မြောင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၄၀ ဦး သေဆုံး၊ ရှေ့တန်းပြန် PDF များကို ပြည်သူလူထုကြိုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သား ၄၀ လောက် သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အမျိုးသမီးတပ်ရင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေကို ဒေသခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
မြောင်မြို့နယ်ထဲမှာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်နဲ့ PDF ပူးပေါင်းတပ်တွေအကြား မေလ ၂ ရက် မနက်ပိုင်း ၈ နာရီက စလို့ ၁၁ နာရီခွဲလောက်အထိ တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၄၀ လောက် သေဆုံးနိုင်ပြီး နေ့လယ်ပိုင်းမှာ ဆက်လက်တိုက်ခိုက်ဖို့ စစ်မြှူခဲ့ပေမဲ့ စစ်ကောင်စီတပ်က ရွာထဲကို ပုန်းခိုသွားလို့ ပြည်သူ့အိုးအိမ်တွေမပျက်စီးအောင် ညနေပိုင်းမှာ တိုက်ပွဲကို ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။
၃ နာရီကျော်ကြာခဲ့တဲ့ ဒီတိုက်ပွဲမှာ မြောင်မြို့နယ်က အမျိုးသမီး စစ်သည်တော်တပ်ရင်းအပါအဝင် မြောင်မြို့နယ်ထဲက လယ်သမားအဖွဲ့နဲ့ ပြောက်ကျားတပ်ဖွဲ့တွေ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့ တပ်ဖွဲ့တွေ၊ ချောင်းဦး၊ မြင်းမူနဲ့ မြင်းခြံက ပြည်သူ့ကာကွယ် ရေးနဲ့ ပြောက်ကျားတပ်ဖွဲ့တွေအပါအဝင် မဟာမိတ် ၃၈ ဖွဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
တိုက်ပွဲအပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ တပ်ဖွဲ့တွေကို ဒေသခံ ရွာ ၉ ရွာက ပြည်သူတွေက ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။
တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က တပ်သား ၂ ယောက် တူမီးယမ်းစင်ပြီး နဖူးကွဲခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အီဂါနာ ၂ လုံးကို ဒရုန်းနဲ့ကြဲချခဲ့ပြီး စနိုက်ပါ၊ ၁၂၀ မမ၊ ၆၀ မမတို့နဲ့ အချက် ၃၀ ကျော် ပစ်ခတ်တိုက် ခိုက်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကိုခံခဲ့ရတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ သတင်း ပြန် ကြားရေး တာဝန်ခံက ဆိုပါတယ်။
အဆိုပါတိုက်ပွဲနဲ့ ပတ်သက်လို့ရော ထိခိုက်သေဆုံးတဲ့အခြေအနေနဲ့ ပတ်သက်လို့ပါ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။DVB