သတင်းထောက်များအား အမြန်ဆုံးပြန်လွှတ် ပေးရေး၊ သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြင်သစ်သံရုံးတောင်းဆို

စစ်ကောင်စီအနေဖြင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် သတင်းထောက်များအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့အပြင် မြန်မာနိုင်ငံရှိ အင်တာနက် ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့ မေလ ၃ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်ကောင်စီ၏ဖိနှိပ်ခြင်းကိုခံရသည့် သားကောင်များဖြစ်သည်။ စစ်ကောင်စီသည် ၂၀၂၁-ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက သတင်းသမား ၁၁၅ ဦး ဖမ်းဆီးခဲ့ပြီး ၅၇ ဦးကို မတရားဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့် များကို တိုက်ခိုက်ခြင်းမှာ အလွန်စိုးရိမ်စရာကောင်းပြီး ယနေ့ခေတ်တွင် လွတ်လပ်သော သတင်းစာများမရှိတော့ပါ။
မီဒီယာအများအပြားသည် ၎င်းတို့၏ လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံခဲ့ရပြီး လုပ်ငန်းများ ရပ်တန့်ရန် တွန်းအားပေးခံခဲ့ရသည်။ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အများအပြားတွင် စစ်အစိုးရက အမိန့်ပေးထားသည့် အင်တာနက် ဖြတ်တောက်မှုများကြောင့် သတင်းရရှိရေးမှာ ခက်ခဲလျက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။
ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ပေးပို့နိုင်ရန် အသက်အန္တရာယ်ကို စွန့်စားပြီးလုပ်ဆောင်ရသည့် သတင်းထောက်များ၏ အလုပ်ကို ပြင်သစ်နိုင်ငံက လေးစား ဂုဏ်ပြုကြောင်းနှင့် ကမ္ဘာ့နေရာတိုင်းတွင် သတင်းသမားများကို အကာအကွယ်ပေးရန် အစဉ်တစိုက် တောင်းဆိုသည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုသည်ဟု လည်းရေးသားဖော်ပြထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြီးနောက် သတင်းထောက်များကို ဖမ်း ဆီးထောင်ချမှုအများဆုံး နိုင်ငံများတွင် ဒုတိယနေရာတွင် ရှိနေသည်ဟု ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။ mizzima