မန္တလေးတွင် NLDမြို့နယ်ပါတီစည်းရုံးရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

မန္တလေးမြို့တွင် NLD မြို့နယ်ပါတီ စည်းရုံးရေး မှူးတစ်ဦးသည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး(MDY) ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသူသည် NLD ပါတီ အမရပူရမြို့နယ် ပါတီစည်းရုံးရေးမှူးဦးဇော်ကြီး(အသက် ၄၀ ကျော်)ဆိုသူဖြစ်ပြီး သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) အဖွဲ့က ဖမ်းဆီး သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“အသတ်ခံရတာက တောင်မြို့(အမရပူရမြို့နယ်)က NLD စည်းရုံးရေးမှူးပါ။ ကျွန်တော်တို့အလောင်းသွားကောက်တော့ ဒဏ်ရာဗလပွနဲ့ လူကိုလည်းကြိုး တုပ်ထားတယ်။ လည်ပင်းမှာသွေးသောက်အဖွဲ့ဆိုတာကြီးလည်းပါတယ်” ဟု အမရပူရမြို့နယ်ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ဦးဇော်ကြီး၏သေဆုံးအလောင်းအား အမရပူရမြို့နယ် ရှမ်းကလေးကျွန်းနှင့် မှန်တန်း ရပ်ကွက်သို့ဆက်သွယ်သည့်တာဘောင်လမ်းဘေးတွင် ယနေ့နံနက် ၅ နာရီကျော်ခန့် ကတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်နောက်ပြန်ကြိုးတုပ်လျက် လည်ပင်းနှင့် ခန္ဓာကိုယ် အလယ်ပိုင်းတို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိ ရခြင်းဖြစ်သည်။
မန္တလေးမြို့တွင် သင်္ကြန်ကာလနောက်ပိုင်းမှစ၍ NLD ပါတီဝင်များနှင့် ၎င်းတို့၏ မိသားစု များအပါအဝင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား စစ်ကောင်စီ တပ်ဖွဲ့က လိုက်လံဖမ်းဆီးသတ်ဖြတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီထောက်ခံသူများက ဧပြီ ၂၁ ရက်နေ့တွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး(MDY)ဖွဲ့စည်းပြီးကြောင်း ကြေညာပြီးနောက် တွင် သတ်ဖြတ် ခံရသည့် အလောင်းများတွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး(MDY) စာတန်းပါအနီရောင်လည်ဆွဲကတ်ပြားကို ချိတ်ဆွဲလာခြင်းဖြစ်သည်။
အဆိုပါအဖွဲ့ဖွဲ့စည်းပြီးနောက်ပိုင်း မန္တလေးမြို့တွင် NLD ပါတီဝင်နှင့် ၎င်းတို့၏ မိသားစုဝင် ၁၀ ဦးထက်မနည်းဖမ်းဆီးသတ်ဖြတ်ခံထားရပြီးဖြစ်ကြောင်း ဒေသခံများ ထံကသိရသည်။mizzima