ရွာငံတွင် စစ်ကောင်စီလက်အောက်ခံ ဓနုတပ် (Danu Army) ဖွဲ့စည်းရန် စစ်ကောင်စီက ခြိမ်းခြောက်မှုများပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ဓနုတပ် ( Danu Army) ဖွဲ့စည်းရန်အတွက် စစ်ကောင်စီတပ်က ရွာငံမြို့နယ်ရှိ ကျေးရွာများကို ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓနုတပ် ဖွဲ့စည်းရန်အတွက် ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာလျှင် အနည်းဆုံး လူ ၁၃ ဦး ဝန်းကျင်ခန့် ပါဝင်ရန် ဓနုအမျိုးသားရေး အမည်ခံ စစ်ကောင်စီ လက်အောက်ခံ များက ပြီးခဲ့သည့် ဧပြီလကတည်းက လူစုဆောင်းနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
”စစ်ကောင်စီတပ်က ဓနုတပ်အတွက် လူတွေစည်းရုံးလို့မရတော့ သူတို့ခိုင်းသလိုမလုပ်ရင် အောက်ပြည်မှာ ရွာလုံးကျွတ် မီးရှို့သလို ရှို့မယ် ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ကျောင်းဆိုးကုန်းရွာအနီးမှာ PDF စခန်းရှိတာ ငါတို့ သိတယ်။ လိုက်ပြပေးရမယ် ။ မပြပေးရင် ပဲရင်းတောင်ရွာလို မီးရှို့မယ်။ လက်နက်ကြီးတွေထုမယ် ဆိုပြီး ခဏခဏ ခြိမ်းခြောက်တယ်။ ရွာမှာရှိတဲ့ လူတွေကတော့ ကြောက်နေကြတယ်။ အခြေနေတွေကို အထုတ်ပြင်ပြီး စောင့်ကြည့်နေရတယ်” ဟု ရွာငံရှိ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဓနုတပ်ဖွဲ့စည်းနိုင်ရန် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းကစတင်၍ ရွာငံ နွားဘန်းကြီးရွာတွင် ပေါ်တာဆွဲခဲ့သည်။ ထို့ပြင် အင်တောရွာနှင့် လယ်ကိုင်းရွာမှ ပြည်သူ ၁၄ ဦးကိုလည်း ဖမ်းဆီးထားပြီး တစ်ရွာလျှင် လူ ၁၄ ယောက် စုမပေးပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်၍ ဆာလာအိတ်အပြည့် ပမာဏရှိသော လက်ကိုင်ဖုန်းများကိုလည်း သိမ်းယူ သွားခဲ့ကြောင်း သိရသည်။
ဓနုလူမျိုးများအနေဖြင့် ကိုယ်ပိုင်တပ်ဖွဲ့စည်းရန် လိုလားသော်လည်း ယခုဖွဲ့စည်းမည့် ဓနုတပ်မှာမူ အာဏာသိမ်းစစ်ကောင်စီကို ကာကွယ်ပေးရသောတပ်ဖွဲ့ဖြစ်လာမည့်အပြင် ဇာတ်တူသားစားရမည့် တပ်ဖွဲ့ဖြစ်လာစေနိုင်၍ ယင်းအချက်ကို အင်မတန် စိုးရိမ်ပူပန်ကြကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဧပြီ လအတွင်းကလည်း ရွာငံဒေသရှိ ရွာသား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး သုံးဦးကို ကလောစစ်ကြောရေးသို့ပို့ဆောင်၍ သုံးဦးပြန်လွတ်ပေးခဲ့သည်။ ပြန်လွှတ်ပေးခဲ့သည့် တစ်ဦးမှာရိုက်နှက် စစ်ဆေးခံရသည့် ဒဏ်ရာများကြောင့် အခြေအနေစိုးရိမ်ရကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ယမန်နေ့ မေလ ၁ ရက် နံနက်ပိုင်းက ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်စပ်ရှိ မင်းပလောင်ရွာတွင် ဇနီးဖြစ်သူအား သွားရောက်ခေါ်ယူသည့် အမျိုးသားတစ်ဦးကို ရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့က ဖမ်းဆီးခဲ့သည်။
ရွာငံဒေသသည် မြေပြင် ပထဝီအနေအထားအရ အလွန်အရေးပါသော နေရာဒေသ တစ်ခုဖြစ်၍ စစ်ကောင်စီအနေဖြင့် ဓနုလူထုကို သွေးခွဲ၍ ယခုကဲ့သို့ ဓနုတပ် (Danu Army) ဖွဲ့စည်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ mizzima