက သိရသည်။
“စောင့်ကြည့်ခိုင်းထားတဲ့ ရဲဘော်အမြင်အရရော ဖရဲသီး ပို့ပေးတဲ့ သတင်းအရရော ကျနော်တို့ မိုင်းရဲ့ ပြင်းအားအရ ခြောက်ကောင်လုံး သေတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ စကစ(စစ်ကောင်စီတပ်) ကတော့ ထုံးစံအတိုင်း ရမ်းသန်းပစ်ခတ်တာတွေရှိတယ်” ဟု ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းမှ ဗိုလ်လျှပ်စီးက ပြောသည်။
ဆိုင်ကယ်ငါးစီးဖြင့် ကင်းလှည့်လာသည့် ရဲကိုးဦးပါ ဆိုင်ကယ်တန်းကို ဝက်သည်းကန် အနီးတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုမှာ တိုက်တိုင်းအောင် စစ်ဆင်ရေး (၂ )၏ တစိတ်တပိုင်း ဖြစ်သည်ဟု ဗိုလ်လျှပ်စီးက မဇ္ဈိမကို ပြောသည်။
“ညဘက်ဆို စလင်းဝက်သည်းကန်နားမှာ မူးပြီး သောင်းကျန်းနေကျကောင်တွေပါ။ လှည့်ကင်းရဲတွေရပ်ပြီး မူးမူးနဲ့ သေနတ်ဖောက်နေကျ နေရာမှာ မိုင်းထောင်ပြီး ဖောက်ခွဲခဲ့တာပါ” ဟု ၎င်းကဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်- အနောက်ပိုင်းတိုင်းသည် စလင်းမြို့နယ်၊ လယ်ယာ စိုက်ပျိုးရေးဘဏ်ရုံးကိုလည်း တိုက်တိုင်းအောင် စစ် ဆင်ရေး (၂ )အရ မေလ ၁ ရက်နေ့ ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် သတိပေးပစ်ခတ်ခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်အတွင်း လယ်ယာအထူးပြုလုပ်ဆောင်နေရသော ကျေးရွာခံ ပြည်သူများ အပေါ် ရွေးကောက်ခံအစိုးရက ထုတ်ချေးထားသော ချေးငွေများကို ဖိအားပေး တောင်းခံနေသည့်အတွက် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသေးစားပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသများတွင် အထူးစစ်ဆင်ရေး များလုပ်ဆောင်ရန် စတင်အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်- အနောက်ပိုင်းတိုင်းမှ ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ နယ်မြေတွေကို ကျွန်တော်တို့ ပြည်သူတွေ လက်ထဲပြန်ရောက်တဲ့အထိ စကစ (စစ်ကောင်စီ) ကို ဒီထက်မက ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်သွားဖို့ အားလုံး ပြင်ဆင်ပြီးပါပြီ။ ပြည်သူတွေနဲ့ မလွတ်ကင်းလို့ ဖျက်လိုက်ရတဲ့ မစ်ရှင်တွေလည်း ရှိနေတာကြောင့် ပြည်သူလူထုကိုအဓိကမှာချင်တာက စကစ နဲ့ ဝေးဝေးနေကြပါ” ဟု ဗိုလ်လျှပ်စီးက ပြောသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းကာ တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-အ နောက်ပိုင်းတိုင်းထံ ဆက်သွယ် အလင်းဝင်ကြရန် နောက်ဆုံးအကြိမ်သတိပေးလိုက်ကြောင်းလည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်-အ နောက်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။ mizzima