အောင်မင်္ဂလာ အဝေးပြေးကားဝင်း ကားဂိတ်များတွင် ပစ္စည်းများ လိမ်လည် ထုတ်ယူမှုများရှိနေ

ရန်ကုန် ၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်း အတွင်းရှိ ကားဂိတ်အချို့တွင် ပစ္စည်းထုတ်များကို ပိုင်ရှင်မဟုတ်ဘဲ ပုံမှားရိုက် လိမ်လည် ထုတ်ယူမှုများ ရှိနေသည်ဟု ပစ္စည်းများ အလိမ် ခံလိုက်ရသူ တစ်ဦးက ပြောသည်။
”ကျွန်တော်တို့က အထည်ပစ္စည်းတွေ နယ်တွေကို ကားဂိတ်တွေကနေ တစ်ဆင့် အမြဲ ပို့ပေးနေကြရတာ။ အမြဲပို့နေတဲ့ တက္ကစီကား မအားတာနဲ့ ကြုံတဲ့ တက္ကစီငှားပြီး သွားပို့လိုက်တာ။ ဂိတ်ရောက်တော့ ခါတိုင်းဆို ဂိတ်က သူတွေက ကူချပေးတယ်။ အခု ကားသမားက သူကိုယ်တိုင် ပစ္စည်းတွေကို ချပေးတဲ့အပြင် ဂိတ်ထဲအထိ လိုက်ပြီး ကျွန်တော် ပစ္စည်းပို့တဲ့ ကောင်တာ အထိ လိုက်ပြီး ကူပေးနေတော့ ဒီကားဆရာ မဆိုးဘူးပဲပေါ့ စိတ်ထဲ ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဒီကောင်က ကျွန်တော်ပစ္စည်း ပို့ပြီး ပြန်သွားတဲ့ အချိန်မှာ သူကဂိတ်ကို ပြန်သွားပြီး ခုနက ကျွန်တော်တို့ပို့တဲ့ ပစ္စည်းတွေ မပို့ဖြစ်လို့ ပြန်ယူသွားမယ်ဆိုပြီး ပစ္စည်းတွေ ပြန်ထုတ်သွားတာ။ သိန်း ၃၀ ကျော်ဖိုး ပါသွားတယ်” ဟု ပစ္စည်းများ အလိမ် ခံလိုက်ရသည့် သူက ပြောသည်။
ထို့အပြင် အဝေးပြေး ကားဝင်းသို့ ပို့မည့် ပစ္စည်းများကို ဂိတ်ခွဲများ ဖြစ်သည့် အောင်ဆန်းကွင်း ဂိတ်၌ ပိုင်ရှင်များက အပ်သည့်အခါ ကားသ မားများက ပစ္စည်းပို့သူ နာမည် အတိအကျ ပုံဖြင့် အောင်မင်္ဂလာ အဝေးပြေးဂိတ်တွင် ပြန်လည်ထုတ်ယူသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
” တချို့တွေက လုပ်စားနေကြ ဆိုတော့ အရမ်းလည်တယ်။ ပစ္စည်းလက်ခံ လက်ခွဲတွေက အောင်ဆန်းကွင်းမှာ ရှိတယ်။ အဲဒီကနေ ပစ္စည်းတွေ စုပြီး အောင်မင်္ဂလာ အဝေးပြေးကို ပို့ရတာကိုး။ အဲဒီအခါ ဒီမှာ ခိုင်လုံလောက်တဲ့ အကြောင်း အမျိုးမျိုး ပြပြီး နာမည် အတိအကျနဲ့ ပစ္စည်း မပို့ဖြစ်တော့ဘူး ဆိုပြီး ပြန်ထုတ်တယ်။ ဂိတ်တွေကလည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတော့ ပြန်ထုတ်ပေးလိုက်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတယ်” ဟု ကားဂိတ်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။
လက်ရှိတွင် အောင်မင်္ဂလာ အဝေးပြေး ကားဝင်း အရှေ့ဘက်ရှိ စစ်ထောက်လှမ်းရေးတပ် အရှေ့ တည့်တည့်တွင် ရှိသော ကားမှတ်တိုင်၌ အုပ် စုလိုက် စုဖွဲ့ပြီး ခရီးသွားများ၏ အိတ်များ အတင်းယူဆောင်ပြီး ကားဂိတ် လိုက်ပို့ခြင်းများလည်း ရှိသည်။mizzima