မြန်မာပြည်တွင်း စားသုံးဆီစျေးနှုန်း ဆက် တိုက်မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံဟာ စားအုန်းဆီ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းသွားမယ်လို့ ကြေညာပြီးနောက် မြန်မာပြည်တွင်းမှာ စားသုံးဆီဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာပါတယ်။
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကရဲ့ ရန်ကုန် အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တစ်ပိဿာကို ကျပ် ၅၆၂၀ ရှိခဲ့ပြီး အခုအပတ် ၆၀၂၅ ကျပ်ထိ ကော်မတီက တိုးမြှင့် သတ်မှတ်ထားပါတယ်။
ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့အင်ဒိုနီးရှားက သူနိုင်ငံတွင်း ဖူလုံဖို့နဲ့ စျေးနှုန်းထိန်းညှိဖို့ ရည်ရွယ်ပြီး ပြည်ပနိုင်ငံတွေဆီ စားအုန်းဆီတင်ပို့မှုကို ဧပြီလ ၂၈ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံကနေ စားအုန်းဆီအဓိက တင်သွင်းနေတာကြောင့် အဲဒီနိုင်ငံရဲ့ စားအုန်းဆီ တင်ပို့မူ ကန့်သတ်ချက်က ပြည် တွင်း စားဆီစျေးကွက်အပေါ် အခုလို ရိုက်ခတ်လာတာ ဖြစ်ပါတယ်။
အဲဒီအပေါ် အခွင့်ကောင်းယူပြီး စျေးကွက်အတွင်း စျေးကစားတာ၊ သိုလှောင်တာ ပြုလုပ်ပါက အရေးယူသွားမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
စားအုန်းဆီစျေးနှုန်း ပြန်လည်မြင့်တက်လာတာဟာ ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် အရင်ကတည်းက စီးပွားရေးအဆင်မပြေတဲ့ ၀င်ငွေနည်း မြန်မာပြည်သူတွေအတွက်တော့ နောက်ထပ်တစ်ဖန် ထိုးနှက်ချက် ဖြစ်လာနေပါတယ်။
ပြီးခဲ့တဲ့ မတ်လပိုင်းက စားအုန်းဆီ တစ်ပိဿာကို ကျပ် ၈၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့တာကြောင့် ဝင်ငွေနည်းပြည်သူတွေအပေါ် ရိုက် ခတ်မှု ရှိခဲ့ပါတယ်။
စစ်ကောင်စီကတော့ ပြည်ပက စားအုန်းဆီသင်္ဘောတွေ ပုံမှန်ဝင်ရောက်နေပြီး စိုးရိမ်စရာ မလိုကြောင်းနဲ့ ပြည်တွင်းစားသုံးဖို့ လုံလောက်မှု ရှိကြောင်းကို စာရင်းဇယားနဲ့တကွ အသိပေး ထုတ်ပြန်ထားပေမဲ့ ပြည်တွင်းမှာ စားအုန်းဆီစျေးအပြင် မြေပဲဆီ၊ နှမ်းဆီနဲ့ တခြားစားဆီစျေးနှုန်း တွေလည်း လိုက်ပါမြင့်တက်နေပါတယ်။DVB