အမေရိကား၌ ကျင်းပသည့် နွေဦးတော်လှန် ရေး ရန်ပုံငွေပွဲ ကန်ဒေါ်လာ ၁၀၀,၀၀၀ ဝန်း ကျင် ရရှိ

အမေရိကန် ပြည်ထောင်စု Oakland မြို့၌ ကျင်းပသည့် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲမှ အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ ( မြောက်ပိုင်း ကယ်လီဖိုးနီးယား) က ၎င်းတို့၏ ( ၉ ) ကြိမ်မြောက် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲကို ဧပြီလ ၃၀ ရက် စနေနေ့ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ ကျင်းပခြင်း ဖြစ်သည်။
အဆိုပါပွဲတွင် NUG Bond ငွေတိုက်စာချုပ် ရောင်းချခြင်း နှင့် ရန်ပုံငွေပွဲများမှ ရငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ရှိကြောင်း ကနဦး တွက်ချက်မှုများအရ သိရှိရပြီး ရရှိသော ငွေအားလုံးကို အမျိုးသားညီညွတ်ရေး အစိုးရ နှင့် မြန်မာနိုင်ငံ ဖယ်ဒရယ် ဒီမိုကရေစီ ပြန် လည် ထွန်းကားရေး အသုံးပြုရန် ပေးပို့ လှူဒါန်းသွားမည် ဖြစ်သည်။
ယင်း ရန်ပုံငွေပွဲတွင် မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီ ( မြောက်ပိုင်း ကယ်လီဖိုးနီးယား) အဖွဲ့ဝင်များ ၊ လုပ်အားပေးများနှင့် အတူ နွေဦးတော်လှန်ရေးတွင် တက်ကြွ လှုပ်ရှားသူ NUG ငွေတိုက်စာချုပ် တရားဝင် ကိုယ်စားလှယ် မပန်ဆယ်လိုက ငွေတိုက်စာချုပ်များ ကိုယ်တိုင် ရောင်းချပေးခြင်းလည်း လုပ်ခဲ့သည်။
ထို့အပြင် ပွဲအတွင်း ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည့် အစားအသောက်များ ရောင်းချခြင်း နှင့် အာဏာသိမ်း စစ်ကောင်စီဝင်များအား ထိုးနှက်သည့် ကစားနည်းများဖြင့် ရန်ပုံငွေ ရှာဖွေခြင်း၊ မြန်မာ မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လက်ရှိ နွေဦးတော်လှန်ရေး အောင်ပွဲ ရရှိနေမှု အခြေအနေများ ၊ ဆက်လက် သတိထား တိုက်ပွဲဝင်သွားရမည့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် မေးခွန်းများ မေးမြန်း ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပကြခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ mizzima