ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေ ၃ ရက် ဒီမနက်အစောပိုင်းက ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက် ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးကာ ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ YRF ကနေ သိရပါတယ်။
ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒီမနက် ၂ နာရီလောက်က ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။
“ဒီးဒုတ်ကွင်း ရွာမှာက စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ပုံမှန်တပ်စွဲထားတာဗျ။ လက်နက်ကြီးတွေပါရှိပြီး ဒီနေ့မနက် တိုက်ပွဲမှာ အင်အားတော်တော်များတယ်။ ကျနော်တို့ဘက်က စနိုက်ပါသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီဘက်က တယောက်သေပြီး တယောက်ဒဏ်ရာရရှိသွားတယ်။”
နှစ်ဘက်အပြန်အလှန် ၄၅ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး YRFက ရဲဘော်တယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေနေ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
YRF ခေါင်းဆောင်က ပြောဆိုထားပေမယ့် အဆိုပါတိုက်ပွဲနဲ့ သေဆုံးမှုနဲ့ အခြေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အတည်ပြု သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
အဲဒီတိုက်ပွဲကို လူငယ်တော်လှန်ရေးတပ်ဦး YRF၊ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်SPGF၊ ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SPPDF နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တို့ညီနောင်မဟာမိတ် ၄ ဖွဲ့ပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။DVB