သန်လျင်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ပစ်သတ်ခံရပြီးနောက် ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်း ဆီးခံရ

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင် ပစ်သတ် ခံရပြီးနောက် ဒေသခံ ပြည်သူ ၂၀ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ယမန်နေ့ မေလ ၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်နေသည့် သန်လျင်မြို့နယ်၊ စစ်ကောင်စီ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ရွှေကို သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်က သန်လျင်မြို့ အဝင်အထွက် တံတားနှစ်စင်းကို ညပိုင်းအထိ ပိတ်ဆို့ထားကာ ရပ်ကွက်များတွင် ဧည့်စာရင်း အ ပါအဝင် စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်ခဲ့ပြီးနောက် မြို့ပေါ်နှင့် ကျေးရွာများရှိ လူငယ်များ၊ NLD ပါတီနှင့် ပတ်သက်သူများကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
“မနေ့က ရန်နိုင်ရွှေ (သန်လျင်မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ပစ်သတ်ခံရပြီး တဲ့နောက် စစ်တပ်က သန်လျင် တံတားကိုပါ ပိတ်ပြီး တစ်မြို့လုံးကို လိုက်စစ်တယ်။ ဖမ်းဆီး ခံရတာတွေလည်း ရှိတယ်။ မြို့ရဲ့ နေရာ အနှံ့အပြားမှာ မသင်္ကာတဲ့ ပုဒ်မနဲ့ ဖမ်းဆီးကြတာ အပြင် အရင်က NLD ပါတီနဲ့ ပတ်သက်ခဲ့ဖူးသူ တွေကိုပါ လိုက်လံ ဖမ်းဆီးသွားတယ်လို့ သိရတယ်။ ခန့်မှန်းခြေ အယောက် ၂၀ ဝန်းကျင်လောက်ရှိမယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးသွားသူများသည် သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ မဟုတ် သကဲ့သို့ ပတ်သက် ဆက်နွယ်ခြင်း မရှိသူ များ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။
“မစ်ရှင်က အကောင် နည်းနည်းကြီးသွားတဲ့ အတွက် စစ်တပ်က သန်လျင်မြို့ပေါ် အပြင် ကျေးရွာတွေမှာပါ ဖမ်းဆီးမှုတွေ လုပ်တာပါ။ ဖမ်းဆီးခံရ သူတွေက သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဟုတ်သလို ပတ်သက် ဆက်နွယ်မှုလည်း မရှိကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီ ဖမ်းဆီးမှုတွေ အတွက်ကိုလည်း တာဝန်ရှိတဲ့ သူတွေ အနေနဲ့ တာဝန်ပြန်ယူရမယ်” ဟု သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းတွင် သန်လျင် တံတားကို ပြန်ဖွင့်ထား သော်လည်း မြို့အတွင်း နေရာ တချို့မှာ စစ်ကောင်စီတပ် အင်အား အ လုံးအရင်းနှင့် ပိတ်ဆို့ စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။mizzima